← Chapters

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း (၁၇၇) မုဆိုး

ချူဟန်သည် တည်ငြိမ်သော အမူအရာဖြင့် ရှေ့မှ လူအနည်းငယ်ကို စိုက်ကြည့်နေပြီး ပိန်လှီလှီ မျောက်ရုပ်သဏ္ဌာန်နှင့်တူသော ထိုလူ၏ မေးခွန်းကိုမူ ပြန်မဖြေလိုက်သည်။

အရင်ခောတ်ကဆိုလျှင် ပထမဆုံးအကြိမ် တွေ့ဆုံရာတွင် ဤသို့ အားနာမှုကင်းမဲ့စွာ အသေးစိတ် မေးခွန်းထုတ်တတ်သူများ ရှိနေခြင်းက ပြဿနာမဟုတ်ပေ။ သို့သော် ဤကမ္ဘာပျက်ကပ် ကာလကြီးထဲတွင် ဒေါသထွက်လွယ်သော အစွမ်းထက်သူတစ်ဦးနှင့်သာဆိုလျှင် ထိုသူများ ချက်ချင်း အသတ်ခံရမည်မှာ အသေအချာပင် ဖြစ်သည်။

ယခုအချိန်တွင် ချူဟန်သည် သူ၏ရှေ့ရှိ လူခြောက်ယောက်ပေါင်းထားသည်ထက်ပင် အဆပေါင်းများစွာ ပို၍ အစွမ်းထက်နေသည်။ ဒေါသပေါက်ကွဲမလာခြင်းက သူ၏ သည်းခံနိုင်စွမ်းကို ဖော်ပြနေပြီ ဖြစ်သည်။

"မင်း နောက်ဆုတ်နေလိုက်"

အသားမည်းမည်းနှင့် အမျိုးသားက ခေါင်းဆောင်ပီသစွာဖြင့် အသံနိမ့်နိမ့်ဖြင့် လှမ်းပြောလိုက်သည်။

မျောက်ရုပ်သဏ္ဌာန်နှင့်လူမှာ မကျေမနပ်ဖြစ်လျက် စကားစဖြတ်လိုက်သော်လည်း ချူဟန်ကို အကဲခတ်သည့် အကြည့်များဖြင့် စိုက်ကြည့်နေဆဲ ဖြစ်သည်။

အသားမည်းမည်းနှင့် အမျိုးသားက ချူဟန်ကို အားနာဟန်ဖြင့် ပြုံးပြလိုက်သည်။

"စိတ်မရှိပါနဲ့ ညီအစ်ကိုရာ။ ဒီရွာလေးဆီကို အပြင်လူ မရောက်လာတာ တော်တော်ကြာနေပြီလေ။ ကမ္ဘာပျက်ကပ် စတင်ကတည်းက ဇွန်ဘီအုပ်ကြီးက ရွာအထွက်ကို ပိတ်ဆို့ထားတယ်။ နောက်ဘက်က တောင်တန်းကလည်း တစ်နေ့ထက်တစ်နေ့ ပိုပြီး အန္တရာယ်များလာတယ်။ ဒါကြောင့် ဒီလိုနေရာမျိုးမှာ လူတစ်ယောက် ရုတ်တရက် ပေါ်လာလို့ အားလုံး အံ့အားသင့်သွားကြတာပါ"

ချူဟန်က ခေါင်းညိတ်ပြလိုက်သည်။ သူတို့များ ဤနေရာတွင် ပိတ်မိနေကြောင်းကို သူ ကြိုတင် ခန့်မှန်းမိပြီးသား ဖြစ်သည်။

"အသက်ရှင်ကျန်ရစ်သူ အချင်းချင်းပဲ။ ဒီလောက်ကြီး ရန်သူတွေလို သဘောထားနေစရာ မလိုပါဘူး" အသားမည်းမည်းနှင့် အမျိုးသားက ရှေ့သို့တက်လာကာ ချူဟန်ကို ရင်းနှီးဖော်ရွေစွာ လက်ကမ်းပေးလိုက်သည်။

"တွေ့ရတာ ဝမ်းသာပါတယ်။ ငါ့နာမည် ဟွာယုံကျီ ပါ"

ဟွာယုံကျီ၏ လုပ်ရပ်ကို မြင်သောအခါ အနောက်ဘက်ရှိ လူငါးယောက်မှာ မျက်မှောင်ကြုတ်ကာ အချင်းချင်း ကြည့်လိုက်ကြသော်လည်း ရှေ့သို့ထွက်လာခြင်းမရှိဘဲ တိတ်ဆိတ်စွာပင် ရပ်နေကြသည်။

သူတို့၏ တုံ့ပြန်မှုကို အကဲခတ်ရင်း ချူဟန်သည် ဟွာယုံကျီကို ယဉ်ကျေးမှုအရ လက်ဆွဲနှုတ်ဆက်လိုက်သည်။ ကျန်သည့် လူငါးယောက်ကို လုံးဝ လျစ်လျူရှုထားလိုက်သည်။ တစ်ဖက်လူကမှ ရိုင်းစိုင်းနေပါလျှင် မိမိဘက်ကလည်း အချိုသတ်နေစရာ အကြောင်းမရှိပေ။

"ကျွန်တော့်နာမည် ချူဟန် ပါ"

လက်ကို လွှတ်လိုက်ပြီးနောက် ချူဟန်သည် ဟွာယုံကျီနှင့် သင့်လျော်သော အကွာအဝေးတစ်ခု၌သာ ဆက်လက် ရပ်နေလိုက်သည်။

"ကောင်းပြီ... ညီလေးချူ။ လူသစ်တစ်ယောက်ကို မတွေ့ရတာ တကယ်ကို ကြာလှပြီကွ"

ဟွာယုံကျီမှာ အလွန် သဘောကျသွားပြီး ချူဟန်ကို အဝေးတွင်ရှိသော အခြေစိုက်စခန်းငယ်လေးဆီသို့ ခေါ်ဆောင်သွားတော့သည်။

"အပြင်ဘက်က အန္တရာယ်များတယ်။ စခန်းထဲကို အရင်သွားကြတာပေါ့။ ညကျရင် ငါ့အိမ်မှာ ထမင်းလာစားလှည့်။ မင်းအတွက် ဟင်းကောင်းကောင်း ချက်ကျွေးဖို့ ငါ့မိန်းမကို ပြောထားလိုက်မယ်"

"ဒါဆိုလည်း အားမနာတော့ဘူးဗျာ"

ချူဟန်က သာမန်ကာလျှံကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

သို့သော် ထိုသို့ ဂရုမစိုက်သကဲ့သို့ ပြောလိုက်သော သူ၏ အပြုအမူကြောင့် ကျန်လူငါးယောက်၏ မျက်နှာများ ချက်ချင်း မည်းမှောင်သွားခဲ့ကြောင်းကိုတော့ သူ သတိမပြုမိခဲ့ပေ။

ဤရွာတွင် ပိတ်မိနေကတည်းက စားနပ်ရိက္ခာ ပြဿနာသည် သူတို့အတွက် အသက်ရှင်သန်ရေးနှင့် သက်ဆိုင်သော အကြီးမားဆုံး အခက်အခဲ ဖြစ်လာခဲ့သည်။ ရှေ့ဘက်တွင် ဇွန်ဘီအုပ်ကြီးက ပိတ်ဆို့ထားပြီး နောက်ဘက်တွင်လည်း တောင်တန်းကြီးပေါ်မှ သားရဲများ၏ ရန်ကို ကြောက်လန့်နေရသည်။ အသက်ရှင်ကျန်ရစ်သူများအတွက် ရိက္ခာများမှာ အမြဲတမ်း ပြတ်လပ်လုနီးပါး ဖြစ်နေသည်။ ထို့ကြောင့်သာ သူတို့သည် တောင်ခြေအထိ အန္တရာယ်ခံ ဆင်းလာကာ ဖမ်းရလွယ်ကူသော တိရစ္ဆာန်ငယ်လေးများကို လာရောက် အမဲလိုက်နေရခြင်း ဖြစ်သည်။

သူတို့အတွက် ဟင်းကောင်း ဆိုသည်မှာ သာမန် အစားအစာတစ်ခု မဟုတ်ပေ။ အလွန် ရှားပါးပြီး တန်ဖိုးကြီးမားလှသော အရာတစ်ခု ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် ချူဟန်၏ အလေးအနက်မထားသော အပြုအမူက သူတို့ကို ဒေါသထွက်စေရန် အပြည့်အဝ လုံလောက်နေခဲ့ပြီ ဖြစ်သည်။

"နင်ကများ ဒီလောက်တောင် အရှက်မရှိတဲ့ စကားကို ပြောထွက်သေးတယ်ပေါ့"

အဖွဲ့ထဲတွင် တစ်ဦးတည်းသော အမျိုးသမီးဖြစ်သူက မခံစားနိုင်တော့ဘဲ အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။ ချူဟန်ကို စိုက်ကြည့်နေသော သူမ၏ မျက်ဝန်းများထဲတွင် ရန်လိုမှုများ အထင်းသား ပေါ်လွင်နေသည်။

"ဝမ်ယန်... တော်တော့။ ညီလေးချူမှာ ကျောပိုးအိတ်လေး တစ်လုံးတောင် ပါမလာဘူး။ ဒီအထိ ရောက်လာဖို့ အများကြီး ဆာလောင်နေခဲ့ရမှာ သေချာတယ်"

ဟွာယုံကျီက အလျင်အမြန် ဝင်ဟန့်တားလိုက်ပြီးနောက် ချူဟန်ဘက်သို့ လှည့်ကာ တောင်းပန်လိုက်သည်။

"ဆောရီးကွာ ညီလေးချူ။ သူတို့ကို စိတ်ထဲ မထားပါနဲ့"

"ကိစ္စမရှိပါဘူး"

ချူဟန်က တည်ငြိမ်စွာ ဖြေလိုက်ပြီး ထိုလူခြောက်ယောက်၏ ကျောပြင်များကို စိုက်ကြည့်လိုက်သည်။ သူတို့၏ ကျောပေါ်တွင် တောယုန်များနှင့် ရစ်ငှက်များကဲ့သို့သော တိရစ္ဆာန်ငယ်လေးများကို ချည်နှောင်ထားလေသည်။

'သြော်... သူတို့က မုဆိုးတွေပဲကိုး'

ကပ်ဘေးနှောင်းပိုင်း ကာလများတွင် မုဆိုး ဆိုသည်မှာ သီးခြား အသက်မွေးဝမ်းကျောင်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။ မြို့ကြီးများအတွင်း၌ ဇွန်ဘီများ ပြည့်နှက်နေသောကြောင့် လူသူကင်းမဲ့သော တောတောင်များတွင် နေထိုင်ရန် ရွေးချယ်သူများစွာ ရှိလာခဲ့သည်။ ဇွန်ဘီအန္တရာယ် နည်းပါးသော ထိုနေရာမျိုးတွင် သူတို့သည် အမဲလိုက်ခြင်းဖြင့် အသက်မွေးကြသည်။

အစပိုင်းတွင် အသေးစား အမဲလိုက်ခြင်းများသာ ဖြစ်သော်လည်း တဖြည်းဖြည်းနှင့် ပစ်မှတ်များမှာ ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်။ အချို့ဆိုလျှင် မျိုးဗီဇပြောင်းလဲနေသော သားရဲကြီးများကို အထူးပြု အမဲလိုက်သည့် အစွမ်းထက် မုဆိုးများအဖြစ် ပေါ်ထွက်လာကြသည်။ နောက်ဆုံးတွင် ၎င်းသည် သီးခြား အလုပ်အကိုင်တစ်ခုအဖြစ် အခိုင်အမာ ရပ်တည်လာမည် ဖြစ်သည်။

မုဆိုးများသည် တစ်ကိုယ်တော် လှုပ်ရှားလေ့ရှိပြီး အဖွဲ့ဖွဲ့မည်ဆိုလျှင်တောင် လူအင်အား နည်းပါးတတ်သည်။ မည်သည့် အခြေစိုက်စခန်း၏ အုပ်ချုပ်မှုအောက်တွင်မှ မရှိသော လွတ်လပ်သူများ ဖြစ်ကြသည်။ အစွမ်းထက်သော မုဆိုးများသည် ငွေကြေးအမြောက်အမြားဖြင့် ငှားရမ်းခံရပြီး တိရစ္ဆာန်များသာမက လူသားများ၊ သို့မဟုတ် အဆင့်မြင့် ဇွန်ဘီများကိုပါ လိုက်လံ သုတ်သင်ပေးကြသည်။ နောင်တွင် မုဆိုးမဟာမိတ်အဖွဲ့ ဟူသော အဖွဲ့အစည်းတစ်ခုပင် ပေါ်ပေါက်လာဦးမည် ဖြစ်သည်။

ယခု သူ၏ရှေ့မှောက်တွင် ရှိနေသော လူခြောက်ယောက်မှာ နောင်ခေတ်များတွင် ပေါ်ပေါက်လာမည့် မုဆိုးများ၏ အစောပိုင်း ပုံစံငယ်လေးများ ဖြစ်သည်။

ချူဟန်သည် သူတို့၏ သားကောင်များကို ကြည့်ကာ အတွေးနက်နေသည်ကို ဝမ်ယန် နှင့် ခုနက မျောက်ရုပ်နှင့် အမျိုးသားတို့က သတိပြုမိသွားကြသည်။ သူတို့နှစ်ဦးမှာ အချင်းချင်း အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် အထင်အမြင်သေးမှုနှင့် သတိထားမှုများ ရောယှက်နေသည်။

"တကယ်ကို မျက်နှာပြောင်တိုက်လွန်းတဲ့ ကောင်ပဲ"

ဝမ်ယန် က တိုးတိုးလေး ခနဲ့လိုက်သည်။

"ဟုတ်ပါ့"

မျောက်ရုပ်နှင့် အမျိုးသားကလည်း ထောက်ခံလိုက်သည်။

"မေးခွန်းကိုတောင် ဖြောင့်ဖြောင့် မဖြေဘဲနဲ့ ငါတို့ရဲ့ ရိက္ခာကို မျက်စိကျနေသေးတယ်"

သူတို့နှစ်ဦးသည် လူအုပ်၏ နောက်ဆုံးတွင် နေကာ တိုးတိုးလေး ညည်းညူနေကြသည်။

ဤလူခြောက်ယောက်လုံးမှာ ဆင့်ကဲပြောင်းလဲသူများ ဖြစ်ကြသည်။ ဆင့်ကဲပြောင်းလဲသူများ၏ ကိုယ်ခန္ဓာစွမ်းရည်ကြောင့် ဤမျှအကွာအဝေးမှ ဝမ်ယန် တို့၏ စကားကို အားလုံး ကြားနိုင်စွမ်းရှိသည်။ ထင်ထားသည့်အတိုင်းပင် ဟွာယုံကျီက နောက်လှည့်ကာ ထိုနှစ်ဦးကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီး ချူဟန်ဘက်သို့ အားနာဟန်ဖြင့် လှည့်ကြည့်လိုက်သည်။

သူ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် ပါးစပ်ကို ပြန်ပိတ်လိုက်သည်။ အကြောင်းမှာ ချူဟန်သည် ဘေးဘီဝဲယာသို့ လုံးဝ လှည့်မကြည့်ဘဲ ရှေ့သို့သာ ဆက်လျှောက်နေသောကြောင့် ဖြစ်သည်။

ဟွာယုံကျီ က ချူဟန် သည် သာမန်လူတစ်ယောက်သာ ဖြစ်သောကြောင့် နောက်ကစကားများကို မကြားနိုင်ခြင်း ဖြစ်မည်ဟု ချက်ချင်း ကောက်ချက်ချလိုက်သည်။ ပြီးနောက် ၎င်းမှာ ဖြစ်သင့်ဖြစ်ထိုက်သည်ဟုလည်း တွေးလိုက်သည်။ ဆင့်ကဲပြောင်းလဲသူများ ဆိုသည်မှာ ထိုမျှလောက် ပေါများလှသည် မဟုတ်ပေ။

ချူဟန် တစ်ချက်လေးမျှ နောက်လှည့်မကြည့်သလို ခြေလှမ်းအရှိန်ကိုလည်း မလျှော့ဘဲ ဆက်လျှောက်နေသည်ကို မြင်လိုက်ရသောအခါ ဝမ်ယန် နှင့် မျောက်ရုပ်နှင့် အမျိုးသားတို့၏ မျက်ဝန်းများတွင် အထင်အမြင်သေးမှုများ ပိုမို ထင်ရှားလာတော့သည်။ တစ်ချိန်တည်းမှာပင် သူတို့စိတ်ထဲ၌ ရှိနေသော အနည်းငယ်မျှသော သတိထားမှုမှာလည်း လုံးဝ ပျောက်ကွယ်သွားလေသည်။

"ဘာများလဲလို့။ သာမန်လူ တစ်ယောက်ပါလား"

ဝမ်ယန် မှာ အထင်အမြင်သေးမှုကို ဖုံးကွယ်မထားတော့ပေ။

"စခန်းထဲက သာမန်လူတွေဆိုရင် ငါတို့ ဆင့်ကဲပြောင်းလဲသူတွေကို တွေ့တာနဲ့ အရှင်သခင်တွေလို သဘောထားပြီး ဖားယားနေကြတာချည်းပဲ။ ဒီကောင်က သာမန်လူဖြစ်ပြီးတော့များ မာန တော်တော် ကြီးနေပါလား"

မျောက်ရုပ်နှင့် အမျိုးသားမှာလည်း မကျေနပ်ချက်များကို ပွင့်ပွင့်လင်းလင်းပင် ထုတ်ပြောလာတော့သည်။

"စခန်းထဲရောက်ရင်တော့ သူ့ရဲ့ မာနတွေ ကျိုးသွားအောင် တစ်ခါလောက် ပညာပေးရမယ်။ ဘယ်သူဌေးအဖွဲ့ကများ သူ့ကို ကာကွယ်ပြီး ခေါ်လာလဲ မသိပါဘူး"

ဝမ်ယန် ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

"ငါတို့ရှေ့မှာတော့ ငွေဆိုတာ စက္ကူစုတ်တွေလိုပဲ ဆိုတာကို သူ့ကို သေချာ သင်ခန်းစာ ပေးရမယ်"

"ဟေ့... တော်ကြပါတော့။ ရိက္ခာတွေကို သူ့ကို ပေးရမယ်လို့ ဆုံးဖြတ်ထားတာမှ မဟုတ်တာ။ အစ်ကိုကြီး ဟွာ က သူ့အိမ်ခေါ်ပြီး ကျွေးမှာပဲဟာ ငါတို့နဲ့မှ မဆိုင်ပါဘူး"

အခြေအနေကို ကြည့်မနေနိုင်တော့သည် အဖွဲ့ဝင်တစ်ဦးက ကြားဖြတ်ပြောလိုက်သည်။

"အရင်တစ်ခေါက်က သူဌေးသားကို နင် မေ့သွားပြီလား"

ဝမ်ရန် က ထိုလူကို စူးစိုက်ကြည့်လိုက်သည်။

"ငါတို့ရဲ့ ရိက္ခာတွေကိုစား၊ ငါတို့ရဲ့ ရေတွေကိုသောက်ပြီးတော့ ဘယ်လောက်တောင် ရောင့်တက်သွားခဲ့သလဲဆိုတာ မသိဘူးလား"

"အဲဒီကောင်ကို နင်ပဲ ပညာပေးလိုက်ပြီးပြီ မဟုတ်လား။ အခုထိ အငြိုးထားနေတုန်းပဲလား။ အဲဒီတုန်းကလည်း နင်ကိုယ်တိုင် ငွေမက်ပြီး အရူးလုပ်ခံရလို့ ဒီလို ပြဿနာတွေ ဖြစ်လာတာလေ" အခြားအမျိုးသားတစ်ဦးက ပြန်လည် ချေပလိုက်သည်။

"ပါးစပ်ပိတ်ထားလိုက်။ အဲဒီအကြောင်းကို နောက်တစ်ခါ ထပ်မပြောနဲ့"

ဝမ်ယန် ၏ မျက်ဝန်းများထဲမှ အေးစက်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။

ရှေ့မှ လျှောက်သွားနေသော ချူဟန်သည် နောက်ကွယ်၌ အားနာမှုကင်းမဲ့စွာ ပြောဆိုနေကြသော စကားများကို နားထောင်ရင်း အခြေခံ အချက်အလက်အချို့ကို စုစည်းနေလေသည်။

တစ်ဖက်လူများက မိမိကို ဆင့်ကဲပြောင်းလဲသူ တစ်ဦးမှန်း သတိမထားမိခြင်းမှာ အဆန်းတော့ မဟုတ်ပေ။ ပုံမှန်အားဖြင့် ဆင့်ကဲပြောင်းလဲသူများ နှင့် စွမ်းရည်မြှင့်တင်သူများသည် မိမိကိုယ်တိုင် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်ခြင်း သို့မဟုတ် တိုက်ခိုက်ရေးအခြေအနေသို့ ဝင်ရောက်ခြင်း မရှိသရွေ့ အခြားသူများက သူတို့၏ အစွမ်းအစကို အလွယ်တကူ သိရှိနိုင်မည် မဟုတ်ပေ။

အစွမ်းကို ခွဲခြားနိုင်သည့် အထူးနည်းလမ်းအချို့ ရှိသော်လည်း ချူဟန်သည် သူတို့ ရောက်ရှိလာချိန်ထိ အလျင်ကို ကြည့်ရုံဖြင့် ဤခြောက်ယောက်လုံးမှာ ဆင့်ကဲပြောင်းလဲသူများ ဖြစ်ကြောင်းကို တန်း၍ သိရှိနေပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူတို့မှာ အတွေ့အကြုံနုနယ်သည့် အဆင့်တွင်သာ ရှိသေးပြီး မိမိတို့၏ အစွမ်းကို မည်သို့ ဖုံးကွယ်ရမည်ကို လုံးဝ သိရှိထားခြင်း မရှိပေ။

နောင်ခေတ်များတွင် ဆင့်ကဲပြောင်းလဲသူများ ပေါများလာမည်ဖြစ်၍ ဂရုစိုက်နေရန် မလိုသော်လည်း ယခုကဲ့သို့ အစောပိုင်းကာလများတွင် မိမိ၏ အစွမ်းအစကို ဖုံးကွယ်ထားခြင်းက အကောင်းဆုံး ဖြစ်သည်။ ယခု ချူဟန်ကဲ့သို့ အတွေ့အကြုံ ကြွယ်ဝသူတစ်ဦးက တစ်ချက်ကြည့်ရုံဖြင့် သူတို့၏ လျှို့ဝှက်ချက်များကို အကုန်အစင် မြင်သာနေသောကြောင့်ပင် ဖြစ်သည်။

"ရောက်ပြီ။ အဲ့ဒါ ငါတို့ကိုယ်တိုင် တည်ဆောက်ထားတဲ့ စခန်းပဲ"

ဟွာယုံကျီသည် ရှေ့တွင် မြင်တွေ့နေရသော သစ်လုံးများဖြင့် ပြုလုပ်ထားသည့် မြင့်မားသော တံတိုင်းကြီးကို ညွှန်ပြလိုက်သည်။ ထို့နောက် ချူဟန်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

"ညီလေးချူ... မင်းသက်လုံက ဒီလောက်ကောင်းလိမ့်မယ်လို့ ငါမထင်ထားဘူးကွာ"

ဟွာယုံကျီသည် အလွန်အမင်း တွေးတောပြီး ပြောလိုက်ခြင်း မဟုတ်ပေ။ ချူဟန်သည် ဤနေရာအထိ မောပန်းသည်ဟု တစ်ခွန်းမျှ ညည်းညူခြင်းမရှိဘဲ လျှောက်လာနိုင်ခဲ့သည်ကို ရိုးသားစွာပင် အံ့ဩသွားမိခြင်းသာ ဖြစ်လေသည်။

All Chapters