← Chapters

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း (၁၇၉) ကိုယ့်အဆင့်ကိုယ်မသိသော တိရစ္ဆာန်

ရှောင်ဟွာ ထွက်သွားသော ကျောပြင်ကို ကြည့်ရင်း ချူဟန်၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။

သူ၏အစွမ်းဖြင့် တောရစ်ငှက်တစ်ကောင် ဖမ်းရန်မှာ အလွန်လွယ်ကူသော ကိစ္စဖြစ်သည်။ ကမ္ဘာပျက်ကပ် ရောက်လာကတည်းက သူသည် စားနပ်ရိက္ခာ ပြတ်လပ်မှု ပြဿနာနှင့် တစ်ခါမျှ မကြုံခဲ့ဖူးပေ။ ယခုဆိုလျှင် ဝမ်ချိုက်ထံမှ ညှစ်ထုတ်ထားသော စတုရန်းမီတာ ၅၀ ကျယ်ဝန်းသည့် သီးခြားကမ္ဘာတွင် ဂျစ်ရန်ဂလာကား နှင့် ရှူရာပုဆိန်တို့မှလွဲ၍ အမျိုးအစားစုံလင်လှသော စားစရာများ အပြည့်အမောက် ရှိနေသည်။

သို့သော် တစ်ခုခုကို ပြောချင်နေဟန်ရသော ရှောင်ဟွာ၏ အမူအရာနှင့် စောစောက ဝမ်ယန်နှင့် ပိန်လွီနေသော လူတို့၏ တုံ့ပြန်မှုများကို ထောက်ရှုကြည့်လျှင် ဤနေရာ၌ ရစ်ငှက်တစ်ကောင်ဆိုသည်မှာပင် အလွန် ရခဲလှသော အဖိုးတန်ပစ္စည်းတစ်ခု ဖြစ်နေပုံရသည်။

"ထိုင်ပါဦး"

ဟွာယုံကျီက သဘောကျစွာဖြင့် ခွေးခြေခုံလေးတစ်လုံး ယူလာပေးပြီး ချူဟန်၏ အရှေ့တွင် ရေတစ်ခွက် ချပေးလိုက်သည်။

"မင်းနဲ့က ပထမဆုံးအကြိမ် တွေ့တာလို့တောင် မထင်ရဘူးကွာ။ ညီလေး... ငါတို့ စကားနည်းနည်း ပြောကြရအောင်"

"အစ်ကိုဟွာ... ဒီအခြေစိုက်စခန်း အကြောင်းလေး နည်းနည်းလောက် ပြောပြပါလား"

ချူဟန်က ထိုင်လိုက်ပြီးနောက် မေးလိုက်သည်။ ဤဟွာယုံကျီမှာ အတော်လေး ထူးဆန်းသော လူတစ်ယောက် ဖြစ်သည်။ ကမ္ဘာပျက်ကပ်ကာလတွင် ​စိတ်သဘောထားပြည့်ဝသူများမှာ မျိုးသုဉ်းလုနီးပါး ရှားပါးနေပြီ ဖြစ်သည်။

စခန်းအကြောင်းကို ပြောရမည်ဆိုလျှင် ဟွာယုံကျီလည်း သက်ပြင်းရှည်ကြီး ချလိုက်ပြီး အလွန် စိတ်ပျက်နေပုံ ပေါ်သည်။

"အပြင်မှာ ရှိနေတဲ့ လူတွေကို မင်း မြင်တယ် မဟုတ်လား။ အဲဒီလူတွေက ဒီစခန်းရဲ့ ကပ်ပါးကောင်တွေပဲ။ နေ့တိုင်း ဘာအလုပ်မှ မလုပ်ဘဲ စားစရာ ဝေပေးမယ့်အချိန်ကိုပဲ ထိုင်စောင့်နေကြတာ။ အရင်ကတည်းက ရွာထဲမှာ နေတဲ့သူတွေ ပါသလို နောက်မှ ရောက်လာတဲ့သူတွေလည်း ပါတယ်"

ချူဟန်သည် မျက်စိရှေ့ရှိ အနည်းငယ် နောက်ကျိနေသော ရေကို ကြည့်ကာ တစ်ငုံမျှ သောက်လိုက်သည်။

"ဒီစခန်းမှာ ခင်ဗျားတို့ ခြောက်ယောက်ကလွဲရင် အစွမ်းရှိတဲ့သူတွေ ရှိသေးလား"

ဟွာယုံကျီက မျက်တောင်တဖျပ်ဖျပ် ခတ်သွားပြီး အံ့သြမှုနှင့် တွေဝေမှုများ ရောယှက်နေသော အကြည့်ဖြင့် ချူဟန်ကို ကြည့်လိုက်သော်လည်း ဖုံးကွယ်ထားခြင်းမရှိဘဲ ဖြေလိုက်သည်။

"ငါတို့ စခန်းမှာ ခေါင်းဆောင်နှစ်ယောက် ရှိတယ်။ တစ်ယောက်က ချင်ရှို၊ နောက်တစ်ယောက်က ဖန်ကျန့် တဲ့။ သူတို့နှစ်ယောက်စလုံးက..."

"ပွတ်... အဟွတ်... အဟွတ်..."

ဟွာယုံကျီ စကားဆုံးအောင် မပြောရသေးခင်မှာပင် ချူဟန်သည် ပါးစပ်ထဲ ငုံထားသော ရေများကို ပန်းထုတ်လိုက်မိပြီး အပြင်းအထန် သီးသွားတော့သည်။ ဘောင်းဘီအိတ်ကပ်ထဲတွင် ပုန်းနေသော ဝမ်ချိုက်မှာလည်း သူ၏ နားရွက်ကြီးနှစ်ဖက်ဖြင့် ပါးစပ်ကို အတင်းပိတ်ထားကာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသဖြင့် တစ်ကိုယ်လုံး တုန်ရီနေလေသည်။

'တကယ်ကြီးလားဟ'

ချင်ရှို (တိရစ္ဆာန်) နဲ့ ဖန်ကျန့် (ယုတ်မာတဲ့ကောင်) ဟုတ်လား။ တရုတ်ဘာသာစကားမှာ သူတို့နာမည်တွေက တိရစ္ဆာန် နဲ့ ယုတ်မာတဲ့ကောင် ဆိုတဲ့ အသံထွက်တွေနဲ့ တစ်ပုံစံတည်း ဖြစ်နေသည်။ ဘယ်သူ ပေးလိုက်တဲ့ နာမည်မှန်း မသိပေမဲ့ တော်တော်လေး နက်ရှိုင်းလွန်းသည်။ ထိုမျှမက ထိုနာမည်ပိုင်ရှင် နှစ်ယောက်က တွဲဖက်လုပ်ကိုင်နေကြသေးသည်။

"ဟားဟားဟား..."

ဟွာယုံကျီမှာ ဘာလုပ်ရမှန်းမသိဘဲ အနေရခက်စွာဖြင့် အားနာပါးနာ ရယ်မောလိုက်ရသည်။

"အဟမ်း... ဆက်ပြောပါဦး"

ချူဟန်က အလျင်အမြန် ရယ်ချင်စိတ်ကို ထိန်းလိုက်သည်။

"အင်း..."

ဟွာယုံကျီက နှုတ်ခမ်းများ တွန့်ကွေးသွားလျက် ဆက်ပြောသည်။

"ချင်ရှို က ခေါင်းဆောင်ကြီးလေ။ အရင်ကတည်းက ငါနဲ့ တစ်ရွာတည်းသားပဲ။ ဒီစခန်းကို အစကတည်းက သူပဲ တည်ထောင်ခဲ့တာ။ ဖန်ကျန့်ကတော့ နောက်မှ ရောက်လာတာ။ ဒါပေမဲ့ တိုက်ခိုက်ရေးအစွမ်းက ခေါင်းဆောင်ကြီးနဲ့ သွားတူနေတော့ ဒုခေါင်းဆောင် ဖြစ်သွားတာပေါ့။ ဒါပေမဲ့ ဒီဒုခေါင်းဆောင်က ပြဿနာတွေကို သိပ်မဖြေရှင်းချင်ဘူးကွ။ အမြဲတမ်း တစ်ယောက်တည်းပဲ သွားလာလှုပ်ရှားနေတတ်တာ"

ချူဟန်က ခေါင်းညိတ်လိုက်သည်။

"တခြားလူတွေကရော။ စားနပ်ရိက္ခာကို ဘယ်ကနေ ရကြတာလဲ"

"အမဲလိုက်ကြတာပေါ့... ပြီးတော့ အမြန်ကြီးထွားတဲ့ သီးနှံတချို့ကို စိုက်ပျိုးကြတယ်"

ဟွာယုံကျီက စကားပြောနေစဉ်မှာပင် ရုတ်တရက် အပြင်ဘက်မှ နားကွဲလုမတတ် စူးရှသော အသံကြီး ထွက်ပေါ်လာသည်။ အချက်ပေးခေါင်းလောင်းသံနှင့် တူလှသည်။

"ဒုက္ခပဲ... ရန်သူ လာတိုက်နေပြီ"

ဟွာယုံကျီက ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ဘေးရှိ လက်နက်ကို ဆွဲယူကာ အပြင်သို့ ပြေးထွက်သွားတော့သည်။

"မင်းတို့ ဒီမှာပဲ စောင့်နေကြ။ အပြင်ကို လုံးဝ မထွက်ခဲ့နဲ့နော်"

ထိုဆူညံသံကြောင့် ရှောင်ဟွာလည်း စိုးရိမ်တကြီးဖြင့် မီးဖိုချောင်ထဲမှ ပြေးထွက်လာသည်။ အပြင်သို့ အပြေးအလွှား ထွက်သွားသော ခင်ပွန်းဖြစ်သူ၏ ကျောပြင်ကို စိုးရိမ်ပူပန်မှု အပြည့်ဖြင့် ကြည့်နေရှာသည်။ ချူဟန် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး စားပွဲပေါ်ရှိ ရေခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ထို့နောက် ရှောင်ဟွာကို ခေါင်းတစ်ချက် ညိတ်ပြကာ လှည့်၍ အပြင်သို့ ထွက်သွားလေသည်။

ရိုးသားသော တောင်ရွာသူလေး ရှောင်ဟွာမှာ ထိုနေရာတွင်ပင် ကြောင်အမ်းအမ်းဖြင့် ရပ်ကျန်ရစ်တော့သည်။ ဟွာယုံကျီကဲ့သို့ပင် မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ အပြင်သို့ ထွက်သွားသော ချူဟန်၏ ကျောပြင်ကို ကြည့်ရင်း သူ ဘာကြောင့် ဤသို့ ပြုမူရကြောင်းကို သူမ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေသည်။ ယခင်က ခင်ပွန်းဖြစ်သူ အိမ်သို့ ခေါ်လာဖူးသော လူများအားလုံးမှာ ကြောက်လန့်တကြားဖြစ်နေတတ်ပြီး ဖြစ်နိုင်လျှင် ဤအိမ်ထဲတွင်ပင် တစ်သက်လုံး အခမဲ့ စားသောက်ကာ ပုန်းအောင်းနေချင်ကြသည့် သူရဲဘောကြောင်သူများသာ ဖြစ်​​ကြသည်။

စခန်း၏ အရှေ့ဘက်အကျဆုံး နေရာတွင် တည်ဆောက်ထားသော ခံတပ်နံရံနှစ်ထပ်မှာ အခိုင်ခံ့ဆုံးဖြစ်ပြီး စခန်းသူစခန်းသားများ အားအင်အများဆုံး စိုက်ထုတ်ထားသည့် နေရာဖြစ်သည်။ ဤနေရာသာ ကျိုးပေါက်သွားပါက စခန်းတစ်ခုလုံး ပျက်စီးသွားမည် ဖြစ်သည်။

လက်ရှိတွင် စခန်းအတွင်းရှိ တိုက်ခိုက်နိုင်စွမ်းရှိသူ အားလုံးနီးပါး အရပ်မျက်နှာ အသီးသီးမှ ပြေးလာနေကြသည်။ အဆင့်(၁) ဆင့်ကဲပြောင်းလဲသူများ အားလုံး စုရုံးကာ အရှေ့ဘက်အကျဆုံး ခံတပ်နံရံပေါ်သို့ အရင်ဆုံး ပြေးတက်သွားကြသည်။ ထိုနေရာတွင် အထူး ဆောက်လုပ်ထားသော စင်မြင့်တစ်ခု ရှိပြီး တစ်ဖက်ခြမ်းတွင် ကြိုးများစွာ တွဲလောင်းကျနေသည်။ သူတို့သည် ပုံမှန်အားဖြင့် ဤနေရာမှနေ၍ စခန်းအပြင်ဘက်သို့ ခုန်ဆင်းကာ အခြား ခံတပ်နံရံတစ်ဖက်ရှိ ဇွန်ဘီအုပ်ကြီးနှင့် တိုက်ခိုက်လေ့ရှိကြသည်။

ချူဟန် ရောက်ရှိသွားချိန်တွင် ထိုနေရာ၌ လူများ ကြိတ်ကြိတ်တိုးနေပြီ ဖြစ်သည်။ လူတိုင်းမှာ စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ ပြေးလွှားနေကြပြီး ​ကျောက်ပစ်စက်များကိုပင် နံရံပေါ်သို့ တွန်းတင်နေကြသည်။ အပြင်ဘက်ရှိ ပထမခံတပ်နံရံနှင့် အကွာအဝေးတစ်ခု ရှိနေသော်လည်း ချူဟန်၏ မျက်လုံးထဲတွင်တော့ နံရံ၏ အက်ကြောင်းများမှတစ်ဆင့် အပြင်ဘက် အခြေအနေကို ရှင်းလင်းစွာ မြင်နေရသည်။

ဇွန်ဘီတွေ...မရေမတွက်နိုင်အောင်များလွန်းတဲ့ ဇွန်ဘီတွေ...

​သစ်လုံးများဖြင့် တည်ဆောက်ထားသော နံရံကြီးမှာ အဆက်မပြတ် ယိမ်းယိုင်နေပြီး တဖြည်းဖြည်း လျော့ရဲလာသည်။ လှိုင်းလုံးကြီးတစ်ခုပမာ အဆက်မပြတ် တိုးဝင်လာသော ဇွန်ဘီများက ခံတပ်နံရံဆီသို့ အလုအယက် ပြေးဝင်လာကြသည်။ ဒုတိယခံတပ်နံရံပေါ်မှနေ၍ သေနတ်များဖြင့် ပစ်ခတ်နေသူများ ရှိသော်လည်း အလှမ်းဝေးလွန်းသဖြင့် ထိရောက်မှု သိပ်မရှိလှပေ။

ပထမခံတပ်နံရံ ကျိုးပေါက်သွားရန်မှာ အချိန်ပိုင်းသာ လိုတော့သည်။

ချူဟန် အခြေအနေကို အကဲခတ်နေစဉ် ဘေးဘက်မှ ရိုင်းစိုင်းသော ဆဲဆိုသံတစ်သံ ထွက်ပေါ်လာသည်။

"ဖယ်စမ်း... သောက်သုံးမကျတဲ့ကောင်"

ချူဟန်၏ မျက်ဝန်းများထဲတွင် စူးရှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး နောက်လှည့်ကြည့်လိုက်ရာ ထိုအသံပိုင်ရှင် ဝမ်ယန် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ဝမ်ယန်နှင့် ပိန်လွီနေသော လူအပြင် နေ့လယ်က တွေ့ခဲ့ရသော ကျန်လူသုံးယောက်ပါ လက်နက်များကို ဆုပ်ကိုင်လျက် စုရုံးနေကြသည်။

"ဖယ်စမ်း။ ကြောက်နေရင်လည်း ဟိုငကြောက်ကောင်တွေနဲ့အတူ အခန်းထဲမှာ သွားပုန်းနေ" ပိန်လွီနေသော လူက ချူဟန်ကို လှမ်းအော်လိုက်ပြီးနောက် ပခုံးကို ကြမ်းတမ်းစွာ ဝင်တိုက်လျက် ကျော်ဖြတ်သွားလေသည်။

ဝမ်ယန်တို့လည်း သူ၏နောက်မှ ချက်ချင်း လိုက်သွားကြသည်။ သူတို့က မြင့်မားသော နံရံပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ခုန်တက်ကာ ကြိုးများကို အသုံးပြု၍ တစ်ဖက်သို့ လျှောဆင်းသွားကြသည်။ စုစုပေါင်း လူဆယ်ယောက်ကျော် ရှိမည်။ အားလုံးက အဆင့်(၁) ဆင့်ကဲပြောင်းလဲသူများ ဖြစ်ပုံရသည်။ သူတို့သည် ခံတပ်နံရံ နှစ်ခုကြားရှိ အလယ်မြေကွက်လပ်တွင် နေရာယူကာ ကိုယ်စီ လက်နက်များကို အသင့်ပြင်ထားလိုက်ကြသည်။ ထိုအထဲတွင် ဟွာယုံကျီ၏ ပုံရိပ်ကိုလည်း ရှင်းလင်းစွာ မြင်နေရသည်။

လူဆယ်ယောက်ကျော်၏ အလယ်တွင် ရပ်နေသော အမျိုးသားတစ်ဦး ရှိလေသည်။ သူ ကိုင်ဆောင်ထားသော လက်နက်မှာ အခြားသူများထက် ပိုမို ကြီးမားလေးလံသည်။ ဟွာယုံကျီ ပြောခဲ့သော ခေါင်းဆောင်နှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်ရန် သေချာသလောက်ပင် ရှိသည်။

"ဖွင့်လိုက်..."

အမျိုးသား၏ အမိန့်ပေးသံ ထွက်ပေါ်လာသည်။

ဂျီ... ဂျီ... ဂျီ...

အနောက်ဘက်တွင် အသင့်စောင့်နေသော လူနှစ်ဆယ်ခန့်က ဧရာမ ကြိုးကြီးကို အားကုန်သုံး၍ စတင် ဆွဲတင်လိုက်ကြသည်။ ထိုလှုပ်ရှားမှုနှင့်အတူ ပထမခံတပ်နံရံ အလယ်ဗဟိုရှိ သစ်လုံးအချို့က တဖြည်းဖြည်း မြင့်တက်သွားတော့သည်။

ဂရား........

အပြင်ဘက်တွင် စုရုံးနေသော ဇွန်ဘီများက ထိုကွက်လပ်ဆီသို့ အလုအယက် ဝင်ရောက်လာကြသည်။ တစ်ကောင်ပြီးတစ်ကောင် တွားသွားဝင်ရောက်လာသည်။ သစ်လုံးများ ပိုမို မြင့်တက်သွားသည်နှင့်အမျှ ဇွန်ဘီများက ဆည်ကျိုးပေါက်သကဲ့သို့ အဆက်မပြတ် တိုးဝင်လာတော့သည်။ ဇွန်ဘီအုပ်ကြီး တစ်ခုလုံး တစ်ရှိန်ထိုး ဝင်ရောက်လာခြင်း မဟုတ်သော်လည်း အဝေးမှ ကြည့်လျှင်ပင် ဤခဏလေးအတွင်း ဇွန်ဘီ အကောင်တစ်ရာကျော်ခန့် ဝင်ရောက်လာသည်မှာ သေချာနေသည်။

"သတ်ကြ..."

ဟွာယုံကျီက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ရှေ့ဆုံးမှနေ၍ ဝင်ရောက် ခုတ်ထစ်လိုက်သည်။

"ဟာကွာ... ငါ့ရဲ့ အမှတ်တွေတော့..."

ချူဟန်က ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။

"ဟင့်... ဟင့်..."

ရုတ်တရက် ကျောဘက်မှ အသံတိတ် ငိုကြွေးသံတစ်သံ ထွက်ပေါ်လာသည်။ ချူဟန် နောက်လှည့်ကြည့်လိုက်ရာ မျက်နှာတစ်ပြင်လုံး မျက်ရည်များ ရွှဲနစ်နေလျက် အသံထွက်မလာအောင် ကြိတ်ငိုနေသော ရှောင်ဟွာကို တွေ့လိုက်ရသည်။

"ဘာလို့ ငိုနေတာလဲ"

ချူဟန်က အေးစက်သော လေသံဖြင့် မေးလိုက်သည်။

"ငိုနေလို့ရော ဘာထူးမှာလဲ"

"နင် ပါးစပ်ပိတ်ထားစမ်း"

ရှောင်ဟွာ၏ ဘေးတွင်ရှိသော အမျိုးသမီးက ချူဟန်ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဇွန်ဘီတွေကို တစ်ခါမှ မသတ်ဖူးဘဲနဲ့ အဲ့အ​ကောင်တွေ ဘယ်လောက် အန္တရာယ်များလဲဆိုတာ နင် သိလို့လား။ ဇွန်ဘီတွေ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး အစွမ်းထက်လာတာကို နင်က နည်းနည်းလေးတောင် စိုးရိမ်ပုံမရဘူးနော်"

ထိုအမျိုးသမီးက ဒေါသတကြီး ဆက်ပြောသည်။

"ရှောင်ဟွာ စိုးရိမ်လွန်းလို့ ရူးမတတ် ဖြစ်နေတာကို နင်ကတော့ ဂရုတောင် မစိုက်ဘူး။ ဇွန်ဘီအုပ်ကြီးက သုံးရက်တစ်ခါ လာတိုက်တာ... နေ့ဘက်ဖြစ်ဖြစ် ညဘက်ဖြစ်ဖြစ် သူတို့က ဂရုမစိုက်ဘူး။ အတိုက်ခံရတဲ့ အချိန်တိုင်းမှာလည်း တစ်ယောက်မဟုတ် တစ်ယောက် သေရတာချည်းပဲ။ အစ်ကိုဟွာ က အမြဲတမ်း ရှေ့ဆုံးကနေ ထွက်သွားရတာဆိုတော့... နင်က ဘယ်လိုလုပ် အဲဒီလောက် အေးစက်စက် စကားမျိုး ပြောထွက်ရတာလဲ"

ချူဟန်က ထိုအမျိုးသမီးကို စေ့စေ့စပ်စပ် တစ်ချက်ကြည့်လိုက်သည်။ ရှောင်ဟွာနှင့် ရွယ်တူလောက် ဖြစ်မည်။ ငိုယိုနေသော ရှောင်ဟွာကို တွဲဖက်ထားပြီး အတင်းအကျပ် နှစ်သိမ့်ပေးနေသော်လည်း ချူဟန်ကို စိုက်ကြည့်နေသော သူမ၏ မျက်ဝန်းများထဲတွင် ရန်လိုမှုများ အပြည့် ရှိနေသည်။

"ဒုက္ခပဲကွ"

ရုတ်တရက် ရှေ့တန်းမှ ခေါင်းဆောင်ဖြစ်သူ၏ စူးရှသော အော်သံကြီး ထွက်ပေါ်လာသည်။

"ဘာဖြစ်လို့လဲ... ဘာဖြစ်တာလဲ"

ရှောင်ဟွာ၏ မျက်နှာလေးမှာ အကြောက်တရားကြောင့် ရှုံ့မဲ့သွားပြီး ပတ်ဝန်းကျင်မှ တားဆီးမှုများကို ရုန်းထွက်ကာ နံရံစွန်းဆီသို့ ပြေးသွားတော့သည်။

"ဖန်ကျန့် ဘယ်ရောက်နေလဲ။

ရှေ့တန်းမှ ခေါင်းဆောင်​ဖြစ်သူ၏ အသံမှာ အလွန်အမင်း ထိတ်လန့်ခြောက်ခြားမှုတို့ဖြင့် ပြည့်နှက်နေပြီး သူ၏ နောက်ထပ်ထွက်လာသော စကားလုံးများတွင်လည်း လုံးဝ စိတ်ပျက်အားငယ်ရိပ်တို့ လွှမ်းမိုးနေတော့သည်။

"အဆင့်(၂) ဇွန်ဘီတွေ ရောက်လာပြီ"

All Chapters