← Chapters

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း (၁၈၀) ငါ စိတ်ပြောင်းသွားပြီ

"အဆင့်(၂) ဇွန်ဘီ ဟုတ်လား"

ဝုန်း...

အဆင့်(၂) ဇွန်ဘီ ဟူသော အသံက ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ ထိုစကားတစ်ခွန်းက ရေအိုင်ထဲ ခဲတစ်လုံးပစ်ချလိုက်သကဲ့သို့ ဂယက်ရိုက်သွားစေသည်။ ထိုနေရာရှိ လူအားလုံးမှာ ပူလောင်နေသော သံပြားပေါ်မှ ပုရွက်ဆိတ်များပမာ ချက်ချင်းပင် ထိတ်လန့်တကြား အော်ဟစ်ပြေးလွှားကုန်ကြသည်။

"ဒုတိယခေါင်းဆောင်ကို မြန်မြန်သွားခေါ်ကြ။ မြန်မြန်လုပ်"

"ဒုတိယခေါင်းဆောင်က ဒီနေ့မွန်းလွဲပိုင်းကတည်းက ကျားသွားပစ်မယ်ဆိုပြီး ထွက်သွားတာလေ။ သန်းခေါင်ယံလောက်မှ ပြန်ရောက်မှာ"

"ဘာ...ဒီလိုအချိန်ကြီးမှ ဘာကိစ္စ ကျားသွားပစ်နေရတာလဲကွ"

"ဝူဆုန်းလိုမျိုး ကျားနှိမ်နှင်းတဲ့ အရသာကို ခံစားကြည့်ချင်လို့တဲ့..."

"သွားပါပြီကွာ... ငါတို့တော့ သေရတော့မှာပဲ"

"အပိုစကားတွေ ပြောမနေကြနဲ့။ ကျောက်တုံးပစ်စက်တွေကို အသင့်ပြင်ထား။ မြန်မြန်လှုပ်ရှားကြစမ်း။ မဟုတ်ရင် အားလုံး သေကုန်လိမ့်မယ်"

ခံစစ်တံတိုင်းအနောက်ဘက်ရှိ သာမန်လူအချို့မှာ အစွမ်းကုန် ကူညီထောက်ပံ့ပေးနေကြသော်လည်း အချို့ကမူ ရှုပ်ထွေးနေသည့်ကြားမှ အခွင့်ကောင်းယူ၍ ထွက်ပြေးနေကြသည်။ အရှေ့ဘက်ရှိ ခံစစ်တံတိုင်းနှစ်ခုကြားတွင် အဆင့်(၁) ဆင့်ကဲပြောင်းလဲသူ ဆယ်ဦးကျော်ခန့်က ဇွန်ဘီများကို အသေအလဲ ဝင်ရောက်တိုက်ခိုက်နေကြသည်။

ပထမခံစစ်တံတိုင်း၏ အက်ကွဲနေတဲ့ နေရာတစ်ခုမှာ အခြားဇွန်ဘီများထက် ကိုယ်လုံးကိုယ်ထည် ပိုမိုကြီးမားသော ဇွန်ဘီတစ်ကောင် နေရာယူထားသည်ကို လူတိုင်း ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ထိုဇွန်ဘီက ၎င်း၏ ထက်မြက်သော လက်သည်းများကို အသုံးပြုကာ အက်ကွဲကြောင်းကို တစ်စချင်း ​ဖြဲဟနေတာကို အားလုံးက ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။

တံတိုင်းတစ်ဖက်တစ်ချက်ရှိ သစ်လုံးကြီးများမှာ ကြောက်မက်ဖွယ် ဖိအားကြောင့် ကျိုးပဲ့ပျက်စီးလာသည်။ ဇွန်ဘီအုပ်ကြီး၏ တွန်းတိုက်မှုကြောင့် အနည်းငယ် လျော့ရဲနေသော တံတိုင်းကြီးမှာ ယခုအခါ ပြိုကျလုနီးပါး ဖြစ်နေပြီဖြစ်သည်။

ချူဟန် သည်လည်း အခြားသူများနည်းတူ မြင့်မားသော နေရာမှနေ၍ ထိုမြင်ကွင်းကို အကဲခတ်နေသည်။ အမှန်ပင် ထိုအကောင်မှာ အဆင့်(၂) ဇွန်ဘီ ဖြစ်သည်။ ၎င်းသည် သာမန်ဇွန်ဘီများထက် ခန္ဓာကိုယ် ပိုမိုကြီးမားသဖြင့် အက်ကွဲကြောင်းအတွင်းမှ ချက်ချင်း တိုးထွက်မလာနိုင်သေးခြင်း ဖြစ်သည်။ သို့ရာတွင် အတင်းအဓမ္မ တိုးဝင်လာမည်လား၊ သို့မဟုတ် ဇွန်ဘီအုပ်ကြီးကပင် တံတိုင်းကြီးကို အပြတ်အသတ် တွန်းလှဲပစ်လိုက်မည်လား ဆိုသည်မှာ အချိန်အတိုင်းအတာ တစ်ခုသာ လိုတော့သည်။

"ဖန်ကျန့် ဆိုတဲ့ ခွေးကောင်... ဘယ်ချောင်မှာ သွားသေနေတာလဲကွ"

ရှေ့တန်းတွင် ရပ်နေသော ခေါင်းဆောင်ကြီး ချင်ရှို မှာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ ပုံမှန်အားဖြင့် အဆင့်(၂) ဇွန်ဘီများ ပေါ်လာပါက သူနှင့် ဖန်ကျန့် တို့ နှစ်ဦး ပူးပေါင်း၍ ရင်ဆိုင်လေ့ရှိသည်။ ဤစခန်း၌ အဆင့်(၂) ဆင့်ကဲပြောင်းလဲသူဟူ၍ သူတို့နှစ်ဦးတည်းသာ ရှိသောကြောင့် ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ဤနေရာ၌ သူတစ်ယောက်တည်းသာ ရှိနေပေသည်။ ဘယ်လိုလုပ် ရင်ဆိုင်ရမည်နည်း။

"ခေါင်းဆောင်... အဲဒီအကောင်ကို ပေးဝင်ခိုင်းလိုက်ရအောင်"

မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိသော ဟွာယုံကျီ က လက်နက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် ချင်ရှို ၏ ဘေးတွင် ဝင်ရပ်လိုက်သည်။

"ကျွန်တော် ခေါင်းဆောင့်ကို ကူပေးပါ့မယ်။ အရင်တုန်းကလိုမျိုး လုပ်ကြတာပေါ့"

"မင်း လုပ်နိုင်ပါ့မလား"

ချင်ရှို ၏ မျက်ဝန်းများတွင် စိုးရိမ်မှုများ ဖြတ်ပြေးသွားသည်။

"လုပ်ရမှာပဲလေ။ မြန်မြန်လုပ်... အချိန်မရှိတော့ဘူး"

ဟွာယုံကျီ အော်ဟစ်လိုက်ပြီးနောက် ရုတ်တရက် အနောက်ဘက်သို့ လှည့်ကြည့်လိုက်ရာ မြင့်မားသော တံတိုင်းပေါ်တွင် ရပ်နေသည့် ချူဟန် နှင့် အကြည့်ချင်း ဆုံသွားသည်။ ရှောင်ဟွာ မှာ အရုပ်ကြိုးပြတ် ငိုကြွေးနေပြီး တံတိုင်းပေါ်မှနေ၍ အသံကုန် အော်ဟစ်နေလေသည်။

"ရှင် မြန်မြန်ပြန်လာခဲ့။ ဆက်မတိုက်ပါနဲ့တော့။ တောင်းပန်ပါတယ်"

ဟွာယုံကျီ ၏ မျက်လုံးများမှာ သွေးများကဲ့သို့ နီရဲနေသည်။ သူက ရှောင်ဟွာ ကို အဖက်မလုပ်ဘဲ ချူဟန် ထံသို့သာ အသံကျယ်ကြီးဖြင့် အော်ပြောလိုက်သည်။

"ညီလေးချူဟန်... တကယ်လို့ ငါသေသွားရင် ရှောင်ဟွာကို စောင့်ရှောက်ပေးပါကွာ"

"ဖွင့်လိုက်"

ထိုအချိန်မှာပင် ချင်ရှို၏ အမိန့်ပေးသံ ထွက်ပေါ်လာသည်။

ဂျီ...

အဆင့်(၂) ဇွန်ဘီကြီး တွန်းတိုက်ထားသော ဧရာမ သစ်လုံးကြီးများကို တစ်ဟုန်ထိုး ဆွဲတင်လိုက်ကြသည်။ ထိုအခါ သာမန်ထက် ကြီးမားသော ထိုဇွန်ဘီကြီးက ဝမ်းသာအားရ ဟိန်းဟောက်လိုက်ပြီး အဆင့်(၁) ဇွန်ဘီအုပ်ကြီးကို ဦးဆောင်ကာ ဆည်ကျိုးပေါက်သကဲ့သို့ အတင်း ဝင်ရောက်လာတော့သည်။

"ပြေးမယ်..."

ဝမ်ယန်က ရုတ်တရက် နောက်လှည့်ကာ ပြေးထွက်သွားတော့သည်။ ရှောင်ဟွာ လည်း သူမ၏ နောက်သို့ အပြေးလိုက်သွားပြီးနောက် သူတို့နှစ်ဦးမှာ မျက်စိတစ်မှိတ်အတွင်း အနောက်ဘက်ရှိ ကြိုးတန်းအနီးသို့ ရောက်ရှိသွားကာ မျောက်တစ်ကောင်ပမာ ပေါ့ပါးသွက်လက်စွာဖြင့် တံတိုင်းပေါ်သို့ တွယ်တက်သွားကြသည်။ ထိုသူနှစ်ဦးမှာ တိုက်ပွဲကို ကျောခိုင်းကာ ထွက်ပြေးသွားခြင်းပင် ဖြစ်သည်။

"ဒီ အမှိုက်ကောင်တွေ...ထွက်ပြေးရဲတယ်ပေါ့လေ"

တံတိုင်းပေါ်မှနေ၍ စစ်ရေးအခြေအနေကို အကဲခတ်ကာ ဧရာမ သစ်လုံးများကို ဆွဲတင်ပေးနေသော သာမန်လူများက ဒေါသတကြီး ဆဲဆိုလိုက်ကြသည်။

"ပါးစပ်ပိတ်ထားစမ်း။ နင်တို့လို အသုံးမကျတဲ့ကောင်တွေကများ"

ဝမ်ယန် က တံတိုင်းပေါ် တွယ်တက်ရင်း ပြန်လည် ဆဲဆိုလိုက်သည်။

"နိုင်မ မနိုင်တာ ထွက်ပြေးရမှာပေါ့ကွ"

ဘေးရှိ ရှောင်ဟွာ ကလည်း နှိမ်ချသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူတို့၏ အမြင်တွင် ဤနေရာ၌ ဆက်နေပါက သေရုံသာ ရှိပေမည်။ ဤမျှ ရှုပ်ထွေးနေသော အခြေအနေမျိုးတွင် သူတို့ ထွက်ပြေးသည်ကို မည်သူကမျှ တားဆီးနိုင်မည် မဟုတ်ပေ။

ရှေ့တန်းရှိ ချင်ရှို နှင့် ဟွာယုံကျီ တို့မှာ ကျောဘက်ရှိ ထိုသူနှစ်ဦးကို ဂရုစိုက်ရန် အချိန်မရှိပေ။ အဆင့်(၂) ဇွန်ဘီမှာ ၎င်းတို့၏ မျက်စိရှေ့သို့ ရောက်ရှိနေပြီ ​ဖြစ်သည်။

ရွှစ်... ရွှစ်...

လူရိပ်နှစ်ခုက ဘယ်ညာ ခွဲထွက်သွားပြီး အဆင့်(၂) ဇွန်ဘီကြီးထံသို့ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်သည်။

ရှပ်... ရှပ်...

သူတို့နှစ်ဦး၏ လက်နက်များက ဇွန်ဘီ၏ ခန္ဓာကိုယ်ပေါ်တွင် သာမန်ဒဏ်ရာအနည်းငယ်ကိုသာ ရစေနိုင်ခဲ့သည်။ ဇွန်ဘီကြီးမှာ ကစားနေသည့်အလား လုံးဝ ဂရုမစိုက်ဘဲ ဘယ်ညာ လက်နှစ်ဖက်ကို တစ်ပြိုင်နက်တည်း ဝှေ့ယမ်းလိုက်သည်။ ထို့နောက် ကြောက်မက်ဖွယ် အင်အားဖြင့် ချင်ရှို နှင့် ဟွာယုံကျီ တို့၏ လက်နက်များကို ဖမ်းဆုပ်ကာ အတင်းအကျပ် ရိုက်ထုတ်ပစ်လိုက်တော့သည်။

ဝုန်း...

အဆင့်(၁) တိုက်ခိုက်ရေးစွမ်းရည်သာ ရှိသော ဟွာယုံကျီ မှာ မျက်စိတစ်မှိတ်အတွင်း အဝေးသို့ လွင့်ထွက်သွားတော့သည်။ ချင်ရှို မှာ အခြေအနေ အနည်းငယ် သက်သာသော်လည်း ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။

"နောက်တစ်ကြိမ် လာခဲ့စမ်း"

ဟွာယုံကျီ က ချက်ချင်း ပြန်ထကာ ချင်ရှို နှင့် အချိတ်အဆက်မိမိ ပြန်လည် တိုက်ခိုက်သည်။

ထိုအချိန်တွင် ဝမ်ယန် နှင့် မျောက်ရုပ်ကောင်ရှိုဟောက် တို့မှာ မြင့်မားသော တံတိုင်းပေါ်သို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ကံဆိုးစွာဖြင့် ရှောင်ဟွာ မှာ ထိုကြိုးနှစ်ချောင်း၏ အနီးတွင် ထိုင်နေမိသည်။ သူမမှာ အသံကုန် အော်ဟစ်ငိုကြွေးနေသဖြင့် အောက်ဘက်မှ လူနှစ်ဦး တက်လာသည်ကို လုံးဝ သတိမထားမိပေ။

တိတ်ဆိတ်စွာဖြင့် တံတိုင်းပေါ်သို့ တက်လာသော ဝမ်ယန် နှင့် ရှိုဟောက် တို့၏ မြင်ကွင်းတွင် ကြောင်အမ်းအမ်းဖြင့် ငိုကြွေးနေသော ရှောင်ဟွာ ကို မြင်လိုက်ရသည်။

"ရှုပ်တယ်... ဖယ်စမ်း"

ဝမ်ယန် က ဒေါသတကြီး အော်လိုက်သည်။

"မဖယ်ရင် သေဖို့သာပြင်"

ရှိုဟောက် ကလည်း သူ၏ လက်ထဲရှိ ဓားရှည်ကို ဝှေ့ယမ်းလိုက်သည်။

ဂါး...

လူအားလုံး ထိတ်လန့်တကြား ဖြစ်နေစဉ် ရုတ်တရက် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါသွားစေလောက်သော အခြား ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

"ဘာ... ဘာဖြစ်တာလဲ"

"သစ်လုံးတွေကို မြန်မြန် ပြန်ချစမ်"

"နှစ်ကောင်... အဆင့်(၂) ဇွန်ဘီ နှစ်ကောင်တောင်"

တစ်စုံတစ်ယောက်၏ အော်ဟစ်သံ အဆုံးတွင်တော့...

ဖြောင်း.....

သစ်လုံးများ ကျိုးပဲ့သွားသော အသံကြီး ထွက်ပေါ်လာပြီး ဒုတိယမြောက် အဆင့်(၂) ဇွန်ဘီကြီးမှာ အတင်းအဓမ္မ ဝင်ရောက်လာတော့သည်။ ထိုအကောင်က တိုက်ပွဲဝင်နေသော အဆင့်(၁) ဆင့်ကဲပြောင်းလဲသူများထံသို့ ရူးသွပ်ကြမ်းတမ်းစွာဖြင့် ပြေးဝင်သွားသည်။

"ပြေးကြ..."

"ဘာလို့ အဆင့်(၂) ဇွန်ဘီက နှစ်ကောင်တောင် ဖြစ်နေရတာလဲကွ"

စစ်မြေပြင်တစ်ခုလုံးမှာ ငရဲပြည်ပမာ ဆိုးရွားလှသော အခြေအနေသို့ ရောက်ရှိသွားသည်။ ချင်ရှို နှင့် ဟွာယုံကျီ တို့၏ ရင်ထဲတွင်လည်း မျှော်လင့်ချက် ကင်းမဲ့ခြင်းနှင့် အားငယ်ခြင်းများ ပြည့်နှက်သွားတော့သည်။ တစ်ကောင်တည်းကိုပင် မနည်း ရင်ဆိုင်နေရချိန်တွင် နောက်ထပ် တစ်ကောင် ထပ်တိုးလာသည်။ ယနေ့တော့ ဤအခြေစိုက်စခန်းကြီး လုံးဝ ပျက်စီးသွားရပေတော့မည်။

ရှိုဟောက် နှင့် ဝမ်ယန် တို့မှာ အနောက်မှ လိုက်ပါလာသော ကြောက်ရွံ့ထိတ်လန့်မှုများကြောင့် အသည်းအသန် ဆက်တက်နေရင်း ရှောင်ဟွာ ကို ကြမ်းတမ်းစွာ ဆဲဆိုလိုက်ကြသည်။

"မြန်မြန် ဖယ်စမ်း။ အသုံးမကျတဲ့ ကောင်မ"

"ဒီ ခွေးမ... ငါတို့ကို လာမရှုပ်နဲ့"

ရှိုဟောက် က ဒေါသတကြီး အော်ဟစ်ရင်း လက်ထဲရှိ လက်နက်ကို ဝှေ့ယမ်းကာ ရှောင်ဟွာ ကို တံတိုင်းပေါ်မှ တွန်းချရန် ကြိုးစားလိုက်သည်။

ရှောင်ဟွာ မှာ ရုတ်တရက် သတိဝင်လာသော်လည်း တုံ့ပြန်ရန် အချိန်မမီတော့ပေ။ ဤထောင့်ချိုးမှနေ၍ အဆင့်(၁) ခန္ဓာကိုယ်စွမ်းရည်ရှိသော ရှိုဟောက် ၏ တိုက်ခိုက်မှုကို ခံရပါက သူမသည် တံတိုင်းပေါ်မှ ပြုတ်ကျကာ ခေါင်းကွဲ၍ သေဆုံးသွားမည်မှာ သေချာလှသည်။

ဂါး... ဂါး...

အဆင့်(၂) ဇွန်ဘီနှစ်ကောင်က မောက်မာစွာ ဟိန်းဟောက်နေပြီး အော်ဟစ်သံများနှင့် ဆဲဆိုသံများ နေရာအနှံ့ ထွက်ပေါ်နေသည်။ အခြေအနေမှာ မည်သူမျှ ထိန်းချုပ်၍မရနိုင်လောက်အောင် ရှုပ်ထွေးနေပြီဖြစ်သည်။

ရှိုဟောက် ၏ ဓားရှည်က နီးကပ်လာသည်။ သူသည် မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ ရှောင်ဟွာ ၏ လည်ပင်းဆီသို့ ခုတ်ချလိုက်တော့သည်။

ရွှင်း...

ရုတ်တရက် လျှပ်စီးလက်သကဲ့သို့ မီးပွားများ လွင့်စင်သွားသည်။

ရှိုဟောက် မှာ ပြင်းထန်သော ရိုက်ခတ်မှုကို ခံစားလိုက်ရပြီး ညာလက်ရှိ ခွန်အားများ လျော့ကျသွားတော့သည်။ ဓားရှည်မှာ သူ၏ လက်ထဲမှ လွတ်ထွက်သွားကာ ချွင်ကနဲ အသံမည်လျက် အောက်ဘက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

"ဘာ..."

ရှိုဟောက် ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဘေးရှိ ဝမ်ယန် လည်း လန့်ဖြတ်ကာ ခေါင်းမော့ကြည့်လိုက်သည်။

မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိသော အရပ်ရှည်ရှည် လူရိပ်တစ်ခုက ရှောင်ဟွာ ၏ အရှေ့တွင် ကာကွယ်ရပ်တန့်နေသည်။ ကျောဘက်မှ ထိုးကျနေသော ပြင်းထန်သည့် နေရောင်ခြည်ကြောင့် သူ၏ ပုံရိပ်မှာ အမည်းရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မျက်နှာသွင်ပြင်ကိုလည်း ဖုံးကွယ်သွားစေသည်။ သူ၏ လက်ထဲတွင် ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းအငွေ့အသက်များ ထွက်ပေါ်နေသည့် အနက်ရောင် ပုဆိန်ကြီးကို ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်ထားလေသည်။

"ချူ... ချူဟန် လား"

ရှိုဟောက် မှာ ဆွံ့အသွားတော့သည်။

ဝမ်ယန် လည်း မယုံကြည်နိုင်စရာ တစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်သွားသည်။ ယခုလေးတင် ရှိုဟောက် ၏ လက်နက်ကို ရိုက်ချလိုက်သူမှာ သူတို့ သာမန်လူဟု ထင်မှတ်ထားသော ဤ ချူဟန် ပင် ဖြစ်နေသည်လား။ မဖြစ်နိုင်လိုက်တာ။ သာမန်လူတစ်ယောက်က ဒီလောက် ကြောက်စရာကောင်းတဲ့ ခွန်အားမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ။

"အရူးတစ်ယောက်က ငါ့မိန်းမကို စောင့်ရှောက်ပေးပါ လို့ မှာသွားတာကို သတိရသွားလို့ပါ"

ချူဟန် ၏ အသံတွင် အနည်းငယ် တွေးတောနေသော လေသံ ပါဝင်နေသည်။

"ဒါပေမဲ့ ငါ သဘောတူခဲ့တယ်လို့တော့ မထင်ဘူးနော်"

ဝမ်ယန် နှင့် ရှိုဟောက် တို့မှာ အလိုအလျောက် မျက်နှာချင်းဆိုင် ကြည့်လိုက်မိကြသည်။ သူတို့နှစ်ဦး၏ မျက်ဝန်းများတွင် ဖုံးကွယ်၍မရနိုင်သော တုန်လှုပ်မှုနှင့် သံသယများ ပြည့်နှက်နေသည်။ ချူဟန် ကိုင်ထားသော ထိုပုဆိန်ကြီးကို ဘယ်နေရာကနေ ထုတ်ယူလိုက်တာလဲ။ ဒီကောင်က သာမန်လူ မဟုတ်ဘူးများလား။

"မင်း... မင်း တကယ်လို့ သဘောမတူဘူးဆိုရင်လည်း အဝေးကို လစ်လိုက်တော့"

ဝမ်ယန် က ကြောက်စိတ်ကို မြိုသိပ်ကာ ဟန်လုပ်၍ အော်ပြောလိုက်သည်။ မဖြစ်နိုင်ဘူး။ ဒီ ချူဟန် က ဆင့်ကဲပြောင်းလဲသူ ဖြစ်စရာအကြောင်းကို မရှိတာ။ တကယ်လို့သာ ဟုတ်ခဲ့ရင် လမ်းတစ်လျှောက်လုံး အဲဒီလောက် အနှိမ်ခံနေရတာတောင် ဘာမှမတုံ့ပြန်ဘဲ နေပါ့မလား။

"အင်း... မင်းပြောတာလည်း အဓိပ္ပာယ်ရှိသားပဲ "

ချူဟန် က အေးတိအေးစက်ဖြင့် ခေါင်းညိတ်လိုက်သည်။ ထိုတုံ့ပြန်မှုကြောင့် ရှိုဟောက် နှင့် ဝမ်ယန် တို့ သက်ပြင်းချနိုင်သွားသည့် စက္ကန့်ပိုင်းမှာပင်... သူက ရုတ်တရက် စကားဆက်ပြောလိုက်သည်။

"ဒါပေမဲ့... ငါ စိတ်ပြောင်းသွားပြီ"

ရွှမ်း...

ရှူရာပုဆိန်၏ အေးစက်လှသော အလင်းတန်းတစ်ခု လက်ခနဲ ဖြာထွက်သွားသည်။

All Chapters