အခန်း ၂၀၁
Vol. 21 Ch. 201
အခန်း (၂၀၁) - နတ်ဘုရားစမ်းရေစင်
ပင်းကျန့်က ကျူးလင်၏ ဝိညာဉ်နန်းတော်ထဲသို့ ဝင်ရောက်သွားသည်ကို မြင်သောအခါ ထူထူက အလျင်အမြန် ပြောလိုက်၏။
"သခင်မလေး... ကျွန်တော်လည်း သခင်မလေးရဲ့ ဝိညာဉ်နန်းတော်ထဲကို ဝင်ချင်တယ်..."
ကျူးလင်၏ အဖြေကိုပင် မစောင့်တော့ဘဲ ထူထူသည် အဖြူရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူမ၏ ဝိညာဉ်နန်းတော်ထဲသို့ တိုးဝင်သွားလေသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ထူထူ၏ ပျော်ရွှင်နေသော အသံလေး ထွက်ပေါ်လာ၏။
'သခင်မလေး... ကျွန်တော် နတ်ဘုရားစမ်းရေစင်ကို သောက်လို့ရမလား...'
ကျူးလင်က ပြုံးလိုက်ပြီး ပြန်ပြောလိုက်၏။
'အင်း... အများကြီးတော့ မသောက်နဲ့ဦး... ပြီးတော့ မသောက်ခင် ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို အရင်စွန့်ထုတ်ဖို့ မမေ့နဲ့ဦးနော်...'
ဤရက်ပိုင်းအတွင်း ဤလောကရှိ အစားအစာများကို စားသောက်ခဲ့ကြသောကြောင့် ထူထူ၏ သွေးကြောများနှင့် ခန္ဓာကိုယ်ထဲတွင် အညစ်အကြေးအချို့ အမှန်တကယ် စုပုံနေခဲ့၏။
အညစ်အကြေးများကို မသန့်စင်ရသေးမီ နတ်ဘုရားစမ်းရေစင်ကို အလွန်အကျွံ သောက်သုံးမိပါက ယုန်ကလေးအတွက် ပြင်းထန်သော နာကျင်မှုကို ခံစားရစေနိုင်ပေသည်။
ထိုအကျိုးဆက်ကို သိရှိသော ထူထူက လိမ္မာပါးနပ်စွာ ပြန်ပြောလိုက်၏။
'ဟုတ်ကဲ့ပါ သခင်မလေး...'
ထူထူနှင့် စကားပြောပြီးနောက် ကျူးလင်သည် ရေခဲပန်းပွင့်ဆွဲသီးထဲမှ နတ်ဘုရားစမ်းရေစင်တစ်ပုလင်းကို ထုတ်ယူလိုက်ပြီး ပြောလိုက်၏။
"ရှင့်ရဲ့ နဂါးသွေးကြောစွမ်းအားကြောင့်သာ ဒီနယ်မြေမှာ နတ်ဘုရားသွေးကြောတွေ စိုက်ပျိုးပြီး ကျွန်မရဲ့ ကျင့်စဉ်စွမ်းအားကို ပြန်လည်ရရှိနိုင်ခဲ့တာ...”
“အဲဒါကြောင့် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဒါကို လက်ခံပေးပါ... ဒါက ဒဏ်ရာရထားတဲ့ ရှင့်ရဲ့ ဝိညာဉ်ကို ပိုပြီးမြန်မြန် ပြန်လည်သက်သာစေလိမ့်မယ်..."
လီချိုးက သူမလက်ထဲမှ ကျောက်စိမ်းပုလင်းကို လှမ်းယူပြီး အဖုံးကို ဖွင့်ကြည့်လိုက်၏။ ပုလင်းထဲရှိ အရာဝတ္ထုကို မြင်လိုက်ရသောအခါ သူက အဖုံးကို ပြန်ပိတ်လိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်။
"ဒါဆိုရင်တော့ ကျုပ် ငြင်းမနေတော့ဘူး... ကျေးဇူးတင်ပါတယ် စစ်မှန်သော နတ်ဘုရားမ ကျူးလင်..."
ကျောက်စိမ်းပုလင်းကို သူ၏ ဝိညာဉ်နန်းတော်ထဲသို့ ထည့်လိုက်ပြီးနောက် လီချိုးက ပြောလိုက်၏။
"ဒါနဲ့... မင်း သိချင်နေတဲ့အရာကို ကျုပ် စုံစမ်းသိရှိထားပြီးပြီ..."
သူက သူမထံသို့ ကျောက်စိမ်းပြားတစ်ခု ကမ်းပေးရင်း ပြောလိုက်လေသည်။
"အဲဒီလူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်အားလုံးကို ဒီကျောက်စိမ်းပြားထဲမှာ မှတ်တမ်းတင်ထားတယ်... မင်း အရင်ကြည့်ကြည့်လိုက်ပါ..."
ကျူးလင်က ကျောက်စိမ်းပြားကို လှမ်းယူပြီး သူမ၏ နတ်ဘုရားအသိစိတ်ဖြင့် အတွင်းရှိ အကြောင်းအရာများကို ဖတ်ရှုလိုက်၏။
ခဏအကြာတွင် သူမ၏ မျက်ခုံးအစုံက အနည်းငယ် တွန့်ချိုးသွား၏။ လီချိုးက သူမ၏ အမူအရာကို မြင်သော် ပြောလိုက်လေသည်။
"မင်း ခန့်မှန်းခဲ့တာ မှန်တယ်... ဒီကမ္ဘာကြီး ဒီလိုဖြစ်သွားရတဲ့ အကြောင်းရင်းက အဲဒီလူတွေကြောင့်ပဲ...”
“မိစ္ဆာစွမ်းအင်ကြောင့် မဟုတ်ဘူး... တကယ်တော့ မိစ္ဆာစွမ်းအင်ကြောင့်သာ ဒီရုပ်သေးရုပ်တွေဟာ ဒီကမ္ဘာရဲ့ ကောင်းကင်ဘုံတာအိုရဲ့ ချုပ်နှောင်မှုကို ခံထားရပြီး ဒီကမ္ဘာနဲ့ အခြားသက်ရှိတွေကို ကြီးကြီးမားမား အန္တရာယ်မပေးနိုင်ကြတာ..."
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ကျူးလင်က ပြောလိုက်၏။
"အဆင့်မြင့်နတ်ဘုရား လီချိုး... အဲဒီလူတွေကို ဆက်ပြီး စုံစမ်းပေးလို့ရမလား... ကျွန်မတို့ ‘လောကဘုံခြောက်ပါးကို ပြန်နိုင်မလား' ဆိုတဲ့ အဖြေက အဲဒီလူတွေဆီမှာပဲ ရှိလိမ့်မယ်လို့ ထင်တယ်..."
လီချိုးက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
"ကောင်းပြီလေ... အချက်အလက်အသစ်တွေ ထပ်ရရင် ကျုပ် မင်းကို ပြန်ဆက်သွယ်လိုက်မယ်..."
ထိုသို့ ပြောပြီးနောက် သူသည် ထိုနေရာမှ ပျောက်ကွယ်သွားလေ၏။
တစ်ယောက်တည်း ကျန်ရစ်ခဲ့သော ကျူးလင်သည် ထန်ပိုင်နှင့် စုန့်ချန်စုတို့ ယနေ့ ရောက်လာလိမ့်မည်ဖြစ်ကြောင်း ရှို့ဝူ ပြောခဲ့သည်ကို သတိရသွား၏။
လုပ်စရာ အထွေအထူး မရှိသဖြင့် သူမသည် အစည်းအဝေးခန်းမသို့ သွားရန် ဆုံးဖြတ်လိုက်၏။
သူမ ထိုနေရာသို့ ရောက်သောအခါ ဝန်ထမ်းက သူမကို မြင်ပြီး ပြောလိုက်၏။
"မင်္ဂလာနံနက်ခင်းပါ မိန်းကလေးကျူး... ဧည့်သည်တွေ ရောက်နေကြပါပြီ..."
ကျူးလင်က ခေါင်းညိတ်ပြလိုက်ပြီး မေးလိုက်၏။
"သူတို့ ဘယ်မှာလဲ..."
ဝန်ထမ်းက မတ်တတ်ရပ်ကာ ပြောလိုက်လေသည်။
"ကျွန်မနဲ့အတူ လိုက်ခဲ့ပေးပါ..."
ဝန်ထမ်းက သူမကို ဓာတ်လှေကားဆီသို့ ခေါ်ဆောင်သွားပြီးနောက် ၎င်းတို့နှစ်ဦးသည် ဓာတ်လှေကားအတွင်းသို့ ဝင်လိုက်ကြကာ ဝန်ထမ်းက နံပါတ်ပြားပေါ်ရှိ နံပါတ် ၁၀ ကို နှိပ်လိုက်၏။ ဓာတ်လှေကား ဆယ်လွှာသို့ ရောက်သောအခါ ဝန်ထမ်းက မေးလိုက်လေသည်။
"မိန်းကလေးကျူး... ကျွန်မ မေးခွန်းတစ်ခုလောက် မေးလို့ ရမလား..."
ကျူးလင်က ခေါင်းညိတ်ကာ ပြောလိုက်၏။
"ရတာပေါ့... ဘာမေးချင်လို့လဲ..."
ဝန်ထမ်းက သူမကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ မေးလိုက်၏။
"မိန်းကလေးကျူး... ကျွန်မတို့ဆီမှာ အခု မီးစက် ဘယ်နှစ်လုံးရှိလဲဟင်..."
ကျူးလင်က ခေါင်းကို အနည်းငယ် စောင်းကာ မေးလိုက်၏။
"ဘာဖြစ်လို့ ဒါကို မေးရတာလဲ..."
ဝန်ထမ်းက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး ပြန်ပြောလိုက်၏။
"ဒီလိုပါ... ကမ္ဘာပျက်ကပ် စတင်ကတည်းက လျှပ်စစ်မီးကို လွတ်လွတ်လပ်လပ် သုံးလို့ရတဲ့နေရာဆိုလို့ ကျွန်မသိသလောက် ဒီတစ်နေရာပဲ ရှိတာမို့လို့ပါ..."
“ကျွန်မတို့မှာ ဓာတ်လှေကားလည်း ရှိသလို ဇုန်၅ကို ကာကွယ်ဖို့ ဗို့အားမြင့် လျှပ်စစ်တံတိုင်း တည်ဆောက်ဖို့အတွက်လည်း လုံလောက်တဲ့ လျှပ်စစ်မီး ရှိသေးတယ်...”
“ဒါတွေအားလုံးကို လည်ပတ်ဖို့ဆိုရင် ကျွန်မတို့ဆီမှာ မီးစက်တွေ အများကြီးရှိရမယ် မဟုတ်လားဟင်..."
ဝန်ထမ်း၏ စူးစမ်းလိုသော အမူအရာကို ကြည့်ကာ ကျူးလင်က အမှန်အတိုင်း ပြန်ဖြေလိုက်၏။
"ကျွန်မတို့ဆီမှာ မီးစက် ဘယ်နှစ်လုံးရှိလဲဆိုတာ ကျွန်မလည်းမသိဘူး... မင်းရဲ့မေးခွန်းကို မဖြေပေးနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး..."
ဝန်ထမ်းသည် ကျူးလင်က သူမကို အမှန်အတိုင်း မပြောပြချင်သဖြင့် ရှောင်လွှဲလိုက်သည် ယူဆသွားကာ အလျင်အမြန်ပင် လက်နှစ်ဖက်ကို ယမ်းပြလျက် ခေါင်းခါရင်း ပြောလိုက်၏။
"မဟုတ်တာ... မဟုတ်တာ... မိန်းကလေးကျူး... တောင်းပန်စရာ မလိုပါဘူး... ကျွန်မကသာ ကိုယ့်စည်းကိုယ်ကျော်ပြီး ဒီလို လျှို့ဝှက်အချက်အလက်တွေကို လာမေးမိတာပါ..."
သူမ ဆိုလိုသည်မှာ ထိုသို့မဟုတ်ကြောင်း ကျူးလင် မရှင်းပြရသေးမီ ဓာတ်လှေကားတံခါး ပွင့်သွားခဲ့ရာ ဝန်ထမ်းက အလျင်အမြန် ပြောလိုက်၏။
"ဒီဘက်ကို ကြွပါ မိန်းကလေးကျူး..."
ဝန်ထမ်းဖြစ်သူက ထိုအကြောင်းအရာကို ဆက်မပြောလိုတော့သည်ကို မြင်သောအခါ ကျူးလင်သည် သူမ၏နောက်မှ လိုက်ပါကာ အစည်းအဝေးခန်းမတစ်ခုသို့ သွားလိုက်၏။ ဝန်ထမ်းသည် တံခါးကို အရင် ခေါက်လိုက်ပြီးနောက် တံခါးကို ဖွင့်ကာ ပြောလိုက်လေသည်။
"မိန်းကလေးကျူး... ဗိုလ်ကြီးထန်နဲ့ ဗိုလ်ကြီးစုန့်တို့ အထဲမှာ စောင့်နေကြပါတယ်..."
ဝန်ထမ်းက မျက်လုံးပင့်ကြည့်လိုက်ချိန်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ဆွံ့အသွားရရှာ၏။
ဖန်စားပွဲပေါ်တွင် အိုးခွက်ပန်းကန်အလွတ်များနှင့် ဖန်ခွက်များမှာ မြင့်မားစွာ စုပုံနေပြီး ထိုအမျိုးသားနှစ်ဦးမှာတော့ သူတို့နှစ်ဦးကို ကြည့်ကာ ခန့်ညားသော မျက်နှာများထက်တွင် အံ့ဩတုန်လှုပ်မှုနှင့် ရှက်ရွံ့မှုများဖြင့် ပြည့်နှက်နေကြလေသည်။
ကျူးလင်က ဝန်ထမ်း၏ နောက်ကွယ်တွင် ရပ်ကာ သူမကို မေးလိုက်၏။
"ဘာဖြစ်လို့လဲ..."
ဝန်ထမ်းသည် သတိပြန်ဝင်လာပြီး အလျင်အမြန်ပင် ပြန်ပြောလိုက်၏။
"ဘာမှမဟုတ်ပါဘူး... ကျွန်မ လုပ်စရာ အလုပ်လေးတွေရှိသေးလို့ အရင်သွားခွင့်ပြုပါဦးနော်... လိုအပ်တာရှိရင် ခေါ်တဲ့ခလုတ်ကိုသာ နှိပ်လိုက်ပါ..."
ထိုသို့ ပြောပြီးနောက် ဝန်ထမ်းသည် ကပျာကယာ ထွက်ခွာသွားလေ၏။
ကြောက်စရာကောင်းသော အရာတစ်ခုခုမှ ထွက်ပြေးနေသကဲ့သို့ ဖြစ်နေသည့် သူမ၏ ကျောပြင်ကို ကြည့်ကာ ကျူးလင်သည် ဇဝေဇဝါဖြင့် ပါးပြင်ကို ကုတ်လိုက်မိလေသည်။
ထို့နောက် ခေါင်းခါယမ်းကာ တံခါးကို ပိတ်လိုက်ပြီး ထန်ပိုင်နှင့် စုန့်ချန်စုတို့ရှိရာသို့ လှည့်ကြည့်လိုက်၏။
သူတို့နှစ်ဦး စားသောက်သည်ကို ရပ်လိုက်သည်ကို မြင်သောအခါ သူမက သူတို့ကို ပြုံးပြလျက် ပြောလိုက်၏။
"ရှင်တို့နှစ်ယောက်နဲ့ ပြန်တွေ့ရတာ ဝမ်းသာပါတယ်... ဗိုလ်ကြီးထန်နဲ့ ဗိုလ်ကြီးစုန့်..."
ထန်ပိုင်သည် တစ်သျှူးဖြင့် နှုတ်ခမ်းနှင့် လက်ကို သုတ်လိုက်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်၏။
"မင်္ဂလာပါ မိန်းကလေးကျူး... ကျွန်တော်တို့ ရုတ်တရက်ကြီး ရောက်လာခဲ့တဲ့အတွက် တောင်းပန်ပါတယ်..."
ကျူးလင်က ခေါင်းခါယမ်းလိုက်ပြီး ဝင်ထိုင်လိုက်၏။ ထန်ပိုင် ထိုင်လိုက်ပြီးနောက် သူမသည် လက်ဖက်ရည်ခွက်တစ်စုံကို ထုတ်ယူကာ ဝိညာဉ်လက်ဖက်ရည်ကို စတင်ဖျော်စပ်ရင်း ပြောလိုက်လေသည်။
"ဗိုလ်ကြီးထန်... အားမနာပါနဲ့... အရင်ဆုံးပြီးအောင် စားပါဦး..."