အခန်း ၂၀၂
Vol. 21 Ch. 202
အခန်း (၂၀၂) - သူတို့က ချစ်သူတွေလား
ကျူးလင်က စိတ်ထဲမထားသည်ကို မြင်သောအခါ ထန်ဝေ့သည်လည်း စိတ်အေးလက်အေး ဆက်လက်စားသုံးလေသည်။ ငါးမိနစ်ခန့် ကြာပြီးနောက် ကျူးလင်က သူတို့နှစ်ဦးအတွက် ဝိညာဉ်လက်ဖက်ရည်တစ်ခွက်စီ ငှဲ့ပေးလိုက်ပြီး ပြောလိုက်၏။
"ဒီလက်ဖက်ရည်က အစာကြေစေတယ်..."
ခေတ္တမျှကြာသော် ထန်ဝေ့နှင့် စုန့်ချန်စုတို့သည် မြိန်လှစွာသော ထမင်းဝိုင်းကို စားသောက်ပြီးစီးသွားကြ၏။ ကျူးလင်က ဝန်ထမ်းများကို စားပွဲသိမ်းရန် ခိုင်းစေပြီးနောက် သူတို့နှစ်ဦးကို ကြည့်ကာ မေးလိုက်သည်။
"ဒီနေ့ ရှင်တို့နှစ်ယောက် ဘာကိစ္စရှိလို့ ရောက်လာကြတာလဲ..."
စုန့်ချန်စုက စိတ်လှုပ်ရှားရွှင်လန်းစွာဖြင့် ပြုံးလျက် ပြောလိုက်၏။
"ကျုပ်တို့က ဗိုလ်ကြီးရှို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စ ဆွေးနွေးချင်လို့ လာခဲ့ကြတာပါ..."
သူ့စကားကို ကြားသောအခါ ကျူးလင်က မျက်ခုံးအစုံကို အသာပင့်ကာ ပြောလိုက်၏။
"ပူးပေါင်းဆောင်ရွက်ဖို့ ဆိုရင်တော့ ဗိုလ်ကြီးစုန့်အနေနဲ့ ကျွန်မအစား ရှို့ဝူနဲ့ ဆွေးနွေးရလိမ့်မယ် ထင်တယ်...”
“ဒါပေမဲ့ ရှင့်တို့ ကျွန်မကိုလည်း တွေ့ချင်တယ်လို့ ကြားမိတယ်... ဒါကြောင့် ဒီကိုလာတာ တခြားရည်ရွယ်ချက်လည်း ရှိရမယ်မလား..."
သူမစကားကြောင့် စုန့်ချန်စုက အသာအယာ ပြုံးလိုက်ပြီးနောက် ပြောလိုက်၏။
"မိန်းကလေးကျူး ပြောတာ တကယ်မှန်ပါတယ်... ကျုပ်တို့ ဝူလင်စခန်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးရုံတင်မကဘဲ မိန်းကလေးကျူးဆီကနေ အကူအညီတစ်ခု တောင်းချင်လို့လည်း ရောက်လာရတာပါ..."
ကျူးလင်က တည်ငြိမ်စွာဖြင့် မေးလိုက်လေသည်။
"ကျွန်မဆီက ဘာအကူအညီများ လိုချင်လို့လဲ..."
သူမ၏ တည်ငြိမ်လှသော အမူအရာကို ကြည့်ကာ ထန်ဝေ့က ပြောလိုက်၏။
"မိန်းကလေးကျူးက ရေပေါ်စိုက်ပျိုးနည်းပညာကို မသုံးဘဲ မြေပြင်ပေါ်မှာ သီးနှံတွေကို အောင်မြင်အောင် စိုက်ပျိုးနိုင်ခဲ့တယ်လို့ ကျုပ်တို့ သတင်းရထားပါတယ်... ဒါကြောင့်မို့ လမ်းညွှန်ပြသပေးဖို့ တောင်းဆိုချင်လို့ လာခဲ့တာပါ..."
ထိုစကားကို ကြားသည်နှင့် ကျူးလင်သည် သူတို့ ယနေ့ ရောက်လာရသည့် တကယ့်ရည်ရွယ်ချက်ကို ရိပ်မိသွားပြီ ဖြစ်၏။
သူတို့သည် ရှို့ဝူနှင့် ပူးပေါင်းဆောင်ရွက်ရန် လာရောက်ဆွေးနွေးခြင်းမဟုတ်ဘဲ စိုက်ပျိုးရေးမြေ၏ လျှို့ဝှက်ချက်ကို သိရှိလိုကြခြင်းသာ ဖြစ်ပေသည်။
သူမအနေဖြင့် ယခင်က သူတို့ကို ကူညီပေးခဲ့သည့် အကြောင်းရင်းတစ်ခုမှာ သူမ၏ အကူအညီမပါဘဲ သူတို့ဘာသာ ရှင်သန်နိုင်စေရန် ဖြစ်သောကြောင့် မေးမြန်းခြင်းအပေါ် သူမ စိတ်မဆိုးပေ။
သို့သော်ငြား သူမ ဤမြေပေါ်တွင် သီးနှံများ စိုက်ပျိုးနိုင်ရခြင်းမှာ ဤနေရာတွင် နတ်ဘုရားအကြောများနှင့် လီချိုး၏ နဂါးအကြောများ ရှိနေသောကြောင့်သာ ဖြစ်သည်။
အခြားသော နေရာများတွင်မူ မြေဆီလွှာထဲ၌ ပြင်းထန်သော မိစ္ဆာစွမ်းအင်များ ပါဝင်နေသဖြင့် သီးနှံများ စိုက်ပျိုးနိုင်ခြင်း ရှိ၊ မရှိကို သူမလည်း တပ်အပ်မပြောနိုင်ချေ။
သူမက ဘာမှမပြောဘဲ တိတ်ဆိတ်စွာ တွေးတောနေသည်ကို မြင်သောအခါ ထန်ဝေ့နှင့် စုန့်ချန်စုတို့သည် အချင်းချင်း မျက်စိမှိတ်ပြလိုက်ကြ၏။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ထန်ဝေ့က ပြောလိုက်သည်။
"မိန်းကလေးကျူး စိတ်မရှိဘူးဆိုရင် ကျုပ်တို့ ဒီနည်းပညာကို ဝယ်ယူချင်ပါတယ်..."
ကျူးလင်က အချိန်အတော်ကြာ တွေးတောပြီးနောက် သူ့ကို ကြည့်ကာ ပြောလိုက်၏။
"ဗိုလ်ကြီးထန်... ကျွန်မက ဒီနည်းပညာကို မျှဝေပေးဖို့ တွန့်တိုနေတာ မဟုတ်ပါဘူး... ဒါပေမဲ့ ပြဿနာက စိုက်ပျိုးတဲ့ နည်းလမ်းမှာ ရှိနေတာ မဟုတ်ဘဲ မြေဆီလွှာမှာ ရှိနေတာပါ..."
သူမ၏ စကားကြောင့် ထန်ဝေ့သည် စိတ်ပျက်သွားကာ မျက်လွှာချလိုက်လေသည်။
လက်ရှိ စစ်ဘက်စခန်း၏ အရေးတကြီး ဖြေရှင်းရမည့် ပြဿနာမှာ လူအင်အား မလုံလောက်မှု မဟုတ်ဘဲ စားနပ်ရိက္ခာ၊ ရေနှင့် အသုံးအဆောင်ပစ္စည်းများ ရှားပါးနေခြင်း ဖြစ်ပေသည်။
ယနေ့ ဝူလင်စခန်းသို့ မလာရောက်မီက သူ့ဦးလေးက ဤကိစ္စ၏ အရေးကြီးပုံကို အကြိမ်ကြိမ် မှာကြားခဲ့ဖူး၏။
သို့သော်လည်း ကျူးလင်၏ ပြောစကားအရ ယနေ့ သူတို့ လိုချင်သော သတင်းအချက်အလက်များကို ရဖို့လမ်းမမြင်ပေ။
သူ၏ စိတ်ပျက်အားငယ်နေသော ပုံရိပ်ကို မြင်ရသောအခါ ကျူးလင်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
"ဒါဆို ကျွန်မ ရှင့်တို့ကို စိုက်ပျိုးရေးမြေဆီ အရင်ဆုံး လိုက်ပြပေးရင် ဘယ်လိုလဲ..."
သူမက ကမ်းလှမ်းလိုက်သောအခါ စုန့်ချန်စုက ကပျာကယာပင် ပြန်ပြောလိုက်သည်။
"သိပ်ကောင်းတာပေါ့... ဒါဆို ကျုပ်တို့ မိန်းကလေးကျူးရဲ့ စေတနာကို အရမ်းကျေးဇူးတင်ပါတယ်..."
ကျူးလင်က သူ၏ စိတ်လှုပ်ရှားနေသော ပုံရိပ်ကို ကြည့်ကာ ပြုံးလိုက်မိ၏။ သူမသည် လက်ဖက်ရည်အိုးအစုံကို ရေခဲပန်းပွင့်ဆွဲကြိုးထဲသို့ ပြန်လည်ထည့်သွင်းလိုက်ပြီးနောက် ပြောလိုက်သည်။
"ကျွန်မနောက်ကို လိုက်ခဲ့ကြပါ..."
ထို့နောက် သူတို့သုံးဦးသည် အစည်းအဝေးခန်းမထဲမှ ထွက်လာခဲ့ကြပြီး ဓာတ်လှေကားဆီသို့ လျှောက်လှမ်းခဲ့ကြ၏။ ဓာတ်လှေကားထဲ၌ ရပ်နေစဉ် စုန့်ချန်စုက ရုတ်တရက် မေးလိုက်လေသည်။
"မိန်းကလေးကျူး... ဗိုလ်ကြီးရှို့က ဝူလင်စခန်းကို လျှပ်စစ်မီးပေးဖို့ ဒီလောက်များပြားတဲ့ မီးစက်တွေကို ဘယ်ကနေ ရှာဖွေခဲ့တာလဲ သိလား..."
“ကျုပ်တို့ စစ်ဘက်စခန်းမှာတောင် ဓာတ်လှေကားသုံးနိုင်လောက်တဲ့အထိ သုံးဖြုန်းနိုင်စွမ်း မရှိဘူး..."
ကျူးလင်က ခေါင်းခါယမ်းကာ ပြန်ဖြေလိုက်၏။
"အဲဒါတော့ ကျွန်မလည်း မသိဘူး... ကျွန်မ သိသလောက်တော့ ကျွန်မတို့က မီးစက်တွေကို သုံးနေတာ မဟုတ်ဘဲ မိုးကြိုးဓာတ်စွမ်းအားရှင်တွေ ထုတ်လွှတ်ပေးတဲ့ လျှပ်စစ်စွမ်းအင်ကို သုံးနေတာ...”
“စွမ်းအားရှင် အဖွဲ့အနည်းငယ်က တစ်ရက်ကို သုံးကြိမ် ဘက်ထရီအားသွင်းပေးရပြီး အလှည့်ကျ တာဝန်ယူကြရတယ်..."
သူမစကားကြောင့် ထန်ဝေ့နှင့် စုန့်ချန်စုတို့သည် ဆွံ့အမှင်တက်သွားကြ၏။
ထိုနှစ်ဦးသည် ရှို့ဝူက လျှပ်စစ်မီးရရှိရန် မီးစက်များကို မသုံးဘဲ မိုးကြိုးဓာတ်စွမ်းအားများကို အသုံးပြုလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ကြပေ။
ဤအကြံမှာ ကောင်းမွန်သော်လည်း လက်တွေ့တွင်မူ အကောင်အထည်ဖော်ရန် အလွန်ပင် ခဲယဉ်းလှပေသည်။
တိုက်ခိုက်ရေးစွမ်းရည် အကောင်းဆုံးသော ဓာတ်ကြီးတစ်ခု ဖြစ်သည့်အလျောက် မိုးကြိုးဓာတ်စွမ်းအားကို ပိုင်ဆိုင်ထားကြသူများသည် စွမ်းအားရှင်လောက၏ ထိပ်ဆုံးအဆင့်တွင် ရှိနေကြသူများ ဖြစ်ပေသည်။
ထိုကဲ့သို့သော လူများက သူတို့အတွက် အားသွင်းစက်သဖွယ် တာဝန်ထမ်းဆောင်ပေးရန် စေတနာ့ဝန်ထမ်း လုပ်ဆောင်ပေးကြသည်ဆိုပါက ဝူလင်စခန်းအနေဖြင့် မခန့်မှန်းနိုင်လောက်သော စျေးနှုန်းတစ်ခုကို ပေးချေထားရမည်မှာ သေချာလှပေသည်။
ထန်ဝေ့နှင့် စုန့်ချန်စုတို့က ထိုသူများကို ငှားရမ်းခကို ခန့်မှန်းတွက်ချက်နေစဉ်မှာပင် ဓာတ်လှေကားတံခါး ပွင့်သွားလေသည်။ ကျူးလင် ဓာတ်လှေကားထဲမှ လှမ်းထွက်လိုက်သည်နှင့် သူမကို လှမ်းခေါ်လိုက်သော ရှို့ဝူ၏ အသံကို ကြားလိုက်ရ၏။
"ရှောင်လင်..."
ကျူးလင်က မျက်လုံးပင့်ကြည့်လိုက်ရာ သူ လျှောက်လာသည်ကို မြင်သဖြင့် မေးလိုက်လေသည်။
"အစည်းအဝေး ပြီးသွားပြီလား..."
ရှို့ဝူက ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြောလိုက်၏။
"ကိုယ် အခုတင် ဟွမ်ရိဟန်နဲ့ တခြားသူတွေကို ပို့ပေးလိုက်တာ... မင်းကရော ဘယ်ကိုသွားမလို့လဲ..."
ကျူးလင်က ထန်ဝေ့နှင့် စုန့်ချန်စုတို့ကို လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။
"ကျွန်မ ဗိုလ်ကြီးထန်နဲ့ ဗိုလ်ကြီးစုန့်ကို စိုက်ပျိုးရေးမြေဆီ လိုက်ပြမလို့..."
သူမစကားကို ကြားသောအခါ ရှို့ဝူက လှည့်ကြည့်လိုက်ရာ ထန်ဝေ့နှင့် စုန့်ချန်စုတို့ကို မြင်လိုက်ရ၏။ သူက သူတို့နှစ်ဦးကို ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
"ဗိုလ်ကြီးထန်နဲ့ ဗိုလ်ကြီးစုန့်တို့က ကျုပ်တို့ရဲ့ စိုက်ပျိုးရေးမြေကို စိတ်ဝင်စားကြတယ်ဆိုတော့ ကျုပ်လည်း မင်းတို့နဲ့အတူ လိုက်ပြီး လမ်းပြပေးပါ့မယ်..."
ထိုသို့ပြောပြီးနောက် သူသည် ကျူးလင်၏ လက်ကို ဆွဲကိုင်လိုက်ကာ အစည်းအဝေးခန်းမထဲမှ အတူတူ ထွက်လာခဲ့ကြ၏။
သူတို့နှစ်ဦး၏ အနောက်မှ လိုက်ပါလာသော စုန့်ချန်စုက ထန်ဝေ့၏ လက်မောင်းကို တို့ထိလိုက်ပြီး တိုးတိုးလေး မေးလိုက်လေသည်။
"အစ်ကိုထန်... သူတို့နှစ်ယောက်က ချစ်သူတွေလို့ မင်း ထင်လား..."
ထန်ဝေ့က သူ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ရှို့ဝူနှင့် ကျူးလင်တို့၏ ဆုပ်ကိုင်ထားသော လက်အစုံကို လှမ်းကြည့်ကာ ပြောလိုက်၏။
"သူများရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဝင်မစွက်ဖက်နဲ့... မဟုတ်ရင် မင်း ဘယ်လိုသေသွားမလဲတောင် သိလိုက်ရမှာ မဟုတ်ဘူး..."
စုန့်ချန်စုက နှာခေါင်းရှုံ့လိုက်ပြီးနောက် ပြောလိုက်သည်။
"မင်းကတော့ အရင်အတိုင်း ပျင်းစရာကောင်းတုန်းပဲ..."
သူ့စကားကို ထန်ဝေ့က ကြားသော်လည်း သူ့ကို တစ်ချက်သာ ကြည့်လိုက်ပြီး လျစ်လျူရှုထားလိုက်၏။
သူတို့လေးဦးသည် မိနစ်လေးဆယ်ကျော် လျှောက်လှမ်းပြီးနောက် စိုက်ပျိုးရေးနယ်မြေသို့ ရောက်ရှိသွားကြလေသည်။
သူတို့ရှေ့တွင် ဖြန့်ကျက်ထားသော စိမ်းစိုနေသည့် စိုက်ပျိုးရေးမြေပြင်ကြီးကို လှမ်းကြည့်ရင်း ထန်ဝေ့နှင့် စုန့်ချန်စုတို့သည် စိတ်လှုပ်ရှားကာ မျက်ဝန်းများ အနည်းငယ် နီရဲလာကြရှာတော့၏။