← Chapters

အခန်း ၂၀၃

Vol. 21 Ch. 203

အခန်း ၂၀၃

Vol. 21 Ch. 203

အခန်း (၂၀၃) - စိုက်ပျိုးရေးခြံသို့ အလည်အပတ်သွားရောက်ခြင်း

ကမ္ဘာပျက်ကပ်ကြီး စတင်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ထန်ပိုင်နှင့် စုန့်ချန်စုတို့သည် လူသားမျိုးနွယ်အတွက် မျှော်လင့်ချက် ရှိသေးကြောင်း သဘောပေါက်သွားကြလေသည်။

သူတို့ရှေ့မှ လမ်းခရီးသည် မှုန်မှိုင်းမှောင်မိုက်ခြင်း မရှိတော့ဘဲ နောက်ဆုံးတွင် အလင်းရောင်ကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ ထိုသူနှစ်ဦး ရင်ခုန်လှုပ်ရှားမှုများကို ငြိမ်သက်သွားစေရန် အချိန်အနည်းငယ် ယူလိုက်ရ၏။

စိတ်တည်ငြိမ်သွားပြီးနောက် ထန်ပိုင်က ရှေ့ရှိ စိမ်းစိုနေသော စိုက်ခင်းများကို ကြည့်ကာ မေးလိုက်သည်။

"မိန်းကလေးကျူး... ဒီလောက်ကျယ်ပြန့်တဲ့ စိုက်ပျိုးမြေတွေကို ဘယ်လိုများ စီမံခန့်ခွဲသလဲ..."

ကျူးလင်က ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။

"ကျွန်မက မျိုးစေ့တွေပဲ ပံ့ပိုးပေးတာပါ... စိုက်ခင်းတွေကိုတော့ စီမံခန့်ခွဲခြင်း မရှိပါဘူး... အဲဒီလူတွေကပဲ စိုက်ခင်းတွေကို စီမံကြတာပါ..."

သူမ၏စကားကို ကြားပြီးနောက် ထန်ပိုင်နှင့် ဆုန့်ချန်စုတို့သည် စိုက်ခင်းများဆီသို့ လှမ်းကြည့်လိုက်ကြရာ ကောက်ပဲသီးနှံများကို စိုက်ပျိုးရန် သစ်သားဓာတ်နှင့် ရေဓာတ် စွမ်းအားရှင်များစွာက စွမ်းရည်များကို အသုံးပြုနေကြသည်ကို မြင်တွေ့လိုက်ရသည်။

ထိုသူများအပြင် အလင်းဓာတ်၊ သတ္တုဓာတ်နှင့် ကုသခြင်းစွမ်းရည်ရှိသော စွမ်းအားရှင်များလည်း စိုက်ခင်းထဲတွင် အလုပ်လုပ်နေကြလေသည်။

၎င်းကို မြင်သောအခါ စုန့်ချန်စုက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

"ကုသခြင်းစွမ်းရည်ရှိတဲ့ စွမ်းအားရှင်တွေက ဆေးရုံမှာ အလုပ်မလုပ်ဘဲ ဘာလို့ စိုက်ခင်းထဲမှာ အလုပ်လုပ်နေကြတာလဲ..."

ရှို့ဝူက သူ၏မေးခွန်းကို ကြားသောအခါ ပြောလိုက်သည်။

"ကုသခြင်းစွမ်းရည်က ကမ္ဘာပျက်ကပ် ဗိုင်းရပ်စ်အပေါ် သက်ရောက်မှု ရှိ၊ မရှိ သိချင်လို့ မြေဆီလွှာနဲ့ စမ်းသပ်နေကြတာပါ..."

ထိုစကားကို ကြားရသောအခါ ထန်ပိုင်သည် ရှို့ဝူကို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။

ယခုအချိန်အထိ စစ်ဘက်ဆိုင်ရာစခန်းတွင် မှတ်ပုံတင်ထားသော ကုသရေးစွမ်းအားရှင် သုံးဦးသာ ရှိသေး၏။

သို့သော် ဤစိုက်ခင်းထဲတွင် အလုပ်လုပ်နေသူများကို အကြမ်းဖျင်း ရေတွက်ကြည့်ရုံမျှဖြင့်ပင် လောလောဆယ်တွင် ကုသရေးစွမ်းအားရှင် အနည်းဆုံး တစ်ဆယ်မှ နှစ်ဆယ်ခန့်အထိ အလုပ်လုပ်နေကြကြောင်း သိသာပေသည်။

ထန်ပိုင်နှင့် စုန့်န့်ချန်စုတို့က အခြေခံမေးခွန်းအချို့ကို ထပ်မံမေးမြန်းပြီးနောက် ရှို့ဝူက ပြောလိုက်၏။

"ခင်ဗျားတို့နှစ်ယောက် ကျုပ်တို့ဆီ လာလည်ဖို့ ခဲယဉ်းတာမို့... ဗိုလ်ကြီးထန်နဲ့ ဗိုလ်ကြီးစုန့်ကို ကျုပ်တို့ရဲ့ မွေးမြူရေးခြံအသစ်ဆီ လိုက်ပြပေးပါ့မယ်..."

ထိုစကားထွက်လာသည်နှင့်တစ်ပြိုင်နက် စုန့်ချန်စုက အံ့ဩတကြီး မေးလိုက်သည်။

"မင်းတို့ဆီမှာ မွေးမြူရေးခြံလည်း ရှိသေးတာလား... အခုအချိန်မှာ သာမန်တိရစ္ဆာန်တွေ ရှိသေးလို့လား..."

ရှို့ဝူက ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။

"ကျုပ်တို့မွေးထားတဲ့ တိရစ္ဆာန်တွေက သန္ဓေပြောင်းတိရစ္ဆာန်တွေချည်းပဲ...”

“ဒါကလည်း ကျီယန်ရဲ့ စိတ်ကူးပေါ့... သူက ကျုပ်တို့ရဲ့ စားသောက်မှုကို မျှတအောင်လုပ်ဖို့ လိုအပ်တယ်လို့ ပြောတယ်...”

“ဒါကြောင့် အပြင်ထွက်ပြီး သန္ဓေပြောင်းတိရစ္ဆာန်တွေကို အမဲလိုက်မယ့်အစား အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူဖို့ အကြံ‌ပေးခဲ့တာ...”

“အဲဒါနဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးခြံတွေကို တူတူတွဲပြီးဆောက်ထားတာ ကျုပ်တို့ရဲ့စခန်းက သာမန်လူတွေအတွက် အသက်မွေးဝမ်းကျောင်းနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ပိုပြီး ပံ့ပိုးပေးနိုင်တာပေါ့..."

သူ၏ တည်ငြိမ်လှသော အဖြေကို ကြားပြီးနောက် ဆုန့်ချန်စုမှာ ဆွံ့အသွားရရှာသည်။

လူအများစုက သန္ဓေပြောင်းတိရစ္ဆာန်များကို ရန်သူကဲ့သို့ သတ်မှတ်ကာ ကြောက်ရွံ့နေကြချိန်တွင် ဤလူများကမူ ယင်းတို့ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူရန်ပင် ရဲတင်းနေကြ၏။

ထို့ပြင် စခန်းကို တိုးချဲ့ရာတွင် သာမန်လူများ၏ လူနေမှုဘဝကိုပါ ထည့်သွင်းစဉ်းစားပေးထားသေးသည်။ ဤသည်မှာ လက်ရှိ ကမ္ဘာကြီး၏ အခြေအနေအရ သာမန်လူများ လုပ်ဆောင်နိုင်မည့်အရာ မဟုတ်ချေ။

နာရီဝက်ခန့် ထပ်မံလျှောက်လှမ်းပြီးနောက် ရှို့ဝူသည် သူတို့ကို ကြီးမားသော မွေးမြူရေးခြံတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားလေသည်။

ခြံစည်းရိုးများနှင့် လှောင်အိမ်များနောက်ကွယ်တွင် မွေးမြူထားသော ဆန်းပြားသည့် တိရစ္ဆာန်များကို ကြည့်ကာ ဆုန့်ချန်စုက မမေးဘဲ မနေနိုင်တော့ပေ။

"ဗိုလ်ကြီးရှို့... ဒီတိရစ္ဆာန်တွေကို ဘယ်လိုများ စုဆောင်းခဲ့တာလဲ... အရှင်ဖမ်းဖို့ တော်တော်ခက်ခဲမှာပဲ မဟုတ်လား..."

ရှို့ဝူက လူစုလူဝေး ဖြစ်နေသော အဆောက်အအုံတစ်ခုကို ညွှန်ပြကာ ပြောလိုက်၏။

"ကျုပ်တို့က သာမန်လူတွေနဲ့ စွမ်းအားရှင်တွေဆီကနေ ဝယ်ယူတာပါ... ပြီးတော့ ကျုပ်တို့ပေးတဲ့ အရှင်စျေးက အသားစျေးထက် ငါးဆပိုများတယ်..."

သူ့စကားဆုံးသည်နှင့် စုန့်ချန်စုသည် အဆောက်အအုံဆီသို့ ဦးတည်မောင်းနှင်လာသော ကြီးမားသည့် အအေးခန်းကုန်တင်ကားကြီးတစ်စီးကို လှမ်းမြင်လိုက်ရသည်။

မကြာမီပင် လူတစ်စု ဆင်းလာကာ ကုန်တင်ကားပေါ်မှ ကြီးမားသော ရေခဲသေတ္တာတစ်လုံးကို ဆွဲထုတ်လိုက်ကြ၏။ အလုပ်သမားများ၏ အကူအညီဖြင့် သူတို့သည် ရေခဲသေတ္တာကို တွန်းလှည်းဖြင့် အဆောက်အအုံအတွင်းသို့ သယ်ဆောင်သွားကြလေသည်။

၎င်းကို မြင်သောအခါ စုန့်ချန်စုက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ရေခဲသေတ္တာထဲမှာ ဘာတွေရှိတာလဲ..."

ရှို့ဝူက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

"ကျုပ်လည်း မသိဘူး..."

စုန့်ချန်စုသည် အရမ်းကို စူးစမ်းချင်စိတ် ပြင်းပြနေသဖြင့် မေးလိုက်ပြန်သည်။

"ကျုပ်တို့ သွားကြည့်လို့ ရမလား..."

ရှို့ဝူက ခေါင်းညိတ်ပြလိုက်ပြီးနောက် သူတို့ကို အဆောက်အအုံနောက်ကွယ်ရှိ ဂိုဒေါင်ဆီသို့ ခေါ်ဆောင်သွားလေသည်။ ဂိုဒေါင်ဧရိယာသို့ ရောက်ရှိချိန်တွင် အလုပ်သမားတစ်ဦးက သူတို့ကို မြင်သွားကာ ပြုံးလျက် မေးလိုက်၏။

"အစ်ကိုရှို့... ဘာလို့ ဒီကိုရောက်လာတာလဲ... တစ်ခုခု ပို့ပေးဖို့ လိုလို့လား..."

ရှို့ဝူက ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"ကုန်တင်ကားကြီးဝင်လာတာ မြင်လို့... ဒီနေ့ သူတို့ ဘာတွေယူလာကြတာလဲ..."

ဤအလုပ်သမားသည် မင်ဝေကြေးစားအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ဖြစ်သောကြောင့် ရေခဲသေတ္တာထဲတွင် ဘာရှိသည်ကို ကောင်းစွာ သိရှိနေသည်။

အဘယ်ကြောင့်ဆိုသော် ယမန်နေ့ညက သူတို့ကိုယ်တိုင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သောကြောင့်တည်း။

သူက ပြုံးစိစိဖြင့် ပြောလိုက်၏။

"မနေ့ညက ကျွန်တော်တို့ ဒီနားနဲ့မလှမ်းမကမ်းမှာ ရေခဲနေတဲ့ ကန်တစ်ခုကို တွေ့ခဲ့တယ်... ကျွန်တော်တို့ခေါင်းဆောင်က သွားပြီး စပ်စုကြည့်တာ...”

“ကျွန်‌တော်တို့ ကံကောင်းပြီး ရေခဲထဲမှာ ပိတ်မိနေတဲ့ ဧရာမရေဘဝဲကြီးတစ်ကောင်ကို ဖမ်းမိခဲ့တယ်... ဒါနဲ့ပဲ စခန်းကို လာရောင်းဖို့ ဆုံးဖြတ်လိုက်တာ..."

ထိုသို့ပြောပြီးနောက် သူက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ တိုးတိုးလေး ပြောလိုက်၏။

"အစ်ကိုရှို့... စျေးလေး နည်းနည်းလောက် ပိုပေးပါဦး... ရာသီဥတုက ရုတ်တရက် အေးခဲသွားလို့ အပြင်က ကုန်ပစ္စည်းတွေနဲ့ ရိက္ခာအများစုက ပျက်စီးသွားပြီလို့ သတင်းရထားတယ်...”

“အခု ကျွန်တော်တို့ဆီမှာ ရိက္ခာတွေ ပြတ်လပ်နေပြီ... နောက်တစ်ကြိမ် ရာသီဥတု မအေးခဲခင် ရိက္ခာလုံလုံလောက်လောက် ရဖို့အတွက် ကျွန်‌တော်တို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က အစ်ကိုပဲ ရှိတော့တာ..."

သူ၏စကားကို ကြားပြီးနောက် ရှို့ဝူက ခဏမျှ စဉ်းစားလိုက်ပြီး မေးလိုက်သည်။

"မင်းပြောတော့ ဒီဧရာမရေဘဝဲကြီးက ရေခဲနေတဲ့ကန်ထဲမှာ ပိတ်မိနေတာ ဟုတ်လား..."

အလုပ်သမားက ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

"ဒါတင်မကသေးဘူး... ဒီဧရာမရေဘဝဲကြီးအပြင် ရေခဲနေတဲ့ကန်ထဲမှာ ပိတ်မိနေတဲ့ တခြားသ‌န္ဓေပြောင်း သတ္တဝါတွေအများကြီးကိုလည်း တွေ့ခဲ့ရတယ်...”

“တော်သေးလို့ ရေကန်က ခဲနေတာ... မဟုတ်လို့ကတော့ အဲဒီသန္ဓေပြောင်းသတ္တဝါတွေ ထွက်လာပြီး ကျွန်တော်တို့ကို တိုက်ခိုက်ရင် ဒုက္ခရောက်ကုန်တော့မှာ..."

“ပြီးတော့ လဲ့ဟော်စခန်းနဲ့ ပတ်ဝန်းကျင်က တခြား စခန်းအသေးလေးတွေက လူတွေလည်း အဲဒီရေခဲနေတဲ့ သန္ဓေပြောင်းသတ္တဝါတွေကို သွားပြီး သယ်ယူနေကြတယ်..."

သူ့စကားကို ကြားပြီးနောက် ရှို့ဝူက သူ့ကို ကြည့်ကာ ပြောလိုက်သည်။

"ကောင်းပြီ... ငါ ကျီယန်ကို ဒီအကြောင်း အသိပေးလိုက်မယ်... ပြီးတော့ မင်းတို့ကို ငွေပိုပေးခိုင်းလိုက်မယ်..."

ရှို့ဝူ၏စကားကို ကြားလိုက်ရသဖြင့် အလုပ်သမား၏ မျက်လုံးများ ဝင်းလက်သွားသည်။ သူ့မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာကာ ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ် အစ်ကိုရှို့..."

ထိုအလုပ်သမား အလုပ်လုပ်ရန် ထွက်ခွာသွားပြီးနောက် ထန်ပိုင်က မေးလိုက်သည်။

"ဗိုလ်ကြီးရှို့... ဟင်းသီးဟင်းရွက်တွေနဲ့ ရေကို ရောင်းချပေးတဲ့အပြင် အသားကိုလည်း ရောင်းသေးတာလား..."

ရှို့ဝူက လှည့်ကြည့်ကာ ပြောလိုက်၏။

"ဟုတ်တယ်..."

ထန်ပိုင်က ထပ်မံ မေးလိုက်ပြန်သည်။

"ငါတို့ ဈေးနှုန်းစာရင်း ရနိုင်မလား..."

ရှို့ဝူက ခေါင်းညိတ်ပြပြီး အဆောက်အအုံကို ညွှန်ပြကာ ပြောလိုက်၏။

"ဗိုလ်ကြီးထန်က အဲဒီမှာဖြစ်ဖြစ် ဒါမှမဟုတ် ပြည်သူ့ရုံးခန်းမှာဖြစ်ဖြစ် ဈေးနှုန်းစာရင်း သွားတောင်းလို့ ရပါတယ်..."

All Chapters