အခန်း ၂၀၄
Vol. 21 Ch. 204
အခန်း (၂၀၄) - ရှို့ဝူ၏ အကြံပြုချက်
ထိုသို့ ပြောပြီးနောက် ရှို့ဝူက ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ထပ်လောင်းပြောကြားလိုက်သည်။
"ဗိုလ်ကြီးထန်အနေနဲ့ ကျုပ်တို့ရဲ့ တခြားကုန်ပစ္စည်းတွေကိုလည်း ဝယ်ယူချင်တယ်ဆိုရင်တော့ အသေးစိတ်အချက်အလက်တွေကို သိရှိနိုင်ဖို့ အထွေထွေအုပ်ချုပ်ရေးရုံးကို သွားရောက်စုံစမ်းနိုင်ပါတယ်..."
ယနေ့တွင် သူတို့ ဝူလင်စခန်းသို့ လာရောက်ရခြင်း၏ ရည်ရွယ်ချက်မှာ စိုက်ပျိုးရေးမြေ၏ လျှို့ဝှက်ချက်ကို သိရှိရန်ဖြစ်သောကြောင့် ထန်ပိုင်က ချက်ချင်းဆိုသလို မေးလိုက်လေသည်။
"အဲဒါမတိုင်ခင် ကျုပ်တို့ စိုက်ပျိုးရေးမြေနဲ့ မျိုးစေ့တွေအကြောင်းကို အရင်ဆွေးနွေးလို့ ရမလား..."
သူ့စကားကို ကြားသောအခါ ရှို့ဝူက ကျူးလင်ဘက်သို့ လှည့်ကြည့်လိုက်၏။ သူ့အကြည့်ကို သတိပြုမိသွားသော ကျူးလင်က ရှို့ဝူ၏အနားသို့ တိုးကပ်သွားပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ရှို့ဝူ... ကျွန်မထင်တာတော့ သူတို့တွေ ကျွန်မတို့စခန်းအပြင်ဘက်က မြေဆီလွှာတွေပေါ်မှာ သီးနှံတွေ စိုက်ပျိုးနိုင်မှာ မဟုတ်ဘူး..."
ရှို့ဝူက သူမကို ကြည့်ရင်း အခြေအနေကို နားလည်လိုက်လေသည်။
သူတို့စခန်းရှိ မြေဆီလွှာတွင် သီးနှံများ စိုက်ပျိုးနိုင်ခြင်းမှာ နတ်ဘုရားစွမ်းအင်က မြေပြင်ကို ညစ်ညမ်းစေသော မိစ္ဆာစွမ်းအင်များကို သန့်စင်ပေးထားခြင်းကြောင့် ဖြစ်သည်။
သို့သော် အခြားနယ်မြေများရှိ မြေဆီလွှာများမှာမူ မိစ္ဆာစွမ်းအင်များဖြင့် ညစ်ညမ်းနေဆဲဖြစ်သောကြောင့် ထန်ပိုင်နှင့် အခြားသူများအနေဖြင့် ထိုမြေပေါ်တွင် သီးနှံများ စိုက်ပျိုးရန် မဖြစ်နိုင်ပေ။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရှို့ဝူက ထန်ပိုင်ကို ကြည့်ကာ ပြောလိုက်သည်။
"ဒီကိစ္စကို ကျန်တဲ့လူတွေနဲ့ အရင်ဆုံး ဆွေးနွေးကြည့်ပါရစေဦး... ကျုပ်တို့ ဆုံးဖြတ်ချက်ချပြီးရင်တော့ ခင်ဗျားတို့ကို ပြန်ပြီး အကြောင်းကြားပေးပါ့မယ်..."
ရှို့ဝူ၏ စကားကို ကြားရသောအခါ ထန်ပိုင်သည် ယနေ့တွင် အဖြေရနိုင်တော့မည်မဟုတ်ကြောင်း သိလိုက်ရသည်။ လက်ဗလာနှင့် ပြန်ရန် မသင့်တော်သဖြင့် စုန့်ချန်စုက ကြားဖြတ်ပြောလိုက်လေသည်။
"ဒါဆိုရင် ကျုပ်တို့ မပြန်ခင် အထွေထွေအုပ်ချုပ်ရေးရုံးကို ဝင်လေ့လာသွားပါ့မယ်... ဒီနေ့ ကျုပ်တို့ကို လိုက်လံပြသပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ဗိုလ်ကြီးရှို့နဲ့ မိန်းကလေးကျူး..."
ထိုသို့ နှုတ်ဆက်ပြီးနောက် စုန့်ချန်စုသည် စိတ်ပျက်အားလျော့နေသော ထန်ပိုင်ကို ခေါ်ဆောင်၍ ထွက်ခွာသွားတော့သည်။ သူတို့ ထွက်သွားပြီးနောက် ရှို့ဝူက ကျူးလင်ကို ကြည့်ကာ မေးလိုက်သည်။
"ရှောင်လင်... မင်း ကိုယ့်ကို တစ်ခုခု ပြောစရာရှိလို့လား..."
ကျူးလင်က ခေါင်းညိတ်ပြလိုက်သည်။
"အရင်ဆုံး ပြန်ကြရအောင်... ဒီနေရာက စကားပြောဖို့ မကောင်းဘူး..."
ရှို့ဝူသည် ဂိုဒေါင်မှ တာဝန်ခံနှင့် ခေတ္တမျှ စကားပြောဆိုပြီးနောက် ကျူးလင်နှင့်အတူ ဗီလာဆီသို့ ပြန်လာခဲ့ကြသည်။ သူတို့နှစ်ဦး အတူတူ ပြန်ရောက်လာသည်ကို မြင်သောအခါ ကျီယန်က မေးလိုက်လေသည်။
"ဟွမ်ရိဟန်တို့အဖွဲ့ ထွက်သွားကြပြီလား..."
ရှို့ဝူက ခေါင်းညိတ်ပြရင်း ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ကာ ညည်းတွားလိုက်သည်။
"အဲဒီလူတွေနဲ့ စကားပြောရတာ တကယ်ကို မလွယ်ဘူး... ဖုတ်ကောင်တွေကို တိုက်ခိုက်ရတာထက်တောင် ပိုပြီး ပင်ပန်းသေးတယ်..."
ကျီယန်က ပင်ပန်းနွမ်းနယ်နေသော ရှို့ဝူ၏ မျက်နှာကိုကြည့်ကာ ရေတစ်ဖန်ခွက် လှမ်းပေးလိုက်သည်။
"မင်း တကယ်ကို ပင်ပန်းသွားပြီပဲ..."
သူက ကျူးလင်ကိုလည်း ရေတစ်ဖန်ခွက် ထပ်မံကမ်းပေးလိုက်သော်လည်း သူမက ခေါင်းခါပြလိုက်သည်။
"ကျွန်မအတွက် အစားအသောက်တွေ၊ ရေတွေ မလိုအပ်တော့ဘူး..."
သူမ၏ စကားကြောင့် ထန်ဝေ့က စိုးရိမ်တကြီး မေးလိုက်လေသည်။
"ဘာဖြစ်လို့လဲ... ဝိတ်လျှော့နေလို့လား... မင်းက အခုလည်း အရမ်းလှပြီးသားပါ... အစာငတ်ခံပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေဖို့ မလိုပါဘူး..."
ကျူးလင်က ခေါင်းခါယမ်းလိုက်ရင်း ရှင်းပြလိုက်၏။
"ဒီမနက်တင် ကျွန်မက စိတ်ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီ... ဒါကြောင့် ဆာလောင်မွတ်သိပ်မှုတွေကို ခံစားရတော့မှာ မဟုတ်ဘူး..."
သူမ၏ စကားကို ကြားသောအခါ ထန်ဝေ့နှင့် ကျီယန်တို့သည် အလွန်အံ့ဩသွားကြသော်လည်း ရှို့ဝူကမူ မျက်မှောင်အနည်းငယ် ကြုတ်ကာ စိုက်ကြည့်နေမိသည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ရှို့ဝူက မေးလိုက်၏။
"မင်း ထွက်သွားတော့မလို့လား..."
ကျူးလင်က ခေါင်းခါယမ်းကာ ငြင်းဆိုလိုက်သည်။
"မသွားသေးပါဘူး... ကျွန်မ နီဗားနားအဆင့်ကို ရောက်ပြီး ကောင်းကင်တံခါးကို ဖွင့်နိုင်တဲ့အချိန်မှ ဒီကမ္ဘာကနေ ထွက်ခွာသွားနိုင်မှာ... အဲဒီအချိန်မတိုင်ခင်အထိတော့ ကျွန်မ ဒီမှာပဲနေပြီး ရှင်တို့ကို ကူညီပေးသွားပါ့မယ်..."
ထိုသို့ပြောပြီးနောက် ကျူးလင်သည် သူမ၏ စိတ်ဝိညာဉ်နန်းတော်ထဲသို့ စိတ်အာရုံသွင်းကြည့်လိုက်ရာ စမ်းရေကန်ငယ်လေးထဲမှ နတ်ဘုရားစမ်းရေများကို ကျောက်စိမ်းပုလင်းအလွတ်များထဲသို့ ဖြည့်တင်းနေသော အလုပ်ရှုပ်နေသော ထူထူကို တွေ့လိုက်ရလေသည်။
သေးငယ်လွန်းလှသော စမ်းရေကန်လေးကို ကြည့်ရင်း ယခင်က ကျယ်ပြောလှသော ရေကန်ကြီးကို ကျူးလင် သတိရမိကာ သက်ပြင်းသာ ချလိုက်မိတော့၏။
သူမက ခဏမျှ စဉ်းစားပြီးနောက် လှမ်း၍ ပြောလိုက်သည်။
'ထူထူ... ငါ နတ်ဘုရားစမ်းရေတွေ အများကြီး လိုအပ်နေတယ်... စမ်းရေတွေကို ပိုပြီးကြီးတဲ့ ပုံးတွေထဲ ထည့်ပေးလို့ ရမလား...'
သူမ၏ စကားကို ကြားသောအခါ ထူထူက စိတ်ဝိညာဉ်နန်းတော်၏ ကောင်းကင်ယံကို မော့ကြည့်ရင်း မေးလိုက်၏။
"ကျွန်တော့်ဆီမှာ ပလတ်စတစ်ပုံးအလွတ်အချို့ ကျန်သေးတယ်... အဲဒီထဲမှာ နတ်ဘုရားစမ်းရေတွေကို သိမ်းဆည်းထားလိုက်ရင် အဆင်ပြေမလား..."
ကျူးလင်သည် နတ်ဘုရားစွမ်းအင်က ဖုတ်ကောင်များနှင့် မျိုးဗီဇပြောင်းလဲထားသော သတ္တဝါများကို ဆွဲဆောင်နိုင်စွမ်းရှိသည်ကို တွေးမိသဖြင့် လှမ်းပြောလိုက်သည်။
'နတ်ဘုရားစမ်းရေတွေကို အဲဒီပလတ်စတစ်ပုံးတွေထဲ ထည့်ပြီးတာနဲ့ အစီအရင်အတားအဆီးနဲ့ ပိတ်ဆို့ထားလိုက်ဦး... နတ်ဘုရားစွမ်းအင်တွေ အပြင်ကို ယိုစိမ့်မသွားစေနဲ့နော်...'
ထူထူက ခေါင်းညိတ်ပြလိုက်လေသည်။
"ဟုတ်ကဲ့ပါ သခင်မ..."
ထူထူနှင့် စကားပြောပြီးနောက် ကျူးလင်သည် တိတ်ဆိတ်နေသော လူသုံးဦးကို ကြည့်ကာ ပြောလိုက်သည်။
"ကျွန်မ ရှင်တို့သုံးယောက်ကို အရေးကြီးတဲ့ကိစ္စတစ်ခု ပြောဖို့ရှိတယ်..."
သူမ၏ တည်ကြည်သော မျက်နှာထားကိုကြည့်ကာ ရှို့ဝူက ဂရုတစိုက် မေးလိုက်၏။
"မင်း ကိုယ်တို့ကို ဘာပြောချင်လို့လဲ..."
ကျူးလင်က ကျောက်စိမ်းပုလင်းငယ်လေးတစ်လုံးကို ထုတ်ယူလိုက်ရင်း ပြောလိုက်သည်။
"ဒီနေ့ ဗိုလ်ကြီးထန်နဲ့ ဗိုလ်ကြီးစုန့်တို့ ဒီကိုလာရတဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ကျွန်မတို့ မြေဆီလွှာပေါ်မှာ သီးနှံတွေ အောင်မြင်အောင် ဘယ်လိုစိုက်ပျိုးလဲဆိုတဲ့ လျှို့ဝှက်ချက်ကို စုံစမ်းချင်လို့ပဲ...”
“ဒါပေမဲ့ ကျွန်မတို့ အောင်မြင်ရတဲ့ အကြောင်းရင်းက နတ်ဘုရားသွေးကြောတွေကြောင့်ဖြစ်လို့ အဲဒီအကြောင်းကို သူတို့ကို လုံးဝ သိခွင့်ပေးလို့ မဖြစ်ဘူး...”
“ကျွန်မအနေနဲ့ ဒီနယ်မြေအပြင်ဘက်မှာ နတ်ဘုရားသွေးကြောတွေ ထပ်ပြီး စိုက်ပျိုးချင်ပေမဲ့လည်း အဆင့်မြင့်နတ်ဘုရား လီချိုးရဲ့ နဂါးသွေးကြောမပါဘဲနဲ့တော့ ဒါကို လုပ်ဖို့ မဖြစ်နိုင်ဘူး..."
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမက ထပ်လောင်းပြောကြားလိုက်သည်။
"ဒီမနက်မှာ ကျွန်မ စိတ်ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ကို ချိုးဖျက်ပြီးနောက်မှာ စိတ်ဝိညာဉ်နန်းတော်ကို ပြန်လည် ထူထောင်နိုင်ခဲ့တယ်...”
“ဒီနတ်ဘုရားစမ်းရေက ကျွန်မရဲ့ စိတ်ဝိညာဉ်နန်းတော်ထဲက လာတာဖြစ်ပြီး သိပ်သည်းဆ အရမ်းမြင့်မားတဲ့ နတ်ဘုရားစွမ်းအင်တွေ ပါဝင်နေတယ်...”
“နတ်ဘုရားသွေးကြောတွေကို မယှဉ်နိုင်ပေမဲ့လည်း မြေဆီလွှာကို ပြန်လည်ပြုပြင်ဖို့အတွက်တော့ လုံလောက်တဲ့ အာနိသင်ရှိတယ်... တခြားလူတွေလည်း မြေဆီလွှာပေါ်မှာ သီးနှံတွေ စိုက်ပျိုးနိုင်လိမ့်မယ်..."
သူမ၏ ရှင်းပြချက်ကို ကြားပြီးနောက် ကျီယန်က မေးလိုက်၏။
"ဒါဆိုရင် မင်းက နတ်ဘုရားသွေးကြောတွေကို သုံးမယ့်အစား ဒီနတ်ဘုရားစမ်းရေကိုသုံးပြီး မြေဆီလွှာကို ပြန်ပြုပြင်ချင်တာပေါ့..."
ကျူးလင်က ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်... နတ်ဘုရားစွမ်းအင်က မိစ္ဆာစွမ်းအင်တွေကို သန့်စင်ပေးနိုင်တာကို ကျွန်မ တွေ့ခဲ့တယ်...”
“ကျွန်မတို့သာ နတ်ဘုရားစမ်းရေကို မြေဩဇာအဖြစ် အသုံးပြုမယ်ဆိုရင် စခန်းအပြင်ဘက်က မြေတွေပေါ်မှာလည်း သီးနှံတွေ စိုက်ပျိုးနိုင်လောက်တယ်..."
သူမ စကားဆုံးသည်နှင့် ရှို့ဝူက အကြံပြုလိုက်လေသည်။
"နတ်ဘုရားစမ်းရေကို တခြားနေရာတွေဆီ မဖြန့်ဝေခင် ငါတို့ အရင်ဆုံး စမ်းသပ်ကြည့်ကြတာပေါ့..."
ကျီယန်က သူ့ကို ကြည့်ကာ မေးလိုက်၏။
"လောင်ရှို့... မင်း ဇုန်၅မှာ စမ်းသပ်ချင်တာလား..."
ရှို့ဝူက ခေါင်းညိတ်ပြလိုက်လေသည်။
"တံတိုင်းအပြင်ဘက်က မြေဆီလွှာ အရည်အသွေးက တခြားနေရာတွေနဲ့အတူတူပဲ...”
“လေထုအခြေအနေ ပိုကောင်းတယ်ဆိုပေမဲ့ မြေဆီလွှာထဲမှာ ကမ္ဘာပျက်ကပ်ဗိုင်းရပ်စ်တွေ ရှိနေတုန်းပဲ...”
“ဒါကြောင့် ဒီစမ်းသပ်မှုကို ဇုန်၅မှာ ပြုလုပ်လို့ ရတယ်... ဒါ့အပြင် သီးနှံစိုက်ပျိုးဖို့နဲ့ စိုက်ခင်းကို ဂရုစိုက်ဖို့အတွက် လူစုဆောင်းဖို့ တာဝန်တစ်ခုကိုလည်း ထုတ်ပြန်နိုင်တာပေါ့..."