အခန်း ၂၀၅
Vol. 21 Ch. 205
အခန်း (၂၀၅) - ကုန်းရီရွှမ်နှင့် ဝမ်ရှန့်ယဲ့ ရောက်ရှိလာခြင်း
ကျီယန်က ရှို့ဝူ၏ စကားများကို ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။
"ကောင်းပြီ... လောင်ရှို့ရဲ့ အကြံပြုချက်အတိုင်းပဲ လုပ်ကြတာပေါ့..."
သူက ကျူးလင်ကို ကြည့်ကာ မေးလိုက်သည်။
"ရှောင်လင်... ငါ့ကို နတ်ဘုရားစမ်းရေနဲ့ မျိုးစေ့တွေ ထပ်ပေးလို့ရမလား... သီးနှံတွေ ရိတ်သိမ်းဖို့ အနည်းဆုံး နှစ်လလောက်ကြာဦးမှာဆိုတော့ အခုလောလောဆယ် ငါ့လက်ထဲမှာ ဘာမျိုးစေ့မှ မရှိတော့လို့..."
ကျူးလင်က ခေါင်းညိတ်ပြရင်း ပလတ်စတစ်ပုံး အနည်းငယ်နှင့် မျိုးစေ့အိတ် တစ်ရာကျော်ကို ထုတ်ပေးကာ မေးလိုက်သည်။
"ဒီလောက်ဆို လောက်ရဲ့လား..."
ကျီယန်က ခေါင်းညိတ်ပြပြီးနောက် ထိုပလတ်စတစ်ပုံးများနှင့် မျိုးစေ့အိတ်များကို သူ၏ နေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်ကာ ပြောလိုက်သည်။
"ငါ အရင်ဆုံးတာဝန်တွေကို စီစဉ်ပြီး ဇုန်၅မှာ စိုက်ပျိုးရေးလုပ်ဖို့ နေရာတစ်ခု ရှာလိုက်ဦးမယ်... နောက်မှ တွေ့ကြတာပေါ့..."
ထန်ဝေ့က သူ၏နောက်မှ လိုက်ပါရင်း ပြောလိုက်သည်။
"လောင်ယန်... ငါလည်း မင်းနဲ့အတူ လိုက်ခဲ့မယ်..."
ထိုနေရာ၌ ၎င်းတို့နှစ်ဦးတည်းသာ ကျန်ရှိတော့သည့်အခါ ရှို့ဝူက ကျူးလင်ကို ကြည့်ကာ မေးလိုက်သည်။
"ကိုယ် နေ့လယ်စာ သွားပြင်လိုက်ဦးမယ်... မင်း တကယ်ပဲ ဘာမှမစားချင်ဘူးလား..."
သူမအနေဖြင့် အမှန်တကယ်ပင် အစားအစာ စားသုံးရန် မလိုအပ်ကြောင်းနှင့် ဤကမ္ဘာရှိ အစားအစာများသည် သူမ၏ သွေးကြောမျှင်များအတွင်း အညစ်အကြေးများကိုသာ ဖြစ်ပေါ်စေမည်ကို ရှို့ဝူ သိရှိလေသည်။
သို့သော် ထိုအရာအားလုံးကို သိရှိနေသော်လည်း သူက သူမကို ပုံမှန်အတိုင်းပင် အစားအစာများ ကျွေးမွေးချင်နေသေး၏။
သူတို့နှစ်ဦး နီးနီးကပ်ကပ်ရှိကာ အတူတူစားသောက်ပြီး နေထိုင်ရသည်ကို သူ နှစ်သက်မိနေရာ သူမက သူ့ကို တစ်စုံတစ်ရာသော လုံခြုံမှုမျိုးကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။
သူ ပြင်ဆင်ပေးလေ့ရှိသော အရသာရှိသည့် ဟင်းလျာများကို တွေးတောမိသောအခါ ကျူးလင်မှာ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။
"ကျွန်မ စားချင်တယ်..."
သူမ၏ နီရဲနေသော မျက်နှာလေးကို ကြည့်ကာ ရှို့ဝူက အသာအယာ ရယ်မောလျက် ထရပ်လိုက်သည်။ သူက သူမ၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ပေးရင်း တိုးတိုးလေး ပြောလိုက်၏။
"ပြင်ဆင်ပြီးရင် ကိုယ် လာခေါ်မယ်နော်..."
တစ်နာရီခန့်အကြာတွင် သူတို့နှစ်ဦး အတူတူ နေ့လယ်စာ သုံးဆောင်ခဲ့ကြသည်။
စစ်တပ်စခန်းအတွင်း၌။
မော့ရန်သည် စားပွဲအနီကြီး၏ နောက်တွင် ထိုင်လျက် ကုန်းရီရွှမ်နှင့် ဝမ်ရှန့်ယဲ့တို့ကို ကြည့်နေလေသည်။ အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူက မေးလိုက်၏။
"ပရော်ဖက်ဆာကုန်း... ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြီး မစဉ်းစားပေးနိုင်ဘူးလား..."
ကုန်းရီရွှမ်က ခေါင်းခါယမ်းလျက် ပြန်ပြောလိုက်သည်။
"စိတ်မကောင်းပါဘူး ဗိုလ်မှူးမော့... ကျွန်တော့်ညီကို စောင့်ရှောက်ဖို့ လိုအပ်တဲ့အတွက် ဝူလင်စခန်းကို မဖြစ်မနေ သွားရပါလိမ့်မယ်..."
ငိုက်မြည်းနေသော်လည်း အေးစက်လှသော ထိုမျက်လုံးများကို ကြည့်ကာ မောက်ယန်မှာ ထပ်မံမေးမြန်းနေလည်း အချည်းနှီးသာ ဖြစ်မည်ကို သိရှိလိုက်သည်။
သူ့ကို ဆက်လက်ဆွဲထား၍မရတော့သဖြင့် မော့ရန်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ပင်ပန်းနွမ်းနယ်စွာဖြင့် ပြောလိုက်လေသည်။
"ကောင်းပြီလေ... လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း မင်းတို့ရဲ့ ဆောင်ရွက်ပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်... ပရော်ဖက်ဆာကုန်းနဲ့ ဗိုလ်ချုပ်ဝမ်... ခင်ဗျားတို့ သွားနိုင်ပါပြီ..."
မော့ရန်က သူတို့၏ နှုတ်ထွက်စာများကို လက်ခံလိုက်ပြီးနောက် ကုန်းရီရွှမ်နှင့် ဝမ်ရှန့်ယဲ့တို့သည် ရုံးခန်းအတွင်းမှ ထွက်ခွာသွားကြသည်။
မော့ရန်သည် သူ၏ထိုင်ခုံကို လှည့်လိုက်ပြီး မှန်ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ငေးကြည့်ရင်း ပင်ပန်းနွမ်းနယ်စွာဖြင့် သက်ပြင်းချလိုက်မိတော့သည်။
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျယ်ဝန်းလှသော ထိုရုံးခန်းအတွင်း၌ တိုးညင်း၍ ပင်ပန်းနွမ်းနယ်နေသော အသံတစ်ခု ထွက်ပေါ်လာလေသည်။
"ဟူး... ငါလည်း တကယ်ပဲ အိုမင်းသွားပြီထင်တယ်... အခုအချိန်က လူငယ်မျိုးဆက်သစ်တွေ ဒီကမ္ဘာကြီးကို ဦးဆောင်ရမယ့် အလှည့်ပဲ..."
လိုအပ်သော လုပ်ထုံးလုပ်နည်းများကို ပြီးစီးအောင် ဆောင်ရွက်ပြီးနောက် ကုန်းရီရွှမ်နှင့် ဝမ်ရှန့်ယဲ့တို့သည် ကျောပိုးအိတ်များကိုယ်စီလွယ်လျက် စစ်ဘက်ဆိုင်ရာစခန်းမှ ထွက်ခွာခဲ့ကြသည်။
သူတို့ ကားမောင်းထွက်သွားချိန်တွင် တံတိုင်းများကို စောင့်ကြပ်နေကြသော စစ်သားများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသော ထိုကားလေးကို ငေးကြည့်ရင်း အားကိုးရသည့် ဗိုလ်မှူးတစ်ဦးနှင့် ပါရမီရှင် သိပ္ပံပညာရှင်တစ်ဦးကို ထပ်မံဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း နားလည်လိုက်ကြလေသည်။
စခန်းကြီး၏ ကောင်းကင်ထက်၌ အုံ့မှိုင်းသော အငွေ့အသက်များ လွှမ်းခြုံနေစဉ် ငါးနာရီခန့်အကြာတွင် ကုန်းရီရွှမ်နှင့် ဝမ်ရှန့်ယဲ့တို့သည် ဇုန်၅၏ ဧရိယာအနီးသို့ ဆိုက်ရောက်လာခဲ့ကြသည်။
အပန်းဖြေစခန်းတစ်ခုလုံးကို ဖုံးလွှမ်းထားသော ထူထပ်လှသည့် မြူထုကြီးကို ကြည့်ကာ ကုန်းရီရွှမ်က မေးလိုက်၏။
"ဟေး... မင်း သေချာလို့လား... ဝူလင်စခန်းက ဒီမှာရှိတာ ဟုတ်ရဲ့လား..."
ဝမ်ရှန့်ယဲ့သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီးနောက် သူ၏ကျောပိုးအိတ်ထဲမှ မြေပုံတစ်ခုကို ထုတ်ယူကာ သေချာစွာ စူးစမ်းကြည့်ရှုလေသည်။ ခေတ္တမျှကြာသောအခါ မြေပုံပေါ်မှ မျက်လုံးများကို လွှဲလိုက်ပြီး ပြောလိုက်၏။
"ဒီနေရာက ဝူလင်စခန်း တည်ရှိတဲ့နေရာဆိုတာ ငါအသေအချာ ပြောရဲတယ်..."
ထူထပ်သော မြူထုကြီးကို ကြည့်ကာ ဇဝေဇဝါဖြစ်နေသော သူ၏ အမူအရာကို မြင်သော် ကုန်းရီရွှမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
"ငါတို့ ဟိုကောင်လေးကိုပဲ မေးကြည့်ကြတာပေါ့..."
ထိုသို့ ပြောပြီးနောက် သူသည် ကျောပိုးအိတ်ထဲမှ သေးငယ်သော ဆက်သွယ်ရေးကိရိယာလေးတစ်ခုကို ထုတ်ယူကာ ဖွင့်လိုက်၏။ လိုင်းချိတ်ဆက်ရန် စက္ကန့်အနည်းငယ်မျှ ရှာဖွေပြီးနောက် အသံမြည်လာသည်နှင့် သူက ပြောလိုက်လေသည်။
"ငါ မင်းတို့စခန်းရဲ့ အပြင်ဘက်ကို ရောက်နေပြီ ကောင်လေး... ထွက်ခဲ့ဦး..."
ဆက်သွယ်ရေးစက်ကို နားကြပ်တပ်ဆင်လိုက်စဉ်မှာပင် ကျီယန်သည် သူ၏ဝမ်းကွဲအစ်ကိုဖြစ်သူ၏ စကားများကို ကြားရသဖြင့် ဆွံ့အသွားရရှာသည်။
ကုန်းရီရွှမ်မှာ သူ့ထက် နှစ်နှစ်သာ ကြီးသော်လည်း သူ့ကို အမြဲတစေ ကလေးတစ်ဦးကဲ့သို့ ဆက်ဆံတတ်သောကြောင့် ဖြစ်၏။
ကျီယန်က သက်ပြင်းချလိုက်ရင်း အားကိုးရာမဲ့စွာဖြင့် ပြောလိုက်သည်။
"အဲဒီမှာပဲ စောင့်နေလိုက်ပါ..."
ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ကုန်းရီရွှမ်၏ ငိုက်မြည်းနေသော အသံ ထွက်ပေါ်လာ၏။
"မြန်မြန်လာခဲ့ဦး..."
သူသည် ကျီယန်၏ အဖြေကိုပင် မစောင့်တော့ဘဲ ဖုန်းချလိုက်လေသည်။
ဆက်သွယ်ရေးကိရိယာကို သိမ်းဆည်းလိုက်ပြီးနောက် ကျီယန်က သူ့ရှေ့တွင် ထိုင်နေသော ထန်ဝေ့ကို ကြည့်ကာ ပြောလိုက်သည်။
"အစ်ကိုကြီးရီရွှမ်က ဇုန်၅ရဲ့ အပြင်ဘက်မှာ ရောက်နေပြီ..."
ထိုစကားကို ကြားရသောအခါ ထန်ဝေ့၏ မျက်လုံးများ တောက်ပသွားကာ မေးလိုက်၏။
"အစ်ကိုကြီးရီရွှမ်က နောက်ပိုင်း ငါတို့နဲ့အတူ နေသွားမှာလား..."
ကျီယန်က ခေါင်းခါယမ်းလျက် ပြန်ပြောလိုက်သည်။
"ငါလည်း မသိဘူး... စခန်းကနေ မထွက်ခွာခင် သူ ငါ့ကို ဘာမှမပြောခဲ့ဘူး... ငါတို့စခန်းရဲ့ တည်နေရာနဲ့ လမ်းညွှန်ချက်ကိုပဲ မေးသွားတာ..."
ထန်ဝေ့က ဆက်၍ မမေးမြန်းမီမှာပင် သူက ထရပ်လိုက်ရင်း ပြောလိုက်သည်။
"စိုက်ပျိုးရေးလုပ်ဖို့ လျှောက်ထားတဲ့လူတွေရဲ့ စာရင်းကို ပြုစုပေးထားပါဦး... သူတို့ကို နေရာချထားပေးပြီးတာနဲ့ ငါ အမြန်ဆုံး ပြန်လာခဲ့မယ်..."
ထိုသို့ မှာကြားပြီးနောက် ကျီယန်သည် ကုန်းရီရွှမ်ကို သွားရောက်ကြိုဆိုရန် အလျင်အမြန်ပင် ထွက်ခွာသွားလေသည်။
သူ၏ အလျင်စလို ခြေလှမ်းများကို ကြည့်ကာ ထန်ဝေ့က ခေါင်းခါယမ်းလိုက်ပြီး ကျားမနှင့် အသက်အရွယ်အလိုက် နာမည်များကို ဆက်လက်ခွဲခြား၍ စာရင်းသွင်းနေတော့၏။
မိနစ်သုံးဆယ်ကျော် စောင့်ဆိုင်းပြီးနောက် ဝမ်ရှန့်ယဲ့က ကုန်းရီရွှမ်ကို အသာအယာ တို့ထိကာ နှိုးလိုက်ပြီး ပြောလိုက်သည်။
"ရီရွှမ်... မင်းညီ ရောက်လာပြီ..."
ဝမ်ရှန့်ယဲ့က အကြိမ်အနည်းငယ် တို့နှိုးပြီးမှသာ ကုန်းရီရွှမ်မှာ အနည်းငယ် လှုပ်ရှားလာပြီး မျက်လုံးများကို ဖွင့်လျက် ညည်းညူလိုက်လေသည်။ သူက မျက်လုံးများကို ပွတ်သပ်ကာ သမ်းဝေလိုက်ရင်း ကျီယန်ကို တစ်ချက်မျှ ကြည့်ကာ ပြောလိုက်၏။
"သွားကြစို့..."
ကျီယန် နှုတ်ဆက်ရန်ပင် မတတ်နိုင်မီ ကုန်းရီရွှင်မှာ မျက်လုံးများကို ပြန်မှိတ်ကာ ဆက်လက်အိပ်ပျော်သွားပြန်သည်။ ကျီယန်သည် ကားဘေးတွင် ရပ်လျက် တုံးလုံးကြီး အိပ်မောကျနေသော သူ၏ ဝမ်းကွဲအစ်ကိုကို ကြည့်ကာ ဆွံ့အသွားရရှာ၏။
'...'
'သူ ဘယ်လောက်တောင် အိပ်ချင်နေရတာလဲ... ငါ့ကို တစ်စက္ကန့်လောက် လှမ်းကြည့်ပြီးတာနဲ့ မျက်လုံးတောင် မဖွင့်နိုင်ဘဲ ချက်ချင်း ပြန်အိပ်ပျော်သွားရတယ်လို့...'
ကျီယန်၏ ဆွံ့အနေသော အမူအရာကို မြင်ပြီး ဝမ်ရှန့်ယဲ့က အသာအယာ ရယ်မောလျက် ပြောလိုက်သည်။
"လမ်းပြပေးပါဦး..."
သူ၏ဝမ်းကွဲအစ်ကိုမှာ အိပ်မောကျနေသည်ကို မြင်ရသဖြင့် ကျီယန်သည် သူ၏ကားဆီသို့သာ ပြန်လျှောက်လှမ်းကာ မြူထုကြီးအတွင်းသို့ မောင်းနှင်ဝင်ရောက်သွားရပြီး ဝမ်ရှန့်ယဲ့ကလည်း နောက်မှ ကပ်လျက် လိုက်ပါလာတော့၏။