အခန်း ၂၀၆
Vol. 21 Ch. 206
အခန်း (၂၀၆) - ရုတ်တရက် တိုက်ခိုက်ခံရခြင်း
အခက်အခဲ မြောက်မြားစွာကို ကျော်ဖြတ်ပြီးနောက် ဝမ့်ရှန့်ယဲ့သည် အဝေးဆီမှ မြင့်မားလှသော တံတိုင်းကြီးကို နောက်ဆုံးတွင် လှမ်းမြင်လိုက်ရလေသည်။ သတင်းစကားများမှာ အမှန်ပင် ဖြစ်ပေသည်။ လမ်းပြမရှိဘဲနှင့် ဤဝူလင်စခန်းထဲသို့ ဝင်ရောက်နိုင်ရန် မလွယ်ကူလှချေ။
ကျီယန်က ရှေ့မှလမ်းပြပေးသဖြင့် သူတို့သည် မြင့်မားသော သံတံခါးကြီးနှင့် ထူထဲသော တံတိုင်းကြီးကို အဆင်ပြေချောမွေ့စွာ ဖြတ်ကျော်မောင်းနှင်လာခဲ့ကြသည်။
ကျီယန်သည် သူ၏တစ်ဝမ်းကွဲအစ်ကို ဖြစ်သူမှာ နောင်တွင် သူတို့၏စခန်း၌ နေထိုင်တော့မည်ကို သိထားသဖြင့် မြေအောက်ခန်းပါသော ဗီလာတစ်ခုကို အထူးတလည် ပြင်ဆင်ပေးထားခဲ့၏။
ကုန်းရိရွှမ်နှင့် ဝမ့်ရှန့်ယဲ့တို့က သူတို့နှင့် ပူးပေါင်းလိုကြသဖြင့် သူတို့၏ စွမ်းရည်များကို အပြည့်အဝ အသုံးချခွင့် ပေးတော့မည် ဖြစ်သည်။
ဗီလာတံခါးရှေ့တွင် ကားကို ရပ်လိုက်ပြီးနောက် ကျီယန်သည် ကားပေါ်မှဆင်းကာ ဝမ့်ရှန့်ယဲ့ထံသို့ လျှောက်သွားလိုက်သည်။ သူ လျှောက်လာသည်ကို မြင်သောအခါ ဝမ့်ရှန့်ယဲ့က ကားမှန်ကို ချပေးလိုက်၏။
"ဗိုလ်ချုပ်ဝမ့်... ကျွန်တော်က ဒီဗီလာကို ဗိုလ်ချုပ်နဲ့ ကျွန်တော့်ရဲ့ ဝမ်းကွဲအစ်ကိုအတွက် ပြင်ဆင်ပေးထားတာပါ...”
“သူ့အတွက် စမ်းသပ်မှုတွေ လုပ်ဖို့ မြေအောက်ခန်းလည်း ရှိပါတယ်... ခဏနေရင် ကျွန်တော် နေ့စဉ်သုံး ပစ္စည်းတချို့ပို့ပေးပြီး ရေခဲသေတ္တာကိုလည်း ဖြည့်ပေးပါ့မယ်... အရင်ဝင်ပြီး အနားယူနှင့်လိုက်ပါဦး..."
သူ၏ စကားကို ကြားပြီးနောက် ဝမ့်ရှန့်ယဲ့က မေးခွန်းထုတ်သလို လျှာသပ်ကာ ပြောလိုက်၏။
"ရိရွှမ်ကတော့ မင်းလို ညီမျိုးရှိတာ အရမ်းကံကောင်းတာပဲ..."
ချီးမွမ်းစကားကို ကြားသောအခါ ကျီယန်က ပြုံးလျက် ပြန်ပြောလိုက်သည်။
"ကျွန်တော့်မှာ လုပ်စရာလေးတွေ ကျန်သေးလို့ အတူတူ လိုက်မဝင်တော့ဘူးနော်..."
သူတို့နှစ်ဦး နှုတ်ဆက်လိုက်ကြပြီးနောက် ကျီယန်သည် ဝမ့်ရှန့်ယဲ့နှင့် ကုန်းရိရွှမ်တို့အတွက် ရိက္ခာများ ပို့ဆောင်ပေးရန် ဝန်ထမ်းများကို ညွှန်ကြားခဲ့ပြီး ထန်ဝေ့ကို ကူညီရန် အီးရပ်ကွက်သို့ ပြန်သွားလေသည်။
ထိုနေရာတွင် လုပ်စရာ အလုပ်မရှိသဖြင့် ဝမ့်ရှန့်ယဲ့သည် အားလပ်ချိန် အလွန်များနေခဲ့၏။ ထို့ကြောင့် သူသည် ကုန်းရိရွှမ်ကို နှိုးလိုက်ပြီး စိတ်ဝင်တစားဖြင့် ဗီလာကြီးကို လှည့်လည်ကြည့်ရှုတော့သည်။
ကုန်းရိရွှမ်သည် နောက်ဆုံးတွင် နိုးလာပြီး ကားပေါ်မှ ဆင်းလာချိန်၌ ဝမ့်ရှန့်ရယ်သည် အခန်းတစ်ခန်းကို ရွေးချယ်ပြီး ဖြစ်ရုံမက ဗီလာတစ်ခုလုံးကိုလည်း လှည့်ပတ် စစ်ဆေးပြီးနေပြီ ဖြစ်၏။
ဖုတ်ကောင်တစ်ကောင်ကဲ့သို့ ယိုင်တိုင်တိုင် လျှောက်ဝင်လာသော သူ့ကို မြင်သောအခါ ဝမ့်ရှန့်ယဲ့က အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"အဓိက အိပ်ခန်းကတော့ ငါ့အခန်းပဲ... မင်းက တခြားအခန်းတွေကို ရွေးလိုက်တော့..."
ကုန်းရိရွှမ်သည် အလွန်အိပ်ချင်နေသဖြင့် ဘာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ပထမထပ်ရှိ အခန်းတစ်ခန်းကို ရွေးချယ်လိုက်၏။
ကြီးမားလှသော အိပ်ရာကို မြင်လိုက်ရသောအခါ သူသည် ကျောပိုးအိတ်ကို လွှင့်ပစ်လိုက်ပြီး ငါးသေတစ်ကောင်ကဲ့သို့ အိပ်ရာပေါ်သို့ ပစ်လှဲချလိုက်တော့သည်။
မကြာမီပင် ဟာလာဟင်းလင်း ပွင့်နေသော အိပ်ခန်းတံခါးမှတစ်ဆင့် သူ၏ နှေးကွေးပြီး မှန်မှန် ထွက်ပေါ်နေသော အသက်ရှူသံကို ဝမ့်ရှန့်ယဲ့ ကြားလိုက်ရလေသည်။
ဝမ့်ရှန့်ရယ်က ခေါင်းခါယမ်းကာ တိုးတိုးလေး ရေရွတ်လိုက်၏။
"အရူး သိပ္ပံပညာရှင်လေး..."
ဝမ့်ရှန့်ယဲ့နှင့် ကုန်းရိရွှမ်တို့သည် အေးအေးဆေးဆေး အနားယူနေကြစဉ် ကျီယန်၊ ထန်ဝေ့၊ ရှို့ဝူနှင့် ကျူးလင်တို့မှာမူ အီးရပ်ကွက်၌ သူတို့၏ အစီအစဉ်များကို အကောင်အထည်ဖော်ရန် အလုပ်ရှုပ်နေကြသည်။
သုံးရက်ကြာပြီးနောက် အုံ့မှိုင်းနေသော ဆောင်းရာသီ ကောင်းကင်ယံထက်သို့ နေရောင်ခြည် ပထမဆုံးအလင်းတန်း မဖြတ်သန်းမီ အချိန်၌ပင် တာဝန်ပေးအပ်ရေး စင်တာ၏ ရှေ့တွင် လူစုလူဝေးကြီးတစ်ခု စုဝေးနေခဲ့ကြပြီ ဖြစ်သည်။
ကျူးလင်သည် တံခါးဝသို့ လျှောက်လာချိန်တွင် မျှော်လင့်ချက်အပြည့် ရှိနေသော မျက်နှာများဖြင့် စောင့်ဆိုင်းနေကြသည့် လူအုပ်ကြီးကို မြင်သောအခါ မေးလိုက်၏။
"ရှို့ဝူ... ဒီလူတွေ အားလုံးက စိုက်ပျိုးရေးမြေတွေမှာ အလုပ်လုပ်ကြမယ့်သူတွေလား..."
ရှို့ဝူက ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
"ဟုတ်တယ်... စိုက်ခင်းတစ်ခုချင်းစီအတွက် လူ ၁၀ ယောက် တာဝန်ယူရမှာ ဖြစ်ပြီးတော့ တစ်ဆိုင်းကို လူ ၅ ယောက်စီနဲ့ အလှည့်ကျစနစ်နဲ့ လုပ်ဆောင်သွားမှာ..."
ကျူးလင်က ခေါင်းညိတ်လိုက်ပြီး ဝန်ထမ်းတစ်ဦး၏ နောက်သို့ လိုက်ပါသွားကြသော သာမန်လူအုပ်စုကို ကြည့်ကာ မေးလိုက်၏။
"သာမန်လူတွေနဲ့ စွမ်းအားရှင်တွေကို သီးခြားစီ ခွဲခြားထားလိုက်ပြီလား..."
သူမ၏ မေးခွန်းကို ကြားသောအခါ ကျီယန်က ပြန်ပြောလိုက်သည်။
"အင်း... စွမ်းအားရှင်တွေက သူတို့ရဲ့ စွမ်းရည်တွေကို သုံးပြီး သာမန်လူတွေကို နှိပ်စက်တာ၊ အခွင့်ကောင်းယူတာနဲ့ ခြိမ်းခြောက်တာမျိုးတွေ မလုပ်နိုင်အောင် ကျွန်တော်တို့ ခွဲခြားထားရမယ်..."
“လောင်ရှို့က လူတိုင်းက ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုအလျောက် ထိုက်တန်တဲ့ ရလဒ်ကို ရရှိစေချင်တာ..."
သူ၏ စကားကို ကြားပြီးနောက် ကျူးလင်သည် ရှို့ဝူကို စဉ်းစားစရာတစ်ခုခု ရသွားသည့်အလား တစ်ချက် ကြည့်လိုက်၏။
လူအားလုံး ရောက်ရှိလာသည်ကို မြင်သောအခါ ရှို့ဝူက တာဝန်ပေးအပ်ရေး စင်တာ၏ ကြီးကြပ်ရေးမှူးကို ခေါင်းညိတ်ပြလိုက်သည်။
ကြီးကြပ်ရေးမှူးက အသာအယာ ချောင်းဟန့်ကာ အသံကို ရှင်းလိုက်ပြီးနောက် ပြောလိုက်လေသည်။
"အားလုံးပဲ ခဏလောက် အာရုံစိုက်ပေးကြပါဦး..."
သူ ပြောလိုက်ပြီးနောက် စက္ကန့်အနည်းငယ်အတွင်း၌ပင် လူအုပ်ကြီးမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားကြတော့သည်။
ကြီးကြပ်ရေးမှူးက အလုပ်သမားများကို ကြည့်ကာ ပြောလိုက်၏။
"ခင်ဗျားတို့ရဲ့ အလုပ်ချိန်ကတော့ မနက် ၆ နာရီကနေ ညနေ ၅ နာရီအထိ ဖြစ်ပါတယ်...”
“နေ့လယ်စာတစ်နပ် ကျွေးမွေးသွားမှာပါ... နေ့စားခ ယူမယ့်သူတွေကို နေ့စဉ် ရှင်းပေးသွားမှာ ဖြစ်ပြီး သီးနှံရိတ်သိမ်းချိန်မှ အခကြေးငွေ ယူမယ့်သူတွေကိုတော့ ရိတ်သိမ်းပြီးမှ ပေးချေသွားမှာ ဖြစ်ပါတယ်...”
“ပြဿနာရှာတဲ့သူတွေနဲ့ စည်းကမ်းဖောက်ဖျက်သူတွေကိုတော့ အလုပ်ထုတ်ပစ်မှာ ဖြစ်ပြီး နေထိုင်ခွင့်ကိုလည်း ပယ်ဖျက်ကာ စခန်းကနေ ချက်ချင်း နှင်ထုတ်သွားမှာ ဖြစ်ပါတယ်..."
စကားပြောပြီးနောက် ကြီးကြပ်ရေးမှူးသည် အလုပ်သမားများ၏ မျက်နှာအမူအရာများကို ခဏမျှ အကဲခတ်လိုက်ပြီး ဆက်လက် ပြောကြားခဲ့သည်။
"ဒီနေ့မှာတော့ ကျွန်တော်တို့ ဝန်ထမ်းတွေက ခင်ဗျားတို့ တာဝန်ယူရမယ့် စိုက်ခင်းဆီကို လိုက်လံပြသပေးသွားမှာ ဖြစ်ပါတယ်...”
“သူတို့နောက်ကို လိုက်သွားကြပြီး ခင်ဗျားတို့ရဲ့ စိုက်ခင်း တည်နေရာကို သေချာ မှတ်သားထားကြပါ..."
“မနက်ဖြန်ကစပြီး ခင်ဗျားတို့ဘာသာ စိုက်ခင်းကို သွားကြရမှာ ဖြစ်ပြီး ကျွန်တော်တို့ ဝန်ထမ်းတွေက စိုက်ခင်းအခြေအနေကို နေ့တိုင်း လာရောက် စစ်ဆေးသွားမှာ ဖြစ်ပါတယ်...”
“ခွင့်မတိုင်ဘဲ အလုပ်ပျက်ကွက်တာကို တွေ့ရှိရင်တော့ အလုပ်ကနေ ထုတ်ပစ်မှာဖြစ်ပြီး တခြားလူနဲ့ အစားထိုးသွားမှာပါ..."
အထွေထွေ စည်းကမ်းချက်များကို ရှင်းပြပြီးနောက် ကြီးကြပ်ရေးမှူးသည် အခြားဝန်ထမ်းများနှင့် ခဏမျှ စကားပြောဆိုခဲ့ပြီးနောက် ဝန်ထမ်းများက အဖွဲ့နံပါတ်များကို စတင်ခေါ်ယူကြတော့သည်။
အလုပ်သမားများသည် မိမိတို့၏ နံပါတ်များကို ကြားရသောအခါ သက်ဆိုင်ရာ ဝန်ထမ်းများ၏ နောက်တွင် လျင်မြန်စွာ သွားရောက် ရပ်တန့်လိုက်ကြ၏။
မိနစ်အနည်းငယ်ကြာပြီးနောက် ဝန်ထမ်းများသည် အလုပ်သမားအုပ်စုများကို တစ်စုပြီးတစ်စု ခေါ်ဆောင်ကာ ထွက်ခွာသွားကြတော့သည်။
လူတိုင်း ထွက်ခွာသွားပြီးနောက် ရှို့ဝူနှင့် အခြားသူများသည် မနက်စာစားရန် ဗီလာသို့ ပြန်လာကြသည်။ သူတို့ သံတံခါးကြီးကို မဖြတ်သန်းမီ အချိန်၌ပင် စခန်းတစ်ခုလုံးတွင် အရေးပေါ် ဥဩသံများ ကျယ်လောင်စွာ မြည်ဟည်းသွားတော့သည်။
အချက်ပေးသံ ထွက်ပေါ်လာသည်နှင့် တံတိုင်းကို စောင့်ကြပ်နေသော ကင်းစောင့်များသည် သူတို့၏ လက်နက်များကို အသင့်ပြင်လိုက်ကြပြီး အခြားအစောင့်များသည်လည်း အုပ်စုလိုက် တံတိုင်းဆီသို့ အပြေးအလွှား သွားရောက်ခဲ့ကြလေသည်။
ဥဩသံများ ပျံ့လွင့်နေဆဲ ဖြစ်သော်လည်း သာမန်လူများသည် အလွန်တည်ငြိမ်နေကြသည်ကို ကျူးလင် သတိထားမိလိုက်သည်။
သူတို့ထဲမှ အများစုမှာ စပ်စုလိုစိတ်ဖြင့် အမိုးခုံးအိမ်လေးများထဲမှ ထွက်လာကာ ကြည့်ရှုနေကြပြီး ကျန်ရှိသောသူများမှာမူ ဘာမှမဖြစ်ခဲ့သကဲ့သို့ သူတို့ လုပ်ဆောင်စရာ ရှိသည်များကိုသာ ဆက်လက် လုပ်ဆောင်နေကြ၏။
သူတို့၏ တည်ငြိမ်သော အမူအရာကို မြင်သောအခါ သူမသည် မျက်ခုံးကို အသာအယာ ပင့်လိုက်ပြီး ပြောလိုက်သည်။
"ဒီလို အချိန်မျိုးမှာ ဒီလူတွေ ဒီလောက်တည်တည်ငြိမ်ငြိမ် ရှိနေနိုင်တာကို ကျွန်မ နည်းနည်းတော့ အံ့ဩမိတယ်..."
သူမ၏ စကားကို ကြားသောအခါ ထန်ဝေ့က ပြုံးလျက် ပြောလိုက်၏။
"ဒါပေါ့... သူတို့ တည်ငြိမ်နေကြတာက ကျွန်တော်တို့ရဲ့ အစောင့်တွေ အားလုံးက စွမ်းအားရှင်တွေ ဖြစ်လို့ပဲလေ... အခု ဖုတ်ကောင်တွေ လာတိုက်ခိုက်ရင်တောင် ကျွန်တော်တို့ရဲ့ စခန်းကို ဘာပြဿနာမှမရှိဘဲ ကာကွယ်နိုင်ပါတယ်..."
သူ ပြော၍ပင် မပြီးသေးမီ တံတိုင်းအပြင်ဘက်ဆီမှ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ပြင်းထန်သော တိုက်မိမှုကြောင့် မြေပြင်တစ်ခုလုံး အနည်းငယ် တုန်ခါသွားတော့သည်။
ဝုန်း… ဝုန်း… ဝုန်း…။