အခန်း ၂၀၇
Vol. 21 Ch. 207
အခန်း (၂၀၇) - အကူအညီ
နောက်တစ်စက္ကန့်တွင် လူငယ်တစ်ယောက်သည် ကပျာကယာ ပြေးဝင်လာကာ အော်ဟစ်လိုက်လေသည်။
"အစ်ကိုကြီးထန်... ဒါက အဆင့်မြင့် ဖုတ်ကောင်အုပ်စုရဲ့ တိုက်ခိုက်မှုပဲ..."
မိမိနာမည်ကို ခေါ်သံကြားသဖြင့် ထန်ဝေ့က နောက်သို့ လှည့်ကြည့်လိုက်ရာ ကင်းစောင့်အဖြစ် တာဝန်ကျနေသော မင်ဝေကြေးစားအဖွဲ့ဝင်တစ်ဦး သူတို့ဆီသို့ ပြေးလာသည်ကို မြင်လိုက်ရ၏။
ထိုလူငယ်သည် အသက်ကို ပြင်းပြင်းရှူသွင်းကာ ထန်ဝေ့ကို ကြည့်ပြီး ပြောလိုက်သည်။
"အဆင့်မြင့် ဖုတ်ကောင်အုပ်စုတစ်စုက ကောင်းကင်က ပြုတ်ကျလာသလိုမျိုး ရုတ်တရက် ပေါ်လာတာ... အခု ကျွန်တော်တို့ ညီအစ်ကိုတွေ အဲဒီဖုတ်ကောင်တွေနဲ့ တိုက်ခိုက်နေရတယ်... ဒါတင်မကသေးဘူး... ဒီအဆင့်မြင့် ဖုတ်ကောင်တွေက အစီအစဉ်တကျ ပြင်ဆင်လာပုံရတယ်..."
ရှို့ဝူက တည်ငြိမ်စွာ မေးလိုက်၏။
"ဒီဖုတ်ကောင်တွေ ငါတို့စခန်းကို ဘာလို့ တိုက်ခိုက်လဲဆိုတာ မင်းသိလား..."
လူငယ်သည် ခေါင်းခါယမ်းကာ ပြန်ပြောလိုက်သည်။
"ကျွန်တော်တို့လည်း မသိဘူး... ဒါပေမဲ့ ဖုတ်ကောင်တွေရဲ့ ခေါင်းဆောင်က အရမ်းချောတဲ့ အမျိုးသားတစ်ယောက်ပဲ... သူက လူသားတစ်ယောက်နဲ့ တူပေမဲ့ အဲဒီအဆင့်မြင့် ဖုတ်ကောင်တွေက သူ့အမိန့်ကို မနာခံဘဲ မနေရဲကြဘူး..."
ထိုစကား ထွက်လာသည်နှင့် လှပချောမောသော မျက်နှာတစ်ခုသည် ရှို့ဝူနှင့် ကျူးလင်တို့၏ စိတ်ထဲတွင် ပေါ်လာတော့သည်။ သူတို့နှစ်ဦးသည် အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ရေရွတ်လိုက်ကြ၏။
"လေ့ဟောက်ကျန့်..."
သူတို့ဘေးတွင် ရပ်နေသော ထန်ဝေ့က ဝင်မေးလိုက်၏။
"လောင်ရှို့... ရှောင်လင်... မင်းတို့နှစ်ယောက် ဒီလူကို သိကြတာလား..."
ကျူးလင်က အဖြေအဖြစ် ထန်ဝေ့ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ထိုလူငယ်ကို ကြည့်ကာ မေးလိုက်၏။
"သူ ဘယ်မှာလဲ..."
လူငယ်က ပြောလိုက်၏။
"ကျွန်တော့်နောက်လိုက်ခဲ့ပါ..."
ကျူးလင်နှင့် ရှို့ဝူတို့သည် ထိုလူငယ်နှင့်အတူ ထွက်သွားသည်ကို မြင်သောအခါ ကျီယန်နှင့် ထန်ဝေ့တို့လည်း အနောက်မှ အမြန် လိုက်သွားကြလေသည်။ မကြာမီပင် သူတို့သည် ဇုန်၅၏ ဝင်ပေါက်သို့ ရောက်ရှိလာကြ၏။
တံတိုင်းအပြင်ဘက်တွင် ရပ်နေသော လေ့ဟောက်ကျန့်နှင့် အဆင့်မြင့် ဖုတ်ကောင်အုပ်ကြီးကို မြင်လိုက်ရသောအခါ ကျူးလင်၏ မျက်မှောင်များ ကျဉ်းမြောင်းသွားတော့သည်။
သူမသည် တံတိုင်းကိုခြားလျက် လေ့ဟောက်ကျန့်ကို ရင်ဆိုင်ကာ အေးဆေးစွာ မေးလိုက်၏။
"သခင်လေးလေ့... ရှင် ဘာဖြစ်လို့ ကျွန်မတို့စခန်းကို လာတိုက်ခိုက်ရတာလဲ..."
လေ့ဟောက်ကျန့်သည် သူမကို မြင်သောအခါ သက်ပြင်းချနိုင်သွားရှာ၏။ သူသည် အားနာဟန်ဖြင့် ပြုံးပြကာ ပြောလိုက်၏။
"တောင်းပန်ပါတယ် မိန်းကလေးကျူး... ကျွန်တော့်မှာ တခြားရွေးချယ်စရာ မရှိလို့ပါ...”
“ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မိတ်မဆက်ရသေးခင်မှာပဲ မင်းလူတွေက ကျွန်တော့်ကို ရုတ်တရက် တိုက်ခိုက်ခဲ့ကြတယ်... ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ပဲ တုံ့ပြန်လိုက်ရတာပါ..."
သူ ထိုသို့ပြောလိုက်သည်နှင့် ရှိနေသူအားလုံးက သူ့ကို တုန်လှုပ်ခြောက်ခြားသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကြသည်။
အကြောင်းရင်းမှာ သူပြောသည့်စကားကြောင့် မဟုတ်ဘဲ သူပြောဆိုနေစဉ်တွင် သူတို့၏နားထဲ၌ ဟိန်းဟောက်သံ သို့မဟုတ် 'ဝူးဝူး' ဟူသော အသံများကိုသာ ကြားရသောကြောင့် ဖြစ်ပေသည်။
သူတို့၏ အမူအရာများကို မြင်လိုက်ရသောအခါ လေ့ဟောက်ကျန့်သည် ထိုဖုတ်ကောင်များနှင့် ကျူးလင်တို့သာ သူ၏စကားကို နားလည်နိုင်ကြောင်း သဘောပေါက်သွားတော့၏။ သူသည် စိတ်ပျက်လက်ပျက် သက်ပြင်းချကာ ပြောလိုက်၏။
"မိန်းကလေးကျူး... ကျွန်တော် ဒီကို အကူအညီတောင်းဖို့ လာရတာပါ... အခုချိန်မှာ ကျွန်တော်တို့ကို ကူညီနိုင်တာ မင်းတစ်ယောက်ပဲ ရှိတယ်...”
“မင်းရဲ့ အကူအညီသာ မရရင် ကျွန်တော်တို့ အဲဒီမကောင်းဆိုးဝါးလူတွေနဲ့ သေတဲ့အထိ တိုက်ခိုက်ရတော့မယ်..."
သူ၏စကားကို ကြားပြီးနောက် ကျူးလင်သည် ရှို့ဝူကို လှည့်ကြည့်ကာ ပြောလိုက်၏။
"သူက အကူအညီလာတောင်းတာပါ... တိုက်ခိုက်တာ မဟုတ်ပါဘူး...”
“ကင်းစောင့်တွေက သူတို့လာတာကို မြင်တော့ သခင်လေးလေ့ကို ရှင်းပြခွင့်မပေးဘဲ တိုက်ခိုက်လိုက်ကြတာ...”
“အဲဒါကြောင့် သခင်လေးလေ့ကလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရင်း ဒီလိုနားလည်မှုလွဲတာတွေ ဖြစ်သွားရတာပါ..."
သူမ၏စကားကြောင့် အားလုံးမှာ ဆွံ့အသွားရရှာ၏။ အဘယ်ကြောင့် သူတို့ကသာ ဤအဆင့်မြင့် ဖုတ်ကောင်များကို အနိုင်ကျင့်နေသလို ဖြစ်နေရသနည်း။
ကင်းစောင့်များ ဇဝေဇဝါ ဖြစ်နေစဉ်တွင် ကျီယန်က လေ့ဟောက်ကျန့်ကို ကြည့်ကာ မေးလိုက်၏။
"မင်း ငါတို့ဆီက ဘာအကူအညီ လိုချင်တာလဲ..."
သူတို့အချင်းချင်း ဆက်သွယ်၍ မရနိုင်သည်ကို ကျူးလင် သိသဖြင့် သူမကပင် စကားပြန်အဖြစ် ကူညီပေးလိုက်၏။
ကျီယန်၏မေးခွန်းကို ကျူးလင်က ဘာသာပြန်ပေးပြီးနောက် လေ့ဟော်ကျန့်သည် အိတ်ကပ်ထဲမှ တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ သူတို့ကို ပြသလိုက်သည်။
ထိုတံဆိပ်ပြားကို မြင်လိုက်ရသောအခါ ကျီယန်နှင့် အခြားသူများ၏ မျက်လုံးထဲ၌ အံ့ဩရိပ်များ ဖြတ်ပြေးသွားကြ၏။ ရှို့ဝူက လေ့ဟော်ကျန့်ကို ကြည့်ကာ မေးလိုက်၏။
"ဒီတံဆိပ်ပြားကို မင်း ဘယ်ကရလာတာလဲ..."
လေ့ဟောက်ကျန့်သည် တံဆိပ်ပြားကို ပြန်သိမ်းကာ ပြောလိုက်၏။
"ဒီတံဆိပ်ပြားကို လဲ့ဟော်စခန်းအနီးက လျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခုထဲမှာ ကျွန်တော် ရှာတွေ့ခဲ့တာ..."
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရှို့ဝူက ထပ်မံ မေးလိုက်ပြန်သည်။
"ဒီတံဆိပ်ပြားကိုပြပြီး မင်း ငါတို့ဆီက ဘာလိုချင်တာလဲ... ငါတို့ဆီက ဘာအကူအညီ လိုအပ်လို့လဲ..."
လေ့ဟောက်ကျန့်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်ပြောလိုက်၏။
"ကျွန်တော်တို့ကို မင်းတို့စခန်းမှာ ခဏလောက် နေခွင့်ပြုပါ... ကျွန်တော် သူတို့ကို လျှို့ဝှက်အဖွဲ့အစည်းလက်ထဲကနေ ကယ်တင်လာပြီးတဲ့နောက် အဲဒီလူတွေက အခု ကျွန်တော်တို့ကို လိုက်ရှာနေကြတယ်...”
“ကျွန်တော်တို့ လျှောက်မသွားဘဲ ငြိမ်ငြိမ်လေး ပုန်းနေပါ့မယ်လို့ ကတိပေးပါတယ်... တကယ်လို့ ကျွန်တော်တို့ထဲက တစ်ယောက်ယောက်က မင်းလူတွေကို ရန်ပြုရင် မင်းတို့ ကြိုက်သလို အပြစ်ပေး သတ်ဖြတ်နိုင်ပါတယ်..."
သူ၏စကားကို ကြားပြီးနောက် ရှို့ဝူက မျက်မှောင်ကြုတ်လိုက်၏။ သူသည် ကျီယန်ကို လှည့်ကြည့်ကာ မေးလိုက်၏။
"လောင်ယန်... ဒီကိစ္စကို မင်း ဘယ်လိုထင်လဲ..."
ကျီယန်က အသံကို နှိမ့်ကာ တိုးတိုးလေး ပြောလိုက်၏။
"သူတို့ကို လက်ခံဖို့က ပြဿနာမရှိဘူး... ငါတို့ ဖုတ်ကောင်လေးတွေနဲ့ ကလေးတွေကိုတောင် လက်ခံထားပြီးပြီပဲ...”
“ဒါပေမဲ့... စခန်းကလူတွေ ဒီကိစ္စကြောင့် တော်လှန်ပုန်ကန်ပြီး ဆူပူသောင်းကျန်းကြမှာကို စိုးရိမ်မိတယ်..."
ထိုစကားကို ကြားသောအခါ ထန်ဝေ့က ပါးကို ကုတ်လိုက်ပြီး နားမလည်နိုင်စွာ မေးလိုက်၏။
"လောင်ယန်... မင်းက အဲဒီလူတွေကို ဘာလို့ ကြောက်နေတာလဲ... သူတို့ ပြဿနာရှာရင် မောင်းထုတ်လိုက်ရုံပေါ့..."
“ငါတို့ ဒီစခန်းကို တည်ဆောက်ခဲ့တာက အဲဒီလူတွေအတွက် မဟုတ်ဘူး... ကလေးတွေနဲ့ ဖုတ်ကောင်လေးတွေ ငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့အတွက်လို့ ငါထင်ထားတာ...”
“တကယ်လို့ သူတို့က လူသားတွေကို ဆက်ပြီး ပုန်းရှောင်နေရဦးမယ်၊ ကြောက်နေရဦးမယ်ဆိုရင် ဒီစခန်းကို ဆောက်ရတဲ့ ရည်ရွယ်ချက်က ဘာထူးတော့မှာလဲ..."
သူ၏စကားကို ကြားပြီးနောက် ကျီယန် ဆွံ့အသွားရလေသည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူက ပြုံးလိုက်ပြီး ပြောလိုက်၏။
"မင်းပြောတာ မှန်တယ်... ငါတို့ ဒီစခန်းကို ဆောက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ မူလရည်ရွယ်ချက်ကို ငါမေ့မပစ်သင့်ဘူး..."
ထိုသို့ ပြောပြီးနောက် သူသည် ရှို့ဝူကို လှည့်ကြည့်ကာ ပြောလိုက်၏။
"လောင်ရှို့... သူတို့ကို ငါတို့ လက်ခံပေးလို့ရတယ်... သူတို့ နေထိုင်ဖို့ နေရာတစ်ခုကို ငါပြင်ဆင်ပေးမယ်...”
“ဒါပေမဲ့ လူတွေ သူတို့ကို ကျင့်သားမရမချင်း သူတို့တွေ တခြားနေရာတွေကို လျှောက်မသွားဖို့နဲ့ လူတွေကို မခြောက်လှန့်ဖို့ မျှော်လင့်တယ်..."
ရှို့ဝူက ခေါင်းညိတ်လိုက်ပြီး လေ့ဟောက်ကျန့်ကို ကြည့်ကာ မေးလိုက်၏။
"ဒီအခြေအနေတွေကို မင်း သဘောတူလား..."
လေ့ဟောက်ကျန့်သည် ဖုတ်ကောင်များနှင့် ခေတ္တမျှ စကားပြောဆိုပြီးနောက် ရှို့ဝူကို ခေါင်းညိတ်ပြကာ ပြောလိုက်၏။
"ကျွန်တော်တို့ သဘောတူပါတယ်... ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
သဘောတူညီမှု ရရှိသွားပြီဖြစ်၍ ရှို့ဝူသည် လက်ကို မြှောက်လိုက်ပြီး ကင်းစောင့်များကို သူတို့၏ တာဝန်ကျရာ နေရာများသို့ ပြန်သွားရန် ခိုင်းလိုက်ရာ သူ၏နောက်ကွယ်တွင် ရန်ယွမ်နှင့် သူ၏ လက်ရွေးစင် အဖွဲ့ဝင်များသာ ကျန်ရစ်တော့လေသည်။