← Chapters

အခန်း ၂၀၈

Vol. 21 Ch. 208

အခန်း ၂၀၈

Vol. 21 Ch. 208

အခန်း (၂၀၈) - ဖုတ်ကောင်လှိုင်းလုံးကြီး (၁)

လေ့ဟောက်ကျန့်၏ နောက်ကွယ်တွင် ငြိမ်သက်စွာ ရပ်နေကြသော အဆင့်မြင့်ဖုတ်ကောင်များကို ကြည့်ရင်း ကျူးလင်က ပြောလိုက်လေသည်။

"ကျီယန်က မင်းတို့တည်းခိုဖို့နေရာ မပြင်ဆင်ပေးခင်အထိ... လောလောဆယ်တော့ ငါ့သူငယ်ချင်း ဖုတ်ကောင်လေးနဲ့ပဲ အတူတူ နေထိုင်ပေးကြဦးနော်..."

ဖုတ်ကောင်များက သူမကို ခေါင်းညိတ်ပြကြပြီးနောက် ရှို့ဝူနှင့် စွမ်းအားရှင် အထူးချွန်ဆုံး အယောက်သုံးဆယ်ကျော်တို့၏ ဝန်းရံစောင့်ကြပ်မှုအောက်တွင် လေ့ဟောက်ကျန့်နှင့် ကျူးလင်တို့၏ နောက်သို့ လိုက်ပါကာ စခန်းအတွင်းသို့ ဝင်လာခဲ့ကြ၏။

လမ်းတစ်လျှောက်တွင် လူများက လေ့ဟောက်ကျန့်နှင့် ထိုဖုတ်ကောင်များကို စူးစမ်းလိုစိတ်၊ ကြောက်ရွံ့တုန်လှုပ်စိတ်တို့ဖြင့် ကြည့်ရှုနေကြလေသည်။

ထူထပ်သော မြူနှင်းများ၏ အပြင်ဘက်တွင်မူ လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး သံချပ်ကာအင်္ကျီများ ဝတ်ဆင်ထားသည့် လူတစ်စုက ထိုမြူထူထပ်သော နေရာကို စိုက်ကြည့်နေကြ၏။

၎င်းတို့၏ ခေါင်းဆောင်ဟု ထင်ရသော အမျိုးသားတစ်ဦးက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း မေးမြန်းလိုက်သည်။

"ဌာနချုပ်က သေချာတဲ့ အချက်အလက်တွေ ပို့ပေးပြီလား..."

ကွန်ပျူတာတွင် စာရိုက်နေသော အမျိုးသားတစ်ဦးက ခေါင်းခါယမ်းကာ ပြန်လည်ဖြေကြားလိုက်၏။

"မရသေးဘူး... ဒီဒေသရဲ့ ဂြိုဟ်တုလှိုင်းတွေက အရမ်းအားနည်းနေတာကြောင့် ဌာနချုပ်ဆီက အချက်အလက်တွေ ရယူဖို့ ခက်ခဲနေတုန်းပဲ..."

သူ၏စကားကို ကြားပြီးနောက် ခေါင်းဆောင်ဖြစ်သူက ခေတ္တမျှ တွေးတောလိုက်ပြီး အမိန့်ပေးလိုက်လေသည်။

"သတိနဲ့ စောင့်ကြည့်ပြီး ဌာနချုပ်ဆီက သတင်းကို စောင့်ကြ... ငါတို့ အဲဒီဖုတ်ကောင်တွေကို အမှားအယွင်းမရှိ ဖမ်းဆီးရမယ်... မဟုတ်ရင် နောက်တစ်ခါ ဖုတ်ကောင်ဖြစ်မယ့်သူတွေက ငါတို့ပဲ ဖြစ်သွားလိမ့်မယ်..."

ထိုစကားကို ကြားလိုက်ရသောအခါ အခြားသူများ၏ မျက်နှာများ ဖြူလျော်သွားကြတော့၏။ ဤတာဝန်၏ အရေးကြီးပုံကို သိနားလည်ထားကြသဖြင့် အားလုံးက ခေါင်းညိတ်ပြကြပြီး စိတ်ပိုင်းဖြတ်ထားသည့် လေသံဖြင့် ပြိုင်တူ ပြန်ပြောလိုက်ကြလေသည်။

"ဟုတ်ကဲ့ပါ ဗိုလ်ကြီး..."

လျှို့ဝှက်အဖွဲ့အစည်းက စေလွှတ်လိုက်သောသူများ ဝူလင်စခန်းအပြင်ဘက်၌ ချောင်းမြောင်းနေစဉ် အဆင့်မြင့်ဖုတ်ကောင်များနှင့် လေ့ဟောက်ကျန့်တို့သည် အကာအကွယ်အတားအဆီး၏ ရှေ့၌ ရပ်နေကြ၏။

မမြင်ရသော အကာအကွယ်အတားအဆီးကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ဝေခွဲမရ ဖြစ်နေသော ၎င်းတို့၏ အမူအရာကို ကြည့်ကာ ကျူးလင်က အနည်းငယ် ပြုံးလိုက်မိသည်။

သူမသည် လက်ချောင်းလေးများကို ရိုးရှင်းစွာ လှုပ်ရှားလျက် မန္တန်လက်ကွက်တစ်ခု ဖော်ဆောင်လိုက်ပြီး လက်ညှိုးနှင့် လက်ခလယ်တို့ဖြင့် ထိုအကာအကွယ်ကို ခပ်ဖွဖွလေး တို့ထိလိုက်လေသည်။

နောက်တစ်စက္ကန့်တွင် အကာအကွယ်အတားအဆီးသည် လင်းလက်တောက်ပသွား၏။ အကာအကွယ်ပေါ်၌ အက်ကွဲကြောင်း သေးသေးလေးတစ်ခု ပေါ်ထွက်လာသည့် တစ်ပြိုင်နက် ထိုဟက်တက်ကွဲကြောင်းလေးထဲမှ နတ်ဘုရားစွမ်းအင်များ အပြင်သို့ စီးဆင်းလာခဲ့ချေပြီ။

အကာအကွယ်နှင့် မလှမ်းမကမ်းတွင် ရပ်နေကြသော လေ့ဟောက်ကျန့်နှင့် ဖုတ်ကောင်များသည် လန်းဆန်းသစ်လွင်စေသည့် ထိုနတ်ဘုရားစွမ်းအင်များနှင့် မမျှော်လင့်ဘဲ တိုက်ရိုက်ထိတွေ့လိုက်ရလေသည်။

နတ်ဘုရားစွမ်းအင်များသည် ၎င်းတို့၏ ခန္ဓာကိုယ်ထဲသို့ တိုက်ခတ်ဝင်ရောက်သွားသည်နှင့် ခန္ဓာကိုယ်တွင်းရှိ ပူလောင်လှသော နာကျင်မှုများ လုံးဝကွယ်ပျောက်သွားပြီး နွေးထွေးပြီး မိန်းမောဖွယ်ကောင်းသော ခံစားချက်ကိုသာ ချန်ထားခဲ့တော့၏။

ဤအဆင့်မြင့်ဖုတ်ကောင်အုပ်စုထဲတွင် လေ့ဟောက်ကျန့်တစ်ဦးတည်းသာလျှင် ခန္ဓာကိုယ်တွင်းမှ မူးယစ်မိန်းမောမှုများ လျင်မြန်စွာ တိုးပွားလာနေသော်လည်း မတ်မတ်ရပ်တည်နိုင်စွမ်း ရှိနေသေးသည်။

ကျူးလင် လှည့်ကြည့်လိုက်သောအခါ မြင်တွေ့လိုက်ရသည်မှာ အရက်မူးသကဲ့သို့ ယိမ်းထိုးနေကြသော ဖုတ်ကောင်အုပ်စုနှင့် ခေါင်းတွေမူးနောက်နေသည့် လေ့ဟောက်ကျန့်တို့ပင်။ ၎င်းတို့ကို ကြည့်ရင်း ကျူးလင်မှာ ဆွံ့အသွားရရှာသည်။

"..."

'ဒီလောက် နတ်ဘုရားစွမ်းအင် အနည်းငယ်လေးနဲ့တင် မင်းတို့အားလုံး မူးနေကြပြီလား... တကယ်လို့ အကာအကွယ်ထဲ ဝင်သွားရင် မေ့လဲသွားကြတော့မှာ မဟုတ်ဘူးလား...'

ကျူးလင်နှင့် အခြားသူများက မူးဝေနေသော လဲ့ဟောက်ကျန့်နှင့် ယိမ်းထိုးနေကြသော အဆင့်မြင့်ဖုတ်ကောင်များကို ကြည့်နေစဉ် ဝူလင်စခန်းအပြင်ဘက်ရှိ မရေမတွက်နိုင်သော ဖုတ်ကောင်များနှင့် မျိုးဗီဇပြောင်းသတ္တဝါများမှာ ရုတ်တရက် ဂဏာမငြိမ်ဖြစ်လာကြပြီး ထူထပ်သော မြူနှင်းများအပြင်ဘက်၌ စောင့်ဆိုင်းနေသော လူများကို လန့်ဖျန့်သွားစေတော့၏။

အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာပြီး တဖြည်းဖြည်း နီးကပ်လာနေသော ဖုတ်ကောင်များနှင့် မျိုးဗီဇပြောင်းသတ္တဝါများ၏ ဟိန်းဟောက်သံများကြောင့် ဗိုလ်ကြီးဖြစ်သူက ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ဝေ့ဝဲကြည့်ရှုလိုက်၏။

ဤကဲ့သို့ ရုတ်ချည်းပြောင်းလဲသွားသော အခြေအနေကို မြင်သောအခါ ဗိုလ်ကြီးက သွားကိုတင်းတင်းကြိတ်ရင်း အဖွဲ့ဝင်တစ်ဦးကို ကြည့်ကာ မေးမြန်းလိုက်လေသည်။

"ဘာတွေဖြစ်နေတာလဲ..."

ကွန်ပျူတာပေါ်တွင် စာရိုက်ရန် အလုပ်ရှုပ်နေသော ထိုအမျိုးသားက မျက်နှာပြင်ကို စိုက်ကြည့်ရင်း ချက်ချင်းပြန်ဖြေလိုက်၏။

"ဗိုလ်ကြီး... ဖုတ်ကောင်တွေနဲ့ မျိုးဗီဇပြောင်းသတ္တဝါတွေရဲ့ လှိုင်းလုံးကြီးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာပြီး အရမ်းမြန်တဲ့အရှိန်နဲ့ ဒီဘက်ကို ဦးတည်လာနေတယ်... ခန့်မှန်းခြေ နောက်ထပ်သုံးမိနစ်အတွင်း ကျွန်တော်တို့ရှိတဲ့နေရာကို ရောက်လာလိမ့်မယ်..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် ရှိနေသူအားလုံး၏ မျက်နှာအမူအရာများ ချက်ချင်း ပျက်ယွင်းသွားကြ၏။ ဖုတ်ကောင်လှိုင်းလုံးကြီးများက မည်မျှအထိ အန္တရာယ်ကြီးမားသည်ကို ၎င်းတို့ ကောင်းစွာ သိနားလည်ကြသည်။

ခေါင်းဆောင်မရှိသော ဖုတ်ကောင်လှိုင်းလုံးအသေးစားလေးတစ်ခုသည်ပင် လတ်တလော အလတ်စားနှင့် အသေးစားစခန်းများကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။

ထို့အပြင် မျိုးဗီဇပြောင်းသတ္တဝါများပါ ပူးပေါင်းလာပါက ဤဖျက်ဆီးအားသည် ၎င်းတို့၏ လျှို့ဝှက်အဖွဲ့အစည်းကဲ့သို့သော စခန်းကြီးများကိုပင် မြေလှန်ပစ်နိုင်ချေရှိ၏။

အခြေအနေ၏ စိုးရိမ်ရမှုကို ရိပ်မိလိုက်သော ဗိုလ်ကြီးသည် ချက်ချင်း ဆုံးဖြတ်ချက်ချကာ ပြောလိုက်လေသည်။

"အခုချက်ချင်း ထွက်သွားကြမယ်..."

စက္ကန့်နှစ်ဆယ်အတွင်း ၎င်းတို့သည် ထိုနေရာမှ ထွက်ခွာသွားကြပြီး တတ်နိုင်သမျှ အရှိန်အဟုန်ဖြင့် မောင်းနှင်ပြေးလွှားသွားကြတော့၏။

မကြာမီ ဟိန်းဟောက်သံများနှင့်အတူ မြေပြင်ကြီး တုန်ခါလာသည်ကို ၎င်းတို့ ခံစားလိုက်ရသည်။

၎င်းတို့ ထွက်ခွာသွားပြီး နှစ်မိနစ်အကြာတွင် ဖုတ်ကောင်များနှင့် မျိုးဗီဇပြောင်းသတ္တဝါများ၏ လှိုင်းလုံးကြီးသည် ထိုနေရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပြီး ထူထပ်သော မြူနှင်းများအတွင်းသို့ ရူးသွပ်စွာ တိုးဝင်သွားကြလေတော့သည်။

ဝုန်း... ဒိုင်း... ဝုန်း... ဒိုင်း... ဝုန်း...

ထူထပ်သော မြူနှင်းများအတွင်းတွင် ဖုတ်ကောင်များနှင့် မျိုးဗီဇပြောင်းသတ္တဝါများသည် ဇုနန်၅၏ တံတိုင်းကို ဝင်တိုက်မိကြသောအခါ ဆက်တိုက် တိုက်မိသံများနှင့်အတူ ပူလောင်ညှော်နံ့များပါ ထွက်ပေါ်လာ၏။

ထိုအချိန်၌ ကျူးလင်သည် ရုတ်တရက် အရပ်မျက်နှာတစ်ခုသို့ ကြည့်လိုက်ပြီး မျက်ခုံးအစုံကို အနည်းငယ် တွန့်ကွေးလိုက်လေသည်။

သူမ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို ရှို့ဝူက မြင်တွေ့သွားပြီးနောက် မေးလိုက်၏။

"ဘာဖြစ်လို့လဲ..."

သူမက မြောက်ဘက်ဆီသို့ လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။

"အဲဒီဘက်ကနေ ဖုတ်ကောင်တွေနဲ့ မျိုးဗီဇပြောင်းသတ္တဝါတွေ အုပ်စုလိုက်ကြီး တိုက်ခိုက်လာနေကြတယ်..."

သူမ၏ စကားဆုံးသည်နှင့်တစ်ပြိုင်နက် ရှို့ဝူက မျက်ခုံးကို တွန့်လိုက်ပြီး ပြောလိုက်၏။

"ဖုတ်ကောင်လှိုင်းလုံးကြီးပဲ..."

ကျူးလင်က ပြန်မမေးမြန်းနိုင်ခင်မှာပင် ရှို့ဝူက အခြားသူများကို ကြည့်ကာ အော်ပြောလိုက်လေသည်။

"ဖုတ်ကောင်လှိုင်းလုံးကြီး ကျရောက်လာပြီ... အားလုံး တိုက်ပွဲအတွက် ပြင်ဆင်ကြ..."

သူ၏အမိန့်အရ ရန်ယွမ်နှင့် အခြားကြေးစားအဖွဲ့ခေါင်းဆောင်တစ်ဦးတို့သည် ၎င်းတို့၏ အဖွဲ့ဝင်များကို လျင်မြန်စွာ စုစည်းလိုက်ကြတော့၏။

အဖွဲ့အစည်းမရှိသော အဖွဲ့ငယ်များနှင့် အထူးစွမ်းအားရှင်များသည် တိုက်ပွဲဝင်ပစ္စည်းများ ထုတ်ယူရန်အတွက် မစ်ရှင်စင်တာသို့ အရင်သွားရောက်ကြပြီးနောက် ဖုတ်ကောင်လှိုင်းလုံးကြီးကို ခုခံကာကွယ်ရန် တံတိုင်းဆီသို့ အပြေးအလွှား သွားကြလေသည်။

အားလုံးက တိုက်ပွဲအတွက် အလုပ်ရှုပ်နေကြစဉ် ရှို့ဝူက ကျူးလင်ကို ကြည့်ကာ ပြောလိုက်၏။

"ရှောင်လင်... မင်း ဒီမှာနေပြီး သူတို့ကို စောင့်ကြည့်ပေးထားလို့ ရမလား..."

ရှို့ဝူပြောသော 'သူတို့' ဆိုသည်မှာ လေ့ဟောက်ကျန့်နှင့် အဆင့်မြင့်ဖုတ်ကောင်များကို ရည်ညွှန်းမှန်း ကျူးလင် သိပေသည်။

သူမသည် ဖုတ်ကောင်လှိုင်းလုံးကြီးက မည်မျှအထိ ဘေးဆိုးကြီးဖြစ်သည်ကို သေချာမသိသော်လည်း အရမ်းအန္တရာယ်ရှိသည်ကိုတော့ နားလည်သည်။ သူမသည် ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။

"အင်း... ရှင်လည်း သတိထားနော်..."

ရှို့ဝူက သူမကို ပြုံးပြပြီး နဖူးကို ခပ်ဖွဖွလေး နမ်းရှုပ်လိုက်ပြီးနောက် အခြားသူများနှင့်အတူ ထွက်ခွာသွားလေသည်။ ပတ်ဝန်းကျင်၏ လေထုမှာ တင်းမာလာသည်ကို မြင်သောအခါ ကျူးလင်က လေ့ဟောက်ကျန့်ကို တို့ထိလိုက်ပြီး ပြောလိုက်၏။

"သခင်လေးလေ့... ကျွန်မတို့ အခု အထဲဝင်ကြရအောင်..."

သူမ၏ တို့ထိမှုကို ခံလိုက်ရပြီးနောက် လေ့ဟောက်ကျန့်၏ မူးဝေနေသော ဦးနှောက်မှာ အနည်းငယ် ကြည်လင်သွား၏။ သူသည် အသိပြန်ဝင်လာစေရန် ဦးခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး ပြောလိုက်လေသည်။

"အင်း... သွားကြစို့..."

သူ မူးဝေနေဆဲဖြစ်သည်ကို မြင်သောအခါ ကျူးလင်သည် သူမ၏ ဝိညာဉ်နန်းတော်ထဲမှ ကြိုးနီတစ်ချောင်းကို ထုတ်ယူလိုက်၏။

သူမသည် ထိုကြိုးနီလေးကို လေ့ဟောက်ကျန့်ဆီသို့ ခပ်ဖွဖွလေး ပစ်လွှတ်လိုက်လေသည်။ နောက်တစ်စက္ကန့်တွင် ထိုနတ်ဘုရားရတနာသည် လဲ့ဟောက်ကျန့်နှင့် အခြားဖုတ်ကောင်များ၏ လက်ကောက်ဝတ်များဆီသို့ ရစ်ပတ်သွားတော့၏။

ကျူးလင်က ကြိုးနီလေးကို ဆွဲယူလျက် ၎င်းတို့ကို အကာအကွယ်အတားအဆီးထဲသို့ ခေါ်ဆောင်သွားလေတော့သည်။

All Chapters