အခန်း ၂၀၉
Vol. 21 Ch. 209
အခန်း (၂၀၉) - ဖုတ်ကောင်လှိုင်းလုံးကြီး (၂)
နောက်ဆုံးဖုတ်ကောင်သည် အကာအကွယ်အတားအဆီးအတွင်းသို့ ခြေလှမ်းလှမ်းဝင်လာသောအခါ ကျူးလင်က လက်ကို ဝှေ့ယမ်းလိုက်၏။
ထိုအခါ ဟာကွက်လေးမှာ ပျောက်ကွယ်သွားပြီး နတ်ဘုရားစွမ်းအင်များ အပြင်သို့ စီးထွက်မသွားစေရန် ပိတ်ဆို့သွားတော့သည်။
ဟာကွက်ငယ်လေးကို ပိတ်ဆို့ပြီးနောက် ကျူးလင်က နောက်သို့ လှည့်ကြည့်လိုက်ရာ အဆင့်မြင့်ဖုတ်ကောင်များသည် မြေပြင်ပေါ်သို့ လဲကျသွားကာ မလှုပ်မယှက် ရှိနေကြသည်ကို မြင်လိုက်ရ၏။
သူမသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ခဏမျှ တွေးတောကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း မေးလိုက်သည်။
"ဖုတ်ကောင်လေး... မင်း ဒီမှာ ရှိလား..."
နောက်တစ်စက္ကန့်တွင် ဂါဝန်ဖြူလေး ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးသည် သူမ၏ ရှေ့၌ ပေါ်လာပြီး ပြုံးလျက် မေးလိုက်၏။
"အစ်မကြီး... သမီးကို ခေါ်နေတာလား..."
ကျူးလင်က ဖုတ်ကောင်လေးကို ခေါင်းညိတ်ပြလိုက်ပြီး မေးလိုက်သည်။
"ဒီဖုတ်ကောင်တွေကို မင်းရဲ့ ဗီလာဆီ ရွှေ့ဖို့ ကူညီပေးနိုင်မလား..."
သူမ၏ တောင်းဆိုမှုကို ကြားသောအခါ ဖုတ်ကောင်လေးသည် မြေပြင်ပေါ်၌ သတိမေ့မြောနေကြသော ဖုတ်ကောင်တစ်စုကို လှည့်ကြည့်လျက် မေးလိုက်၏။
"သူတို့လည်း အဲဒီလူဆိုးတွေရဲ့ နှိပ်စက်မှုကို ခံထားရတဲ့ သားကောင်တွေပဲလား..."
"ဟုတ်တယ်... သူတို့တွေကို လိုက်ဖမ်းနေတဲ့သူတွေဆီကနေ လွတ်မြောက်ဖို့ ငါတို့ ကူညီပေးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီကိုလာခဲ့ကြတာပဲ..."
ကျူးလင်က မြေပြင်ပေါ်ရှိ ဖုတ်ကောင်များကို ကြည့်လျက် ပြန်လည်ဖြေကြားလိုက်သည်။
ဖုတ်ကောင်လေးက ခေါင်းညိတ်လျက် ပြောလိုက်၏။
"သမီးတို့ သူတို့ကို သေချာပေါက် ကူညီရမယ်..."
ထိုသို့ ပြောပြီးနောက် ဖုတ်ကောင်လေးက ကျူးလင်ကို ကြည့်ကာ မေးလိုက်သည်။
"အစ်မကြီး... တခြားသူတွေကိုလည်း ကူညီပေးလို့ရမလား... သမီးတို့လို ဖုတ်ကောင်တွေအများကြီး အပြင်မှာ အဲဒီလူတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံနေရတုန်းပဲ..."
ဤကမ္ဘာကြီးသည် အဘယ်ကြောင့် ယခုကဲ့သို့ ဖြစ်ပျက်သွားရသည်ဟူသော အကြောင်းရင်းနှင့် ပတ်သက်၍ လီချိုးက သူမအား ပြောပြခဲ့ဖူးသည်ကို ကျူးလင် ပြန်လည်အမှတ်ရမိသွားသည်။
သူမသည် ဖုတ်ကောင်လေးကို ပြုံးပြလိုက်ပြီး ၎င်း၏ ဆံပင်ကို အသာအယာ ပွတ်သပ်ပေးရင်း ပြောလိုက်၏။
"အင်း... ငါတို့ တတ်နိုင်သမျှ ကူညီပြီး ကယ်တင်ရမှာပေါ့..."
စိမ်းပြာရောင် သန်းမနေတော့ဘဲ လူသားတစ်ဦးနှင့် အတော်လေး တူညီနေပြီဖြစ်သော ဖုတ်ကောင်လေး၏ မျက်နှာကို ကြည့်ရင်း ကျူးလင်က ဆက်ပြောလိုက်သည်။
"နောင်တစ်ချိန်ကျရင် မင်းတို့အားလုံး လူသားတွေအဖြစ် ပြန်ပြောင်းလဲသွားနိုင်မလား မသိဘူးနော်..."
သူမ၏ စကားကို ကြားသောအခါ ဖုတ်ကောင်လေး၏ မျက်လုံးများ တောက်ပသွားပြီး မေးလိုက်၏။
"တကယ်လား... သမီးတို့ တကယ်ပဲ လူသားတွေအဖြစ် ပြန်ပြောင်းလဲနိုင်မှာလား... သမီး တခြားလူတွေနဲ့ ပြန်စကားပြောပြီး ကစားလို့ ရနိုင်ဦးမလား..."
ကျူးလင်က ခေါင်းညိတ်လျက် ပြောလိုက်သည်။
"ရတာပေါ့... ဒီမှာ လိမ်လိမ်မာမာနဲ့ နေထိုင်ပြီး အစ်မသင်ပေးတဲ့အတိုင်း နတ်ဘုရားစွမ်းအင်ကို စုပ်ယူပြီး ခန္ဓာကိုယ်ထဲက မိစ္ဆာစွမ်းအင်တွေကို သန့်စင်ပေးသရွေ့တော့ လူသားတစ်ယောက် ပြန်ဖြစ်လာမှာပဲ..."
သူမ၏ စကားကို ကြားပြီးနောက် ဖုတ်ကောင်လေးသည် တောက်ပစွာ ပြုံးလျက် ပြောလိုက်၏။
"ဟုတ်ကဲ့... သမီး ခန္ဓာကိုယ်ထဲက မြူမည်းတွေကို သန့်စင်ဖို့ အရမ်းကြိုးစားမှာပါ..."
ကျူးလင်က ဖုတ်ကောင်လေး၏ ခေါင်းကို ပုတ်ပေးလိုက်ပြီး မြေပြင်ပေါ်ရှိ သတိမေ့နေသော ဖုတ်ကောင်များကို ညွှန်ပြလျက် ပြောလိုက်သည်။
"ကဲ... အခုတော့ တခြားလူတွေကို မခြောက်လှန့်မိအောင် သူတို့ကို အရင်ဆုံး ရွှေ့လိုက်ကြရအောင်..."
ဖုတ်ကောင်လေး၏ အကူအညီဖြင့် ကျူးလင်သည် သတိမေ့မြောနေသော လေ့ဟော်ကျန့်နှင့် အဆင့်မြင့်ဖုတ်ကောင် ငါးဆယ်ကျော်ကို ဖုတ်ကောင်လေး နေထိုင်သည့် ဗီလာသို့ ခေါ်ဆောင်သွားလိုက်၏။
တစ်ချိန်တည်းမှာပင် ရှို့ဝူသည် အကာအရံ၏ နောက်ကွယ်တွင် မတ်တပ်ရပ်လျက် အကာအရံဆီသို့ တိုးဝှေ့ဝင်ရောက်လာစဉ် မီးကျွမ်းခံလိုက်ရသော ဖုတ်ကောင်များနှင့် မျိုးဗီဇပြောင်းလဲထားသော သားရဲများကို ကြည့်ရှုနေသည်။
အလောင်းများ အပုံလိုက် စုပုံနေသည်ကို မြင်သောအခါ သူက တည်ငြိမ်စွာ အမိန့်ပေးလိုက်၏။
"အလောင်းတွေကို မီးရှို့လိုက်..."
သူ၏ အမိန့်ပေးမှုနောက်တွင် မီးဓာတ်စွမ်းအားရှင်များသည် တစ်ဦးပြီးတစ်ဦး ရှေ့သို့ တိုးထွက်လာကြသည်။ ထန်ဝေ့က ခေါင်းဆောင်အဖြစ် ရှေ့ဆုံးမှ မတ်တပ်ရပ်လျက် လက်များကို မြှောက်ကာ ၎င်းတို့၏ စွမ်းအားများကို ထုတ်ဖော်လိုက်ကြ၏။
"မီးလုံး..."
"မီးမုန်တိုင်း..."
"မီးတံတိုင်း..."
နောက်တစ်စက္ကန့်တွင် ထိုစွမ်းအားများသည် ဖုတ်ကောင်များဆီသို့ ဦးတည်သွားပြီး မီးတံတိုင်းက အကာအရံရှေ့တွင် စုပုံနေသော အလောင်းများကို မီးတောက်စေသည်။ ထို့နောက် မီးမုန်တိုင်းက ဖုတ်ကောင်များကို ဝါးမြိုသွားပြီး ပြာအဖြစ်သို့ ပြောင်းလဲပစ်လိုက်လေသည်။
ဘုန်း... ဘုန်း... ဘုန်း...
တိုက်ခိုက်မှု အနည်းငယ် ပြုလုပ်ပြီးနောက် ဖုတ်ကောင်များနှင့် မျိုးဗီဇပြောင်းလဲထားသော သားရဲများ၏ အရေအတွက်မှာ လျော့နည်းသွား၏။
သို့သော် တိုးပွားလာသော အရေအတွက်နှင့် နှိုင်းယှဉ်ပါက အကာအရံပေါ်ရှိ ဖိအားမှာ လုံးဝ လျော့ကျမသွားပေ။
ရှို့ဝူသည် အကာအရံနောက်၌ ရပ်ကာ အခြေအနေကို ခေတ္တမျှ စောင့်ကြည့်ပြီးနောက် နောက်ဘက်မှ ဖုတ်ကောင်များနှင့် မျိုးဗီဇပြောင်းလဲထားသော သားရဲများသည် ထုံးစံထက် ပိုမိုနှေးကွေးစွာ လှုပ်ရှားနေကြသည်ကို သတိပြုမိသွားသည်။ သူက ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်၏။
"လောင်ယန်… နောက်ဘက်က ဖုတ်ကောင်တွေနဲ့ သားရဲတွေက ရှေ့ကကောင်တွေထက် ပိုနှေးနေတယ်လို့ မထင်ဘူးလား..."
ကျီယန်က ဖုတ်ကောင်အုပ်စု၏ နောက်ကွယ်ရှိ ဖုတ်ကောင်များကို လှည့်ကြည့်လျက် ပြောလိုက်သည်။
"အဲဒီလိုပဲ ထင်ရတာပဲ..."
သူသည် ဖုတ်ကောင်များကို ခေတ္တမျှ မျက်မှောင်ကြုတ် ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။
"လောင်ရှို့... သူတို့ရဲ့ အဆစ်တွေကို ကြည့်လိုက်ဦး..."
သူ၏ စကားကြောင့် ရှို့ဝူက ဖုတ်ကောင်များ၏ အဆစ်များကို ကြည့်လိုက်ရာ ၎င်းတို့အားလုံး အေးခဲနေသည်ကို တွေ့ရှိသွား၏။ ဤသည်ကို မြင်သောအခါ သူ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး အမိန့်ပေးလိုက်တော့သည်။
"ရေဓာတ်စွမ်းအားရှင်တွေ... မီးဓာတ်စွမ်းအားရှင်တွေနဲ့ နေရာချင်းလဲလိုက်ကြ... ရေဓာတ်ကို ထုတ်လွှတ်ပြီး ဖုတ်ကောင်တွေနဲ့ သားရဲတွေကို တတ်နိုင်သမျှ ရေနဲ့ စိုစွတ်စေလိုက်..."
ထိုစကားထွက်လာသည်နှင့် စွမ်းအားရှင်များသည် အချိန်မဆွဲဘဲ နေရာချင်း လဲလှယ်လိုက်ကြသည်။
၎င်းတို့၏ စိတ်ထဲတွင် သံသယများ ရှိနေကြသော်လည်း ရှို့ဝူ၏ ညွှန်ကြားချက်ကို လိုက်နာကြဆဲပင်။
ရေဓာတ်စွမ်းအားရှင်များ နေရာယူပြီးသောအခါ ထန်ဝေ့က လက်ကိုမြှောက်ကာ ပြန်ချလျက် အမိန့်ပေးလိုက်၏။
"ပစ်ခတ်ကြ..."
သူ၏ အမိန့်ပေးမှုနှင့်အတူ မရေမတွက်နိုင်သော ရေလုံးများနှင့် ရေဓားများသည် ဖုတ်ကောင်များနှင့် သားရဲများဆီသို့ ပစ်ခတ်သွားကြတော့သည်။
၎င်းသည် ပြင်းထန်သော ဒဏ်ရာကို မရစေသော်လည်း ရေများသည် စက္ကန့်ပိုင်းအတွင်း အေးခဲသွားကာ ဖုတ်ကောင်များနှင့် သားရဲများကို ရေခဲရုပ်ထုများအဖြစ် ပြောင်းလဲပစ်လိုက်လေသည်။ မိမိ၏ အစီအစဉ် အောင်မြင်သည်ကို မြင်သောအခါ ရှို့ဝူက ပြောလိုက်၏။
"လျှပ်စီးဓာတ်စွမ်းအားရှင်တွေ... မင်းတို့အလှည့်ပဲ..."
သူ၏ စကား ဆုံးသည်နှင့် အမျိုးသား၊ အမျိုးသမီး ငါးဆယ်ကျော်သည် အကာအရံအနီးရှိ အဆောက်အအုံ အမိုးများပေါ်တွင် မတ်တပ်ရပ်လျက် ၎င်းတို့၏ စွမ်းအားများကို ဖော်ထုတ်လိုက်ကြသည်။
လျှပ်စီးဓာတ်စွမ်းအား အကောင်းဆုံးပိုင်ရှင်များထဲမှ တစ်ဦးဖြစ်သော ဝမ်ရှန့်ရီသည်လည်း တိုက်ပွဲတွင် ပါဝင်လာခဲ့၏။
မင်ဝေကြေးစားအဖွဲ့၏ ဒုတိယအဖွဲ့ခေါင်းဆောင် လျန်မင်နှင့် သူသည် မည်သူက ဖုတ်ကောင်နှင့် သားရဲများကို ပိုမိုသတ်ဖြတ်နိုင်မည်နည်းဟု တိတ်တဆိတ် ပြိုင်ဆိုင်နေကြသောကြောင့် ၎င်းတို့ ဆင့်ခေါ်လိုက်သော လျှပ်စီးမုန်တိုင်းများ၏ ဖျက်ဆီးအားမှာ တစ်စက္ကန့်ထက်တစ်စက္ကန့် ပိုမိုပြင်းထန်လာတော့သည်။
ဘုန်း... ဘုန်း... ဘုန်း... ဂျိန်း...
နားကွဲမတတ် ပြင်းထန်သော မိုးကြိုးသံများသည် မြေပြင်ပေါ်သို့ ကျရောက်လာပြီး အေးခဲနေသော ဖုတ်ကောင်များကို အပိုင်းပိုင်းအစစ ဖြစ်သွားစေကာ ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များကိုလည်း တစ်ပြိုင်နက်တည်း လျှပ်စစ်စီးဆင်းသွားစေသည်။
ထိုအသံမှာ အလွန်တုန်လှုပ်ဖွယ် ကောင်းလှသဖြင့် သာမန်လူအများစုမှာ ၎င်းတို့၏ အဆောက်အအုံများအတွင်းသို့ ပြန်လည်ဝင်ပြေးကြပြီး အပြင်သို့ပင် ချောင်းမကြည့်ရဲကြတော့ပေ။
တိုက်ပွဲသည် ခုနစ်နာရီကျော်ကြာ ဆက်လက်ဖြစ်ပွားခဲ့သော်လည်း အကာအရံပတ်ပတ်လည်ရှိ ဖုတ်ကောင်များနှင့် သားရဲများ၏ အရေအတွက်မှာ အနည်းငယ်သာ လျော့နည်းသွားသည်။
ထိုဖုတ်ကောင်များ၏ ဟိန်းဟောက်သံများကြောင့် ပိုမိုများပြားသော ဖုတ်ကောင်များ ဆွဲဆောင်ခြင်းခံနေရစဉ် ကျီယန်သည် မိမိဘေးပတ်ဝန်းကျင်ရှိ မောပန်းနွမ်းနယ်ကာ မျက်နှာပျက်ယွင်းနေသော စွမ်းအားရှင်များကို ကြည့်လျက် မျက်မှောင်ကြုတ်လိုက်မိတော့သည်။