အခန်း ၉၆၅
Vol. 92 Ch. 965
အခန်း (၉၆၅) - လှပကျော့ရှင်းသော တာအိုလက်တွဲဖော်၊ သတ္တမအဆင့် ရွှေအလင်းအဆိပ်တစ်ထောင်ကူ၊ ဖီးနစ်အင်မော်တယ်စံအိမ်တော် ပေါ်ထွက်လာခြင်း (၅)
"ဒါဆိုရင် ဖီးနစ်အင်မော်တယ်စံအိမ်တော်ထဲမှာ တကယ်တမ်း ဘယ်လိုမျိုးလဲ... အဲဒီကို ရောက်ဖူးတဲ့သူ ရှိလား..."
"အဲဒါကတော့ မျိုးနွယ်စုထဲက သမိုင်းမှတ်တမ်းတွေအရ ပြောရရင် ဒီဖီးနစ်အင်မော်တယ်စံအိမ်တော်က အင်မော်တယ်ကမ္ဘာက အစစ်အမှန်ဝိညာဉ် ဖီးနစ်ရဲ့ နေအိမ်ပဲ... ဘာအကြောင်းကြောင့် အင်မော်တယ်ကမ္ဘာကနေ ပြုတ်ကျလာပြီး ဝိညာဉ်ကမ္ဘာမှာ အခုထိ ရှိနေရတာလဲ ဆိုတာကိုတော့ မသိရဘူး..."
"ဖီးနစ်အင်မော်တယ်စံအိမ်တော်ထဲမှာက ဧရာမ လျှို့ဝှက်နယ်မြေ ကမ္ဘာကြီးတစ်ခုလိုပဲလို့ ကြားတယ်... အချင်းက ကီလိုမီတာ ဆယ်ဘီလီယံကျော်တောင် ရှိတယ်... အဲဒီထဲမှာ တောင်တန်းတွေက အစီအရီနဲ့ တိမ်တွေထိတောင် မြင့်မားနေတာ... ပြီးတော့ မရေမတွက်နိုင်တဲ့ အစွမ်းထက် ရှေးဟောင်းသားရဲတွေလည်း နေထိုင်ကြသေးတယ်... မဟာယာနအဆင့်နဲ့ ညီမျှတဲ့ ရှေးဟောင်းသားရဲ တချို့တောင် ရှိသေးတယ်တဲ့..."
"ကံဆိုးလို့ ဒီလိုအဆင့်ရှိတဲ့ ရှေးဟောင်းသားရဲတွေနဲ့များ တွေ့ရင်တော့ သေချာပေါက် သေရဖို့ပဲ ရှိတော့တယ်... မျိုးနွယ်စုထဲက မဟာယာနအဆင့် ဘိုးဘေးတွေတောင်မှ စံအိမ်တော်ထဲက ရှေးဟောင်းသားရဲတွေနဲ့ တွေ့မှာကို စိုးရိမ်ပြီး သတိထားနေရတယ်..."
"ဒါပေါ့... ဒီစံအိမ်တော်က အစစ်အမှန်ဝိညာဉ် ဖီးနစ်ရဲ့ အရင်တုန်းက နေခဲ့တဲ့နေရာ ဖြစ်နေလို့ အထဲမှာ မရေမတွက်နိုင်တဲ့ အဖိုးတန် ဝိညာဉ်ဆေးမြစ်တွေကို စိုက်ပျိုးထားတာလေ... ဆဋ္ဌမအဆင့် ဝိညာဉ်ဆေးမြစ်တွေ၊ သတ္တမအဆင့် ဝိညာဉ်ဆေးမြစ်တွေက နေရာတိုင်းမှာ ရှိနေပြီး အဋ္ဌမအဆင့် ဝိညာဉ်ဆေးမြစ်တွေတောင် ရှိသေးတယ်...”
“ဒီဝိညာဉ်ဆေးမြစ်တွေကလည်း ကျင့်ကြံသူအများစုရဲ့ ပစ်မှတ်တွေထဲက တစ်ခုပဲ... အကယ်လို့ တစ်ပင်လောက်သာ အသာလေးရလိုက်ရင် အကျိုးအမြတ်တွေ အများကြီးရနိုင်ပြီး ညတွင်းချင်း ချမ်းသာသွားသလိုမျိုးပဲ..."
"ဘိုးဘေးပြောတာကို အခြေခံပြီး ပြောရရင် စံအိမ်တော်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ အင်မော်တယ်ကမ္ဘာကလာတဲ့ အပင်တစ်ပင်ရှိနေပုံပဲ... အဲဒီအပင်နာမည်က ဝူထုန်သစ်ပင်တဲ့... အစစ်အမှန်ဝိညာဉ်ဖီးနစ်က အဲဒီ ဝူထုန်သစ်ပင်ပေါ်မှာ နေတာလို့ ကြားတယ်..."
"အကယ်လို့ ဝူထုန်သစ်ပင်နားကို ကပ်သွားနိုင်မယ်ဆိုရင် သစ်ရွက်တစ်ရွက်၊ သစ်ကိုင်းတစ်ကိုင်းလောက် ရရင်တောင်မှ အဲဒါက တော်တော်လေးကို မယုံနိုင်စရာကောင်းတဲ့ ရတနာတစ်ခုပဲ... တန်ဖိုးကတော့ ပြောမပြတတ်အောင် ကြီးမားမှာ အသေအချာပဲ..."
"ဒီလိုဆိုရင်တော့ ဖီးနစ်အင်မော်တယ်စံအိမ်တော်ထဲမှာ တကယ်ပဲ နေရာတိုင်းက ရတနာတွေချည်းပဲပေါ့..."
ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူများစွာမှာ အံ့ဩတုန်လှုပ်နေကြလေသည်။
ထျန်းဖန်မျိုးနွယ်ဝင် အများစုမှာ ဖီးနစ်အင်မော်တယ်စံအိမ်တော်အကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်းပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဖီးနစ်အင်မော်တယ်စံအိမ်တော် ပေါ်လာသည့်အချိန်မှာ အလွန်ပင် မတည်မငြိမ် ဖြစ်လွန်းသောကြောင့်ပင်။ အကယ်၍သာ ၎င်း ထွက်ပေါ်မလာပါက မည်သူကမျှ ဤအကြောင်းကို ထုတ်ဖော်ပြောဆိုကြမည် မဟုတ်ချေ။
သို့သော်လည်း သံသယဖြစ်ဖွယ်မရှိသည်မှာ ဖီးနစ်အင်မော်တယ်စံအိမ်တော်သည် မရေမတွက်နိုင်သော ကျင့်ကြံသူများကို သွားရည်ကျစေသည့် နေရာတစ်ခု ဖြစ်နေခြင်းပင်။
"ဒီလိုဆိုမှတော့ ငါတို့ရော ဖီးနစ်အင်မော်တယ်စံအိမ်တော်ထဲ ဝင်လို့ရနိုင်မလား..."
ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူတစ်ဦးက မနေနိုင်ဘဲ မေးလိုက်လေသည်။
ဖီးနစ်အင်မော်တယ်စံအိမ်တော်အတွင်း၌ ရတနာများ ဤမျှများပြားနေသည်ဆိုလျှင် သူတို့လည်း အထဲသို့ဝင်ကာ ရတနာများကို လုယူချင်ကြမည်သာ ဖြစ်၏။
ရတနာမြောက်မြားစွာနှင့် ကျင့်ကြံခြင်း အရင်းအမြစ်များစွာကို ရရှိမှသာ သူတို့အနေဖြင့် နောက်တစ်ဆင့်သို့ ဆက်လက်တက်လှမ်းနိုင်မည် မဟုတ်ပါလော။
"အဲဒါကတော့ ဖီးနစ်အင်မော်တယ်စံအိမ်တော်ထဲကို ဝင်ဖို့အတွက် ဖီးနစ်အမိန့်ပေးတံဆိပ်ပြား လိုအပ်တယ်..."
"ဖီးနစ်အင်မော်တယ်စံအိမ်တော် ပိတ်သွားတဲ့ အချိန်တိုင်းမှာ ဖီးနစ်အမိန့်ပေးတံဆိပ်ပြား (၆၆၆) ပြားက အလိုအလျောက် ထွက်လာတတ်တယ်..."
"ဒီဖီးနစ်အမိန့်ပေးတံဆိပ်ပြားတွေက ခွန်ဖန်ပင်လယ်ပြင်ရဲ့ နေရာအနှံ့အပြားကို ကျပန်း ပြန့်ကျဲသွားကြတာ..."
"ဖီးနစ်အမိန့်ပေးတံဆိပ်ပြား တစ်ပြားစီက ကျင့်ကြံသူ (၁၀၀) လောက်ကို အထဲခေါ်သွားလို့ရတယ်..."
"ပြီးတော့ ဖီးနစ်အမိန့်ပေးတံဆိပ်ပြားကို တစ်ကြိမ် သန့်စင်လိုက်တာနဲ့ တခြားကျင့်ကြံသူတွေက အသုံးပြုလို့ မရတော့ဘူး..."
"အကယ်လို့ အဲဒီကျင့်ကြံသူ သေသွားရင် ဒီအမိန့်ပေးတံဆိပ်ပြားကလည်း လုံးဝ အသုံးမဝင်တော့ဘူး..."
"ဒါကြောင့် ဖီးနစ်အမိန့်ပေးတံဆိပ်ပြားကို ရထားတဲ့ ကျင့်ကြံသူဆိုရင် မျိုးနွယ်စု အသီးသီးရဲ့ ကာကွယ်စောင့်ရှောက်မှုကို ခံရပြီး ကြီးမားတဲ့ အကျိုးအမြတ်တွေ ရနိုင်တယ်..."
"ဖီးနစ်အမိန့်ပေးတံဆိပ်ပြား မရှိရင် ဘယ်သူမှ ဖီးနစ်အင်မော်တယ်စံအိမ်တော်ထဲကို ဝင်နိုင်မှာ မဟုတ်ဘူးလေ..."
ထျန်းဖန်မျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက လေးနက်သော အသံဖြင့် သူသိထားသည့် သတင်းအချက်အလက်အချို့ကို ထုတ်ဖော်ပြောဆိုလိုက်လေသည်။
"ဒါဆိုရင် ဖီးနစ်အမိန့်ပေးတံဆိပ်ပြားကို ဘယ်လိုလုပ်မှ ရနိုင်မလဲ..."
ကျင့်ကြံသူများစွာက သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်ကြသည်။
"အဲဒါကတော့ ကံတရားအပေါ်ပဲ မူတည်တော့တယ်..."
"ဖီးနစ်အင်မော်တယ်စံအိမ်တော် ပွင့်လာတဲ့အခါ ဖီးနစ်အမိန့်ပေးတံဆိပ်ပြားက အလင်းရောင်တွေ တောက်ပလာပြီး တံဆိပ်ပြားပိုင်ရှင်ကို ဖီးနစ်အင်မော်တယ်စံအိမ်တော်ဆီ ဦးတည်သွားဖို့ လမ်းညွှန်ပေးလိမ့်မယ်..."
"ဒါပေမဲ့ ဖီးနစ်အမိန့်ပေးတံဆိပ်ပြားတွေက နေရာအနှံ့မှာ ပြန့်ကျဲနေတာကြောင့် ဖီးနစ်အင်မော်တယ်စံအိမ်တော် ပွင့်လာတဲ့အချိန်တိုင်း အမိန့်ပေးတံဆိပ်ပြား တချို့ကတော့ ပေါ်မလာတတ်ဘူး..."
"ကျင့်ကြံသူတိုင်းက ဖီးနစ်အင်မော်တယ်စံအိမ်တော်ဆီ သွားချင်ကြတာမှ မဟုတ်တာ..."
"ဖီးနစ်အင်မော်တယ်စံအိမ်တော်ထဲမှာက အရမ်းကို အန္တရာယ်များတယ်လေ... လုံလောက်တဲ့ စွမ်းအားမရှိရင် ရတနာတွေ အများကြီး ရနိုင်မှာ မဟုတ်ဘူး..."
ထိုခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူက လေးနက်သောလေသံဖြင့် ပြောလိုက်လေသည်။
"ဒီလိုဆိုရင်တော့ ငါတို့ ထျန်းဖန်မျိုးနွယ်စုက ဖီးနစ်အင်မော်တယ်စံအိမ်ကို အပြီးတိုင် ပိတ်ဆို့ထားရလိမ့်မယ်... ဖီးနစ်အင်မော်တယ်စံအိမ်ထဲက ထွက်လာတဲ့ ကျင့်ကြံသူတိုင်း ငါတို့ ထျန်းဖန်မျိုးနွယ်စုရဲ့ စစ်ဆေးမှုကို ခံယူပြီးမှပဲ ထွက်ခွာခွင့်ရမယ်..."
"ဖီးနစ်အင်မော်တယ်စံအိမ်ကနေ ရလာတဲ့ ဘယ်ရတနာမဆို ငါတို့ ထျန်းဖန်မျိုးနွယ်စုရဲ့ လက်ကိုဖြတ်ပြီးမှပဲ ယူသွားလို့ရမယ်..."
ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူတစ်ယောက်က စကားစလိုက်သည်။
အခြားသော ကျင့်ကြံသူများကို ဖီးနစ်အင်မော်တယ်စံအိမ်အတွင်းသို့ မဝင်ရောက်နိုင်ရန် တားမြစ်၍မရပါကလည်း ထိုကျင့်ကြံသူများ ပြန်ထွက်လာရမည်မှာ အသေအချာပင် ဖြစ်သည် မဟုတ်ပါလော။
ဖီးနစ်အင်မော်တယ်စံအိမ်မှ ထွက်ခွာလာသည်နှင့် ၎င်းတို့၏ စိတ်ကြိုက် ခြယ်လှယ်မှုကို ခံရမည်သာ ဖြစ်လေသည်။
အချုပ်အားဖြင့် ဆိုရသော် ဤကဲ့သို့သော အင်မော်တယ်စံအိမ်ထဲရှိ ရတနာများအားလုံးသည် ထျန်းဖန်မျိုးနွယ်စုနှင့်သာ သက်ဆိုင်ပေသည်။ ကျန်ရှိနေသော မျိုးနွယ်စုများမှ ကျင့်ကြံသူများသည် ၎င်းတို့ ထျန်းဖန်မျိုးနွယ်စု၏ ကျားခံတွင်းထဲမှ အစာကို လုယူရန် အရည်အချင်း မရှိကြပေ။
ဤသို့သော လုပ်ရပ်သည် အနည်းငယ် အနိုင်ကျင့်ဗိုလ်ကျရာ ကျလွန်းသည်မှာ မှန်သော်ငြား ၎င်းတို့က အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုများ ဖြစ်သည် မဟုတ်ပါလော။ အကယ်၍ အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုများသာ အနိုင်ကျင့်ဗိုလ်ကျမှု မရှိပါက မည်သို့လျှင် အုပ်စိုးသူဟု ခေါ်ဆိုနိုင်ပါမည်နည်း။
"အကယ်လို့များ လုပ်လို့ရမယ်ဆိုရင် ငါတို့က မလုပ်ဘဲနေမယ်လို့ မင်းက ထင်နေတာလား..."
"တကယ်တမ်းတော့ ဒီအချက်က လုံးဝကို အလုပ်မဖြစ်တာပဲ..."
"ဘာလို့လဲဆိုတော့ ဖီးနစ်အင်မော်တယ်စံအိမ်ထဲကနေ ထွက်လာတာနဲ့ မူလနေရာကို ပြန်ရောက်လာမှာ မဟုတ်ဘူး... ခွန်ဖန်ပင်လယ်ဒေသရဲ့ ဘယ်နေရာကိုမဆို ကျပန်း ပို့ဆောင်ခံရမှာပဲ..."
"ငါတို့က ခွန်ဖန်ပင်လယ်ဒေသတစ်ခုလုံးကို ပိတ်ဆို့ထားနိုင်မှပဲ ရမယ်... ဒါမှမဟုတ်ရင်တော့ ဖီးနစ်အင်မော်တယ်စံအိမ်ထဲကို ဝင်သွားတဲ့ ကျင့်ကြံသူတွေကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး... တစ်ဖက်လူက အထဲက ရတနာတွေကို ယူသွားတာကို မျက်စိသူငယ်နဲ့ ထိုင်ကြည့်နေရုံပဲ တတ်နိုင်မှာ..."
ထိုထျန်းဖန်မျိုးနွယ်စု၏ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။
ထင်ရှားလှသည်မှာ ဖီးနစ်အင်မော်တယ်စံအိမ်သည် ၎င်းတို့ စိတ်ကြိုက်ခြယ်လှယ်နိုင်သော နေရာတစ်ခု မဟုတ်ပေ။ အခြားသော ကျင့်ကြံသူများကို မဝင်ရောက်နိုင်ရန် တားဆီးချင်လျှင်ပင် မဖြစ်နိုင်သော ကိစ္စရပ်တစ်ခု ဖြစ်လေသည်။ တစ်ဖက်လူက ရတနာများကို ရရှိပြီး ဖီးနစ်အင်မော်တယ်စံအိမ်မှ ထွက်ခွာသွားပါကလည်း ခြေရာခံနိုင်မည် မဟုတ်ချေ။
"ဒါကြောင့်လည်း နှစ်ပေါင်း သန်းချီကြာတဲ့အထိ ငါတို့ ထျန်းဖန်မျိုးနွယ်စုက ဖီးနစ်အင်မော်တယ်စံအိမ်ကို မထိန်းချုပ်နိုင်ခဲ့တာကိုး..."
များစွာသော ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူများသည် ရုတ်တရက် သဘောပေါက်သွားကြသည်။ ဖီးနစ်အင်မော်တယ်စံအိမ်ရှိ များစွာသော ရတနာများသည် အဘယ်ကြောင့် အခြားသော မျိုးနွယ်စုမှ ကျင့်ကြံသူများ၏ လက်ထဲသို့ အမြဲတစေ ရောက်ရှိသွားရသည်ကို ၎င်းတို့ နားလည်သွားခဲ့ချေပြီ။ ထျန်းဖန်မျိုးနွယ်စုပင်လျှင် ဖီးနစ်အင်မော်တယ်စံအိမ်အပေါ်တွင် ကြီးကြီးမားမား ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပေ။
"ဒီလိုဆိုရင်တောင်မှ ဒါက ဘာမှမဟုတ်သေးဘူး... ငါတို့ ထျန်းဖန်မျိုးနွယ်စုက မဟာယာနအဆင့် ကျင့်ကြံသူ အများအပြားကို စေလွှတ်လိုက်မယ်လေ... ဒါဆိုရင် ဖီးနစ်အင်မော်တယ်စံအိမ်တစ်ခုလုံးကို လက်ဝါးကြီးအုပ်လို့ ရပြီ မဟုတ်ဘူးလား... ငါတို့မျိုးနွယ်စုရဲ့ မဟာယာနအဆင့် အင်မော်တယ်တစ်ပိုင်းတွေရှေ့မှာ ဘယ်သူကများ ရမ်းကားရဲမှာလဲ..."
ကျင့်ကြံသူတစ်ယောက်က ဝင်ပြောလိုက်သည်။
ထျန်းဖန်မျိုးနွယ်စုမှ မဟာယာနအဆင့် ကျင့်ကြံသူများသာ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားပါက အခြားသော မျိုးနွယ်စုများသည် အရေးစိုက်စရာပင် မလိုတော့ကြောင်း ၎င်းက ခံစားမိသည်။ ဖီးနစ်အင်မော်တယ်စံအိမ်အတွင်း၌ ဆုံတွေ့မိသည်နှင့် ရန်သူများသည် သေချာပေါက် သေဆုံးရမည်သာ ဖြစ်၏။ ရှုံးနိမ့်ရန် အကြောင်းပြချက်ကို လုံးဝ ရှာမတွေ့နိုင်ပေ။
ထိုအချိန်သို့ရောက်လျှင် ဖီးနစ်အင်မော်တယ်စံအိမ်အတွင်းမှ ရတနာများကို ရရှိရန် အသာထား၊ အသက်ရှင်လျက် ထွက်ခွာနိုင်မည်လား ဆိုသည်ပင် မသေချာတော့ချေ။
"ဒီလောက်လည်း မရိုးရှင်းဘူး... အင်မော်တယ်စံအိမ်ထဲကို ဝင်လိုက်တာနဲ့ မဟာယာနအဆင့် ကျင့်ကြံသူတွေက ဖီးနစ်အင်မော်တယ်စံအိမ်ရဲ့ အဓိကနယ်မြေထဲကို ချက်ချင်း ပို့ဆောင်ခံရလိမ့်မယ်..."
"မဟာယာနအဆင့်အောက် ကျင့်ကြံသူတွေကတော့ အပြင်ဘက်နယ်မြေကို ပို့ဆောင်ခံရမှာပဲ... ဒါကြောင့် မဟာယာနအဆင့် အင်မော်တယ်တစ်ပိုင်းတွေကို အားကိုးပြီး နေရာစုံကိုဖိနှိပ်ဖို့ဆိုတာက အခြေခံအားဖြင့် မဖြစ်နိုင်တဲ့ကိစ္စပဲ... အခြေခံအားဖြင့်ကတော့ တူညီတဲ့အဆင့်ရှိတဲ့ ပြိုင်ဘက်တွေနဲ့ပဲ ဆုံတွေ့ရမှာပဲ..."
ထိုခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူက ခေါင်းခါယမ်းလိုက်သည်။