အခန်း ၉၆၆
Vol. 92 Ch. 966
အခန်း (၉၆၆) - ယွီရှန်းအာနှင့် ပြန်လည်ဆုံတွေ့ခြင်း၊ အကြောင်းအကျိုးနတ်ဘုရားစွမ်းရည်၊ မျိုးနွယ်စုခေါင်းဆောင်က ကလေးတစ်ဒါဇင်လောက်ကတော့ အသာလေးပဲ (၁)
အစပိုင်းတွင် ထျန်းဖန်မျိုးနွယ်စုသည်လည်း ဤသို့ပင် တွေးတောခဲ့ကြသည်။ သို့သော်ငြား ဖီးနစ်အင်မော်တယ်စံအိမ်အတွင်းသို့ ဝင်ရောက်ပြီးနောက်တွင်မူ မဟာယာနအဆင့် ကျင့်ကြံသူများမှာ စောစီးစွာကပင် ပို့ဆောင်ခံလိုက်ရကြောင်းကို ၎င်းတို့ သိရှိသွားခဲ့ကြသည်။ ဖီးနစ်အင်မော်တယ်စံအိမ်၏ အဓိကနယ်မြေအတွင်းသို့ ပို့ဆောင်ခံလိုက်ရပြီး အခြားသော ကျင့်ကြံသူများနှင့် ကွဲကွာသွားပုံရသည်။
ဤသို့ဆိုလျှင် ခန္ဓာပေါင်းစည်းခြင်းအဆင့်အောက် ကျင့်ကြံသူများသည်လည်း မိမိတို့၏ ကိုယ်ပိုင်စွမ်းရည်ကိုသာ အားကိုးရတော့မည် မဟုတ်ပါလော။
"ဒီလိုပြောရရင် ဖီးနစ်အင်မော်တယ်စံအိမ်က တကယ်တမ်းမှာ ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေ ဝင်ရောက်စူးစမ်းဖို့အတွက် ပိုပြီး သင့်တော်တာပေါ့... ခန္ဓာပေါင်းစည်းခြင်းအဆင့်အောက် ကျင့်ကြံသူတွေ ဝင်သွားတာက သက်သက်ကြီး သေလမ်းသွားရှာသလို ဖြစ်နေမှာပေါ့..."
ကျင့်ကြံသူတစ်ယောက်က အသံကို နှိမ့်ကာ ပြောလိုက်၏။
"မှန်တယ်... တကယ်ကို ဒီလိုပြောလို့ရတာပဲ... ဘာပဲဖြစ်ဖြစ် ဖီးနစ်အင်မော်တယ်စံအိမ်ထဲမှာက ဘယ်လိုကျင့်ကြံမှုအဆင့်မှ ကန့်သတ်ထားတာ မဟုတ်ဘူးလေ... အခြေခံအားဖြင့်တော့ ဝင်ချင်ရင် ဝင်လို့ရတာပဲ..."
"လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေက သဘာဝကျကျပဲ အထဲကို ဝင်လို့ရတယ်... ဒါပေမဲ့ ဘယ်လိုရတနာကိုမှတော့ ရနိုင်မှာ မဟုတ်ဘူး... နည်းနည်းလေး သတိလက်လွတ်ဖြစ်သွားတာနဲ့ အထဲမှာ သေသွားနိုင်သေးတယ်... ဒါကြောင့် အခြေခံအားဖြင့် မျိုးနွယ်စုထဲမှာ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေကိုပဲ ဖီးနစ်အင်မော်တယ်စံအိမ်ထဲ ဝင်ဖို့ အကြံပြုလိမ့်မယ်... ခန္ဓာပေါင်းစည်းခြင်းအဆင့်အောက် ကျင့်ကြံသူတွေက ဝင်ဖို့ မသင့်တော်တော့ဘူးလေ..."
"နှမြောစရာကောင်းတာက ဒီတစ်ခေါက် ဖီးနစ်အင်မော်တယ်စံအိမ်ထဲ ဝင်ခွင့်ရတဲ့ နေရာက ကန့်သတ်ထားတော့ ငါလည်း နေရာလုလို့ မရခဲ့ဘူး... အခုတော့ ဒီနေရာမှာနေပြီး မျက်လုံးပြူးကြည့်နေရုံပဲ တတ်နိုင်တော့တယ်..."
ထိုထျန်းဖန်မျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူက လက်မှိုင်ချစွာဖြင့် ပြောလိုက်သည်။
၎င်းသည်လည်း ဖီးနစ်အင်မော်တယ်စံအိမ်အတွင်းသို့ ဝင်ရောက်ကာ စွန့်စားချင်မိသည်။ နှမြောစရာကောင်းလှသည်မှာ ၎င်း၏ မျိုးနွယ်စုအတွင်း အကျိုးပြုမှုပမာဏမှာ လုံးဝကို မလုံလောက်ခဲ့ပေ။ ထို့သို့နှင့် အခြားသော ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ၏ ဖယ်ရှားခြင်းကို ခံလိုက်ရပြီး နေရာမရခဲ့ချေ။
"ဒါပေမဲ့ တကယ်တမ်းတော့ ဒါကလည်း ဘာမှမဟုတ်သေးဘူး... ဖီးနစ်အင်မော်တယ်စံအိမ် ပွင့်လာတဲ့အချိန်တိုင်း ငါတို့ ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူတွေကပဲ အများစုကို နေရာယူထားတာလေ... အထဲကနေ ရလာတဲ့ အကျိုးအမြတ်တွေကလည်း အများဆုံးပဲ... တချို့ရတနာတွေကို အခြားမျိုးနွယ်စု ကျင့်ကြံသူတွေ လုယူသွားတယ်ဆိုပေမဲ့ အဲဒါက ဘာမှမဟုတ်ပါဘူး..."
ထိုထျန်းဖန်မျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူက ဆက်ပြောလိုက်၏။
"မှန်တာပေါ့..."
များစွာသော ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူများသည်လည်း ခေါင်းညိတ်လိုက်ကြပြီး ချက်ချင်းပင် စိတ်အေးသွားကြတော့သည်။ ၎င်းတို့က အကျိုးအမြတ် အများစုကို နေရာယူထားနိုင်သရွေ့ အပြည့်အဝ လုံလောက်နေပြီ မဟုတ်ပါလော။ စိတ်ဓာတ်ကျနေရန် လုံးဝ မလိုအပ်ပေ။
...
ဤအခိုက်အတန့်တွင် လေ့ကျင့်ရာဂူစံအိမ်အတွင်း တင်ပျဉ်ခွေထိုင်နေသော ကျိုးစွေ့သည် သက်ဆိုင်ရာ သတင်းအချက်အလက်များကို သဘာဝကျကျပင် ရရှိသွားခဲ့လေသည်။
'ထျန်းဖန်မျိုးနွယ်စုဆိုတဲ့ နာမည်နဲ့ တကယ်ကို လိုက်ဖက်တာပဲ... ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူတွေ ရတဲ့သတင်းတွေက ပိုများနေတာပဲ... ကျန်တဲ့မျိုးနွယ်စုတွေနဲ့ ယှဉ်လိုက်ရင် အမှိုက်သက်သက်ပဲ... လုံးဝ ယှဉ်လို့မရဘူး...'
ကျိုးစွေ့သည် အလွန်တရာ ခံစားချက်ပြင်းပြသွားခဲ့သည်။
အမှန်စင်စစ်အားဖြင့် သူသိရှိထားသော များစွာသော သတင်းအချက်အလက်များသည် ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူများထံမှ ရရှိထားခြင်းပင် ဖြစ်၏။ ထျန်းဖန်မျိုးနွယ်စုမှအပ အခြားသော မျိုးနွယ်စုများ၏ သတင်းအချက်အလက်ကွန်ရက်မှာ အလွန်တရာ ညံ့ဖျင်းလှသည်။
များစွာသော လျှို့ဝှက်သတင်းများကို လုံးဝ မသိရှိနိုင်ကြပေ။ သံသယဖြစ်ဖွယ်မရှိ ထျန်းဖန်မျိုးနွယ်စု၏ သတင်းများကို ခိုးယူနိုင်ရခြင်းမှာ သဘာဝကျကျပင် နှလုံးသားမျက်လုံး ထိုးထွင်းသိမြင်နိုင်စွမ်းကြောင့်ပင် ဖြစ်လေသည်။
ဤသည်မှာ ပိုမိုမြင့်မားသော အဆင့်တစ်ခု၏ အာရုံခံစွမ်းအားဖြစ်ပြီး မဟာယာနအဆင့် ကျင့်ကြံသူများပင်လျှင် ရိပ်မိရန် ခဲယဉ်းလှသည်။ သူကသာ အခြားသူများ၏ သတင်းအချက်အလက်များကို ခိုးယူနိုင်ခဲ့ဖူးသော်ငြား အခြားသူများကမူ သူ့ထံမှ ခိုးယူနိုင်စွမ်း မရှိခဲ့ပေ။
ထို့ကြောင့် သူ၏ ကိုယ်ပွားတစ်ခုက နေရာတစ်နေရာတွင် နေထိုင်နေရုံဖြင့် သဘာဝကျကျပင် ထျန်းဖန်မျိုးနွယ်စု၏ သတင်းအချက်အလက်များကို ခိုးယူနိုင်မည် ဖြစ်၏။ ပတ်ဝန်းကျင်၌ အစီအရင်တားမြစ်ချက်များ ခြားနားထားလျှင်ပင် မည်သည့်အကျိုးသက်ရောက်မှုမှ ရှိမည်မဟုတ်ချေ။
'ဖီးနစ်အင်မော်တယ်စံအိမ်က ယွီဟွမ်ကျွန်းမှာ ပေါ်လာတာလား... အဲဒီကျွန်းနားမှာက ငါချန်ထားခဲ့တဲ့ ဟင်းလင်းပြင်မှတ်တိုင် ရှိနေတာနဲ့ အတော်ပဲ... ဒါကလည်း ကံကြမ္မာရဲ့ လမ်းညွှန်မှုပဲလား... အခုလက်ရှိ ငါက တကယ်ကို ကံကြမ္မာကောင်းတွေနဲ့ ပြည့်နှက်နေတာပဲ...'
ကျိုးစွေ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
အကယ်၍ အကွာအဝေးမှာ အလွန်တရာ ဝေးကွာနေပါက သူရောက်မသွားမီမှာပင် ဖီးနစ်အင်မော်တယ်စံအိမ်သည် စောစီးစွာ ပိတ်သွားလောက်ပေမည်။ သို့သော်ငြား ထိုနေရာအနီးတစ်ဝိုက်တွင် သူချန်ရစ်ခဲ့သော 'တည်နေရာပြောင်းကူ' ၏ ဟင်းလင်းပြင်မှတ်တိုင် ရှိနေခဲ့သည်မှာ ကွက်တိပင် ဖြစ်လေသည်။
ထို့ကြောင့် 'တည်နေရာပြောင်းကူ' ၏ စွမ်းအားကို အသုံးပြုလိုက်ပါက မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိသွားနိုင်မည် ဖြစ်ပြီး အချိန်များစွာ ကြန့်ကြာနေရန် မလိုအပ်တော့ချေ။
ဆဋ္ဌမအဆင့် အထွတ်အထိပ်နယ်ပယ်သို့ အဆင့်တက်သွားပြီးသည့်နောက် 'တည်နေရာပြောင်းကူ' သည် တည်ငြိမ်သော ဟင်းလင်းပြင်မှတ်တိုင် (၉) ခုကို စုစည်းနိုင်နေပြီ ဖြစ်၏။ ထို့ကြောင့် သူသည် ခွန်ဖန်ပင်လယ်ဒေသ၏ များစွာသော နေရာများတွင် ဟင်းလင်းပြင်မှတ်တိုင်များကို ချန်ရစ်ထားနိုင်ခဲ့သည်။ ဤသို့ဆိုလျှင် ခရီးသွားသည့်အခါ အချိန်အများအပြား ဖြုန်းတီးနေရန် မလိုအပ်တော့ပေ။
'ဒါပေမဲ့ ဖီးနစ်အင်မော်တယ်စံအိမ်ထဲ ဝင်ချင်ရင်တော့ ဖီးနစ်အမိန့်ပေးတံဆိပ်ကို လိုအပ်နေတုန်းပဲ... ဒါပေမဲ့ ဒါကလည်း ပြဿနာ မရှိပါဘူး... တခြားကျင့်ကြံသူတွေ မရနိုင်ပေမဲ့ ငါကတော့ သေချာပေါက် ရနိုင်မှာပဲ... ကံကြမ္မာရဲ့ စွမ်းအားက ဖီးနစ်အင်မော်တယ်စံအိမ်ထဲ ဝင်နိုင်မယ့်နည်းလမ်းကို ရှာတွေ့ဖို့ ငါ့ကို လမ်းညွှန်ပေးလိမ့်မယ်...'
ယခုလက်ရှိ ကျိုးစွေ့သည် အလွန်တရာ ယုံကြည်မှု ပြည့်ဝနေလေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကံကြမ္မာများ ဖုံးလွှမ်းနေသည်ဟု ခံစားနေရပြီး မည်သည့်အရာကမျှ နှောင့်ယှက်နိုင်မည် မဟုတ်ပေ။
မည်သည့်ကိစ္စကိုမဆို ပြုလုပ်သည်ဖြစ်စေ အန္တရာယ်နှင့် ကြုံတွေ့ရပါကလည်း ကံကောင်းမှုအဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး၊ အခက်အခဲများနှင့် ကြုံတွေ့ရပါကလည်း အဆင်ပြေချောမွေ့သွားမည် ဖြစ်ကာ စိတ်ကူးထားသည့်အတိုင်းပင် ဖြစ်လာမည်သာ ဖြစ်၏။
'ပစ္စည်းရှာဖွေကူ' ၏ စွမ်းအားကို အသုံးပြုရန် မလိုအပ်လျှင်ပင် ဖီးနစ်အင်မော်တယ်စံအိမ်သို့ ဝင်ရောက်နိုင်မည့် နည်းလမ်းနှင့် လမ်းကြောင်းကို သူ ရှာဖွေနိုင်မည်မှာ အသေအချာပင် ဖြစ်လေသည်။
ရက်အနည်းငယ် ကြာပြီးနောက်။
ခွန်ဖန်ပင်လယ်ဒေသ တောင်ပိုင်းနယ်မြေ၊ ယွီဟွမ်ကျွန်း။
ဤသည်မှာလည်း အလွန်တရာ ကြီးမားလှသော ကျွန်းတစ်ကျွန်း ဖြစ်ပြီး စီးပွားရေးအရအချက်အချာကျပြီး အလွန်တရာ စည်ကားလှသော ကျွန်းတစ်ကျွန်း ဖြစ်၏။ ကျွန်းပေါ်ရှိ နေရာအနှံ့အပြားတွင် မြို့တော်များကို တည်ဆောက်ထားကြသည်။
အခြေခံအားဖြင့် မျိုးနွယ်စုအသီးသီးသည် ဤကျွန်းပေါ်တွင် မိမိတို့၏ အဆောက်အအုံများကို ချန်ရစ်ထားခဲ့ကြပြီး ကီလိုမီတာ သန်းရာချီ ကျယ်ဝန်းသော ပင်လယ်ဒေသ၏ ဗဟိုချက်ဟုပင် ဆိုနိုင်လေသည်။ ပတ်ဝန်းကျင်ရှိ မျိုးနွယ်စုများသည် အခြေခံအားဖြင့် အရောင်းအဝယ်ပြုလုပ်ရန်အတွက် ယွီဟွမ်ကျွန်းသို့ လာရောက်ကြသည်။
ဖီးနစ်အင်မော်တယ်စံအိမ် ထွက်ပေါ်လာခြင်းကြောင့် ယွီဟွမ်ကျွန်းသည် ခွန်ဖန်ပင်လယ်ဒေသ၏ ဗဟိုချက်ဖြစ်လာခဲ့ပြီး အဖွဲ့အစည်းအသီးသီး၏ အာရုံစိုက်ရာ ဗဟိုချက်တစ်ခု ဖြစ်လာခဲ့ချေသည်။
အထူးသဖြင့် ထျန်းဖန်မျိုးနွယ်စုသည် ၎င်းတို့၏ အထက်တန်းလွှာများကိုပင် စေလွှတ်ထားလေသည်။ များစွာသော မဟာယာနအဆင့် အင်မော်တယ်တစ်ပိုင်းများ၊ ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ၊ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများနှင့် အခြားသော ပုဂ္ဂိုလ်များသည် ယွီဟွမ်ကျွန်းတွင် အခိုင်အမာ တပ်စွဲထားကြပြီး အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေကြသည်။
ကောင်းကင်ယံထက်တွင်မူ မှုန်ဝါးဝါး မြူခိုးများ ဖုံးလွှမ်းနေသော ဧရာမအနီရောင် ရေဝဲကြီးတစ်ခု ပေါ်လာခဲ့သည်။ ထိုရေဝဲကြီးထဲတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများပါဝင်နေသည့် ဥပဒေသအမှတ်အသားများက ဝိုးတဝါး ပေါ်လွင်နေ၏။
အကယ်၍ တစ်စုံတစ်ယောက်သာ မဆင်မခြင်ဝင်ရောက်ဝံ့ပါက သေချာပေါက် ဥပဒေသများ၏ ကြိတ်ချေမှုကို ခံရမည်သာ ဖြစ်လေသည်။ မဟာယာနအဆင့် ကျင့်ကြံသူဆိုလျှင်ပင် တားဆီးနိုင်စွမ်း မရှိပေ။
မှန်ပေသည်၊ ဤအနီရောင် ရေဝဲကြီးသည် ဖီးနစ်အင်မော်တယ်စံအိမ်၏ အဝင်အထွက်ပေါက်ပင် ဖြစ်၏။ ၎င်းသည် ဤနေရာတွင် ဆယ်နှစ်တိတိသာ တည်ရှိနေမည် ဖြစ်သည်။ ဆယ်နှစ်ပြည့်သွားသည်နှင့် အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားမည်သာ ဖြစ်လေသည်။ မည်သည့်အချိန်တွင် ထပ်မံပေါ်လာမည်ကိုမူ မည်သူမျှ သိရှိနိုင်မည် မဟုတ်ချေ။
ရွှစ်...
ဤအချိန်တွင် ယွီဟွမ်ကျွန်းပေါ်ရှိ ဆိပ်ကမ်းမြို့တော်တစ်ခု၌ ပုံရိပ်တစ်ခု ပေါ်လာခဲ့ချေသည်။
ဤပုံရိပ်က သဘာဝကျစွာပင် ကျိုးစွေ့၏ ကိုယ်ပွားဖြစ်လေသည်။ သူ၏ မူလခန္ဓာကိုယ်က အလွယ်တကူ လှုပ်ရှားမည်မဟုတ်ပေ။
ဤမျှ အန္တရာယ်များသော ကိစ္စရပ်အတွက် ကိုယ်ပွားကိုသာ လွှဲအပ်ထားလိုက်ခြင်းက ပို၍ကောင်းမွန်ပေသည်။
အကယ်၍ အန္တရာယ်တစ်ခုခု ကျရောက်လာပါက ကိုယ်ပွားတစ်ခုသာ ဆုံးရှုံးသွားမည်ဖြစ်ပြီး သူ၏ မူလခန္ဓာကိုယ်မှာမူ ဘေးကင်းလုံခြုံနေဆဲပင် ဖြစ်လေသည်။
မှန်ပေသည်၊ ကိုယ်ပွား၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရန်အတွက် ကူပိုးကောင်အချို့ကိုလည်း ယူဆောင်လာခဲ့လေသည်။
ထို့သို့မဟုတ်ပါက ကိုယ်ပွား၏ စွမ်းအားတစ်ခုတည်းအပေါ် မှီခိုနေခြင်းဖြင့် အခြားမျိုးနွယ်စုများမှ ကျင့်ကြံသူများကို ရင်ဆိုင်နိုင်ရန် လုံလောက်မည်မဟုတ်ပေ။
"ဒါက ယွီဟွမ်ကျွန်းလား..."
"ဒီကျွန်းက အဆင့်မြင့်ကျင့်ကြံသူ အများအပြားကို တကယ် စုစည်းပေးထားတာပဲ..."
"မဟာယာနအဆင့်ကျင့်ကြံသူ ရာချီပြီးတောင် ပေါ်လာကြတယ်ဆိုတော့ တကယ်ကို ပုံကြီးချဲ့လွန်းနေပြီ..."
ကိုယ်ပွားကျိုးစွေ့၏ နှလုံးသားမျက်လုံးစွမ်းအားက အသာအယာ ဖြတ်သန်းသွားပြီး ယွီဟွမ်ကျွန်း၏ အစိတ်အပိုင်းငယ်တစ်ခုကို ဖုံးလွှမ်းသွားရာ လေဟာနယ်ကိုပင် လိမ်ကောက်သွားစေနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ကျွန်းပေါ်၌ ချက်ချင်း ခံစားလိုက်ရလေသည်။