အခန်း ၉၆၈
Vol. 92 Ch. 968
အခန်း (၉၆၈) - ယွီရှန်းအာနှင့် ပြန်လည်ဆုံတွေ့ခြင်း၊ အကြောင်းအကျိုးနတ်ဘုရားစွမ်းရည်၊ မျိုးနွယ်စုခေါင်းဆောင်က ကလေးတစ်ဒါဇင်လောက်ကတော့ အသာလေးပဲ (၃)
"တကယ်တော့ ငါတို့က ရန်သူတွေနဲ့ မဖြစ်မနေ တိုက်ခိုက်ရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး..."
"ဖီးနစ်အင်မော်တယ်စံအိမ်ထဲကို ဝင်ပြီးတာနဲ့ ငါတို့ချက်ချင်း ပုန်းအောင်းနေပြီး တခြားကျင့်ကြံသူတွေနဲ့ ထိပ်တိုက်မတိုးမိအောင် ရှောင်ရှားကြမယ်..."
"တခြားမျိုးနွယ်စုက ကျင့်ကြံသူတွေကိုပဲ တန်ဖိုးရှိတဲ့ အရင်းအမြစ်တွေ ယူပါစေ..."
"ငါတို့က အခြားမျိုးနွယ်စုက ကျင့်ကြံသူတွေ အမှိုက်လို စွန့်ပစ်ထားတဲ့အရာတွေကိုပဲ လိုက်ကောက်ကြမယ်..."
"ဒီလိုနည်းနဲ့ ငါတို့က ပဋိပက္ခတွေကို တတ်နိုင်သမျှ ရှောင်ရှားနိုင်မှာပဲ..."
ယွီရှန်းအာက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေသည်။
သူမသည် ကျောက်စိမ်းယုန်မျိုးနွယ်စု၏ တိုက်ခိုက်ရေးစွမ်းရည်မကို ကောင်းစွာ သိရှိထားသည်။ သူမကိုယ်တိုင်မှလွဲ၍ အခြားကျင့်ကြံသူများမှာ လုံးဝ အသုံးမကျသလောက်ပင် ဖြစ်၏။
မှန်ပေသည်၊ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် လေဟာနယ်သန့်စင်ခြင်းအဆင့်ရှိသူများကို အနိုင်ကျင့်ခြင်းမှာ သဘာဝကျပေသည်။
သို့သော် ဖီးနစ်အင်မော်တယ်စံအိမ်အတွင်းရှိ မည်သူကများ ခန္ဓာပေါင်းစည်းခြင်းအဆင့်ရှိသူ မဟုတ်ဘဲ နေမည်နည်း။
တူညီသောအဆင့်ရှိ ကျင့်ကြံသူများနှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် အနည်းငယ် အကူအညီမဲ့သွားကြလေသည်။ အနည်းငယ် ပေါ့ဆမိသည်နှင့် အကုန်လုံး သုတ်သင်ခံရနိုင်ပေသည်။
"ဒါက ယုတ္တိရှိတယ်..."
ဤသည်ကို ကြားသောအခါ ကျောက်စိမ်းယုန်မျိုးနွယ်စု ကျင့်ကြံသူများစွာ၏ မျက်လုံးများက ချက်ချင်းပင် လင်းလက်သွားကာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားလေသည်။
အကယ်၍ သူတို့သည် တိုက်ရိုက်တိုက်ခိုက်မှုများကို မပြုလုပ်ရပါက အောင်မြင်ရန် အခွင့်အရေးများ ရှိနေဆဲပင် ဖြစ်၏။
ဖီးနစ်အင်မော်တယ်စံအိမ်အတွင်းသို့ ဝင်ရောက်ကာ ကျန်ရစ်နေသည့် အကြွင်းအကျန်များကိုသာ ကောက်ယူခြင်းက များစွာ အာရုံစိုက်ခံရမည်မဟုတ်သည်မှာ သေချာလှသည်။
အကယ်၍ အခြားမျိုးနွယ်စုမှ ကျင့်ကြံသူများသာ ကျောက်စိမ်းယုန်မျိုးနွယ်စု ကျင့်ကြံသူများ၏ အစီအစဉ်ကို သိရှိသွားပါက အစစ်အမှန်ဝိညာဉ်မျိုးနွယ်စု၏ အရှက်ရစရာဟု သတ်မှတ်ကာ သေချာပေါက် တံတွေးထွေးကြမည် ဖြစ်သည်။
ဖီးနစ်အင်မော်တယ်စံအိမ်ထဲသို့ ဝင်ရောက်နိုင်ခဲ့သော်ငြား သာမန်အရင်းအမြစ်များကိုသာ ကောက်ယူရန် ရည်ရွယ်ထားသည် မဟုတ်ပါလော။
အကယ်၍ ဤသည်က အခွင့်အရေးကို အလဟဿ ဖြုန်းတီးပစ်ခြင်းမဟုတ်ပါက မည်သည့်အရာ ဖြစ်မည်နည်း။
အဘယ်ကြောင့်ဆိုသော် ဖီးနစ်အင်မော်တယ်စံအိမ်သည် နှစ်သောင်းပေါင်းများစွာကြာမှ တစ်ကြိမ်သာ ပေါ်ထွက်လာသောကြောင့်ပင် ဖြစ်၏။
အကယ်၍ ဤအခွင့်အရေးကို လက်လွတ်ခံလိုက်ရပါက နောက်တစ်ကြိမ် မည်သည့်အချိန်မှ ထပ်မံပေါ်ထွက်လာမည်ကို မည်သူက သိနိုင်ပါမည်နည်း။
"ခေါင်းဆောင်... ကျွန်မတို့ ဘယ်တော့ ထွက်ခွာကြမလဲ..."
ကျောက်စိမ်းယုန်မျိုးနွယ်စုမှ အမျိုးသမီးကျင့်ကြံသူတစ်ယောက်က မေးလိုက်သည်။
"အင်း..."
ယွီရှန်းအာက ပြန်လည်ဖြေကြားရန် ပြင်လိုက်သော်လည်း ရုတ်တရက် လေဟာနယ်အတွင်း၌ လှိုင်းဂယက်များ ထွက်ပေါ်လာလေသည်။
ထိုနောက် ချက်ချင်းပင် လူရိပ်တစ်ခုက ခန်းမအတွင်း၌ အသံတိတ်ပေါ်လာကာ ကျောက်စိမ်းယုန်မျိုးနွယ်စုမှ ကျင့်ကြံသူများစွာ၏ ရှေ့မှောက်တွင် ကိုယ်ထင်ပြလာခဲ့ချေသည်။
"ဘယ်သူလဲ..."
ကျောက်စိမ်းယုန်မျိုးနွယ်စုမှ အမျိုးသမီးကျင့်ကြံသူများမှာ လန့်ဖျပ်သွားသော ငှက်များကဲ့သို့ ထိတ်လန့်သွားကြ၏။ သူတို့၏ ပထမဆုံးသော တုံ့ပြန်မှုသည် ရန်သူကို တိုက်ခိုက်ရန်မဟုတ်ဘဲ ချက်ချင်း ထွက်ပြေးရန်သာ ဖြစ်လေသည်။
သူတို့တစ်ယောက်ချင်းစီတိုင်းက ထွက်ပြေးရန် ပြင်ဆင်လိုက်ကြသည်။
"စိတ်မပူပါနဲ့... ကျုပ်က လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်က သာမန်ကျင့်ကြံသူတစ်ယောက်ပါ..."
"ကျုပ် ဒီကိုလာရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက မင်းတို့ရဲ့ ဖီးနစ်အမိန့်ပေးတံဆိပ်ကို အသုံးပြုပြီး ဖီးနစ်အင်မော်တယ်စံအိမ်ထဲ ဝင်ချင်လို့ပါ..."
ပေါ်လာသောသူသည် သဘာဝကျစွာပင် ကျိုးစွေ့ ဖြစ်၏။
ယွီရှန်းအာ၏ တည်ရှိနေမှုကို ခံစားမိလိုက်သည်နှင့် သူ၏အခွင့်အရေးသည် ဤအမျိုးသမီးထံတွင် ရှိနေကြောင်း သူ သိလိုက်သည်။
ဖီးနစ်အမိန့်ပေးတံဆိပ် တစ်ခုတည်းကပင် လူ (၁၀၀) ကို ဖီးနစ်အင်မော်တယ်စံအိမ်အတွင်းသို့ ခေါ်ဆောင်သွားနိုင်သည် မဟုတ်ပါလော။ ထို့ကြောင့် သဘာဝကျစွာပင် သူမက သူ့ကိုလည်း ခေါ်ဆောင်သွားနိုင်ပေလိမ့်မည်။
"ဘာ... လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်တည်းလား..."
ထိုစကားကို ကြားသောအခါ ကျောက်စိမ်းယုန်မျိုးနွယ်စုမှ အမျိုးသမီးကျင့်ကြံသူများစွာသည် သူတို့၏သတိထားမှုကို မလျှော့ချခဲ့ဘဲ ပို၍ပင် ထိတ်လန့်သွားကြလေသည်။
အဘယ်ကြောင့်ဆိုသော် မည်သည့် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူက ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများ၏ အစည်းအဝေးသို့ ရဲတင်းစွာ ဝင်ရောက်ရဲပါမည်နည်း။
သေချင်နေမှသာ ထိုသို့ပြုလုပ်ရဲမည် ဖြစ်၏။
ထို့အပြင် သူတို့ရှေ့ရှိ အမျိုးသားသည် တည်ငြိမ်ပြီး ယုံကြည်မှုရှိကာ ကြောက်ရွံ့မှု အနည်းငယ်မျှပင် မပြသချေ။
အကယ်၍ ဤလူက ဝက်ယောင်ဆောင်ပြီး ကျားကိုစားမည့်သူ မဟုတ်ပါက သူတို့သာ ဤအိမ်တစ်လုံးလုံးကို စားပစ်လိုက်ပေမည်။
ကျောက်စိမ်းယုန်မျိုးနွယ်စု ကျင့်ကြံသူများသည် အမြဲတမ်း ထွက်ပြေးလွတ်မြောက်ရာတွင် ကျွမ်းကျင်သူများဖြစ်ကြသဖြင့် သူတို့၏ အန္တရာယ်ကို အာရုံခံနိုင်စွမ်းသည် သာမန်ကျင့်ကြံသူများ ယှဉ်ပြိုင်နိုင်သည့်အရာ မဟုတ်ပေ။
ဤအမျိုးသားထံမှ အန္တရာယ်ရှိသော အငွေ့အသက်များ ထွက်ပေါ်နေပြီး သူတို့ကို ခြိမ်းခြောက်ရန် လုံလောက်သော စွမ်းအားများ ရှိနေသည်ကို သူတို့ ခံစားနိုင်ကြသည်။
ဤအကောင်သည် သေချာပေါက် လျှို့ဝှက်ပညာရပ်တစ်ခုခုကို အသုံးပြုကာ သူ၏ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားခြင်းသာ ဖြစ်ရပေမည်။
တစ်ဖက်လူသည် မဟာယာနအဆင့် ကျင့်ကြံသူ မဟုတ်လျှင်ပင် ခန္ဓာပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်မှ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ သူတို့ထက် အားနည်းနိုင်မည် မဟုတ်ပေ။
"ရှင်က ကျိုးစွေ့လား..."
ယွီရှန်းအာသည် မူလက ဤဖိတ်ခေါ်မထားသော ဧည့်သည်ကို တိုက်ခိုက်သတ်ဖြတ်ရန် ရည်ရွယ်ထားသော်လည်း ကျိုးစွေ့၏ ရုပ်သွင်ကို မြင်လိုက်ရပြီးနောက် ချက်ချင်းပင် ကြက်သေသေသွားခဲ့ရချေသည်။
သူမအနေဖြင့် ဤလူသားမျိုးနွယ် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူနှင့် နောက်တစ်ကြိမ် ပြန်လည်ဆုံတွေ့ရလိမ့်မည်ကို လုံးဝ ထင်မှတ်မထားခဲ့ပေ။
ယွီဟွမ်ကျွန်းသို့ သူမရောက်ရှိလာသည့် လှုပ်ရှားမှုသည် အလွန်လျှို့ဝှက်သည့်အပြင် မည်သည့်အစီအစဉ်မှ မရှိဘဲ စိတ်ကူးပေါက်ရာ လာခဲ့ခြင်းသာ ဖြစ်၏။
သို့တိုင်အောင် ဤနေရာတွင် တစ်ဖက်လူနှင့် ဆုံတွေ့ခဲ့ရဆဲပင် မဟုတ်ပါလော။ ဤသည်က မလွှဲမသွေ ဆုံတွေ့ရမည့်အလား ဖြစ်နေချေသည်။
"မျိုးနွယ်စုခေါင်းဆောင်က သူ့ကို သိတာလား..."
ဤစကားကို ကြားသောအခါ ကျောက်စိမ်းယုန်မျိုးနွယ်စု အမျိုးသမီးကျင့်ကြံသူ အများအပြားသည် သူတို့၏ မျက်လုံးလှလှလေးများ ပြူးကျယ်သွားကြပြီး တစ်ယောက်စီတိုင်း၏ မျက်နှာပေါ်တွင် စပ်စုလိုသော အမူအရာများ ပေါ်လာကာ ယုန်နားရွက်များမှာလည်း ထောင်မတ်သွားကြလေသည်။
သူတို့အနေဖြင့် စပ်စုရမည့် စကားတစ်ခွန်း လွတ်သွားမည်ကို အလွန် စိုးရိမ်နေကြပြီး ထိုသို့ဖြစ်သွားပါက ကြီးမားသော နစ်နာမှုကြီး ဖြစ်သွားမည့်အလားပင်။
အဘယ်ကြောင့်ဆိုသော် ဤသည်က မျိုးနွယ်စုခေါင်းဆောင်၏ အချစ်ရေး ကောလာဟလတစ်ခုနှင့် တူနေသည် မဟုတ်ပါလော။
"အင်း... တစ်ခေါက်တော့ ဆုံဖူးတယ်..."
"အရင်တစ်ခေါက် ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူတွေရဲ့ လိုက်လံသတ်ဖြတ်မှုကနေ လွတ်မြောက်လာတုန်းက ဒီလူက ငါ့ကို နည်းနည်းပါးပါး ကူညီပေးခဲ့တာပဲ..."
"ပြီးတော့ အရင်က ရခဲ့တဲ့ အံ့ဖွယ်တစ်သောင်းပန်းကလည်း ဒီလူဆီကနေ အရောင်းအဝယ် လုပ်ခဲ့တာလေ..."
ယွီရှန်းအာသည် တစ်ဖက်လူနှင့် ဆုံတွေ့ခဲ့ရသည့် အကြောင်းရင်းကို ရိုးရှင်းစွာ ရှင်းပြလိုက်သည်။
"ဪ... ဒီလိုကိုး... မျိုးနွယ်စုခေါင်းဆောင်နဲ့ သူက ကြံရာပါတွေပေါ့..."
ကျောက်စိမ်းယုန်မျိုးနွယ်စု အမျိုးသမီးကျင့်ကြံသူ အများအပြားသည် ရုတ်တရက် နားလည်သဘောပေါက်သွားကြပြီး ချက်ချင်းပင် စိတ်အေးသွားကြလေသည်။
သူတို့ အကြောက်ဆုံးအရာမှာ ဤဇာတ်မြစ် မသေချာသော ကျင့်ကြံသူသည် ထျန်းဖန်မျိုးနွယ်စုမှ ဖြစ်နေမည်ကိုပင်။
အကယ်၍ ထိုသို့သာဆိုပါက သူတို့အနေဖြင့် ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူများ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရမည်မှာ သေချာလှပေသည်။
ထိုအချိန်ရောက်လျှင် ကြီးမားသော ဘေးဒုက္ခကြီးကို ဆွဲဆောင်မိနိုင်သည်။ ဤသည်က အန္တရာယ်နှင့် ရင်ဆိုင်နေရသော ကျောက်စိမ်းယုန်မျိုးနွယ်စုအတွက် ကောင်းမွန်သည့် ကိစ္စတစ်ရပ် မဟုတ်ချေ။
"တာအိုရောင်းရင်းကျိုး... ရှင်က ဒီနေရာကို ဘယ်လိုရှာတွေ့ခဲ့တာလဲ..."
ယွီရှန်းအာသည် အကြိမ်ရာပေါင်းများစွာ စဉ်းစားသော်လည်း အဖြေမရှာနိုင်ဘဲ ဤအမျိုးသားက သူမကို အဘယ်ကြောင့် ရှာတွေ့နိုင်သနည်း ဆိုသည်ကို လုံးဝ နားမလည်နိုင်ဖြစ်နေ၏။
ယခင်တစ်ကြိမ်ကလည်း ဤအတိုင်းပင် မဟုတ်ပါလော။ အကြောင်းရင်းမရှိဘဲ ဤလူနှင့် ဆုံတွေ့ရခြင်းက တကယ်ကို မယုံနိုင်စရာပင် ဖြစ်၏။
"တိုက်ဆိုင်မှုသက်သက်ပါပဲ..."
"ဒီနေရာမှာ ဖီးနစ်အင်မော်တယ်စံအိမ်တော်ထဲကို ဝင်ရောက်နိုင်မယ့် ကံတရားအထောက်အပံ့ ရှိနေတယ်လို့ ကျုပ် ခံစားမိလို့လေ..."
"ဒါကြောင့်ပဲ ဒီနေရာကို ရောက်လာခဲ့တာ..."
"ဒါပေမဲ့ တာအိုရောင်းရင်းယွီက ဒီနေရာမှာ ရှိနေလိမ့်မယ်လို့တော့ ကျုပ် မထင်ထားခဲ့မိဘူး..."
"ဒီတော့ ကျုပ်တို့တွေမှာ ရေစက်ရှိတယ်လို့ ဆိုနိုင်တာပေါ့..."
ကျိုးစွေ့က ခပ်ဖွဖွ ပြုံးလိုက်၏။
ဤသည်က ‘ကံကြမ္မာကူ’၏ စွမ်းအားတစ်ခုတည်း မဟုတ်ဘဲ ‘ချစ်ခြင်းမေတ္တာကူ’၏ စွမ်းအားလည်း ပါဝင်ကြောင်းကို သူ နားလည်ပေသည်။ ထိုနက်နဲဆန်းကြယ်လှသော အကြောင်းအကျိုးဆက်စပ်မှုစွမ်းရည် - ဖူးစာကြိုးက သူ့နှင့် ယွီရှန်းအာကို အနာဂတ်၏ အချို့သော အချိန်ကာလတစ်ခုတွင် မလွှဲမသွေ ဆုံတွေ့စေမည် ဖြစ်၏။
အကြောင်းအကျိုးဆက်စပ်မှုစွမ်းရည်၏ နက်နဲဆန်းကြယ်မှုက တကယ်ကို မယုံနိုင်စရာပင် ဖြစ်သည်ဟုသာ ဆိုရပေမည်။
"ဖီဖီဖီ... ဘာရေစက်လဲ..."
"ရှင်က ငါတို့မျိုးနွယ်စုခေါင်းဆောင်ကို မျက်စိကျနေတာလို့ပဲ ငါတော့ မြင်တယ်..."
"ဒါကြောင့်ပဲ အတင်းအဓမ္မ လိုက်ပတ်သက်နေတာ မဟုတ်လား..."
"ရှင်လို ယောက်ျားမျိုးကို ငါ အများကြီး မြင်ဖူးတယ်..."
"မျိုးနွယ်စုခေါင်းဆောင်က ဘယ်လောက်တောင် သန့်စင်မွန်မြတ်လဲဆိုတာ သိရဲ့လား... ရှင့်ကို ဘယ်လိုလုပ် သဘောကျနိုင်မှာလဲ... အဲဒီအတွေးကို စွန့်လွှတ်လိုက်တော့..."
ဘေးနားရှိ ကျောက်စိမ်းယုန်မျိုးနွယ်စု အမျိုးသမီးကျင့်ကြံသူတစ်ဦးက ကျိုးစွေ့ကို အလွန် အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်ချေသည်။
ဤအမျိုးသားသည် မိမိတို့၏ မျိုးနွယ်စုခေါင်းဆောင်ကို သေချာပေါက် သဘောကျနေသောကြောင့်သာ နည်းလမ်းမျိုးစုံကို အသုံးပြု၍ နောက်ယောင်ခံ လိုက်လာခြင်းဖြစ်မည်ဟု သူမက ထင်မြင်နေ၏။
ထိုသို့မဟုတ်ပါက အဘယ်ကြောင့် ဤမျှ တိုက်ဆိုင်နေနိုင်ပါမည်နည်း။ ဤသည်က လုံးဝ ယုတ္တိမရှိသော ကိစ္စတစ်ခုပင် မဟုတ်ပါလော။
ဤစကားကို ကြားသောအခါ အခြားသော ကျောက်စိမ်းယုန်မျိုးနွယ်စု အမျိုးသမီးကျင့်ကြံသူများသည်လည်း ကျိုးစွေ့ကို သံသယအပြည့်ဖြင့် ကြည့်လိုက်ကြသည်။
သူတို့သည်လည်း ဤအမျိုးသားမှာ အမှန်တကယ်ပင် ရည်ရွယ်ချက် မကောင်းကြောင်းနှင့် မိမိတို့၏ မျိုးနွယ်စုခေါင်းဆောင်ကို မျက်စိကျနေခြင်းသာ ဖြစ်ကြောင်း ခံစားမိကြလေသည်။