အခန်း ၃၁၁
Vol. 32 Ch. 311
အပိုင်း ၃၁၁
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
ကျိယန် နိုင်အာကို ကြည့်ကာ မေးလိုက်သည်။
“မင်းက...”
ယခုအချိန်အထိ သူမ နိုင်အာကို မသိသေးချေ။
နိုင်အာ သူမ၏ မျက်နှာဖုံးကို မတင်လိုက်ရာ အလွန်လှပပြီး ပြိုင်ဘက်ကင်းသည့် မျက်နှာလေး ပေါ်ထွက်လာ၏။ ထို့နောက် သူမ ဖြေလိုက်သည်။
“ယန်ရွှမ်းပါ... ဆိုလွန်က ကျွန်မသခင်ဖြစ်သလို ချစ်သူလည်းဖြစ်တယ်”
သူမ၏ စကားပြောဆိုပုံမှာ အလွန်ပွင့်လင်းလှသဖြင့် ကျိယန်၏ သဘောကျမှုကို ချက်ချင်းရရှိသွားသည်။
ကျိယန် သူမရှေ့မှ မိန်းကလေးကို ပထမဆုံးအကြိမ် သေချာ စိုက်ကြည့်လိုက်မိ၏။ သူမမှာ အသက်ရှူမှားလောက်အောင် လှပလွန်းပြီး အထူးသဖြင့် သန့်စင်သည့် အသွင်အပြင်လေးက လူများကို သနားကြင်နာစိတ် ဖြစ်ပေါ်စေသည်။
ကျိယန် ရုတ်တရက် မေးလိုက်၏။
“ငါ့ကို လာရှာရမယ်ဆိုတာ မင်း ဘယ်လိုသိတာလဲ”
“ဆိုလွန် ကျွန်မကို လာခိုင်းတာပါ... ကျွန်မတို့ ထျန်ယဲ့မြို့ကနေ အရှေ့ဘက်ကို စစ်ချီလာတုန်းက ကျိလီနဲ့ ကျိနင်တို့ ကျွန်မတို့ကို တားဆီးဖို့ ဘယ်လိုနည်းလမ်းတွေ သုံးလာနိုင်လဲဆိုတာ ဆွေးနွေးခဲ့ကြတယ်...”
“မြင့်မြတ်နတ်နဂါးကျောင်းတော်ကို သုံးပြီး ဆိုလွန်ကို တိုက်ရိုက် ဖမ်းဆီးမယ့်ကိစ္စက ဖြစ်နိုင်ခြေ အနည်းဆုံးလို့ ကျွန်မတို့ တွက်ထားခဲ့တာ... ဘာလို့လဲဆိုတော့ ကျိလီအနေနဲ့ အဲ့ဒီလောက် ကြီးမားတဲ့ တန်ဖိုးမျိုး ပေးဆပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့လို့ပါ...”
“ဒါပေမဲ့ အဲ့ဒီ ဖြစ်နိုင်ခြေ အနည်းဆုံး ကိစ္စက တကယ် ဖြစ်လာခဲ့တယ်... ဒါကြောင့် မင်းသမီးကို လာရှာတာပါ”
နိုင်အာက တိကျပြတ်သားသောရှင်းပြချက်ဖြင့် အပိုအလိုမရှိပြန်ဖြေလိုက်သည်။
ကျိယန်ခေါင်းညိတ်လိုက်၏။
“တစ်နည်းအားဖြင့်.. သူက ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှု ရှိနေခဲ့တာပေါ့”
“ဟုတ်ပါတယ်... ဒါနဲ့ ဖန်ချင်းရှူနဲ့ ကျိလီတို့ရဲ့ ဆက်ဆံရေးကကော ရင်းနှီးလား”
နိုင်အာ ခေါင်းညိတ်လိုက်ကာ ဆက်၍မေးမြန်းလိုက်သည်။
ကျိယန် ခေါင်းရမ်းလိုက်သည်။
“မဟုတ်ဘူး..အကျိုးတူ ပူးပေါင်းတာမျိုးပဲ...”
“ဒါပေမဲ့ ဖန်ချင်းရှူ ဆိုလွန်ကို ပစ်မှတ်ထားတာ ငါ့ကြောင့် ပိုများတယ်”
ထိုစကားကြောင့် နိုင်အာ ကျိယန်ကို သေချာ တစ်ချက် ကြည့်လိုက်မိ၏။ ထို့နောက် သူမ ဘာမှ ဆက်မပြောတော့ဘဲ ခရီးကိုသာ အာရုံစိုက်လိုက်တော့သည်။
……
နိုင်အာနှင့် ကျိယန်တို့ လုံးဝ မရပ်နားဘဲ ဒုန်းစိုင်းနှင်လာခဲ့သော်လည်း အသွားအပြန် ခရီးအတွက် အချိန် နှစ်ရက်ခန့် ကြာမြင့်မည် ဖြစ်သည်။
ဤအချိန်၌ ဆိုလွန် မြင့်မြတ်နတ်နဂါးကျောင်းတော် တရားရုံးတွင် အကျဉ်းချခံထားရသည်မှာ ၃၆ နာရီ ကြာမြင့်ခဲ့ပြီ ဖြစ်၏။
ဖန်ချင်းရှူက ထိုမေးခွန်းသုံးခုကိုသာ အကြိမ်ထောင်ပေါင်းများစွာ မေးမြန်းခဲ့သည်။
“ပထမမေးခွန်း... ခင်ဗျား နဂါးတံဆိပ်တုံး ကျောက်တိုင်ကနေ ဘာအမွေအနှစ် ရခဲ့လဲ”
“ဒုတိယမေးခွန်း... ခင်ဗျား နဂါးမီးလျံ သလင်းကျောက်ကို ဘယ်ကနေ ရခဲ့တာလဲ”
“တတိယမေးခွန်း... ပျောက်ဆုံးသွေး မြို့တော်က လူရိုင်းနယ်မြေရဲ့ အတွင်းပိုင်းမှာ ရှိတာ... လူသားတွေ ဝင်သွားရင် သေချာပေါက် သေရမယ့် နေရာမျိုးလေ... ခင်ဗျားရဲ့ သိုင်းပညာကလည်း မမြင့်မားဘဲ ဘာလို့ အသက်ရှင်လျက် အဝင်အထွက် လုပ်နိုင်ခဲ့တာလဲ”
အကြိမ်တိုင်း၌ စိတ်ဝိညာဉ်သခင် သုံးဦးက ပိုမို ကြီးမားသော စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်ကာ ဆိုလွန်၏ စိတ်ဝိညာဉ် ကာကွယ်မှုကို ဖိနှိပ်နေကြသည်။
တစ်ကြိမ်ထက် တစ်ကြိမ် ပို၍ အင်အားကြီးမားလာ၏။
၂၄ နာရီ ကြာပြီးနောက် ဆိုလွန်၏ စိတ်ဝိညာဉ်စွမ်းအားများ စတင် အားနည်းလာပြီး မျက်လုံးများလည်း ဝေဝါးလာခဲ့သည်။
သူ၏ စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒများ ပြိုလဲပျက်စီးလုနီးပါး ဖြစ်နေလေပြီ။
သို့သော် ထိုရလဒ်ကပင် ဖန်ချင်းရှူကို အလွန် အံ့အားသင့်သွားစေသည်။
ဆိုလွန်၏ ကျင့်ကြံခြင်း အဆင့်က သာမန်ထက်ပင် နိမ့်ကျနေသော်လည်း သူ၏ စိတ်ဝိညာဉ်စွမ်းအားက ဤမျှအထိ ခံနိုင်ရည်ရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
မည်သို့ပင်ဖြစ်စေ အသုံးမဝင်တော့ချေ။ မကြာခင် ဆိုလွန်တစ်ယောက် လုံးဝ ပြိုလဲပျက်စီးရတော့မည်သာ။ ကွပ်မျက်ခံရခြင်း သို့မဟုတ် အသုံးမကျသူ တစ်ယောက်အဖြစ် လွှတ်ပေးခံရမည်ဖြစ်သည်။
၃၀ နာရီ ကြာပြီးနောက် အသူရာမိစ္ဆာကြယ်မှ ထုတ်လွှတ်သော စိတ်ဝိညာဉ်စွမ်းအားများကို အားကိုး၍သာ တောင့်ခံထားရတော့သည်။
မေးခွန်းသုံးခုကို သူ အကြိမ်သုံးထောင်ကျော် ပြန်လည် ဖြေဆိုခဲ့ပြီး ဖြစ်သည်။
၃၁ နာရီ ကြာသောအခါ သူ၏ မျက်လုံးများက ဘာကိုမျှ မမြင်ရတော့ချေ။ ဖန်ချင်းရှူ၏ မျက်နှာကိုပင် သေချာ မမြင်ရတော့ခြင်းဖြစ်သည်။
၃၂ နာရီ ကြာပြီးနောက် သူ ဖန်ချင်းရှူ၏ အသံကိုပင် မကြားရသလောက် ဖြစ်သွားခဲ့၏။ ကောင်းကင်ကိုးထပ်အထက်မှ လာသည့်အလား အလွန် ဝေးကွာနေသကဲ့သို့ ခံစားရပြီး သူ၏ အလိုအလျောက် တုံ့ပြန်မှုဖြင့်သာ မေးခွန်းများကို ဖြေဆိုနေခဲ့သည်။
၃၃ နာရီ ကြာသောအခါ သူ၏ ဦးနှောက်နှင့် ခန္ဓာကိုယ် ရှိနေသည်ကိုပင် မခံစားရတော့ချေ။
၃၄ နာရီ ကြာပြီးနောက် သေသွားခြင်းက ပို၍ သက်သာမည်ဟု သူ တွေးမိလာ၏။ ဤသို့ လဲလျောင်းလိုက်ပါက ကြောက်မက်ဖွယ်ကောင်းသော ဆင်းရဲဒုက္ခနှင့် အိပ်မက်ဆိုးကြီး ပြီးဆုံးသွားပေလိမ့်မည်။
ထိုအချိန်၌ သူ ခံစားနေရသော နာကျင်မှုမှာ ထူလင်းတိ ညပေါင်းများစွာ ခံစားခဲ့ရသည့် နာကျင်မှုထက် အဆပေါင်းရာချီ၍ ပိုမို ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။
ထူလင်းတိ၏ နာကျင်မှုမှာ ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ သက်သက်သာ ဖြစ်၏။ ထို့ပြင် တစ်စုံတစ်ရာသော အကြောင်းကြောင့် ဆိုလွန်က သူမကို မျက်လုံးဖောက်ထုတ်ခြင်း၊ ကိုယ်လက်အင်္ဂါ ဖြတ်တောက်ခြင်းစသည့် ထာဝရ နာကျင်မှုမျိုး မပေးခဲ့ဘဲ နာကျင်မှုကိုသာ ခံစားရစေကာ ခန္ဓာကိုယ်ကို အကောင်းပကတိအတိုင်း ထားရှိပေးခဲ့သည်။
သို့သော် ယနေ့ ဆိုလွန်ခံစားနေရသော စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ နာကျင်မှုကမူ တိုက်ရိုက် သေဆုံးသွားခြင်းက ပို၍ သက်သာမည်ဟု တွေးတောစေမိသည်အထိပင်။
ကမ္ဘာမြေပေါ်ရှိ ကြောက်မက်ဖွယ်အကောင်းဆုံး စစ်ဆေးမေးမြန်းမှု နည်းလမ်းမှာ နှိပ်စက်ခြင်း မဟုတ်ဘဲ အိပ်စက်ခွင့် မပေးခြင်း၊ အလင်းရောင် အပြင်းစားဖြင့် ထိုးထားခြင်း၊ မေးခွန်းများကို အကြိမ်ဆယ်၊ ရာ၊ ထောင်ချီ၍ ထပ်ခါတလဲလဲ မေးမြန်းခြင်းတို့ ဖြစ်သည်။
သို့ရာတွင် ယခု ဆိုလွန် ခံစားနေရသော စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ နာကျင်မှုနှင့် နှိုင်းယှဉ်ပါက ကမ္ဘာမြေပေါ်ရှိ ထိုစစ်ဆေးမှုများမှာ ကလေးကစားစရာအဆင့်သာ ရှိတော့သည်။
၃၄ နာရီသာ ကြာမြင့်သေးသော်လည်း အိပ်စက်ခြင်း မရှိသလို ကြီးမားလှသော စိတ်ဝိညာဉ်စွမ်းအားများဖြင့် အဆက်မပြတ် ဖိနှိပ်ခံနေရသဖြင့် ဆိုလွန်၏ စွမ်းအင်နှင့် စိတ်ဆန္ဒများ အလွန်လျင်မြန်စွာ ကုန်ခမ်းနေခဲ့သည်။
ဤသည်မှာ သာမန်လူတစ်ယောက်အတွက် လဝက် သို့မဟုတ် တစ်လတိတိ တစ်မိနစ်မျှပင် အနားမယူရခြင်းနှင့် အတိအကျ တူညီနေသည်။ ထိုအခြေအနေက လူကို ပြိုလဲသွားစေရုံသာမကဘဲ အပြီးတိုင် ပျက်စီးသွားစေနိုင်၏။
နောင်တွင် မည်သည့်ကိစ္စများကို ထပ်မံ ကြုံတွေ့ရပါစေ ဆိုလွန်တစ်ယောက် မြင့်မြတ်နတ်နဂါးကျောင်းတော် တရားရုံး၏ စစ်ဆေးမေးမြန်းမှုကို အမြဲ မှတ်မိနေမည်ဖြစ်ပြီး သူ၏ တစ်သက်တာ အိပ်မက်ဆိုးကြီး ဖြစ်လာပေလိမ့်မည်။
သေချာသည်မှာ ထိုသို့ဖြစ်လာရန် ဤနေရာမှ အသက်ရှင်လျက် လျှောက်ထွက်သွားနိုင်ရမည် ဖြစ်သည်။ သို့သော် ယခုအချိန်အထိ တရားရုံးသို့ ဝင်သွားသူ မည်သူမျှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခြင်း မရှိခဲ့သေးချေ။
၃၅ နာရီ ကြာသောအခါ ဆိုလွန်သည် ပတ်ဝန်းကျင်ရှိ မည်သည့်အရာကိုမျှ မခံစားမိတော့သလို ဖန်ချင်းရှူ၏ အဝေးမှ လာသော အသံကိုပင် မကြားရတော့ပေ။
သူ၏ နှုတ်ခမ်းများက စက်ရုပ်တစ်ရုပ်ကဲ့သို့ ထိုမေးခွန်းသုံးခုကိုသာ အလိုအလျောက် ပြန်လည် ဖြေဆိုနေခဲ့သည်။
ဖန်ချင်းရှူ၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားကာ လှောင်ပြုံး ပြုံးလိုက်သည်။ သူ၏ရှေ့မှ လူမှာ မကြာခင် ပြိုလဲပျက်စီးတော့မည်။
သူ၏ ပါးစပ်မှ လူရိုင်းများနှင့် ပူးပေါင်းခဲ့သည်ဆိုသော အမှန်တရား ထွက်ပေါ်လာမည်လား ဆိုသည်ကိုမူ ဖန်ချင်းရှူ လုံးဝ ဂရုမစိုက်ချေ။
မုန်ထိုလော့ ရှိနေခြင်းကို သူက မည်သူ့ထက်မဆို ပို၍ ရှင်းလင်းစွာ သိထား၏။ အဘယ်ကြောင့်ဆိုသော် သူမက သူနှင့်အတူ ကျောင်းတော်၌ နှစ်ပေါင်းများစွာ တပည့်ခံခဲ့သော ဂိုဏ်းတူညီမလေး ဖြစ်သောကြောင့်ပင်။ မုန်ထိုလော့၏ ကိစ္စအများစုကို သူ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။
လူရိုင်းများနှင့် ပူးပေါင်းကြံစည်မှုဟု ဆိုရမည်ဆိုလျှင် ဦးစွာ ဖမ်းဆီးရမည့်သူမှာ ကျိလီနှင့် ကျိနင်တို့ ဖြစ်သည်။
အကြောင်းမှာ မုန်ထိုလော့၏ အဆိပ်မြွေ မျိုးနွယ်စုသည် ကျိနင်အတွက် တောင်တစ်သောင်း တောင်တန်း၌ အချိန်ကြာမြင့်စွာ အလုပ်အကျွေးပြုခဲ့သော လက်ပါးစေများ ဖြစ်နေသောကြောင့်ပင်။
သို့သော် လူတစ်ယောက်နှင့် တစ်ယောက် မတူညီကြချေ။ ကျိလီနှင့် ကျိနင်တို့က လူရိုင်းများကို ပွင့်လင်းမြင်သာစွာ အသုံးပြုခွင့် ရှိကြ၏။
သို့ရာတွင် ဆိုလွန်ကမူ လူရိုင်းများနှင့် ပူးပေါင်းကြံစည်သည်ဆိုသော သံသယ အနည်းငယ် ရှိရုံဖြင့်ပင် ဖန်ချင်းရှူက သူ့ကို သတ်ဖြတ်နိုင်သည်။
ယခု သူ လုပ်ဆောင်ရမည့် အရာမှာ တရားဝင် အခြေအနေအရ ဆိုလွန်ကို ဖိနှိပ် သတ်ဖြတ်ရန်ပင်။
ထိုစဉ် အပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။ ဖန်ချင်းရှူ တံခါးအနီးသို့ သွားကာ နားစွင့်လိုက်၏။
အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
“သခင်လေး... မင်းသမီးကျိယန် တော်ဝင်မြို့တော်ကနေလာနေပါပြီ”
ဤအချိန်၌ တရားရုံးအတွင်းရှိ ဆိုလွန်ကမူ စက်ရုပ်တစ်ရုပ်ကဲ့သို့ အရင်တိုင်း မေးခွန်းများကို ဖြေဆိုနေဆဲဖြစ်ပြီး ပတ်ဝန်းကျင်မှ အရာအားလုံးကို လုံးဝ အာရုံခံနိုင်စွမ်း မရှိတော့ချေ။
“သိပြီ”
ဖန်ချင်းရှူ ပြန်ပြောလိုက်သည်။ ထို့နောက် သူ အမှောင်ထဲ၌ လက်မြှောက်ပြလိုက်၏။
ဤသည်မှာ အချက်ပြမှု တစ်ခုပင်။ အချိန်ကျရောက်လာပြီဖြစ်၍ ဆက်မကစားတော့ဘဲ ဆိုလွန်ကို သတ်ဖြတ်ရန် အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။
ချက်ချင်းပင် အမှောင်ထဲရှိ စိတ်ဝိညာဉ်သခင် သုံးဦးက ယခင်အကြိမ်ထက် ဆယ်ဆခန့် ပိုမို ပြင်းထန်ကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။
ဆိုလွန်၏စိတ်ဝိညာဉ်ပေါ်သို့ ရေလွှမ်းမိုးမှုကြီး တစ်ခုကဲ့သို့ ပြင်းထန်သောစိတ်ဝိညာဉ်စွမ်းအားများ အဆက်မပြတ် ဖိနှိပ်လာလေပြီ။
ချက်ချင်းဆိုသလို သူ၏ အလွန် အားနည်းနေသော စိတ်ဝိညာဉ် ကာကွယ်မှု လုံးဝ ပြိုလဲပျက်စီးသွားတော့သည်။
ရေလှောင်တမံ တစ်ခုကဲ့သို့ပင်။ ကန့်သတ်ချက်သို့ ရောက်ရှိနေချိန်၌ ရေမျက်နှာပြင်က ရုတ်တရက် မီတာအတော်များများ ထပ်မံ မြင့်တက်လာသောအခါ တမံက ထပ်မံ၍ မခံနိုင်တော့ဘဲ တိုက်ရိုက် ပြိုကျပျက်စီးသွားခြင်းဖြစ်သည်။
တမံကျိုးသွားပြီးနောက် ကြီးမားလှသော ရေလွှမ်းမိုးမှုကြီးက မြို့တွင်းသို့ ရုတ်တရက် ဝင်ရောက်လာကာ အတွင်းရှိ အရာအားလုံးကို မျက်စိတစ်မှိတ်အတွင်း လုံးဝ ဖျက်ဆီးပစ်လိုက်၏။
ချက်ချင်းပင် ဆိုလွန်၏ ခန္ဓာကိုယ်မှာ လျှပ်စစ်ရှော့ခ် ရသွားသကဲ့သို့ အပြင်းအထန် တုန်ခါသွားသည်ကို တွေ့လိုက်ရသည်။
ထို့နောက် သူ၏ မျက်လုံးအိမ်များ ရုတ်တရက် ပြန့်ကျဲသွားကာ ပါးစပ်မှ ဆန်းကြယ်သော ဘာသာစကားများကို အဆက်မပြတ် အော်ဟစ်ပြောဆိုလာသည်။
ဤဘာသာစကားများမှာ သူ၏ ဦးနှောက်ထဲရှိ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်များပင်။
စိတ်ဝိညာဉ် ကာကွယ်မှု ပျက်စီးသွားသောကြောင့် သူ၏ ဦးနှောက်အတွင်းရှိ လျှို့ဝှက်ချက်များ အားလုံး ပုန်းအောင်းစရာ နေရာမရှိတော့ဘဲ ထွက်ကျလာခြင်း ဖြစ်သည်။
“အောင်မြင်သွားပြီ... ဒီလူတော့ ပြီးသွားပြီ”
ဖန်ချင်းရှူ မတ်တပ်ထရပ်ကာ ပြောလိုက်သည်။
ဆိုလွန်ကဲ့သို့ လူမျိုး၏ လျှို့ဝှက်ချက်များကို သူ လုံးဝ ဂရုမစိုက်ချေ။ ထို့ကြောင့် သူ တိုက်ရိုက်ပင် လှည့်ထွက်သွားရန် ပြင်လိုက်သည်။
ရုတ်တရက် ဆိုလွန်၏ ပါးစပ်မှ ရွတ်ဆိုလိုက်သော ဆန်းကြယ်သည့် ဂါထာတစ်ခုကို သူ ကြားလိုက်ရသည်။
မည်သူမျှ နားမလည်နိုင်သော ဂါထာဖြစ်ကာ ဤလောကရှိ ဘာသာစကားပင် မဟုတ်ချေ။
ချက်ချင်းပင် ဖန်ချင်းရှူ၏ ခန္ဓာကိုယ် အပြင်းအထန် တုန်ခါသွားပြီး မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
တစ်ချိန်တည်းမှာပင် တရားရုံးအတွင်းရှိ စိတ်ဝိညာဉ်သခင် သုံးဦး၏ မျက်နှာများလည်း ပြောင်းလဲသွားကာ စိတ်ဝိညာဉ် ဖိနှိပ်မှုကို ရပ်တန့်လိုက်ကြ၏။
စိတ်ဝိညာဉ်သခင် တစ်ဦးက လှေကားပေါ်မှ အလျင်အမြန် ခုန်ဆင်းလာကာ ဆိုလွန်၏ ရှေ့သို့ တိုက်ရိုက် ရောက်ရှိလာသည်။ ထို့နောက် သူက ဆိုလွန်၏ မျက်လုံးများကို စိုက်ကြည့်ကာ သူ၏ ကိုယ်ပိုင် စိတ်ဝိညာဉ်စွမ်းအားများကို ရုတ်တရက် ထည့်သွင်းလိုက်၏။
မျက်စိတစ်မှိတ်အတွင်း ဆိုလွန်၏ မျက်လုံးများမှတစ်ဆင့် ဆိုလွန်၏ ဦးနှောက် အနက်ရှိုင်းဆုံးရှိ လျှို့ဝှက်မှတ်ဉာဏ်များကို သူ ဖတ်ရှုလိုက်ရလေပြီ။
အားလုံးမှာ အပိုင်းပိုင်း ပြတ်တောက်နေသော မြင်ကွင်းများ ဖြစ်၏။ အချို့က မြင့်မြတ်နတ်နဂါးကျောင်းတော်၏ ကောင်းကင်မြို့တော်၌ ဖြစ်ပြီး အချို့က ကောင်းကင်ဘုံ နန်းတော်တွင် ဖြစ်သည်။
အဆုံးမဲ့ ကြယ်တာရာများ၊ တောက်ပခမ်းနားသော မီးလျံနဂါးအင်ပါယာနှင့် ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းသော နဂါးဧကရာဇ်မင်းမြတ်။
ဤမှတ်ဉာဏ်များမှာ အလွန် ပြန့်ကျဲနေပြီး မရေမတွက်နိုင်သော မြင်ကွင်းများ ဖြတ်ပြေးသွားသကဲ့သို့ ဖြစ်နေသည်။
ထိုမှတ်ဉာဏ်များသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက မှတ်ဉာဏ်များ ဖြစ်ကြပြီး ယခုအချိန်နှင့် ဟင်းလင်းပြင်မှ မှတ်ဉာဏ်များ မဟုတ်ကြချေ။
ဆိုလွန်၏မှတ်ဉာဏ်များကို စိတ်ဝိညာဉ်သခင် ဖတ်ရှုလိုက်ရပြီးသည်နှင့် ချက်ချင်း အလျင်အမြန် ရပ်တန့်လိုက်သည်။ သူ၏ တစ်ကိုယ်လုံး တုန်ယင်လာကာ အသက်ရှူ ကျပ်သွားပြီး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သူတို့အားလုံး ကြီးမားသည့် ပြဿနာကြီးတစ်ခုကို ဆွဲခေါ်လာမိလေပြီ။
အပိုင်း ၃၁၁ ပြီး။