← Chapters

အခန်း ၃၁၂

Vol. 32 Ch. 312

အခန်း ၃၁၂

Vol. 32 Ch. 312

အပိုင်း ၃၁၂

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

“မြန်မြန်... အသက်ကယ်ကြ... သူ့ရဲ့ စိတ်ဝိညာဉ်ရှိတဲ့ ဦးနှောက်ကို မြန်မြန် ကာကွယ်ကြ”

ဆိုလွန်၏ မှတ်ဉာဏ်များကိုဖတ်ရှုလိုက်သည့်စိတ်ဝိညာဉ်သခင်တစ်ယောက် ကြောက်ရွံ့မှုမှသတိပြန်ဝင်လာသောအခါ ချက်ချင်း အော်ဟစ်လိုက်သည်။

ထိုအခါ စိတ်ဝိညာဉ်သခင် သုံးဦးလုံး လျင်မြန်စွာ လှုပ်ရှားလာကြပြီး ကြီးမားလှသော စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။

ထိုစွမ်းအားများဖြင့် ဆိုလွန်၏ ဦးနှောက်ကို ရစ်ပတ်ကာကွယ်လိုက်ကာ မရေမတွက်နိုင်သော မှတ်ဉာဏ်အပိုင်းအစများ ထွက်ကျမလာစေရန် သူတို့၏ ကိုယ်ပိုင် စိတ်ဝိညာဉ်စွမ်းအားများဖြင့် စိတ်ဝိညာဉ် ကာကွယ်မှုအသစ်တစ်ခု တည်ဆောက်ပေးလိုက်ကြသည်။

ဖန်ချင်းရှူ မျက်နှာပျက်သွားကာ မေးလိုက်သည်။

“ဘာဖြစ်တာလဲ”

ဆိုလွန်၏မှတ်ဉာဏ်ကိုဖတ်ရှုထားသော စိတ်ဝိညာဉ်သခင် တုန်ယင်နေသောအသံဖြင့်ပြန်ဖြေလိုက်၏။

“ဒါက ကျောင်းတော်ရဲ့ ဝင်စားသူ... လွန်ခဲ့တဲ့ နှစ် ၃၀၀၀ က ဝင်စားသူ တစ်ယောက်ပဲ”

ဝင်စားသူ ဆိုသည်မှာ ဘာလဲ။

မြင့်မြတ်နတ်နဂါးကျောင်းတော်သည် အဆင့်မြင့် လျှို့ဝှက်ချက်များကို လက်ဆင့်ကမ်းရန်အတွက် နည်းလမ်းနှစ်ခု အသုံးပြုခဲ့သည်။

ပထမတစ်မျိုးမှာ ကောင်းကင်သင်္ချိုင်း ဖြစ်သည်။ အချို့သော စိတ်ဝိညာဉ် ယဇ်ပုရောဟိတ်များကို ဧမရမဟူရာ အဖြစ်သို့ ပြောင်းလဲကာ အရေးကြီးသော လျှို့ဝှက် အချက်အလက်များကို သူတို့၏ ဦးနှောက်ထဲ၌ သိမ်းဆည်း၍ လက်ဆင့်ကမ်းစေသည်။

အခြားတစ်မျိုးမှာ ဝင်စားသူ ဖြစ်သည်။

အလွန်အမင်း အင်အားကြီးမားသည့် စိတ်ဝိညာဉ် ယဇ်ပုရောဟိတ်ချုပ်များသည် သေဆုံးသွားပြီးနောက်၌ပင် မှတ်ဉာဏ်အချို့ကို ထိန်းသိမ်းထားနိုင်စွမ်း ရှိကြ၏။ ထိုသူတို့သည်မရေမတွက်နိုင်သော နှစ်များကြာပြီးနောက် ပြန်လည်ဝင်စား မွေးဖွားလာချိန်၌ ထိုမှတ်ဉာဏ်များက သူတို့၏ ဦးနှောက် အနက်ရှိုင်းဆုံးနေရာတွင် ချိတ်ပိတ်ခံထားရသည်။

ဝင်စားသူများထဲတွင် အချို့က နိုးထလာနိုင်သော်လည်း အများစုမှာ တစ်သက်လုံး နိုးထလာနိုင်စွမ်း မရှိကြချေ။

ကောင်းကင်သင်္ချိုင်း အစီအစဉ်နှင့် နှိုင်းယှဉ်ပါက ဝင်စားသူ အစီအစဉ်မှာ အတော်လေး ကျရှုံးခဲ့၏။ ဤနှစ်များတစ်လျှောက် နိုးထလာသည့် ဝင်စားသူ အရေအတွက်မှာ အလွန် နည်းပါးလှသဖြင့် မြင့်မြတ်နတ်နဂါးကျောင်းတော်က ထိုအစီအစဉ်ကို စွန့်လွှတ်လုနီးပါးပင် ဖြစ်နေခဲ့လေပြီ။

သို့သော် ယနေ့တွင် ဝင်စားသူ တစ်ဦးနှင့် မမျှော်လင့်ဘဲ ဆုံတွေ့ရလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

အကယ်၍ သူ၏ စိတ်ဝိညာဉ် ကာကွယ်မှု လုံးဝ ပြိုလဲသွားပြီး အနက်ရှိုင်းဆုံး မှတ်ဉာဏ်များ ပေါ်ထွက်လာခြင်း မရှိပါက ယခု သူတို့ရှေ့မှ ဆိုလွန်မှာ ဝင်စားသူ တစ်ဦးဖြစ်ကြောင်း မည်သူမျှ သိရှိနိုင်မည် မဟုတ်ချေ။

မြင့်မြတ်နတ်နဂါးကျောင်းတော်၌ ဝင်စားသူ တစ်ဦးစီမှာ ပြိုင်ဘက်ကင်းလောက်အောင် အဖိုးတန်လှသည်။

ယခု သူတို့ကိုယ်တိုင်က ဝင်စားသူ တစ်ဦးကို ဖျက်ဆီးရာတွင် ပါဝင်နေမိပြီ ဖြစ်ရာ နောက်ဆက်တွဲ ရလဒ်မှာ မတွေးရဲစရာပင်။

စိတ်ဝိညာဉ်သခင် သုံးဦးသား မည်သည့် တန်ဖိုးကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ဆိုလွန်၏ ဦးနှောက်ကို ကာကွယ်ကာ သူ သေသွားမည့် အရေးမှ တားဆီးပေးလိုက်ကြ၏။

ထို့နောက် သူတို့သုံးဦးလုံး တရားရုံး အလယ်၌ စိတ်ပျက်အားငယ်စွာ ဒူးထောက်ချလိုက်ကြပြီး ဖြူရော်နေသော မျက်နှာများဖြင့် ပြောလိုက်ကြသည်။

“သခင်ဖန်ချင်းရှူ... ဝင်စားသူတစ်ယောက်ရဲ့ နိုးထမှုကို ဖျက်ဆီးတာပဲဖြစ်ဖြစ်၊ ဝင်စားသူရဲ့ ရှေးဟောင်း မှတ်ဉာဏ်တွေကို ဖျက်ဆီးတာပဲဖြစ်ဖြစ်... ဘယ်ဟာမဆို သေဒဏ်ထိုက်တဲ့ အပြစ်တွေချည်းပါပဲ”

ထိုသို့ဆိုလျှင် ဆိုလွန်က တကယ်ပဲ ဝင်စားသူ တစ်ယောက်လော။

သေချာပေါက် မဟုတ်ချေ။ ဤမှတ်ဉာဏ်များမှာ အမှန်စင်စစ်တွင် ကောင်းကင်သင်္ချိုင်းရှိ ယဇ်ပုရောဟိတ်များ၏ စိတ်ဝိညာဉ်စွမ်းအားများကို ဝါးမျိုလိုက်ချိန်၌ ရရှိခဲ့သော မှတ်ဉာဏ် အပိုင်းအစများသာ ဖြစ်၏။

မိစ္ဆာတစ်ကောင်နီးပါး ဉာဏ်ကောင်းလှသော ဆိုလွန်မှာ ရန်သူက မြင့်မြတ်နတ်နဂါးကျောင်းတော်ဆိုသည့် သတ်ဖြတ်ရေး လက်နက်ကြီးကို အသုံးပြုလာနိုင်ခြေ ရှိကြောင်းကို ရှင်းလင်းစွာ ခန့်မှန်းမိပြီးသား ဖြစ်သည်။

ကြိုတင်ပြင်ဆင်မှု မရှိပါက အဘယ်ကြောင့် ဖန်ချင်းရှူနှင့်အတူ တရားရုံးသို့ လိုက်လာမည်နည်း။

ယခုအချိန်၌ အရာအားလုံးက သူ၏ အစီအစဉ်နှင့် ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့လေပြီ။

ဖန်ချင်းရှူ၏ မျက်နှာပေါ်တွင် အခက်ကြုံသောအမူအရာမျိုး ဖြစ်ပေါ်လာသည်။

“ခင်ဗျားတို့ သုံးယောက်... အခြေအနေက ဒီလိုဖြစ်နေမှတော့ အဆိုးထဲက အကောင်းဖြစ်အောင် ဒီလူကို သတ်ပစ်ကြတာပေါ့”

“ဒီလိုလုပ်လိုက်ရင် ခင်ဗျားတို့နဲ့ ကျွန်တော်... ပြီးတော့ ကောင်းကင်ကြီးကလွဲလို့..ဒီကိစ္စကိုဘယ်သူမှ သိမှာမဟုတ်တော့ဘူး”

ဖန်ချင်းရှူ ထိုစကားကို ပြောလိုက်ချိန်တွင် သူ၏ လေသံရော မျက်နှာအမူအရာပါ အလွန် ပေါ့ပါးနေပြီး လူသတ်လိုသည့် အရိပ်အယောင် အနည်းငယ်မျှပင် မပေါ်လွင်ခဲ့ချေ။

ခေါင်းဆောင် စိတ်ဝိညာဉ်သခင်က အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ပြောလိုက်၏။

“သခင်ဖန်ချင်းရှူ... ခင်ဗျားက မျိုးရိုးမြင့်မားသူပါ... ခင်ဗျားရဲ့ မျက်လုံးထဲမှာ လောကရဲ့ ယုံကြည်မှုတွေ အပါအဝင် အရာအားလုံးက ဘာမှမဟုတ်သလို ဖြစ်နေလိမ့်မယ်...”

“ဒါပေမဲ့ ကျွန်တော်တို့က သာမန် အရပ်သားတွေအဖြစ် မွေးဖွားလာကြသူတွေပါ.. ယုံကြည်မှုကို စွန့်လွှတ်လိုက်တာနဲ့ အရာအားလုံးကို ဆုံးရှုံးသွားရပါလိမ့်မယ်...”

“ခင်ဗျားကို မျက်နှာချိုသွေးဖို့အတွက် ကိုယ့်လိပ်ပြာကိုယ်လုံတဲ့ အလုပ်တွေကို ကျွန်တော်တို့ လုပ်နိုင်တယ်... ဒါပေမဲ့ ယုံကြည်မှုကို ဖောက်ဖျက်တဲ့ ကိစ္စမျိုးကိုတော့ လုံးဝ မလုပ်နိုင်ဘူး”

ဖန်ချင်းရှူ ရုတ်တရက် ပြုံးပြီး ပြောလိုက်သည်။

“အဲဒီလိုလား... ကျွန်တော် နားလည်ပါပြီ”

ခေါင်းဆောင် စိတ်ဝိညာဉ်သခင်က ဆက်ပြောလိုက်၏။

“ကျွန်တော်တို့ သုံးယောက် ကျစ်တူး တော်ဝင်မြို့တော်က ကျောင်းတော်ကို အခုချက်ချင်း သွားပြီး တောင်းပန်မယ်... ပြီးတော့ ဒီကိစ္စကို အစီရင်ခံလိုက်ပါ့မယ်”

“ဒါဆိုရင် ဆိုလွန်ကရော”

ဖန်ချင်းရှူ မေးလိုက်ခြင်းပင်။

ခေါင်းဆောင် စိတ်ဝိညာဉ်သခင်က ပြန်ဖြေလိုက်၏။

“ဘာမှမဖြစ်ခဲ့သလိုပဲ သဘောထားလိုက်ပါ... သူရဲ့ မှတ်ဉာဏ်တွေနိုးထလာတာနဲ့ ကျောင်းတော်ကို ဝင်ပြီး မဟာကျင့်ကြံသူ ဖြစ်လာလိမ့်မယ်... အကယ်လို့ သူ မနိုးလာဘူးဆိုရင်တောင် သူ့ကို ထိခိုက်အောင်လုပ်ဖို့ မြင့်မြတ်နတ်နဂါးကျောင်းတော်ကို ဘယ်သူမှ သုံးလို့မရနိုင်တော့ဘူး”

ဖန်ချင်းရှူ ခေါင်းညိတ်လိုက်သည်။

“နားလည်ပါပြီ”

ထိုစဉ် အပြင်ဘက်မှ အသံတစ်သံ ထပ်မံထွက်ပေါ်လာ၏။

“မင်းသမီးကျိယန် လာဗာမြို့ထဲကို ဝင်လာပါပြီ... မျှော်လင့်ထားတာထက် နှစ်နာရီကျော် စောရောက်လာပါတယ်”

ဖန်ချင်းရှူ ပြန်ပြောလိုက်သည်။

“သိပြီ”

ထိုအချိန်တွင် ခေါင်းဆောင် စိတ်ဝိညာဉ်သခင်က ဆိုလိုက်၏။

“သခင်ဖန်ချင်းရှူ... ခင်ဗျားလည်း ကျွန်တော်တို့နဲ့အတူ ကျစ်တူးကို လိုက်ခဲ့ပါ... ဒီကိစ္စကို ဖြေရှင်းဖို့ မလွယ်ဘူး.. ခင်ဗျား ထင်ထားတာထက် ပိုဆိုးလိမ့်မယ်”

……

ဆိုလွန် တစ်ဖန် ပြန်လည် နိုးထလာသောအခါ ပထမဆုံး မြင်လိုက်ရသည်မှာ နိုင်အာပင်။ သူမက ဆိုလွန်၏ မျက်နှာကို ငေးကြည့်ကာ တစ်စုံတစ်ရာကို လေ့လာနေသည့်အလား အတွေးနက်နေ၏။

ဆိုလွန် မျက်လုံးဖွင့်လိုက်သည်နှင့် သူမ၏ အကြည့်များ ချက်ချင်း ရွှေ့သွားပြီး ပါးပြင်လေး ရဲတက်သွားသည်။

“နိုင်အာ... ကိုယ် မင်းရဲ့ မျက်နှာလေးကို မမြင်ရတော့ဘူး”

ဆိုလွန် ရုတ်တရက် ပြောလိုက်၏။

“ဘာလို့လဲ”

နိုင်အာက နားမလည်စွာဖြင့် မေးလိုက်သည်။

“ရင်ဘတ်က အရမ်းကြီးနေလို့ ကိုယ့်ရဲ့ အမြင်အာရုံကို ကွယ်သွားတာလေ”

ဆိုလွန် အံ့မခန်း ကြီးမားလှသော တောင်ထွတ်နှစ်ခုကို လက်ညှိုးထိုးပြကာ တည်ကြည်စွာပြောလိုက်သည်။

နိုင်အာ သူ့ကို တစ်ချက် စိုက်ကြည့်လိုက်ပြီး ပါးပြင်လေး ရဲတက်သွားကာ လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်၏။

“မင်းသမီးကျိယန်ရော”

ဆိုလွန် မေးလိုက်သည်။

“ကျစ်တူးကို ပြန်သွားပြီ... ဖန်ချင်းရှူနဲ့အတူ ပြန်သွားတာ.. အဲ့ဒီ ဖန်ချင်းရှူက သူ့ကို လိုက်နေတာလေ”

နိုင်အာ သေချာရှင်းပြလိုက်ခြင်းပင်။

ကျိယန်တစ်ယောက် အဝေးကြီးမှ လာဗာမြို့သို့ လာခဲ့ပြီးနောက် ချက်ချင်း ပြန်သွားရသည်မှာ တကယ်ကို အားနာစရာကောင်းလှသည်။

“မင်းသမီးကျိယန်က ရှင့်ကို ပြောခိုင်းလိုက်သေးတယ်... ဒီဖန်ချင်းရှူက လျှို့ဝှက်ကျွန်းက လူတဲ့.. အနာဂတ်မှာ လူသားနိုင်ငံတွေရဲ့ ရွှေပွဲရုံ(ရင်ယွမ်) အဖွဲ့အစည်းကို အုပ်ချုပ်မယ့်သူတဲ့လေ”

ရင်ယွမ်ရုံ အဖွဲ့အစည်းဆိုသည်မှာ ကမ္ဘာမြေပေါ်ရှိ ကမ္ဘာ့ဗဟိုဘဏ်များနှင့် ဆင်တူသည့် လူသားနိုင်ငံများ၏ အကြီးဆုံး ကုန်သည်ကြီးများ အသင်း ဖြစ်သည်။

ဆိုလွန် ချက်ချင်း သဘောပေါက်သွား၏။ ထျန်ယဲ့မြို့၌ ဖန်ချင်းရှူကို ဧည့်ခံသည့် အဆင့်အတန်းက တော်ဝင်မိသားစုထက်ပင် သာလွန်နေသည်မှာ အံ့သြစရာ မဟုတ်တော့ချေ။

သူ၌ ထိုမျှ ကြီးကျယ်ခမ်းနားသော အဆင့်အတန်း ရှိနေသည်မဟုတ်ပါလော။ တစ်နည်းအားဖြင့် သူသည် အခြားကမ္ဘာမှ ဒဏ္ဍာရီလာ အကျိုးအမြတ်ရှာဖွေရေး အဖွဲ့အစည်း၏ ဆက်ခံသူနှင့် ညီမျှပေသည်။

ယခုအခါ ဆိုလွန် နားလည်သွားလေပြီ။

ကျိနင်က ငယ်ငယ်ရွယ်ရွယ်နှင့် တော်ဝင်မြို့တော်၏ ရင်ယွမ်ဌာနခွဲကို မည်သို့ ဆုပ်ကိုင်ထားနိုင်သနည်း၊ ရွှေလက်မှတ် ထုတ်ဝေခွင့်ကို မည်သို့ ရရှိထားသနည်း ဆိုသည်ကိုပင်။ ဤအရာများအားလုံး၏ နောက်ကွယ်၌ ရင်ယွမ် အဖွဲ့အစည်း၏ ကျောထောက်နောက်ခံ ရှိနေခြင်း ဖြစ်၏။

ဆိုလွန်တိတ်ဆိတ်စွာနားထောင်နေသည်ကိုမြင်လျှင် နိုင်အာ ဆက်ပြောလာသည်။

“မင်းသမီးကျိယန်က ထပ်ပြောခိုင်းလိုက်သေးတယ်... အကယ်လို့ ထျန်းရွှေမြို့ တိုက်ပွဲကို နိုင်ခဲ့ရင် မင်းသမီးနန်းဆောင်ကို တည်ထောင်တော့မယ်တဲ့”

ဆိုလွန် ခေါင်းညိတ်လိုက်၏။

မင်းသမီးနန်းဆောင် တည်ထောင်ခြင်းမှာ ကျိယန်က ကျိလီနှင့် တရားဝင် ရင်ပေါင်တန်းမည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။

သေချာသည်မှာ အကယ်၍ ထျန်းရွှေမြို့တိုက်ပွဲ၌ ဆိုလွန်ရှုံးနိမ့်သွားပါက ဤလောကရှိ မည်သည့်အရာကိုမျှ ပိုင်ဆိုင်နိုင်တော့မည် မဟုတ်ဘဲ အသေဆိုးနှင့် သေရမည်ပင်။

ထို့အတူ မင်းသမီးကျိယန်လည်း သနားစရာအကောင်းဆုံး ရလဒ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။

အတိတ်က ဘုရင်ကျိပိုင်က ကျိလန်ကို မည်သို့ ဆက်ဆံခဲ့သနည်း။ ကျိလီ နန်းတက်လာပါကလည်း ကျိယန်ကို ထိုနည်းတူ ဆက်ဆံမည်မှာ အသေအချာပင်။

ရုတ်တရက် နိုင်အာ မေးလိုက်သည်။

“ဆိုလွန်... ရှင်က ကျိယန်ကို လောကမှာ အလှဆုံး အမျိုးသမီးလို့ ပြောခဲ့တာလား”

“ကိုယ်ကတော့ ဒီလောကမှာ မင်းက အလှဆုံး အမျိုးသမီးလို့ ထင်တာပဲ”

ဆိုလွန် ချက်ချင်းပြန်ဖြေလိုက်၏။

ထိုအခါ နိုင်အာ လေးနက်မှုအပြည့်ဖြင့် ပြန်ပြောလာသည်။

“မဟုတ်ဘူး... ဒါက ဓမ္မဓိဋ္ဌာန်ကျတဲ့ အမှန်တရားပါ... ဒီလောကမှာ သူ့ထက် လှတဲ့ မျက်နှာမျိုး ထပ်ရှိတော့မယ် မထင်ဘူး”

“ဒါပေမဲ့ မင်းရဲ့ ရင်ဘတ်က သူ့ထက် အနည်းဆုံး နှစ်ဆခွဲလောက် ပိုကြီးတယ်လေ... ဒါကြောင့် မင်းက ပိုလှတာပေါ့”

ဆိုလွန် နိုင်အာ၏စကားကိုသဘောမတူပါချေ။

နိုင်အာ ဘေးသို့မျက်နှာလှည့်လိုက်ပြီး သူ၏ အရူးစကားများကို ဂရုမစိုက်တော့ပေ။

“နိုင်အာ... ကိုယ် အိပ်မောကျနေတုန်း မင်း ကိုယ့်ကို အမြတ်ထုတ်ခဲ့သေးလား”

ဆိုလွန် မေးလိုက်သည်။

နိုင်အာ ဘာမှဆက်မပြောဘဲ ဆိုလွန်ကို ခုတင်ပေါ်မှ ဆွဲထူကာ အခန်းအပြင်သို့ ထွက်လာသည်။ ထို့နောက် ခြင်္သေ့ကျားသားရဲပေါ်သို့ ခုန်တက်ကာ ညင်သာစွာ ပုတ်လိုက်၏။

ချက်ချင်းပင် ခြင်္သေ့ကျားသားရဲက လူနှစ်ဦးကို တင်ဆောင်ကာ လာဗာမြို့မှ ထွက်ခွာပြီး ယန်ယန်၏ ကြီးမားသော စစ်တပ်ကြီးဦးတည်ရာအရပ်သို့ ဒုန်းစိုင်းပြေးသွား‌တော့သည်။

“အချစ်လေး... စိတ်ဆိုးသွားတာလား”

ဆိုလွန် မေးလိုက်၏။

မျက်နှာဖုံးအတွင်းရှိ နိုင်အာ၏ ပါးပြင်လေးကို သူ လုံးဝ မမြင်ရဘူး ဖြစ်နေသည်။

နိုင်အာ တည်ငြိမ်သောအသံဖြင့် ပြန်ဖြေလာသည်။

“စိတ်မဆိုးပါဘူး”

“ဒါဆို ဘာလို့ ကိုယ့်ကို စကားမပြောတာလဲ”

“ကျွန်မသာ ရှင့်ကို ဂရုစိုက်ရင် ရှင်က အဆုံးမရှိအောင် ကျွန်မကို နှောင့်ယှက်နေမှာလေ”

“အကယ်လို့ ကိုယ်က မင်းကို အတင်း ဖက်နမ်းရင် မင်း ကိုယ့်ကို ရိုက်မှာလား”

“ရိုက်မှာ”

ဆိုလွန် စကားဆက်မပြောရဲတော့ဘဲ တိတ်ဆိတ်သွား၏။ သူ့ အချစ်လေးက ရိုက်မည်ဟု ပြောလျှင် တကယ် ရိုက်မည်သာ။

တစ်ရက်ကြာပြီးနောက် ဆိုလွန်နှင့် နိုင်အာတို့ ယန်ယန်၏ စစ်တပ်ကြီးကို အမီလိုက်နိုင်ခဲ့ကြသည်။

ဤအချိန်၌ ထျန်းရွှေမြို့ နယ်စပ်နှင့် လီ ၁၂၀၀ သာ ကွာဝေးတော့သည်။

…..

အပိုင်း ၃၁၂ ပြီး။

All Chapters