အခန်း ၃၁၄
Vol. 32 Ch. 314
အပိုင်း ၃၁၄
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
ငါးရက် ကြာပြီးနောက် ဆိုလွန်၏ အင်အား ၁၅,၀၀၀ စစ်တပ်ကြီးမှာ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်အောက်သို့ ရောက်ရှိလာ၏။
ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်မှာ ထျန်းရွှေမြို့၏နယ်မြေအတွင်းသို့ ဝင်ရောက်နိုင်သည့် တစ်ခုတည်းသော တောင်ကြားလမ်း ဖြစ်ပြီး တောင်တစ်သောင်း တောင်တန်းနှင့် ထျန်းရွှေတောင်တန်းတို့ကြားရှိ တောင်ကြားတစ်ခု၌ တည်ရှိကာ ကြီးမားလှသော မြို့ရိုး၊ရဲတိုက်တို့ဖြင့် အခိုင်အမာတည်ဆောက်ထားသည်။
လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာက ထျန်းရွှေမြို့သည် ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်နှင့် လူရိုင်းချောက်ကမ်းပါး ဟူသော တောင်ကြားဂိတ် နှစ်ခုဖြင့် လူရိုင်းမျိုးနွယ်စုများ၏ ကျူးကျော်မှုကို ခုခံကာကွယ်ခဲ့ကြသည်။
ယခုအချိန်၌ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၏ မြို့ရိုးပေါ်တွင် စစ်တပ်အင်အား ထောင်ပေါင်းများစွာဖြင့် ပြည့်နှက်နေကာ မြို့ရိုးနောက်ဘက်ရှိ စစ်စခန်းများ၌လည်း စစ်တပ်အင်အား သောင်းနှင့်ချီ၍ စခန်းချနေကြ၏။
အလွန်အမင်းကြီးမားခြင်းမရှိသောကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၌ စစ်တပ်အင်အား ၁၅,၀၀၀ တပ်စွဲထားပြီး ဆိုလွန်၏ စစ်တပ် အရေအတွက်နှင့် တူညီနေသည်။
ထျန်းရွှေမြို့သို့ ဝင်ရောက်ရန်အတွက် ဦးစွာ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ကို သိမ်းပိုက်ရမည်။
သို့သော် လက်ရှိအချိန်၌ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်မှာ အခိုင်အမာ တည်ဆောက်ထားပြီး ဖြိုခွင်း၍ မရနိုင်လောက်အောင် ခိုင်မာနေလေပြီ။ မည်သည့် စစ်တပ်က လာရောက် တိုက်ခိုက်သည်ဖြစ်စေ အကြီးအကျယ် ရှုံးနိမ့်သွားမည်သာ။
ထျန်းရွှေမြို့၏ ပထမဆုံး တိုက်ပွဲမှာ မကြာမီ ပေါက်ကွဲတော့ပေမည် ဖြစ်၏။
……
သို့သော် ဆိုလွန်တစ်ယောက် ယန်ယန်၏ စစ်တပ်ကြီးအတွင်း၌ ပျောက်ကွယ်နေခဲ့လေပြီ။
လျှို့ဝှက်သတင်းပေးပို့မှုများအရ ယခုလက်ရှိအချိန်၌ ထျန်းရွှေမြို့တွင် လွတ်မြောက်၍မရနိုင်သော ပိုက်ကွန်ကြီးတစ်ခု ဖြန့်ကြက်ထားကြောင်း သူ သိရှိထား၏။
ထျန်းရွှေမြို့သို့ ဝင်ရောက်ရန်အတွက် ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ကို ဦးစွာ သိမ်းပိုက်ရမည်ကို လူတိုင်း သိကြသည်။
သို့သော် လူအများ တွေးထင်ထားသည့်အတိုင်း ဆိုလွန်လုပ် ဆောင်ရမည်လော။
မလုပ်ချေ။ ဆိုလွန် လိုချင်သည်မှာ ထင်မှတ်မထားသည့် အလှည့်အပြောင်းမျိုးပင်။ သူ၏ ပထမဆုံး တိုက်ပွဲမှာ ကျိနင်နှင့် ဆိုဟန်ရီတို့၏ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ပုတ်လိုက်ခြင်းပင် ဖြစ်ရပေမည်။
……
ယခုအချိန်၌ ထျန်းရွှေမြို့ တစ်ခုလုံးတွင် စစ်တပ်လေးတပ် ရှိနေသည်။
ပထမတစ်တပ်မှာ မင်းသမီးကျိနင်၏ ကြီးမားသော ရွှေဒင်္ဂါး ထောက်ပံ့မှုဖြင့် နူဒန်နှင့် အခြားသော အထက်တန်းလွှာ မြို့စားများ စုဆောင်းထားသည့် အင်အား ၂၅,၀၀၀ ရှိသော စစ်တပ် ဖြစ်သည်။
ဒုတိယစစ်တပ်မှာ ဆိုဟန်ရီအပေါ် သစ္စာခံထားသည့် မြို့စောင့်တပ်မှ လက်ရွေးစင် ၆,၀၀၀ ဖြစ်ပြီး တတိယစစ်တပ်သည် ကွေ့ချင်းကျုံး ခေါ်ဆောင်လာသော လင်ဟိုင်မြို့မှ အင်အား ၅,၀၀၀ ရှိသည့် စစ်တပ်ပင်။
နောက်ဆုံး စတုတ္ထမြောက်စစ်တပ်မှာမူ ကျိလီတစ်ယောက် နူဒန်နှင့် အခြား သူပုန်တပ်များကြား၌ စောစောစီးစီးကတည်းက လျှို့ဝှက်စွာ ထည့်သွင်းထားသည့် လက်ရွေးစင် ၄,၀၀၀ ပါဝင်သော ညအမှောင်အဖွဲ့ ဖြစ်၏။
တစ်နည်းအားဖြင့်ဆိုရလျှင် ထျန်းရွှေမြို့ထဲ၌ မထင်မှတ်ဘဲ အင်အား ၄၀,၀၀၀ ရှိသော စစ်တပ်ကြီး စုရုံးနေကာ ဆိုလွန်၏ စစ်တပ်ထက် သုံးဆနီးပါး ပိုမို များပြားနေလေပြီ။
ဆိုလွန်က တိုက်ခိုက်သူဖြစ်ပြီး ရန်သူက ကာကွယ်သူ ဖြစ်သည်။ ထို့ပြင် အရေအတွက်အရလည်း ရန်သူ၏ တစ်ဝက်ခန့်သာ ရှိသဖြင့် ထင်မထားသည့်အပြောင်းအလဲများမရှိပါက ဤတိုက်ပွဲမှာ ဆိုလွန်ဘက်မှ ရှုံးနိမ့်မည့် တိုက်ပွဲတစ်ခုပင်။
ဆိုလွန်၏ စစ်တပ်မှာ မိုင်ထောင်ချီ ခရီးရှည်ကြီးကို ချီတက်လာရသဖြင့် စောစီးစွာကတည်းကပင် ပင်ပန်းနွမ်းနယ်နေခဲ့ပြီ ဖြစ်၏။ သို့သော် ရန်သူ့စစ်တပ်ကမူ လုံးဝ အနားယူထားပြီး အင်အားပြည့်ဝနေကာ ခိုင်ခံ့သော မြို့ကို ပိုင်ဆိုင်ထားသဖြင့် အသာစီးရနေသည်။
ယခုလက်ရှိ ထျန်းရွှေမြို့၌ လူထု၏ ထောက်ခံမှု အပြည့်အဝကို ဆိုဟန်ရီက ရရှိထားသည်။
လွန်ခဲ့သည့် လအနည်းငယ်က ဆိုဟန်ရီသည် အရှက်မရှိသော လုပ်ကြံသတ်ဖြတ်သူများ၏ လုပ်ကြံခြင်းကို ခံခဲ့ရသည်။ ထျန်းရွှေမြို့ ကျဆုံးသွားပြီးနောက် မြို့စောင့်တပ်က ဆိုဟန်ရီကို အသက်စွန့် ကာကွယ်ကာ ထျန်းရွှေမြို့မှ ဖောက်ထွက်လာခဲ့ကြသည်။
ထို့နောက် လဝက်အကြာတွင် ဆိုဟန်ရီသည် မပျောက်ကင်းသေးသော ဒဏ်ရာကိုပင် ဂရုမစိုက်ဘဲ အင်အား ၄,၀၀၀ ရှိသော စစ်တပ်ကို ဦးဆောင်ကာ ထျန်းရွှေမြို့ကို ပြန်လည် တိုက်ခိုက်ခဲ့၏။
သူသည် အနိုင်မခံ အရှုံးမပေးသော တပ်မှူးကြီးဟူသည့် အမည်နှင့် တကယ်ကို ထိုက်တန်လှကာ ထျန်းရွှေမြို့၌ ကြီးမားလှသော နာမည်ဂုဏ်သတင်းနှင့် လူထုထောက်ခံမှုကို ရရှိထားသည်။
ထို့ကြောင့် သူပုန်တပ်များ၌ အင်အား တစ်သောင်းကျော် ရှိပြီး ခိုင်ခံ့သော မြို့ကို ပိုင်ဆိုင်ထားသော်လည်း ဆိုဟန်ရီ လာရောက် တိုက်ခိုက်ချိန်၌ မြို့တွင်းရှိ အရပ်သားများက ကိုယ်ပိုင် တပ်ဖွဲ့များ ဖွဲ့စည်းကာ ဆိုဟန်ရီကို ကူညီတိုက်ခိုက်ပေးခဲ့ကြသည်။
အတွင်းအပြင် ပူးပေါင်းတိုက်ခိုက်မှုအောက်၌ လဝက်အတွင်းမှာပင် ဆိုဟန်ရီတစ်ယောက် ထျန်းရွှေမြို့ကို အောင်မြင်စွာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် နူဒန်နှင့် အခြားသော အထက်တန်းလွှာ မြို့စားများက ဆိုဟန်ရီထံဒူးထောက် အညံ့ခံကာ ဆိုမိသားစုကို သစ္စာခံခဲ့ကြသည်။ သေချာသည်မှာ ဤဆိုမိသားစုဆိုသည်က ဆိုဟန်ရီကို ရည်ညွှန်းခြင်းဖြစ်ပြီး ဆိုလွန်နှင့် မည်သို့မျှ မသက်ဆိုင်ချေ။
ပုံမှန်အားဖြင့် ဆိုဟန်ရီက ထျန်းရွှေမြို့ကို ပြန်လည် သိမ်းပိုက်ပြီးနောက် တရားဝင် မြို့စားဖြစ်သူ ဆိုလွန်ကို ပြန်လာရန် ချက်ချင်း တောင်းဆိုရမည် ဖြစ်၏။
သို့သော် ထိုအချိန်က ကောလဟာလ အများအပြား ထွက်ပေါ်လာခဲ့သည်။
ဥပမာအားဖြင့် ယန်နူ၊ ဆိုဟန်ရီနှင့် ယန်ဟုန်ရီတို့ကို လုပ်ကြံခဲ့သော လုပ်ကြံသတ်ဖြတ်သူများမှာ နူဒန်နှင့် သူပုန်အဖွဲ့များမှ မဟုတ်ဘဲ ဆိုလွန်၏ အဖွဲ့မှ ဖြစ်သည်ဆိုသည့် သတင်းမျိုးပင်။
ထို့နောက် မြို့စားကြီးဆိုလုံ မသေဆုံးမီက လျှို့ဝှက်စွာ ရေးသားခဲ့သော သေတမ်းစာ တစ်စောင် ရှိသည်ဟု ဆိုကြ၏။
ထိုသေတမ်းစာထဲ၌ ဆိုလွန်၏ အကျင့်စာရိတ္တမှာ ယုတ်မာလွန်းလှပြီး ဖခင်၏ အငယ်အနှောင်းများကို မုဒိမ်းကျင့်ရုံသာမက အစ်မဖြစ်သူ ဆိုနင်ပင်းကိုလည်း မောင်နှမ သံယောဇဉ်မရှိဘဲ ဆက်ဆံခဲ့သဖြင့် သူ၏ အမွေဆက်ခံခွင့်ကို ရုပ်သိမ်းလိုက်ကြောင်း ပါရှိသည်ဟု ကောလဟာလများ ထွက်ပေါ်လာသည်။
နူဒန်နှင့် အခြားသူများ ပုန်ကန်ရခြင်းမှာလည်း ထိုအကြောင်းကြောင့် ဖြစ်သည်ဟု ဆိုကြသည်။ အကြိမ်တစ်ရာ ထပ်ခါတလဲလဲ ပြောဆိုပါက လိမ်ညာမှုများပင် အမှန်တရား ဖြစ်လာတတ်၏။
ဆိုလွန်၏ နာမည်ဂုဏ်သတင်းမှာ မူလကတည်းက မကောင်းလှသည့်အပြင် ထိုအလွန် ယုတ်မာလှသော ကောလဟာလများပါ ထပ်ပေါင်းလိုက်သောအခါ ထျန်းရွှေမြို့ရှိ သူ၏ နာမည်ဂုဏ်သတင်းမှာ ရစရာမရှိဖြစ်သွားတော့သည်။
ဆိုဟန်ရီသည် ထျန်းရွှေမြို့ကို ပြန်လည် သိမ်းပိုက်ပြီးနောက် လူပုံအလယ်၌ ဆိုလွန်ကို ထျန်းရွှေမြို့သို့ ပြန်ခေါ်ရန် ကျောက်စရစ်ကျွန်းသို့ စစ်တပ်တစ်တပ် ချက်ချင်း စေလွှတ်ခဲ့သည်။
ထိုနေ့မှာပင် မရေမတွက်နိုင်သော အရပ်သားများက မြို့တံခါးဝ၌ ပိတ်ဆို့ကာ ဆိုလွန်ကို သွားကြိုမည့် စစ်တပ်ကို အထွက်မခံဘဲ တားဆီးခဲ့ကြသည်။
နောက်တစ်နေ့တွင် ဆိုဟန်ရီတစ်ယောက် လူအများရှေ့၌ သင်္ဘောဆယ်စင်း ပြင်ဆင်ကာ ဆိုလွန်ကို ထျန်းရွှေမြို့သို့ ပြန်လည် ခေါ်ဆောင်ရန် မြောက်ဘက်ရှိ ကျောက်စရစ်ကျွန်းသို့ ရေလမ်းမှ စေလွှတ်ခဲ့ပြန်၏။
နောက်ဆုံး၌ သင်္ဘောပေါ်ရှိ သင်္ဘောသားများက သင်္ဘောများကို ကိုယ်တိုင် အပေါက်ဖောက်ကာ နှစ်မြှုပ်လိုက်ကြသဖြင့် သင်္ဘောများအားလုံး နစ်မြုပ်သွားရုံသာမက သင်္ဘောသား အားလုံးလည်း ပင်လယ်ထဲတွင် သေဆုံးသွားခဲ့ကြသည်။
ထိုနေ့က ထျန်းရွှေမြို့ ဆိပ်ကမ်း၌ ငိုကြွေးသံများ ဖုံးလွှမ်းသွားခဲ့သည်။
မရေမတွက်နိုင်သော အရပ်သားများက ဆိုဟန်ရီရှေ့၌ ဒူးထောက်ကာ ဆိုလွန်ဆိုသည့် မိစ္ဆာကောင်ကို ပြန်မခေါ်လာရန် တောင်းပန်ခဲ့ကြသည်။ မဟုတ်ပါက ထျန်းရွှေမြို့၌ အဆက်မပြတ် ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာမည်ဖြစ်ပြီး အရပ်သားများ အားလုံး ဒုက္ခတွင်းထဲသို့ ကျရောက်သွားမည်ဟု ဆိုကြ၏။
ဆိုဟန်ရီလည်း ငိုကြွေးကာ အရပ်သားများရှေ့၌ ဒူးထောက်လိုက်ပြီး မွေးစားဖခင်၏ ကျေးဇူးတရားများမှာ တောင်တစ်လုံးကဲ့သို့ ကြီးမားလှသဖြင့် ညီမနှင့် ညီလေး တို့ကို ကျောက်စရစ်ကျွန်းတွင် ဒုက္ခရောက်အောင် မထားနိုင်ကြောင်း၊ မည်သို့ပင်ဖြစ်စေ သူတို့ကို လျစ်လျူမရှုနိုင်ကြောင်း ပြန်လည် ရှင်းပြခဲ့သည်။
ရက်အနည်းငယ် ကြာပြီးနောက် ဆိုဟန်ရီသည် ဆိုလွန်တို့ မောင်နှမကို သွားကြိုရန်အတွက် စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်ရန် ဆုံးဖြတ်လိုက်၏။
ထိုအခါ သူ့အပေါ် သစ္စာအရှိဆုံး စစ်သည်များနှင့် စစ်သားများက မြို့စားအိမ်တော်ရှေ့၌ ဒူးထောက်ကာ သွေးဖြင့် ဆန္ဒပြခဲ့ကြသည်။
လူခုနစ်ဦးက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပြီး လူဆယ်ဦးက သူတို့၏ ဘယ်ဘက်လက်ကို ဖြတ်တောက်ကာ ဆိုဟန်ရီကို အမိန့်ရုပ်သိမ်းပေးရန် သွေးဖြင့် တောင်းဆိုခဲ့ကြသည်။
ထို့နောက် ထျန်းရွှေမြို့မှ အရပ်သား သောင်းနှင့်ချီ၍သာမက မြို့စောင့်တပ်မှ စစ်သား ထောင်နှင့်ချီ၍ပါ ဆိုဟန်ရီရှေ့၌ ဒူးထောက်ကာ ဆိုလွန်ကို ပြန်မခေါ်လာရန် တောင်းပန်ခဲ့ကြပြန်သည်။
ထိုနေ့က စစ်သည် ရာပေါင်းများစွာ မိမိတို့၏ လည်ပင်း၌ ဓားများကို တေ့ထားပြီး အကယ်၍ ဆိုဟန်ရီသာ သဘောမတူပါက အားလုံး နေရာမှာပင် အဆုံးစီရင်မည်ဟု ခြိမ်းခြောက်ခဲ့ကြသည်။
ထို့ကြောင့် ဆိုဟန်ရီတစ်ယောက် ရှိုက်ကြီးတငင် ငိုကြွေးကာ နောက်ဆုံး၌ အလျှော့ပေးလိုက်ရပြီး ဆိုလွန်ကို မြို့သို့ ပြန်ခေါ်မည့် အစီအစဉ်ကို ယာယီ ရပ်ဆိုင်းလိုက်သည်။
ထို့နောက် အရှေ့တောင်ပိုင်းပြည်နယ်၏ အုပ်ချုပ်ရေးမှူး မြို့စားကြီးကျိဝေက ညွှန်ကြားလွှာ တစ်စောင် ထုတ်ပြန်ကာ ထျန်းရွှေမြို့၏ မြို့စားအဖြစ် တာဝန်ယူထားသည့် ဆိုလွန်မှာ မြို့၌ အချိန်ကြာမြင့်စွာ မရှိသဖြင့် တာဝန်မဲ့ရုံသာမက အလွန် ဆိုးသွမ်းကြောင်း ပြစ်တင်ရှုတ်ချခဲ့၏။
သို့သော် ထျန်းရွှေမြို့၌ အုပ်ချုပ်သူ မရှိ၍ မဖြစ်သောကြောင့် ဆိုဟန်ရီကို ထျန်းရွှေမြို့၏ ယာယီ မြို့စားအဖြစ် တာဝန်ယူရန် အမိန့်ပေးခဲ့သည်။ ထိုအချိန်မှစ၍ ဆိုဟန်ရီ၏ ဆန္ဒများ ပြည့်ဝသွားခဲ့ပြီး ထျန်းရွှေမြို့၏ မြို့စား ဖြစ်လာခဲ့လေပြီ။
ယာယီ မြို့စားမျှသာ ဖြစ်လင့်ကစားပေါ့။
တကယ့် မြို့စားအစစ်ဖြစ်သော ဆိုလွန် ထာဝရ ပြန်မလာအောင် ပြုလုပ်ရန်လိုအပ် သေးသည်။ သူ သေဆုံးသွားပြီးမှသာ ဆိုဟန်ရီ၏ ခေါင်းပေါ်ရှိ ယာယီ ဆိုသော စကားလုံးမှာ အပြီးတိုင် ပျောက်ကွယ်သွားမည်ဖြစ်ပြီး တရားဝင် မြို့စားကြီး ဖြစ်လာပေတော့မည်။
ထို့ကြောင့် ယခုတိုက်ပွဲ၌ ဆိုဟန်ရီသည် အချိန်အခါ၊ နေရာဒေသနှင့် လူထုထောက်ခံမှု စသည့် အကျိုးကျေးဇူး အားလုံးကို အပြည့်အဝ ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်၏။
ဆိုလွန်တစ်ယောက် အင်အား ၁၅,၀၀၀ ရှိသော စစ်တပ်ဖြင့် လာရောက် တိုက်ခိုက်နေပြီဟု ကြားသောအခါ သူ၏ ရင်ထဲ၌ အဆုံးမဲ့ ပျော်ရွှင်မှုများ ဖြစ်ပေါ်လာခဲ့သည်။
နောက်ဆုံး၌ ဤအချိန် ရောက်လာခဲ့လေပြီ။ မကြာခင် စစ်မြေပြင်၌ ဆိုလွန်ကို အပြီးတိုင် သတ်ဖြတ်နိုင်တော့မည် ဖြစ်၏။
ဆွေးနွေးတိုင်ပင်ပြီးနောက် ထျန်းရွှေမြို့ရှိ အင်အား ၄၀,၀၀၀ ရှိသော စစ်တပ်ကြီးကို သုံးပိုင်း ခွဲလိုက်ကြသည်။
ပထမတစ်ပိုင်းမှာ ဆိုဟန်ရီ၏ ထျန်းရွှေမြို့စောင့်တပ် အင်အား ၆,၀၀၀ နှင့် နူဒန် အပါအဝင် အထက်တန်းလွှာ မြို့စားများ၏ စစ်တပ် အင်အား ၅,၀၀၀ ဖြစ်သည်။ ထိုစစ်တပ်မှာ ထျန်းရွှေမြို့ကို ကာကွယ်ရန်ပင်။
ဒုတိယတစ်ပိုင်းမှာ မင်းသမီးကျိနင်၏ ညအမှောင်အဖွဲ့ အင်အား ၄,၀၀၀ ၊ ကွေ့ချင်းကျုံး၏ လင်ဟိုင်မြို့စောင့်တပ် အင်အား ၅,၀၀၀ နှင့် အထက်တန်းလွှာ မြို့စားများ၏ စစ်တပ် အင်အား ၁၀,၀၀၀ တို့ဖြစ်သည်။ စုစုပေါင်း ၁၉,၀၀၀ ရှိသည့် ထိုအင်အားစုမှာ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်သို့ သွားရောက်ပေမည်။
တတိယတစ်ပိုင်းမှာ နူဒန်နှင့် အခြား အထက်တန်းလွှာ မြို့စားများ၏ စစ်တပ် အင်အား ၁၀,၀၀၀ ဖြစ်ပြီး အထက်တန်းလွှာ မြို့စားနယ်မြေ ၂၀ ၌ ဖြန့်ခွဲ ကာကွယ်ရန် နေရာယူထားသည်။ ထိုတပ်ဖွဲ့၏ရည်ရွယ်ချက်မှာ ဓားပြများ အခွင့်ကောင်းယူ၍ အနှောင့်အယှက်ပေးခြင်းမှ ကာကွယ်ရန်ပင်။
အင်အား ၄၀,၀၀၀ ရှိသော စစ်တပ်ကို သုံးပိုင်း ခွဲလိုက်သော်လည်း အဓိက စစ်မြေပြင်မှာ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၌သာ ဖြစ်ပေမည်။
ဤသည်မှာ ဆိုဟန်ရီ၊ ကျိနင်၊ နူဒန်၊ ကွေ့ချင်းကျုံးနှင့် ထူလင်းတိ စသည့် အဖွဲ့အစည်း ငါးခု၏ တူညီသော သဘောတူညီချက်ပင်။
ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်အောက်၌ ဆိုလွန်၏ စစ်တပ်ကို အပြီးတိုင် ချေမှုန်းရန်နှင့် စစ်သားတစ်ယောက်ကိုမျှ ထျန်းရွှေမြို့ နယ်မြေအတွင်းသို့ ဝင်ရောက်ခွင့် မပြုရန်မှာ ယခုတစ်ခေါက်တိုက်ပွဲ၏ အဓိက မဟာဗျူဟာ ဖြစ်တော့သည်။
…..
အပိုင်း ၃၁၄ ပြီး။