အခန်း ၃၁၅
Vol. 32 Ch. 315
အပိုင်း ၃၁၅
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၏ ရဲတိုက်အတွင်းရှိ စစ်မြေပြင် ဌာနချုပ်၌ လူငါးဦး အဆက်မပြတ် ငြင်းခုံနေကြသည်။
ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၌ ဆိုလွန်ကို အပြီးတိုင် ချေမှုန်းရန်နှင့် စစ်သားတစ်ယောက်ကိုမျှ ထျန်းရွှေမြို့ နယ်မြေအတွင်းသို့ ဝင်ရောက်ခွင့် မပြုရန်မှာ အတည်ပြုပြီးသား အစီအစဉ်ပင်။
ယခုအခါ ခိုင်ခံ့သော မြို့ကို အားပြု၍ ဆိုလွန်၏ စစ်တပ် လာရောက် တိုက်ခိုက်မည့် အချိန်ကို စောင့်ဆိုင်းကာ တိုက်ခိုက်မည်လား သို့မဟုတ် မိမိတို့ဘက်မှ စတင် တိုက်ခိုက်မည်လား ဆိုသည်ကို ငြင်းခုံနေကြ၏။
နူဒန်နှင့် ကွေ့ချင်းကျုံးတို့က ဆိုလွန်၏ စစ်တပ်မှာ လီထောင်ချီ ခရီးကြမ်းကို ချီတက်လာရသဖြင့် ပင်ပန်းနွမ်းနယ်နေချိန်တွင် တိုက်ခိုက်ချေမှုန်းသင့်သည်ဟု အခိုင်အမာ ယုံကြည်ကြသည်။
သို့သော် ထူလင်းတိကမူ ခိုင်ခံ့သော ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ကို အားပြု၍ ဆိုလွန်၏ စစ်တပ် လာရောက် တိုက်ခိုက်မည့် အချိန်ကို စောင့်ဆိုင်းကာ သူတို့၏ သွေးကို စုပ်ယူသင့်သည်ဟု ယုံကြည်နေ၏။
ဆိုဟန်ရီကမူ စစ်တပ်ကို နှစ်ဖွဲ့ခွဲကာ အင်အား ၁၀,၀၀၀ ကို ပိုင်ယွင်ကောင်တီသို့ စေလွှတ်၍ ထျန်းရွှေတောင်တန်းကို ကွေ့ပတ်ကာ ဆိုလွန်စစ်တပ်၏ အနောက်ဘက်မှ ညှပ်ပိတ် တိုက်ခိုက်သင့်သည်ဟု အကြံပြုထားသည်။
အမြင် သုံးမျိုးဖြင့် အဆက်မပြတ် ငြင်းခုံနေကြလေပြီ။
သို့သော် အဆုံးအဖြတ်ပေးပိုင်ခွင့်မှာ ကျိနင် တစ်ဦးတည်း၌သာ ရှိသည်။ သူမ သေချာ စဉ်းစားကြည့်ရာ ထိုအမြင် သုံးခုလုံးက ကျိုးကြောင်းဆီလျော်မှု ရှိနေကြောင်း တွေ့ရသည်။
ပထမ အစီအစဉ်မှာ ဆိုလွန်၏ စစ်တပ် လီထောင်ချီ ခရီးကြမ်းကို ချီတက်လာရသဖြင့် ပင်ပန်းနွမ်းနယ်နေချိန်တွင် မိမိတို့ဘက်မှ စတင် တိုက်ခိုက်ပါက အနိုင်ရနိုင်ခြေ ရှိသော်လည်း ခက်ခဲသော အောင်ပွဲတစ်ခု ဖြစ်လာနိုင်ပေသည်။
အဘယ်ကြောင့်ဆိုသော် ဆိုလွန်၏ စစ်တပ်မှာ ကြေးစားစစ်သည် အများစုဖြင့် ဖွဲ့စည်းထားပြီး ယန်ယန်မှာလည်း ကြေးစားစစ်သည်များ၏ ဘုရင်ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် ဤစစ်တပ်၏ လွင်ပြင်တိုက်ပွဲ စွမ်းရည်မှာ အလွန် အားကောင်းလှ၏။
သို့သော် ထိုကဲ့သို့စစ်တပ်မျိုးမှာ ခိုင်ခံ့သော မြို့ကို တိုက်ခိုက်ရာတွင် အားနည်းချက် ရှိတတ်သည်။ ဤသည်မှာ ကြေးစားစစ်သည်များ၏ သဘာဝအရ ဖြစ်သည်။
ထို့ကြောင့် ပထမ အစီအစဉ်မှာ ကျိနင်အတွက် မိမိ၏ အားနည်းချက်ဖြင့် ရန်သူ၏ အားသာချက်ကို တိုက်ခိုက်သလို ဖြစ်နေသည်။
တတိယ အစီအစဉ်မှာ အင်အား ၁၀,၀၀၀ စေလွှတ်ကာ ဆိုလွန်စစ်တပ်၏ အနောက်ဘက်မှ ကွေ့ပတ်၍ ညှပ်ပိတ် တိုက်ခိုက်ရန် ဖြစ်၏။
ဤသည်မှာ ဆိုဟန်ရီ၏ အစီအစဉ်ဖြစ်ပြီး တကယ်ကို အောင်ပွဲခံနိုင်မည့် လမ်းကြောင်း ဖြစ်သလို ထိခိုက်ဒဏ်ရာရမှုလည်း အနည်းဆုံး ဖြစ်ပေလိမ့်မည်။
သို့သော် ကျိနင်က ထိုကဲ့သို့ စေလွှတ်ရန် စစ်သည်အင်အားအပိုမရှိချေ။ ဆိုလွန်၏ လက်အောက်ခံဟောင်းများဖြစ်သည့် မြို့စောင့်တပ်မှ ၆,၀၀၀ မှာ အလွန် အစွမ်းထက်သော လက်ရွေးစင် တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်၏။
သို့သော် ကျိနင်က သူတို့ကို ထျန်းရွှေမြို့ကိုသာ ကာကွယ်ခိုင်းထားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ဆိုမိသားစု၏ စစ်တပ်များ ဖြစ်ကြပြီး ဆိုလွန်က ထျန်းရွှေမြို့၏ အစစ်အမှန် သခင်ဖြစ်သောကြောင့်ပင်။
ဤစစ်တပ်ကို စေလွှတ်လိုက်ပါက ဆိုလွန်၏ သိမ်းသွင်းခြင်းကို ခံရပြီး ပြန်မလာတော့မည်ကို သူမ စိုးရိမ်နေ၏။
လူတို့၏ စိတ်ကို အဆိပ်ခတ် သိမ်းသွင်းနိုင်သော ဆိုလွန်၏ စွမ်းရည်ကို သူမ အနည်းငယ်မျှပင် အထင်မသေးရဲချေ။
ထို့ကြောင့် တတိယ အစီအစဉ်မှာလည်း အဆင်မပြေပေ။
ဒုတိယ အစီအစဉ်မှာ ခိုင်ခံ့သော မြို့ကို အားပြု၍ ဆိုလွန်၏ စစ်တပ် လာရောက် တိုက်ခိုက်မည့် အချိန်ကို စောင့်ဆိုင်းကာ သူတို့၏ သွေးနှင့် စစ်အင်အားကို ကုန်ခမ်းစေရန် ဖြစ်သည်။
ဤအစီအစဉ်မှာ အလယ်အလတ်ကျဆုံးနှင့် အလုံခြုံဆုံး ဖြစ်ပုံရ၏။
အဘယ်ကြောင့်ဆိုသော် ဆိုလွန်၏ အင်အား ၁၅,၀၀၀ စစ်တပ်ကြီးမှာ ရက်နှစ်ဆယ်ကျော် ခရီးရှည်ကြီးကို ချီတက်လာရသဖြင့် ရိက္ခာမည်မျှ ကုန်ကျမည်ကို မသိနိုင်သလို လမ်းခရီး၌လည်း ရိက္ခာ ထပ်မံ ဖြည့်တင်းနိုင်ခဲ့ခြင်း မရှိချေ။ အများဆုံး ရက်အနည်းငယ်အတွင်း ရိက္ခာ အားလုံး ကုန်ခမ်းသွားပေလိမ့်မည်။
ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၌မူ ရိက္ခာများ မရေမတွက်နိုင်အောင် ရှိနေပြီး အချိန်က ကျိနင်တို့ဘက်တွင် ရှိနေသည်။
ကျိနင် အခန်းတွင်းရှိ လူလေးဦးကို ကြည့်ကာ သူမ၏ဆုံးဖြတ်ချက်ကိုထုတ်ဖော်ပြောဆိုလိုက်သည်။
“ဒုတိယ အစီအစဉ်ကို သုံးမယ်... ခိုင်ခံ့တဲ့ မြို့ကို အားပြုပြီး ရန်သူ လာတိုက်မယ့် အချိန်ကို စောင့်မယ်.....ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ရဲ့ ခံတပ်တွေကို သုံးပြီး ဆိုလွန်ရဲ့ စစ်တပ်ကို အသေခံ တိုက်ခိုက်ခိုင်းရမယ်”
……
လွန်ခဲ့သည့် ခုနစ်ရက်။
ဆိုလွန်၏ စစ်စခန်းအတွင်း၌ ဆိုလွန်၊ ယန်ယန်၊ နိုင်အာနှင့် တွမ် တို့ လူလေးဦးလုံး ဆွေးနွေးဝိုင်းတွင်ရှိနေခဲ့၏။
အလယ်ရှိ စားပွဲကြီးပေါ်၌ မြေပုံတစ်ခု တင်ထားပြီး ထျန်းရွှေမြို့၏ မြေမျက်နှာသွင်ပြင် ကို အပြည့်အဝရှင်းပြထားသည်။
ဆိုလွန် မြေပုံပေါ်ရှိ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
“ဒီနေရာက ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ပဲ... ထျန်းရွှေမြို့ နယ်မြေထဲကို ဝင်နိုင်တဲ့ တစ်ခုတည်းသော တောင်ကြားဂိတ်ပေါ့....”
“အရမ်း မတ်စောက်ပြီး ကာကွယ်ဖို့ လွယ်ကူပေမဲ့ တိုက်ခိုက်ဖို့ ခက်ခဲတယ်.. လွန်ခဲ့တဲ့နှစ် ရာပေါင်းများစွာက ဆိုမိသားစုဟာ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်နဲ့ လူရိုင်းချောက်ကမ်းပါးကို သုံးပြီး လူရိုင်းမျိုးနွယ်စုတွေရဲ့ ကျူးကျော်မှုကို ကာကွယ်ခဲ့ကြတယ်..”
“ဒါကြောင့် ထျန်းရွှေမြို့ထဲကို ဝင်ချင်ရင် ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ကို အရင် သိမ်းပိုက်ရမယ်”
အခန်းတွင်းရှိ လူသုံးဦးလုံး ခေါင်းညိတ်လိုက်ကြသည်။
“ရန်သူကလည်း ဒီအခြေအနေကိုရိပ်စားမိမှာပဲ... သူတို့သေချာပေါက် ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ကို စစ်မြေပြင်အဖြစ် ရွေးချယ်လိမ့်မယ်..ကျွန်တော်တို့ရဲ့ စစ်သားတွေကို ထျန်းရွှေမြို့ထဲကို ဝင်ခွင့်ပြုမှာ မဟုတ်ဘူး”
“အသာစီးရဖို့အတွက် ရန်သူ့စစ်တပ်က ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်မှာ အင်အား ၂၀,၀၀၀ လောက် ချထားလိမ့်မယ်.. ထျန်းရွှေမြို့စောင့်တပ်ကလွဲရင် ကျန်တဲ့ လက်ရွေးစင်တွေ အားလုံးကို ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်မှာ ချထားမှာဖြစ်တယ်”
ထိုအထိရှင်းပြပြီးမှ ဆိုလွန် ရုတ်တရက် မေးလိုက်သည်။
“ကျွန်တော်တို့ စစ်တပ်က အင်အား ၁၅,၀၀၀ ရှိပြီး ရန်သူက အင်အား ၂၀,၀၀၀ နဲ့ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ကို ကာကွယ်နေမယ်ဆိုရင် ကျွန်တော်တို့ တိုက်နိုင်မလား”
ယန်ယန်၊ နိုင်အာနှင့် တွမ်တို့ အားလုံး ခေါင်းရမ်းလိုက်ကြ၏။
မြို့တစ်မြို့ကို တိုက်ခိုက်ရန်အတွက် ရန်သူ့ထက် အင်အား နှစ်ဆခန့် ပိုမို လိုအပ်သည်။ ဤသည်မှာ သာမန် စစ်ရေးအသိပညာတစ်ခု ဖြစ်ပြီး တပ်မှူးကြီးမှာ ယန်ယန်ဖြစ်နေရုံဖြင့် တိုက်ပွဲရလဒ်ပြောင်းလဲသွားမည် မဟုတ်ချေ။
ထို့ပြင် ဆိုလွန်၏ စစ်တပ်မှာ ကြေးစားစစ်သည် အများစုဖြင့် ဖွဲ့စည်းထားပြီး လွင်ပြင်တိုက်ပွဲ စွမ်းရည် အားကောင်းသော်လည်း အင်အား သောင်းနှင့်ချီသော စစ်ဆင်ရေး အတွေ့အကြုံများ လိုအပ်နေသလို ခိုင်ခံ့သော မြို့ကို တိုက်ခိုက်ရသည့် အတွေ့အကြုံလည်း နည်းပါးလှသည်။
ဆိုလွန် ခေါင်းငြိမ့်ကာ ဆက်ပြောလိုက်၏။
“မှန်တယ်.. မဖြစ်နိုင်ဘူး”
“ရန်သူအတွက် ရွေးချယ်စရာ လမ်းကြောင်း သုံးခု ရှိတယ်.. ပထမ... ကျွန်တော်တို့ ပင်ပန်းနေချိန်မှာ သူတို့ဘက်က စတင် တိုက်ခိုက်တာ.. ဒုတိယ... ခိုင်ခံ့တဲ့ မြို့ကို အားပြုပြီး ကျွန်တော်တို့ လာတိုက်မယ့် အချိန်ကို စောင့်နေတာ”
“တတိယ... စစ်တပ်တစ်တပ် စေလွှတ်ပြီး ကျွန်တော်တို့ရဲ့ အနောက်ဘက်ကနေ ကွေ့ပတ်ပြီး ညှပ်ပိတ် တိုက်ခိုက်တာ”
“ကျိနင်က ဒုတိယ အစီအစဉ်ကို ရွေးလိမ့်မယ်... ဘာလို့လဲဆိုတော့ အလုံခြုံဆုံးနဲ့ ဆုံးရှုံးမှု အနည်းဆုံးမို့လို့ပဲ”
“တကယ်တော့ ရန်သူရဲ့ အစီအစဉ် သုံးခုလုံးက မဆိုးပါဘူး... အနိုင်ရနိုင်ပါတယ်”
ဆိုလွန်ရှင်းပြချက်ကိုကြားပြီးနောက် ယန်ယန် ဝင်ပြောလိုက်ခြင်းပင်။
ဆိုလွန် ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်တယ်”
“အစီအစဉ် သုံးခုလုံးက အနိုင်ရနိုင်တယ်.. ဒါပေမဲ့ ရန်သူ့ တပ်မှူးဖြစ်တဲ့ ကျိနင်က မိန်းမတစ်ယောက်လေ...”
“အစီအစဉ်တွေ ရှိပေမဲ့ သတ္တိနည်းတယ်.. အကယ်လို့ ကျွန်တော်သာ ရန်သူ့ တပ်မှူးဆိုရင် ပထမ အစီအစဉ်ကို သေချာပေါက် ရွေးမှာ.. ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်မှာ အင်အား ၂၅,၀၀၀ စုစည်းပြီး ကျွန်တော်တို့ဘက်က စတင် တိုက်ခိုက်မယ်..ဘယ်လောက်ပဲ ဆုံးရှုံးပါစေ ကျွန်တော်တို့ကို အရင်ဆုံး အပြီးတိုင် ချေမှုန်းပစ်မယ်..”
“ပြောရရင် ကျွန်တော်တို့ ရန်သူ့ရဲ့ တစ်ခုတည်းသော အားနည်းချက်က အားသာချက်တွေ အရမ်းများနေတာပဲ.. လက်ထဲမှာ ဝှက်ဖဲကောင်းတွေ အများကြီး ကိုင်ထားတယ်..အလွယ်ကူဆုံး နည်းလမ်းနဲ့ အနိုင်ရနိုင်တာကို အနည်းဆုံး ဆုံးရှုံးမှုနဲ့ အနိုင်ရချင်နေကြတယ်”
ထိုအချိန်တွင် ယန်ယန် ချက်ချင်း မှတ်ချက်ပေးလိုက်၏။
“အဲ့ဒါက မင်းက အရူးဖြစ်နေလို့လေ”
“ဟုတ်တယ်... အရူးပဲ”
ဆိုလွန် ယန်ယန်၏မှတ်ချက်ကို ပြတ်သားစွာ ထောက်ခံလိုက်သည်။
“ဒီတိုက်ပွဲမှာ ကျွန်တော်တို့ဘက်က ဘာအားသာချက်မှ မရှိဘူး.. သူတို့ရဲ့ စစ်အင်အားက ကျွန်တော်တို့ထက် သုံးဆ ပိုများတယ်၊ရိက္ခာတွေလည်း အများကြီး ရှိတယ်၊ခိုင်ခံ့တဲ့ မြို့ကိုလည်း ပိုင်ထားတယ်”
“ဒါ့အပြင် လူထုရဲ့ ထောက်ခံမှုကိုလည်း ရထားသလို ရန်သူရဲ့ အစီအစဉ် သုံးခုလုံးက ကျွန်တော်တို့အတွက် ဖြေရှင်းလို့မရတဲ့ အရာတွေချည်းပဲ”
“အဲ့တော့အခြေအနေကို ပြောင်းလဲနိုင်ဖို့ဆိုရင် အရူးလို လုပ်ရပ်မျိုး လိုအပ်တယ် မဟုတ်ရင် သေချာပေါက် ရှုံးလိမ့်မယ်”
“မြို့စားကြီးဆိုလွန်... ဘယ်လို လုပ်ဖို့ စီစဉ်ထားလဲ”
တွမ် ဝင်မေးလိုက်သည်။
“အဆုံးစွန်အထိ ရူးသွပ်ပစ်မယ်”
“ထျန်းရွှေမြို့ တစ်ခုလုံးကို ရူးသွပ်မှုတွေနဲ့ ပြည့်နေတဲ့ ငရဲပြည်အဖြစ် ပြောင်းလဲပစ်မှာ”
ဆိုလွန်၏ မျက်ဝန်းများ၌ ရူးသွပ်မှုများပြည့်နှက်နေကာ စိတ်အားထက်သန်စွာဆိုလိုက်သည်။
……
ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၌ နှစ်ဖက်စစ်တပ် အင်အားစု စုစုပေါင်း ၄၀,၀၀၀ ခန့် မျက်နှာချင်းဆိုင် ရပ်နေကြသည်။
သို့သော် လွန်ခဲ့သည့် ငါးရက်ကတည်းက ဆိုလွန်တစ်ယောက် သူ၏ အသွင်အပြင်ကို ပြောင်းလဲကာ ကျောက်စရစ်ကျွန်းသို့ လျှို့ဝှက်စွာ ပြန်သွားခဲ့လေပြီ။
ယခုအချိန်၌ သင်္ဘော အစင်း ၂၀ ကို ဦးဆောင်၍ ကျောက်စရစ်ကျွန်းမှ တောင်ဘက် ရေလမ်းခရီးအတိုင်း ထွက်ခွာလာနေပြီဖြစ်သည်။
သင်္ဘောပေါ်၌ စစ်သည် ၁၀၀၀ ကျော်နှင့် မရေမတွက်နိုင်သော ရွှေဒင်္ဂါးများ ပါလာ၏။
ထျန်းရွှေမြို့နှင့် လင်ဟိုင်မြို့ နှစ်ခုလုံးမှာ ကမ်းရိုးတန်းမြို့များ ဖြစ်ကြပြီး ကျောက်စရစ်ကျွန်းနှင့် ထျန်းရွှေမြို့၏ ကမ်းရိုးတန်းမှာ မိုင်ရာဂဏန်းမျှသာ ကွာဝေးသည်။
ရူးသွပ်နေသော ဆိုလွန်သည် လူ ၁၀၀၀ ကျော်ကိုသာ ဦးဆောင်ပြီး ပင်လယ်ဘက်မှ ထျန်းရွှေမြို့ နယ်မြေအတွင်းသို့ ဝင်ရောက်လာ၏။
“ကျွန်တော်တို့ နောက်ထပ် မိုင် ၃၀ လောက် ဆက်သွားရင် ထျန်းရွှေမြို့ရဲ့ ရွာတွေ၊ မြို့ငယ်လေးတွေ ရှိတဲ့နေရာကို ရောက်ပြီ”
ဆိုလွန် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“အခု ကျွန်တော်တို့ လုပ်ရမယ့် အလုပ်က ဓားပြ လုပ်ဖို့ပဲ... ရွာတိုင်း၊ မြို့ငယ်လေးတိုင်းကို ဝင်လုမယ်... သူတို့ဆီမှာ ရှိတဲ့ ရိက္ခာတွေ အားလုံးကို လုယူပြီး လူတိုင်းကို နေရာတစ်နေရာတည်းဆီ မောင်းထုတ်မယ်... အဲ့ဒါကတော့ ထျန်းရွှေမြို့ပဲ”
“နေရာတိုင်းမှာ လေလွင့်နေတဲ့ လူဆိုးလူမိုက်တွေ ရှိကြတယ်... သူတို့က ပိုက်ဆံဆို အရမ်း မက်ကြတယ်”
“ဒါပေမဲ့ အခုတော့ ဒီလူတွေက ကျွန်တော်တို့ရဲ့ မဟာမိတ်တွေပဲ.. ကျွန်တော်တို့ဆီမှာ ရွှေဒင်္ဂါးတွေ အများကြီး ပါလာတယ်..ဒီလူဆိုးလူမိုက်တွေကို ဖိတ်ခေါ်မယ်...”
“လူတစ်ယောက်လာရင် ရွှေဒင်္ဂါး တစ်ပြား ပေးမယ်..အချုပ်ပြောရရင် ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ထျန်းရွှေမြို့က ရွာတိုင်း၊ မြို့ငယ်လေးတိုင်း၊ အိမ်တော်တိုင်းကို ဝင်လုဖို့ပဲ”
“ထျန်းရွှေမြို့အနီးတစ်ဝိုက်မှာရှိတဲ့ လူအားလုံးကို မောင်းထုတ်ပြီး နယ်မြေ တစ်ခုလုံးကို လုံးဝ ဖရိုဖရဲ ဖြစ်သွားအောင် လုပ်ပစ်မယ်”
ဆိုလွန်၏ အမိန့်ကို ကြားသောအခါ ဆိုမိသားစု၏ စစ်သည်များပင် အလွန် အံ့အားသင့်သွားကြ၏။
ဤလုပ်ရပ်က တကယ်ကို ရူးသွပ်လွန်းလှသည်မဟုတ်ပါလော။
ဤနေရာမှာ ဆိုလွန် ကိုယ်တိုင်၏ နယ်မြေနှင့် ပိုင်နက်ဖြစ်ကြောင်း သိထားရမည်။ ယခင်ကသာဆိုလျှင် ဆိုမုက သေချာပေါက် ငြင်းဆန်ပေလိမ့်မည်။ သို့သော် ယခုအချိန်၌ သူတို့အားလုံးမှာ ဆိုလွန်အပေါ် အကြွင်းမဲ့ ယုံကြည်နေကြလေပြီ။
“ဟုတ်ကဲ့ပါ”
လူတိုင်း တစ်ခဲနက် ပြန်ဖြေလိုက်ကြသည်။
“လှုပ်ရှားကြ”
ဆိုလွန် အမိန့်ပေးလိုက်ပြီး မျက်နှာဖုံးတစ်ခုတပ်လိုက်သည်။
ချက်ချင်းပင် စစ်သည် ၁၀၀၀ ကျော်မှာ ပင်လယ်ဓားပြ ၁၀၀၀ ကျော်အဖြစ် ပြောင်းလဲသွားပြီး အေးချမ်းနေသော ထျန်းရွှေမြို့ အနီးတစ်ဝိုက်နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်သွားကြတော့သည်။
အပိုင်း ၃၁၅ ပြီး။