← Chapters

အခန်း ၃၁၇

Vol. 32 Ch. 317

အခန်း ၃၁၇

Vol. 32 Ch. 317

အပိုင်း ၃၁၇

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ဆိုလွန်တို့အဖွဲ့ ဂိုဒေါင်ထဲမှ ထွက်လာသောအခါ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေ၏။ ရဲ့ကျင်းယွီက လူအုပ်ကိုဦးဆောင်ပြီး ကျွမ်းကျင်စွာဖြင့် ခြံဝင်းတစ်ခုရှေ့သို့ ခေါ်ဆောင်သွားသည်။

အထဲ၌ မီးရောင်များ ထိန်လင်းနေကာ အစေခံမိန်းကလေးများက ယန်ဟုန်ရီ၏ ကြွက်သားများ သေမသွားစေရန် ခြေလက်များကို နှိပ်နယ်ပေးနေကြသည်။

“သခင်မက တကယ် ကံကောင်းတာပဲ.. ဒီလိုဖြစ်နေတာတောင် မြို့စားကြီးက သူ့ကို စွန့်ပစ်မသွားဘူး”

အစေခံမလေးတစ်ယောက်က ဆိုလိုက်ခြင်းပင်။

အသက်အနည်းငယ် ကြီးသောအစေခံက နှာခေါင်းရှုံ့လိုက်သည်။

“ဟွန့်.. နင်က ငယ်သေးလို့ နားမလည်တာပါ”

ငယ်ရွယ်သည့် အစေခံမလေးက ငြင်းဆန်ခြင်းမရှိဘဲ မေးခွန်းတစ်ခုကိုမေးလိုက်သည်။

“ဒါနဲ့လေ... ဆိုလွန်က လာတိုက်မယ်လို့ ကြားတယ်.. ဘယ်လိုတွေ ဖြစ်လာမလဲ မသိဘူးနော်”

“ဘာဖြစ်ရမှာလဲ.. သခင်လေးဆိုလွန်က အသုံးမကျတဲ့ကောင်ပဲလေ.. မိန်းမလိုက်စားတာကလွဲပြီး ဘာမှ မလုပ်တတ်ဘူး.. သေချာပေါက် အရှုံးကြီးရှုံးပြီး အသက်အန္တရာယ်ကနေတောင်လွတ်မှာ မဟုတ်ဘူး”

ထိုအခါ ငယ်ရွယ်သည့် အစေခံမလေးက ဆက်မေးလိုက်သည်။

“အပြင်က ကောလာဟလတွေအရ သခင်လေးဆိုလွန်က ဖခင်ရဲ့ အငယ်အနှောင်းတွေကို စော်ကားခဲ့တယ်ဆို..”

“ပြီးတော့ သခင်မလေးဆိုနင်ပင်းအပေါ်မှာလည်း မောင်နှမ သံယောဇဉ် မရှိဘူးဆိုတာ တကယ်လား”

အသက်ကြီးသောအစေခံက ခေါင်းရမ်းလိုက်သည်။

“မဟုတ်ဘူး.. သခင်လေးဆိုလွန် ငယ်ငယ်ကတည်းက ငါ ဒီအိမ်တော်မှာ ရှိနေတာ.. သူက ဆိုးသွမ်းပြီး မိန်းမချောလေးတွေကို နှောင့်ယှက်တတ်ပေမဲ့ ဖခင်ရဲ့ အငယ်အနှောင်းတွေကို စော်ကားတာမျိုးတော့ လုံးဝ မလုပ်ပါဘူး..”

“အစ်မအရင်းကို ပစ်မှားတယ်ဆိုတာလည်း တမင်သက်သက် နာမည်ဖျက်နေကြတာ”

ငယ်ရွယ်သည့် အစေခံမလေးက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဘယ်သူက သူ့ကို နာမည်ဖျက်နေတာလဲ”

“တော်တော့.. ထပ်မမေးနဲ့.. ဒီနေ့ ငါပြောတဲ့စကားတွေကို ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့ ကြားလား”

အသက်ကြီးသောအစေခံက လေသံမာမာဖြင့်ဆိုလိုက်သည်။

ငယ်ရွယ်သည့် အစေခံမလေး ကြောက်ရွံ့စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့.. ကျွန်မ ဘယ်သူ့ကိုမှ မပြောပါဘူး”

နောက်တစ်စက္ကန့်၌ ဆိုလွန်နှင့် အခြားသူများ လျှပ်စီးလက်သကဲ့သို့ အမြန်ဝင်ရောက်လာပြီး အစေခံမလေး နှစ်ယောက်လုံးကို သတိလစ်သွားစေလိုက်၏။

ရဲ့ကျင်းယွီသည် ကုတင်ပေါ်မှ ယန်ဟုန်ရီကို ပွေ့ချီကာ ခြံဝင်းထဲမှ အမြန်ဆုံး ထွက်ပြေးပြီး လျှို့ဝှက်လမ်းဆီသို့ ပြန်လာသည်။

ထို့နောက် လျှို့ဝှက်လမ်းကို ပိတ်ကာ အမြန်ဆုံးနှုန်းဖြင့် အပြင်ဘက်ရှိ သစ်တောအုပ်လေးဆီသို့ ထွက်လာခဲ့ကြ၏။ လျှို့ဝှက်လမ်း ထွက်ပေါက်ကို ပြန်ပိတ်ပြီးနောက် မြေကြီးများကို ဖုံးအုပ်ကာ သစ်ပင်ကို မူလအတိုင်း ပြန်စိုက်ထားလိုက်သည်။

နောက်ဆုံး၌ အသိစိတ်မဲ့နေသော ယန်ဟုန်ရီကို ပွေ့ချီကာ ထျန်းရွှေမြို့အတွင်းရှိ လုံခြုံသော အိမ်တစ်လုံးဆီသို့ ဝင်ရောက်သွားကြတော့သည်။

……

လုံခြုံသောအိမ်၏ မြေအောက်ခန်းအတွင်း။

ကုတင်ပေါ်၌ သတိလစ်နေသော ယန်ဟုန်ရီကို ကြည့်ရင်း ဆိုလွန်တစ်ယောက် သူမကို မည်သို့ သတိရလာအောင် လုပ်ရမည်ကို စဉ်းစားနေမိသည်။

ယန်ဟုန်ရီသည် လှပသည့် ရုပ်ရည်ရှိသော်လည်း ခက်ထန်ကြမ်းတမ်းသောစရိုက်ရှိသူဖြစ်သည်။ ငယ်စဉ်က ဆိုလွန်ကို ပြင်းပြင်းထန်ထန် ထိုးကြိတ်ခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။

ယခင်က ကျန်းမာပြည့်ဖြိုးခဲ့သော်လည်း နှစ်ဝက်ခန့် အသိစိတ်မဲ့နေခဲ့သောကြောင့် ယခုအခါ သိသိသာသာ ပိန်ချုံးနေလေပြီ။ ထို့အပြင် အသားအရေကလည်း မကျန်းမာသည့် အသွင်ဖြင့် ဖြူဖျော့နေ၏။

သူမ၏ လက်ချောင်းကို ညင်သာစွာ ရှရာပေးလိုက်ပြီးနောက် သူ၏ လက်ချောင်းကိုပါ ဖြတ်ရာပေးလိုက်ကာ လူနှစ်ယောက်၏ သွေးများကို ရောနှောလိုက်သည်။

ထို့နောက် အသူရာမိစ္ဆာကြယ်၏ စွမ်းအင်က သွေးများမှတစ်ဆင့် သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားကာ တစ်ကိုယ်လုံးကို စစ်ဆေးလိုက်သည်။

အကယ်၍ ယန်ဟုန်ရီ၏ ဦးနှောက် ပျက်စီးသွားခြင်းသာဆိုလျှင် ပြန်လည် သတိရလာနိုင်တော့မည် မဟုတ်ချေ။ သို့သော် ဦးနှောက်အာရုံကြောများ ပိတ်ဆို့နေခြင်း သို့မဟုတ် အာရုံခံစားမှု ရပ်တန့်နေခြင်းသာဆိုလျှင် သတိရလာအောင် ကယ်တင်နိုင်ပေလိမ့်မည်။

ဆိုလွန် စိတ်ထဲမှ မေးလိုက်သည်။

‘အသူရာမိစ္ဆာကြယ်.. သူမရဲ့ အခြေအနေဘယ်လိုလဲ’

အသူရာမိစ္ဆာကြယ် ချက်ချင်း ရှင်းပြလာ၏။

“နှလုံးနဲ့ အဆုတ်ကို လက်ဝါးရိုက်ချက် မိထားတာကြောင့် အာရုံကြောတွေ ပိတ်ဆို့ပြီး ဦးနှောက် အလုပ်မလုပ်တော့တာပါ.. “

“ပြန်သတိရအောင် လုပ်ပေးလို့ရပေမဲ့ သိုင်းပညာကိုတော့ ကောင်းမွန်လာအောင်လုပ်လို့ မရတော့ဘူး.. သတိရလာရင်တောင် အရမ်း အားနည်းနေလိမ့်မယ်”

‘ဒါဆို သူ့ကို သတိရလာအောင် လုပ်လိုက်’

ဆိုလွန် အမိန့်ပေးလိုက်သည်။

ယန်ဟုန်ရီ အသိစိတ်မဲ့သွားရခြင်း၏ အဓိက အကြောင်းရင်းမှာ ဦးနှောက်အာရုံကြောများ ပိတ်ဆို့ကာ ယာယီ ရပ်တန့်သွားသောကြောင့်ဖြစ်သည်။

အသူရာမိစ္ဆာကြယ်က စွမ်းအင်များ ထုတ်လွှတ်ကာ ပိတ်ဆို့နေသည့် အာရုံကြောများကို ရှင်းလင်းပေးလိုက်သည်။ ထို့နောက် ပြင်းထန်သည့် စွမ်းအင်များ ထပ်မံ ထုတ်လွှတ်ကာ ရပ်တန့်နေသော ဦးနှောက်အာရုံကြောများဆီသို့ တွန်းပို့လိုက်သည်။

တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်......။

နောက်ဆုံး၌ ယန်ဟုန်ရီ၏ နုနယ်သော ခန္ဓာကိုယ်လေး ရုတ်တရက် တုန်ရီလာသည်။

အသူရာမိစ္ဆာကြယ်က စွမ်းအင်တွန်းအားကို ပိုမို တိုးမြှင့်လိုက်၏။ ယန်ဟုန်ရီ တစ်ကိုယ်လုံး ပြင်းထန်စွာတုန်ယင်သွားပြီး ကြာရှည်စွာပိတ်နေခဲ့သော မျက်ဝန်းများ ပွင့်လာလေပြီ။

ယန်ဟုန်ရီ နိုးလာလာချင်းပင် အားနည်းသော လက်ဝါးဖြင့် ဆိုလွန်ရှိရာသို့တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

“ဆိုဟန်ရီ... တိရစ္ဆာန်ကောင်”

ဆိုလွန်က သူမ၏ လက်ကို အလွယ်တကူ ဖမ်းဆုပ်ကာ ဆိုလိုက်သည်။

“အစ်မဟုန်ရီ... ကျွန်တော်ပါ”

ယန်ဟုန်ရီ မျက်လုံးများ ပွင့်လာပြီး ဆိုလွန်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိသည်။ သူမရှေ့၌ ရောက်နေသူမှာ ဆိုလွန် ဖြစ်နေသဖြင့် ကိုယ့်မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်နေရ၏။

ယန်ဟုန်ရီ နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

“ဆိုလွန်... နင်လည်း အဲ့ဒီ တိရစ္ဆာန်ကောင် ဖမ်းတာ ခံလိုက်ရတာလား”

ဆိုလွန် ခေါင်းရမ်းလိုက်သည်။

“မဟုတ်ဘူး.. ဆိုဟန်ရီက ယာယီ မြို့စား ဖြစ်သွားလို့ ကျွန်တော် စစ်တပ်ကို ဦးဆောင်ပြီး လာတိုက်တာ”

ထို့နောက် ပြီးခဲ့သည့် လများအတွင်း ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုံး ရှင်းပြလိုက်သည်။

ယန်ဟုန်ရီ ချက်ချင်းပင် မယုံနိုင်အောင် ဖြစ်သွားရသည်။

ဤလူက တကယ်ပဲ အရင်က ဆိုးသွမ်းခဲ့သည့် သူမ၏မောင်လေး ဟုတ်ပါသလော။

ဆိုလွန် ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။

“အစ်မဟုန်ရီ.. ဆိုဟန်ရီက အစ်မရဲ့ ခင်ပွန်းဆိုပေမဲ့ ကျွန်တော်နဲ့ သူက အတူယှဉ်တွဲနေထိုင်ဖို့ မဖြစ်နိုင်တော့ဘူး.. ကျွန်တော် သူ့ကို သတ်ချင်တယ်.. အစ်မ ခွင့်လွှတ်နိုင်မလား”

ယန်ဟုန်ရီ၏ မျက်နှာထက်၌ နာကျင်သည့် အရိပ်အယောင်များ ပေါ်လာသော်လည်း သူမအံကြိတ်ကာ ပြန်ဖြေလာ၏။

“ဆိုဟန်ရီက ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ ရက်စက်ယုတ်မာတဲ့ကောင်ပဲ..မင်းကို ခွင့်မလွှတ်နိုင်စရာ ဘာအကြောင်းမှ မရှိဘူး.. “

“သူ့ကိုသတ်ဖို့ ငါ ကူညီပေးမယ်.. ငါ့ကို မြို့စားအိမ်တော်ကို အခုချက်ချင်း ပြန်ပို့ပေး.. သတိလစ်နေတဲ့ ပုံစံမျိုး ဆက်ဟန်ဆောင်နေမယ်.. သူ ငါ့ဆီလာတာနဲ့ ချက်ချင်း လုပ်ကြံလိုက်မယ်”

ဆိုလွန် ခေါင်းရမ်းလိုက်သည်။

“မကောင်းဘူး ထင်တယ်.. အစ်မရဲ့ သိုင်းပညာတွေ အားလုံးနီးပါး ပျောက်ဆုံးသွားပြီ.. အခုဆို ဓားမြှောင်တစ်ချောင်းကိုတောင် ကိုင်နိုင်မှာ မဟုတ်ဘူး”

ယန်ဟုန်ရီ သူမ၏ လက်နှစ်ဖက်ကို အားယူ မြှောက်ကြည့်လိုက်သော်လည်း မည်သည့် ခွန်အားမှ မရှိတော့ဘဲ ထထိုင်ရန်ပင် ခက်ခဲနေကြောင်း တွေ့လိုက်ရသည်။

ချက်ချင်းပင် သူမ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

ယခင်က သူမ မည်မျှပင် ခက်ထန်ကြမ်းတမ်းခဲ့သနည်း။ သိုင်းပညာ၌ ဆိုဟန်ရီထက် နိမ့်ကျသော်လည်း အဆင့်မြင့်စစ်သည် တစ်ယောက် ဖြစ်ခဲ့သည်။ သို့သော်ယခု နိုးလာချိန်၌ မသန်စွမ်းသူ တစ်ယောက်ဖြစ်နေလေပြီ။

ဆိုလွန် နှစ်သိမ့်လိုက်သည်။

“အစ်မဟုန်ရီ စိတ်အေးအေးထားပါ.. တဖြည်းဖြည်း အနားယူရင် နောက်ပိုင်း ပုံမှန်အတိုင်း ပြန်လမ်းလျှောက်နိုင်မှာပါ.. သိုင်းပညာတွေ ပျောက်ဆုံးသွားတာကလည်း နှမြောစရာ မလိုပါဘူး”

ယန်ဟုန်ရီ နာကျင်စွာဖြင့် ဆိုလာ၏။

“ငါ အခုချက်ချင်း ထျန်းရွှေမြို့စောင့်တပ်က အရာရှိတွေကို ခေါ်ပြီး ဆိုဟန်ရီရဲ့ လုပ်ရပ်တွေကို ပြောပြလိုက်မယ်.. သူ့ကို နာမည်ပျက်သွားအောင် လုပ်ပစ်ရမယ်”

ဆိုလွန် ခေါင်းရမ်းလိုက်သည်။

“အဲဒါက မကောင်းဘူး.. သူတို့နဲ့ ဆိုဟန်ရီက အကျိုးတူ ပူးပေါင်းထားကြတာ.. ဆိုဟန်ရီရဲ့ အကျင့်စာရိတ္တကို သိသွားရင်တောင် သူ့ကို စွန့်ပစ်မှာ မဟုတ်ဘူး.. အဲဒီအစား သတင်းပေါက်ကြားမှာစိုးလို့ အစ်မကိုပါ သတ်ပစ်ကြလိမ့်မယ်”

“ဒါဆို ဘယ်လိုလုပ်ရမလဲ”

ယန်ဟုန်ရီ အကူအညီမဲ့စွာဖြင့် မေးလိုက်မိသည်။

သူမ၏စကားကိုကြားလျှင် ဆိုလွန် ပြုံးလိုက်၏။

“စိတ်အေးအေးထားပါ.. နှစ်ရက်အတွင်း ဆိုဟန်ရီရဲ့ အသက်ကို ယူနိုင်မယ့် နည်းလမ်း ကျွန်တော့်ဆီမှာ ရှိတယ်”

တစ်နာရီခန့် အကြာ၌ ဆိုလွန်တစ်ယောက် ယန်ဟုန်ရီနှင့် အခြားသူများကို ဦးဆောင်၍ မြို့ရိုးကို လျှို့ဝှက်စွာ ဖြတ်ကျော်ကာ ထျန်းရွှေမြို့မှ ထွက်ခွာသွားကြတော့သည်။

……

တစ်ရက်ကြာပြီးနောက်။

ဆိုဟန်ရီတစ်ယောက် ထျန်းရွှေမြို့ဆီသို့ အနားမယူဘဲ အပြေးအလွှား ပြန်ရောက်လာသည်။ ကောလာဟလများထဲမှ ဆိုလွန်၏ အင်အား တစ်သောင်းကျော်ရှိသော စစ်တပ်မှာ တကယ်တမ်း၌ မရေမတွက်နိုင်သော ဒုက္ခသည်များ ဖြစ်နေကြောင်း သူ မသိခဲ့ချေ။

ဆိုဟန်ရီသည် ရွှေရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ကြီးမြတ်ခမ်းနားသည့် အသွင်ဖြင့် ထင်ရှားနေသည်။

သူ၏ ပုံစံကို မြင်သောအခါ မရေမတွက်နိုင်သော ဒုက္ခသည်များက ကယ်တင်ရှင်ကို တွေ့လိုက်ရသည့်အလား ဒူးထောက်ကာ အသံကျယ်ကျယ်ဖြင့် အကူအညီ တောင်းကြတော့သည်။

ထျန်းရွှေမြို့၌ သူ၏ နာမည်ဂုဏ်သတင်းမှာ အလွန် မြင့်မားပြီး လူထု၏ ထောက်ခံမှုကို အပြည့်အဝ ရရှိထားသည်။ ထိုအချက်ကို သူ အလွန် သဘောကျနေ၏။

ထျန်းရွှေမြို့သည် ဆိုမိသားစု၏ပိုင်ဆိုင်မှုဖြစ်သော်လည်း ဆိုလွန်၏ နာမည်ဂုဏ်သတင်းမှာ ဤမြို့၌ ရစရာမရှိအောင် ပျက်စီးနေလေပြီ။

ယခုအချိန်၌ ဒုက္ခသည်များကို မြို့ထဲသို့ ပေးဝင်လိုက်ပါက အန္တရာယ်ရှိနိုင်ကြောင်း ဆိုဟန်ရီ သိထားသော်လည်း သူ၏ နာမည်ဂုဏ်သတင်းကို ဂရုစိုက်နေမိသည်။ အကယ်၍ ဒုက္ခသည်များကို အပြင်ဘက်၌ ပစ်ထားလိုက်ပါက သူ၏ နာမည်ဂုဏ်သတင်းများ ပျက်စီးသွားပေလိမ့်မည်။

“မြို့တံခါးကို ဖွင့်ပြီး ပြည်သူတွေကို အထဲပေးဝင်လိုက်.. ဒီလူတွေက ငါ ဆိုဟန်ရီရဲ့ ပြည်သူတွေပဲ.. သူတို့ကို အအေးဒဏ်နဲ့ အငတ်ဘေးကြုံအောင် ဘယ်လိုလုပ် ရက်စက်နိုင်ပါ့မလဲ”

ဆိုဟန်ရီ အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။

ချက်ချင်းပင် မြို့တံခါးများ ပွင့်သွားပြီး မရေမတွက်နိုင်သော ဒုက္ခသည်များ ထျန်းရွှေမြို့ထဲသို့ ဝင်ရောက်လာကြသည်။ ဒုက္ခသည်များ အားလုံး ကယ်တင်ရှင်ကို မြင်လိုက်ရသကဲ့သို့ ဆိုဟန်ရီရှေ့၌ တစ်ခဲနက် ဒူးထောက်လိုက်ကြသည်။

မြို့ထဲသို့ ဝင်ပြီးနောက် ဆိုဟန်ရီ မြို့စားအိမ်တော်ဆီသို့ ချက်ချင်း ပြေးသွားရာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ သတင်းတစ်ခုကို ရရှိလိုက်သည်။

သူ၏ ဇနီး ယန်ဟုန်ရီ ပျောက်ဆုံးသွားလေပြီ။

ထို့အပြင် စာတစ်စောင်ကိုလည်း ချန်ထားရစ်ခဲ့သေးသည်။

“ချစ်လှစွာသော အစ်ကို ဆိုဟန်ရီ... အစ်မဟုန်ရီက ကျွန်တော့်လက်ထဲမှာ ရှိနေပြီ..”

“အစ်မကိုလည်း သတိရအောင် ကယ်တင်မှာမလို့ မကြာခင် လူအများရှေ့မှာ ခင်ဗျားရဲ့ လုပ်ရပ်မှန်သမျှကို ဖော်ထုတ်တော့မှာ..”

“ခင်ဗျား ကျွန်တော့်ကို အရမ်းသတ်ချင်နေတာကို သိလို့ အခွင့်အရေးတစ်ကြိမ် ပေးလိုက်မယ်... မကြာခင် ကျွန်တော် စစ်တပ်ကို ဦးဆောင်ပြီး ခင်ဗျားနဲ့ အသေအကြေ လာတိုက်မယ်”

စာ၏ အောက်ဆုံး၌ ညီဖြစ်သူ ဆိုလွန် ဟု ရေးသားထား၏။

အထက်ပါ အကြောင်းအရာများအပြင် အောက်ဘက်၌ မမြင်ရသလောက် သေးငယ်သော စာကြောင်းတစ်ကြောင်းကိုလည်း လျှို့ဝှက်စွာ ရေးသားထားသေးသည်။ ဆိုဟန်ရီ မျက်လုံးပြူးကာ သေချာ ကြည့်လိုက်သောအခါ ဤသို့ ရေးသားထားကြောင်း တွေ့လိုက်ရသည်။

“အစ်မဟုန်ရီ ရေချိုးတာကို ကျွန်တော် ငယ်ငယ်ကတည်းက ခိုးကြည့်ခဲ့တာ.. ဒီတစ်ခါတော့ ပွင့်ပွင့်လင်းလင်းကို ကြည့်လို့ရပြီ..”

“ကျွန်တော်နဲ့ အစ်မ ကြားမှာ မိသားစုသံယောဇဉ် မရှိဘူးလို့ ခင်ဗျား ပြောခဲ့တယ်မလား... ခင်ဗျားပြောတာ မှန်ပါတယ်... ဒါပေမဲ့ အစ်မနင်ပင်းနဲ့ မဟုတ်ဘူး.. အစ်မဟုန်ရီနဲ့ပါ... ခင်ဗျား ခေါင်းပေါ်မှာ ဂျိုတွေ ပေါက်နေတာကိုရော သတိထားမိရဲ့လား”

“……”

ဆိုဟန်ရီ အကြီးအကျယ် ဒေါသထွက်သွားပြီး ဆိုလွန် ချန်ထားခဲ့သော စာကို ချက်ချင်း ချေမွပစ်လိုက်သည်။

ထိုအချိန်တွင် လက်အောက်ငယ်သားတစ်ဦး သတင်းပို့လာ၏။

“မြို့စားကြီး... အခု မြို့ထဲမှာ မကောင်းတဲ့ ကောလာဟလတွေ အများကြီး ထွက်နေပါတယ်.. “

“မြို့စားကြီးက မင်းသမီးကျိနင်နဲ့ ပူးပေါင်းပြီး ဆရာဖြစ်သူ ယန်နူကို ကိုယ်တိုင် သတ်ဖြတ်ခဲ့တဲ့အပြင် ဇနီးဖြစ်သူ သခင်မ ယန်ဟုန်ရီကိုပါ အဆိပ်ခတ်ခဲ့တယ်လို့ ပြောနေကြတယ်”

ဆိုဟန်ရီ၏ မျက်နှာ ရှုံ့မဲ့သွားသော်လည်း အတိုင်းအဆမသိ ဒေါသထွက်နေသည့်ကြားမှ ယခင်ကကဲ့သို့ တည်ငြိမ်အောင် ထိန်းထားလိုက်သည်။

ကင်းထောက်တစ်ဦး အသံကျယ်ကျယ်ဖြင့် သတင်းပို့လာပြန်သည်။

“သတင်းပို့ပါတယ်... လူတစ်သောင်းကျော်ပါတဲ့ စစ်တပ်က ထျန်းရွှေမြို့ဆီ လာနေပါတယ်.. သခင်မ ယန်ဟုန်ရီကလည်း... အဲဒီစစ်တပ်ထဲမှာ ပါလာပုံရပါတယ်”

ယခုအချိန်၌ ဆိုလွန်တစ်ယောက် လူတစ်သောင်းကျော် ပါဝင်သော ဓားပြတပ်ဖွဲ့ကြီးကို ဦးဆောင်ကာ ထျန်းရွှေမြို့ဆီသို့ အင်တိုက်အားတိုက် ချီတက်လာလေပြီ။

……

အပိုင်း ၃၁၇ ပြီး။

All Chapters