← Chapters

အခန်း ၃၁၈

Vol. 32 Ch. 318

အခန်း ၃၁၈

Vol. 32 Ch. 318

အပိုင်း ၃၁၈

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ဇနီးဖြစ်သူ ယန်ဟုန်ရီတစ်ယောက် ဆိုလွန်၏ လက်ထဲသို့ ကျရောက်သွားသည်ကို သိလိုက်ရသောအခါ ဆိုဟန်ရီ အမှန်တကယ်ထိတ်လန့်ကြောက်ရွံ့သွားမိသည်။

သူမ သတိရလာပြီး လူအများရှေ့၌ သူ၏ အရှုပ်တော်ပုံများကို ဖော်ထုတ်လိုက်ပါက သူ၏ နာမည်ဂုဏ်သတင်းများ အားလုံး ရစရာမရှိအောင် ပျက်စီးသွားပေလိမ့်မည်။

သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖြေရှင်းရမည့် နည်းလမ်း စဉ်းစားလိုက်သည်။

ထိုအချိန်သို့ ရောက်လာပါက ဇနီးဖြစ်သူ ယန်ဟုန်ရီနှင့် ဆိုလွန်တို့ကြား၌ ဖောက်ပြန်မှုများ ရှိနေပြီး သူ့ကို တမင်သက်သက် နာမည်ဖျက်ရန် စွပ်စွဲနေခြင်းဖြစ်သည်ဟု အသေအလဲ ငြင်းဆန်ရပေမည်။ သို့သော် ဤနည်းလမ်းက သူ့အပေါ် ကျရောက်လာမည့် သံသယများကို အပြည့်အဝ ဖြေဖျောက်ပေးနိုင်မည် မဟုတ်ချေ။

ဇနီးဖြစ်သူ သတိရလာသည်နှင့် ပြဿနာများကို ဖြေရှင်းနိုင်တော့မည် မဟုတ်ပေ။ သူမကို မြင်မြင်ချင်းပဲ မြှားနဲ့ ပစ်သတ်လိုက်ရမည်လော။

ထိုသို့လုပ်၍လည်း မရချေ။ လူအများရှေ့မှာ မြို့ရိုးပေါ်ကနေ ယန်ဟုန်ရီ ကိုယ်တိုင် မြှားနဲ့ ပစ်သတ်လိုက်ရင် သူ့ရဲ့ လုပ်ရပ်ကို လူတိုင်းက သံသယဝင်သွားကြလိမ့်မည်။

ဆိုဟန်ရီ သွားကို တင်းတင်းကြိတ်ကာ စိတ်ထဲမှ ကြံစည်လိုက်သည်။

‘ယန်ဟုန်ရီက ငါ့ကို ဘယ်လို ဖော်ထုတ်မှာတဲ့လဲ.. သူမနဲ့ ဆိုလွန် ဖောက်ပြန်နေပါတယ်လို့ အပြတ်ပြောပြီး ငါက သားကောင်ဖြစ်သွားသလို ဟန်ဆောင်လိုက်မယ်.. ‘

‘ဆိုလွန်က သူ့ရဲ့ အစ်မအရင်းနဲ့တောင် ဖောက်ပြန်နေတယ်ဆိုတဲ့ ကောလာဟလတွေ ရှိနေတာပဲ.. ယန်ဟုန်ရီ တစ်ယောက်လောက် ပိုသွားလည်း ထူးခြားသွားမှာမဟုတ်ဘူးလေ’

ထို့အပြင် သူ၏ နာမည်ဂုဏ်သတင်း ထိခိုက်သွားလျှင်တောင်မှ လက်တွေ့တွင် ကြီးမားသည့် အကျိုးသက်ရောက်မှု ရှိလာမည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ သူ၏ လက်အောက်ခံ စစ်တပ်နှင့် သူ၏ အကျိုးစီးပွားမှာ အပြည့်အဝ ချိတ်ဆက်နေပြီးသား ဖြစ်၏။ ဆိုလွန်ကိုသာ သတ်ဖြတ်နိုင်မည်ဆိုလျှင် ထျန်းရွှေမြို့မှ စစ်သည်များနှင့် ပြည်သူများက သူ၏ မျက်နှာစစ်ကို မြင်တွေ့သွားလျှင်တောင်မှ ဘာမှ တတ်နိုင်မည် မဟုတ်တော့ချေ။

ပြည်သူဆိုသည်မှာ အမြဲတမ်း အသိဉာဏ်ကင်းမဲ့ပြီး အားနည်းသူများသာ ဖြစ်သည်။

ဆိုဟန်ရီ မိမိကိုယ်ကိုယ် နားချပြီးနောက် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်လိုက်ပြီး မြို့စားအိမ်တော်မှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာကာ မြင်းစီး၍ မြို့ရိုးဆီသို့ ထွက်လာသည်။

……

ဆိုဟန်ရီ မြို့ရိုးပေါ်သို့ ရောက်ရှိသွားချိန်၌ မြို့အပြင်ဘက်တွင် ဆိုလွန်၏ တပ်ဖွဲ့များဖြင့် ပြည့်နှက်နေလေပြီ။

စစ်တပ်ဟုခေါ်ရမည့်အစား လူအုပ်ကြီးဟုခေါ်ဆိုသင့်ပေသည်။

လူတစ်သောင်းကျော်လုံးက ဒေသခံ လူဆိုးလူမိုက်များ ဖြစ်ကြပြီး မျက်နှာများကို အဝတ်နက်များဖြင့် ဖုံးအုပ်ထားကြသည်။ လက်ထဲ၌ အမျိုးအမည် မသိရသော လက်နက်များကို ကိုင်ဆောင်ထားကာ စည်းကမ်းတကျမရှိဘဲ ဟိုတစ်စု ဒီတစ်စု ရပ်နေကြ၏။

မကြာမီမှာပင် ဧရာမ ခြင်္သေ့ကျားသားရဲကြီး၏ ကျောပေါ်၌ တင်ဆောင်လာသော ဇနီးဖြစ်သူ ယန်ဟုန်ရီကို ဆိုဟန်ရီ မြင်လိုက်ရသည်။ သူမသည် ယခင်အတိုင်း သတိလစ်နေဆဲပင်။

ထိုအခါမှ ဆိုဟန်ရီ သက်ပြင်းချနိုင်သွားသည်။ ဇနီးဖြစ်သူ သတိမရသေးချေ။

သို့သော် ထိုအချိန်၌ ခြင်္သေ့ကျားသားရဲပေါ်ရှိ အမျိုးသားတစ်ယောက်က သူ၏ ယုတ်မာသော လက်များဖြင့် ဇနီးဖြစ်သူ၏ ခါးအောက်ပိုင်းကို ကိုင်တွယ်နေသည်ကို သတိထားမိသွားသည်။

ဆိုဟန်ရီ ဒေါသကြောင့် ပေါက်ကွဲထွက်တော့မတတ် ဖြစ်သွားရ၏။ ဇနီးဖြစ်သူက ဆိုလွန်၏ လက်ထဲသို့ ကျရောက်သွားသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်ရာ သူ့အနေဖြင့် မည်မျှပင် အရမ်းကာရော အလွဲသုံးစား အလုပ်ခံထားရမည်ကို မသိနိုင်တော့ချေ။

ဆိုဟန်ရီ ဒေါသတကြီးဖြင့် အသံကျယ်ကျယ် အော်ဟစ်လိုက်သည်။

“ဆိုလွန်.. မင်းဆိုတာ ငါသိတယ်.. သတ္တိရှိရင် မင်းရဲ့ မျက်နှာဖုံးကို ချွတ်ပြလိုက်စမ်း”

ခြင်္သေ့ကျားသားရဲပေါ်ရှိ ဆိုလွန်က ယန်ဟုန်ရီ၏ ဝမ်းဗိုက်အောက်ပိုင်းကို အရှေ့အနောက် ပွတ်သပ်နေရင်း မြို့ရိုးပေါ်ရှိ ဆိုဟန်ရီကို ပျင်းရိစွာ ကြည့်နေသည်။ သူက ဘာမှ ပြန်မပြောသလို မျက်နှာဖုံးကိုလည်း မချွတ်ခဲ့ပေ။

ဆိုဟန်ရီက တုန်ရီနေသော အသံဖြင့် ဆိုလိုက်သည်။

“ဆိုလွန်.. မင်းက ဖခင်ရဲ့ အငယ်အနှောင်းတွေနဲ့ ဖောက်ပြန်ပြီး အစ်မအရင်းကိုတောင် စော်ကားခဲ့တယ်ဆိုတဲ့ အပြင်က ကောလာဟလတွေကို အရင်က ငါ မယုံခဲ့ဘူး..”

“ဒီနေ့ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရမှ မင်းက တိရစ္ဆာန်ထက်တောင် ယုတ်မာတဲ့ကောင်ဆိုတာ သိလိုက်ရတော့တယ်.. ယန်ဟုန်ရီကလည်း မင်းရဲ့ အစ်မတစ်ယောက်ပဲလေ.. မင်းရဲ့ လုပ်ရပ်တွေက ငါ့ကို အရမ်းနာကြည်းစေတယ်.. မွေးစားဖခင်ကြီးကို တောင် ငါမျက်နှာမပြရဲတော့ဘူး”

ဆိုလွန်က ယခင်အတိုင်း ဂရုမစိုက်ဘဲ ယန်ဟုန်ရီ၏ ရင်ဘတ်ပေါ်သို့ လက်တင်ကာ ညင်သာစွာ ပွတ်သပ် ဆုပ်နယ်လိုက်၏။ ထို့နောက် ဆိုဟန်ရီကို ရန်စသည့် အကြည့်ဖြင့် ကြည့်နေပြီး သူက ဆိုလွန်ဖြစ်ကြောင်း ဝန်ခံခြင်းလည်း မရှိသလို ငြင်းဆန်ခြင်းလည်း မရှိခဲ့ချေ။

ဇနီးဖြစ်သူ၏ ရင်ဘတ်ပေါ်ရှိ ဆိုလွန်၏ လက်ကို ကြည့်ရင်း ဆိုဟန်ရီ ဒေါသထွက်လွန်း၍ ပေါက်ကွဲမတတ် ဖြစ်နေလေပြီ။

သူ အမှန်တကယ် ချစ်မြတ်နိုးသည်မှာ ဆိုနင်ပင်း ဖြစ်သော်လည်း ယန်ဟုန်ရီက သူ၏ ဇနီး ဖြစ်နေသေးသည်။ သူမအပေါ်၌ ပိုင်ဆိုင်လိုစိတ် အပြည့် ရှိနေဆဲပင်။

ယခုအခါ ဆိုလွန်၏ ရင်ခွင်ထဲ၌ ဖက်တွယ်ခံထားရပြီး အပေါ်အောက် အကိုင်တွယ်ခံနေရသောကြောင့် သူ၏ မျက်လုံးများပင် ပြူးထွက်မတတ် ဖြစ်နေရသည်။

သို့သော်လည်း ပြဇာတ်ကို ဆက်ကပြရဦးမည်။

ဆိုဟန်ရီ မျက်ရည်ဝဲကာ ဆိုလိုက်သည်။

“ဆိုလွန်.. မင်း မိန်းမကိစ္စတွေမှာပဲ ဆိုးသွမ်းနေရင် တော်သေးတယ်.. ထျန်းရွှေမြို့က ပြည်သူတွေဆိုတာ မင်းရဲ့ လက်အောက်ခံတွေလေ.. “

“ဒါကို မင်းက ဓားပြတွေကို ဦးဆောင်ပြီး သူတို့ကို လုယက် ဖိနှိပ်ဖို့ လုပ်နေတယ်.. မင်းမှာ နှလုံးသား မရှိဘူးလား.. မင်းလို တိရစ္ဆာန်ကောင်က ထျန်းရွှေ မြို့စား ဖြစ်ဖို့ မထိုက်တန်ဘူး”

ထိုစကားက ကြီးမားသည့် ပဲ့တင်သံကို ဖြစ်ပေါ်စေခဲ့၏။

မြို့ရိုးပေါ်ရှိ စစ်သည်များနှင့် မြို့ရိုးနောက်ကွယ်ရှိ ဒုက္ခသည်များက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြသည်။

“ဆိုလွန်ကို ဆန့်ကျင်ကြ.. ဆိုလွန်ကို ဆန့်ကျင်ကြ”

“မြို့စားကြီး ဆိုဟန်ရီ သက်တော်ရာကျော် ရှည်ပါစေ......”

“မြို့စားကြီး ဆိုဟန်ရီ သက်တော်ရာကျော် ရှည်ပါစေ.....”

ထိုအော်ဟစ်သံများက သိသာထင်ရှားစွာပင် တစ်မြို့လုံးကို လွှမ်းမိုးသွားသည်။ မရေမတွက်နိုင်သော တုံ့ပြန်သံများ ပို၍ထွက်ပေါ်လာကာ အသံကျယ်ကျယ်ဖြင့် ဆက်လက် အော်ဟစ်နေကြလေပြီ။

ပြည်သူများ၏ ကြွေးကြော်သံများကို ကြားသောအခါ ဆိုဟန်ရီ၏ နှုတ်ခမ်းထောင့်၌ ကျေနပ်အားရသည့် အပြုံးတစ်ခု ပေါ်လာသည်။ ထျန်းရွှေမြို့တွင် ဆိုလွန် နာမည်ပျက်နေသည့် အချက်ကိုပင် ကျေးဇူးတင်ရပေမည်။

ယခုအခါ ပြည်သူများ၏ ဆန္ဒက မည်သည့်ဘက်တွင် ရှိနေသည်ကို ထင်ရှားစွာ တွေ့မြင်နေရပြီ ဖြစ်၏။

ဆိုလွန်တစ်ယောက် ထျန်းရွှေမြို့ထဲသို့ ဝင်ရောက်လာနိုင်လျှင်တောင် မြို့စားဖြစ်လာနိုင်မည် မဟုတ်ဘဲ မရေမတွက်နိုင်သော လူများ၏ တံတွေးခွက်ထဲ၌သာ နစ်မွန်းသေဆုံးသွားရလိမ့်မည်ပင်။

ဆိုဟန်ရီ အသံကျယ်ကျယ်ဖြင့် ဆက်ပြောလိုက်သည်။

“ဆိုလွန်.. မျက်နှာဖုံးကို ချွတ်လိုက်.. ငါ့ဇနီးကို ပြန်ပေးပြီး မြို့သူမြို့သားတွေ အားလုံးကို တောင်းပန်လိုက်စမ်း.. “

“အဲဒီနောက် ဆိုမိသားစုရဲ့ စည်းကမ်းထိန်းသိမ်းရေး ခန်းမမှာ ဝင်ပြီး အပြစ်ကို နောင်တရနေမယ်ဆိုရင် မင်း အသက်ရှင်ခွင့် ရနိုင်သေးတယ်.. မဟုတ်ရင်တော့ မွေးစားဖခင်ကြီး ကိုယ်စား မိသားစုအရှုပ်အရှင်းကို ငါ ရှင်းထုတ်လိုက်ရတာကို အပြစ်မတင်နဲ့”

ဆိုဟန်ရီ သူ၏ ဓားကြီးကို ဖြည်းညင်းစွာ ဆွဲထုတ်လာ၏။

သို့သော် ထိုအချိန်၌ ဆိုလွန်၏ ရင်ခွင်ထဲရှိ ယန်ဟုန်ရီ၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ရီလာပြီး မျက်ခွံများ လှုပ်ရှားလာကာ သတိရလာမည့် ပုံစံမျိုး ဖြစ်လာသည်။

ဆိုဟန်ရီ အလွန် ထိတ်လန့်သွားလေပြီ။ ယန်ဟုန်ရီ မည်သည့်နည်းနှင့်မျှ သတိရလာ၍ မဖြစ်ပေ။ မတရားမှုကို လုံးဝ ခွင့်မလွှတ်တတ်သည့် သူမသာ သတိရလာပါက အမှန်တရားအားလုံးကို ဖော်ထုတ်ပစ်လိမ့်မည်ဖြစ်ရာ သူ၏ ဘဝတစ်ခုလုံး ပျက်စီးသွားရပေမည်။

ချက်ချင်းပင် ဆိုဟန်ရီ ဆက်လက် ဟန်မဆောင်ရဲတော့ဘဲ အသံကျယ်ကျယ်ဖြင့် အော်ဟစ် အမိန့်ပေးလိုက်သည်။

“ဒီကပ်ဆိုးကောင်တွေကို အကုန်သတ်ပစ်ကြ.. ဆိုလွန်ကို အရှင်ဖမ်း”

“ရွှီး... ရွှီး... ရွှီး... ရွှီး... ရွှီး...”

ချက်ချင်းပင် မြို့ရိုးပေါ်မှ မြှားတစ်သောင်းကျော် မိုးသည်းထန်စွာ ရွာသွန်းသည့်အလား ပစ်ခတ်လာသည်။

မြှားမိုးများ မီတာ တစ်ရာကျော် အကွာအဝေးသို့ ရောက်ရှိလာလျှင် ဆိုလွန် ဘေးရှိ စည်းကမ်းမဲ့ တပ်ဖွဲ့ဝင်များ အားလုံး မျက်နှာများ ဖြူရော်သွားပြီး ခြေထောက်များ တုန်ယင်လာကြ၏။ အကယ်၍ သူတို့၏ အနောက်ဘက်၌ မိသားစုစစ်သည် တစ်ရာကျော်က ကြီးကြပ်နေခြင်း မရှိပါက ယခုအချိန်၌ အားလုံး ထွက်ပြေးသွားကြလောက်ပြီပင်။

ထိုမြင်ကွင်းကို မြင်သောအခါ ဆိုဟန်ရီ လှောင်ပြုံး ပြုံးလိုက်သည်။ ဤသို့သော စည်းကမ်းမဲ့ လူအုပ်စုမျိုးဖြင့် လူတစ်သောင်းကျော်သာမက သိန်းချီ ရှိနေလျှင်တောင် အသုံးဝင်မည် မဟုတ်ချေ။

“မြို့စောင့်တပ်က မြင်းစီးသူရဲ နှစ်ထောင်... ငါနဲ့အတူ မြို့ပြင်ထွက်ပြီး သူပုန်တွေကို လိုက်သတ်ကြစို့”

ဆိုဟန်ရီ အသံကျယ်ကျယ်ဖြင့် တည်ကြည်စွာအမိန့်ပေးလိုက်သည်။

“အမိန့်အတိုင်းပါ မြို့စားကြီး”

မြို့ရိုးပေါ်ရှိ မြင်းစီးသူရဲများ အသံကျယ်ကျယ်ဖြင့် တစ်ညီတစ်ညွတ်တည်း ပြန်ဖြေလိုက်ကြသည်။

အချိန်အနည်းငယ် ကြာပြီးနောက် မြို့တံခါးကြီး ဖြည်းညင်းစွာ ပွင့်လာသည်။

ရွှေရောင် ချပ်ဝတ်တန်ဆာနှင့် အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ဆိုဟန်ရီမှာ စစ်နတ်ဘုရားတစ်ပါးအလား မြင်းစီးသူရဲ နှစ်ထောင်ကို ဦးဆောင်၍ မြို့တံခါးမှ ပြေးထွက်လာကာ ဆိုလွန်၏ လူတစ်သောင်းကျော် ပါဝင်သော ဓားပြတပ်ဖွဲ့ဆီသို့ အပြင်းအထန်ချီတက်လာလေပြီ။

ဆိုလွန်ဘက်ရှိ လူတစ်သောင်းကျော်သော စည်းကမ်းမဲ့ တပ်ဖွဲ့ဝင်များမှာ ငွေကြေးကို မက်မောသော ပြည်သူများ ဖြစ်ကြပြီး တစ်ဝက်ခန့်မှာ မြို့ငယ်၊ရွာငယ်များရှိ အားနည်းသူကို အနိုင့်ကျင့်လေ့ရှိသောလူဆိုးလူမိုက်၊ ဆန်ကုန်မြေလေးများသာ။

လူတစ်သောင်းကျော်သော ထိုလူအုပ်စုသည် ဆိုဟန်ရီ၏ မြင်းစီးသူရဲ နှစ်ထောင်ကို ရင်ဆိုင်ရာတွင် အချိန် မည်မျှကြာအောင် တောင့်ခံနိုင်မည်နည်း။

စက္ကန့်သုံးဆယ်မျှသာဖြစ်၏။

ဆိုဟန်ရီ၏ မြင်းတပ်များ မြို့တံခါးမှ ထွက်လာပြီး မီတာ ရာဂဏန်းခန့် အကွာအဝေးသို့ ရောက်ရှိလာသည်နှင့် သူ၏ ကြီးမားသည့် အရှိန်အဝါကြောင့် တစ်ဖက်လူများ အလွန် ထိတ်လန့်သွားကြသည်။

သူတို့သည် စစ်ပွဲပြီးနောက် ရရှိမည့် ရွှေဒင်္ဂါးများကိုပင် ဂရုမစိုက်နိုင်ကြတော့ဘဲ အနောက်ဘက်ရှိ မိသားစုစစ်သည်များ၏ အော်ဟစ် တားဆီးမှုများကြားမှပင် ချက်ချင်း လှည့်ပြေးကြတော့သည်။

ချက်ချင်းပင် ထျန်းရွှေမြို့ အပြင်ဘက် တစ်ခွင်လုံး ကမောက်ကမ ဖြစ်သွား၏။

လူတစ်သောင်းကျော်သော စည်းကမ်းမဲ့ တပ်ဖွဲ့ဝင်များမှာ မိဘများက ခြေနှစ်ဖက်သာ မွေးပေးလိုက်သည်ကိုပင် နောင်တရလုမတတ် အရပ်မျက်နှာ အနှံ့အပြားသို့ ဖရိုဖရဲ ထွက်ပြေးကုန်ကြသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ဆိုဟန်ရီ မထီမဲ့မြင် လှောင်ပြုံး ပြုံးလိုက်သည်။ ဆိုလွန်ကဲ့သို့သော ငတုံးတစ်ယောက်မှာ အမှန်တကယ်ပင် ပညာလည်းမရှိ အရည်အချင်းလည်းမရှိသော အမှိုက်တစ်စသာ။

လူတစ်သောင်းကျော်သော စည်းကမ်းမဲ့ လူအုပ်ကြီးဖြင့် မြို့ကို သိမ်းပိုက်နိုင်မည်ဟု မျှော်လင့်နေပါသလော။ မင်းသမီး ကျိနင်က ဤကဲ့သို့လူမျိုးကို အလွန်အမင်းသတိထား ကြောက်ရွံ့နေသည်မှာ တကယ့်ကို ရယ်စရာကောင်းလှသည်။

“သတ်......”

မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်လိုက်ပြီးနောက် ဆိုဟန်ရီ သူ၏ ဓားကြီးကို ဝှေ့ယမ်းကာ ထွက်ပြေးနေသော လူအုပ်ကြီးထဲသို့ ဝင်ရောက် သတ်ဖြတ်တော့၏။

မျက်စိတစ်မှိတ်အတွင်း သူ၏ ဓားအောက်၌ လူဒါဇင်ကျော်အသက်ပျောက်သွားကြသည်။ ထို့အပြင် မည်သူမှ အလောင်းအပြည့်အစုံ ကျန်ရစ်ခဲ့ခြင်းမရှိဘဲ နှစ်ပိုင်းပိုင်းခံရသူက ခံရ၊ ခါးမှနေ၍ ပြတ်ထွက်သွားသူက ပြတ်ထွက်သွားကြ၏။

သတ်... သတ်... သတ်...။

ထိုသို့ အရူးအမူး သတ်ဖြတ်ခြင်းကသာ သူ၏ ရင်ထဲရှိ ဒေါသမီးများကို ငြိမ်းအေးသွားစေနိုင်မည်။

မိနစ်အနည်းငယ်ကြာပြီးနောက် သူ၏ တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေကာ နတ်ဘုရားများကို သတ်ဖြတ်သည့် အသူရာတစ်ပါးအလား ကြောက်မက်ဖွယ်ကောင်းလာသည်။

သူ၏ မြင်းစီးသူရဲများကလည်း လူသတ်စက်များအလား ထွက်ပြေးနေသည့် လူအုပ်ကြီး၏ အသက်ကို အဆက်မပြတ် ရိတ်သိမ်းနေကြသည်။

ဆိုဟန်ရီတစ်ယောက် သတ်ဖြတ်ရသည်ကို အရသာတွေ့နေစဉ် အနီးရှိ ကိုယ်ရံတော်တစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်သည်။

“မြို့စားကြီး.. ဆိုလွန်က သခင်မကို ခေါ်ပြီး ထွက်ပြေးသွားပါပြီ”

မော့ကြည့်လိုက်သောအခါ မိသားစုစစ်သည် တစ်ရာကျော်၏ ကာကွယ်မှုအောက်တွင် ဆိုလွန်တစ်ယောက် ခြင်္သေ့ကျားသားရဲကို စီးကာ အရှေ့ဘက်သို့ အစွမ်းကုန် ထွက်ပြေးနေသည်ကို တွေ့လိုက်ရသည်။

“အသုံးမကျတဲ့ကောင်”

ဆိုဟန်ရီ လှောင်ပြုံး ပြုံးလိုက်သည်။

အမှိုက်ဆိုသည်မှာ အမှိုက်ပင်။ လူတစ်သောင်းကျော်သော လူအုပ်ကြီးဖြင့် မြို့ကို လာတိုက်ပြီး တိုက်ပွဲပင် မစရသေးခင် ထွက်ပြေးသွားလေပြီ။

အပိုင်း ၃၁၈ ပြီး။

All Chapters