အခန်း ၃၁၉
Vol. 32 Ch. 319
အပိုင်း ၃၁၉
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
“ထွက်ပြေးချင်တာလား.. အိပ်မက်မက်နေလိုက်”
“တက်ကြ.. ဆိုလွန်ကို အရှင်ဖမ်းပြီး သခင်မကို ကယ်တင်ကြ”
ဆိုဟန်ရီ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ပြီး မြင်းကို ကြမ်းတမ်းစွာရိုက်လိုက်ကာ ဒုန်းစိုင်းစီးလိုက်သည။
ချက်ချင်းပင် မြင်းစီးသူရဲ နှစ်ထောင်ကျော်က ဆိုဟန်ရီ၏ နောက်မှ အနီးကပ် လိုက်ပါလာပြီး ထွက်ပြေးနေသော ဆိုလွန်နောက်သို့ လိုက်လံ ဖမ်းဆီးကြတော့သည်။
စစ်မြေပြင်၌ အလောင်းတစ်ထောင်ကျော် ကျန်ရစ်ခဲ့၏။ အသက်ရှင်ကျန်ရစ်သူများမှာ ရွှေဒင်္ဂါးများဖြင့် ငှားရမ်းထားသော ယာယီလူမိုက်အဖွဲ့များ ဖြစ်ကြပြီး ကြောက်လန့်တကြားဖြင့် ခေါင်းဖြတ်ခံထားရသော ယင်ကောင်များအလားခြေဦးတည့်ရာပြေးလွှား အော်ဟစ်နေကြသည်။
......
ဆိုလွန်တစ်ယောက် မိသားစုစစ်သည် တစ်ရာကျော်၏ ကာကွယ်မှုဖြင့် အရှေ့ဘက်သို့ မရပ်မနား ထွက်ပြေးနေသည်။
သူစီးနင်းလာသည်မှာ ခြင်္သေ့ကျားသားရဲ ဖြစ်ပြီး သာမန်စစ်မြင်းများထက် များစွာ လျင်မြန်သောကြောင့် ဆိုဟန်ရီ အနေဖြင့် အသက်ကို ပဓာနမထားဘဲ လိုက်လံ ဖမ်းဆီးလျှင်တောင် မှီနိုင်မည် မဟုတ်ချေ။
သို့သော် သူက အဝေးကြီးသို့ ထွက်မပြေးဘဲ ဆိုဟန်ရီကို မြှူဆွယ်နေကာ တစ်ကီလိုမီတာခန့် အကွာအဝေးကို ထိန်းသိမ်းထားသည်။
သူ၏ မိသားစုစစ်သည်များ စီးနင်းလာသည်မှာ သာမန်စစ်မြင်းများသာ ဖြစ်ကြသည်။ သို့တိုင် သူတို့၏ အားသာချက်မှာ မိုင်တစ်ရာမပြည့်မီ နေရာတိုင်း၌ မြင်းအသစ်များ လဲလှယ်ရန် အစီအစဉ်ရှိနေသည်။
ဒေါသထွက်နေသော ဆိုဟန်ရီမှာ လက်မလျှော့ဘဲ အရူးအမူး လိုက်လံ ဖမ်းဆီးနေပြီး မြင်းများကို မရပ်မနား လဲလှယ်နေ၏။
ကံကောင်းစွာဖြင့် သူ၏ မြင်းစီးသူရဲများက တစ်ယောက်လျှင် မြင်းနှစ်ကောင်စီ ပါလာသောကြောင့် အရှိန်ပြင်းပြင်းဖြင့် ပြေးလွှားလိုက်ပါနိုင်နေသေးခြင်း ဖြစ်သည်။ မဟုတ်ပါက ခွန်အားများ ကုန်ဆုံးသွားလောက်လေပြီ။
မိုင်နှစ်ရာခန့် လိုက်လံ ဖမ်းဆီးပြီးနောက် အနီးရှိ စစ်ဗျူဟာမှူးက ရုတ်တရက် ဆိုလာသည်။
“မြို့စားကြီး.. ဆိုလွန်က စစ်ရှုံးဟန်ဆောင်နေတာများလား.. အရှေ့မှာ ချုံခိုတိုက်ခိုက်ဖို့ ပြင်ထားတာမျိုး ရှိနေနိုင်တယ်”
ထိုစကားကြားသောအခါ ဆိုဟန်ရီ လှောင်ပြုံး ပြုံးလိုက်သည်။
ဆိုလွန်တွင် ချုံခိုတိုက်ခိုက်ရန် လူအင်အား မည်သည့်နေရာမှ ရလာမည်နည်း။ သူ၏ စစ်တပ်မှာ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ် အပြင်ဘက်၌သာ ရှိပြီး ယခု သူ၏ လက်အောက်တွင် လူတစ်ထောင် သို့မဟုတ် နှစ်ထောင်ထက် ပိုမရှိနိုင်ကြောင်း သေချာသည်။
…..
ဆိုဟန်ရီ ဆိုလွန့်အနောက်သို့ လိုက်လံ ဖမ်းဆီးလာရာ မိုင်သုံးရာကျော် ရောက်ရှိလာခဲ့၏။
ဆိုလွန်၏ မိသားစုစစ်သည်များ တဖြည်းဖြည်း နည်းပါးလာကြောင်း သတိထားမိလိုက်ကာ နောက်ဆုံး၌ပြေးလွှားနေသူမှာ ဆိုလွန် တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။
သို့သော် သူ၏ ခြင်္သေ့ကျားသားရဲက လျင်မြန်လွန်းသည့်အပြင် ခံနိုင်ရည်အားလည်း အလွန် ကောင်းမွန်သည်။ ဆိုဟန်ရီဘက်မှ မြင်းငါးကောင်ပင် လဲလှယ်ခဲ့ရသော်လည်း ယခုအချိန်ထိ မှီအောင် မလိုက်နိုင်သေးချေ။
ထို့အပြင် ဆိုလွန်၏ ခြင်္သေ့ကျားသားရဲက ရုတ်တရက် အရှိန်မြှင့်လိုက်ရာ ပို၍ လျင်မြန်လာပြီး မိနစ်အနည်းငယ် အကြာ၌ အရိပ်အယောင်ပင် မတွေ့ရတော့ချေ။
အရှေ့ဘက် ကီလိုမီတာ အနည်းငယ် အကွာအဝေးထိ ဆိုလွန်၏ အရိပ်အယောင်ကို မတွေ့ရတော့ခြင်းဖြစ်သည်။
“……”
ဆိုဟန်ရီ အလွန် ဒေါသထွက်သွားလေပြီ။
ဆိုလွန်ကို ဤကဲ့သို့ လွတ်မြောက်ခွင့် မပေးနိုင်ချေ။
ဤခွေးမသားကို မနည်း အမှီလိုက်ဖမ်းနေရခြင်း ဖြစ်သည်။ အကယ်၍ သူ့ကို အလွတ်ပေးလိုက်ပါက နောက်တစ်ကြိမ် ပြန်ဖမ်းရန် အခွင့်အရေးရှားပါးသွားနိုင်သည်။
ထို့အပြင် ဇနီးဖြစ်သူ ယန်ဟုန်ရီကလည်း မကြာမီ သတိရလာတော့မည့်ပုံ ပေါ်နေ၏။ တစ်ကြိမ် သတိရလာသည်နှင့် ဆိုဟန်ရီ၏ အဆိုးရွားဆုံး အိပ်မက်ဆိုးကြီး ဖြစ်လာပေတော့မည်။
‘မကောင်းတော့ဘူး.. ဒီခွေးမသားကို ဖမ်းပြီး အပိုင်းပိုင်း ဆုတ်ဖြဲပစ်မှ ရမယ်’
‘ယန်ဟုန်ရီကိုရော.. ဘယ်လိုလုပ်ရမလဲ..’ ယခင်က သူမကို သတ်ရန် မရက်စက်နိုင်ခဲ့သော်လည်း ယခုအခါ လုံးဝ အသက်ရှင်ခွင့် ပေးထား၍ မရတော့ပေ။ အသက်ရှင်ခွင့် ပေးထားပါက သူ၏ ဘဝအတွက် အန္တရာယ်ကြီးတစ်ခု ဖြစ်လာလိမ့်မည်။
ထို့အပြင် ဤအခြေအနေတွင် ဆိုလွန်ကိုဖမ်းမိပါက ဇနီးဖြစ်သူ ယန်ဟုန်ရီ၏ သေဆုံးမှုကို ဆိုလွန်အပေါ် အလွယ်တကူ လွှဲချနိုင်သေး၏။
ဆိုဟန်ရီ လုံးဝ လက်မလျှော့နိုင်ဘဲ အရှေ့ဘက်သို့ အရူးအမူး ဆက်လက် လိုက်လံ ဖမ်းဆီးတော့သည်။
နာရီဝက်ခန့် အကြာ၌ ပင်လယ်လှိုင်းသံများကို ကြားလိုက်ရသည်။
‘ဆိုလွန် သင်္ဘောပေါ်တက်ပြီး အဝေး ထွက်မပြေးသွားပါစေနဲ့’
သူ စိတ်ထဲမှ ဆုတောင်းမိလိုက်ခြင်းပင်။
အကယ်၍ ထိုသို့သာဆိုလျှင် အမှန်တကယ် လိုက်မှီတော့မည် မဟုတ်ချေ။
ထို့ကြောင့် သူ အရှိန်အပြည့်ဖြင့် ပင်လယ်ကမ်းခြေဆီသို့ ပြေးသွားလိုက်သည်။
ကောင်းကင်ဘုံက ကယ်မလိုက်ခြင်းပင်။ ဆိုလွန် ကမ်းခြေနှင့် မနီးမဝေးတွင် ရှိနေ၏။ သူနှင့် ယန်ဟုန်ရီက လှေတစ်စင်းပေါ်တွင် ရှိနေပြီး ဆိုလွန်က မြောက်ဘက်သို့ အစွမ်းကုန် လှော်ခတ်နေသော်လည်း ကီလိုမီတာ အနည်းငယ်ခန့်သာ ရောက်ရှိနေသေးသည်။
“ဟားဟားဟား.. ဆိုလွန်.. ဒီနေ့က မင်းသေရမယ့် နေ့ပဲ”
ဆိုဟန်ရီ ရယ်မောလိုက်သည်။
ထို့နောက် ကမ်းခြေအနီး၌ နောက်ထပ် လှေတစ်စင်းကို ရှာတွေ့သွားသည်။
သူ၏ စိတ်ထဲ၌ အနည်းငယ် အံ့သြသင့်သွားရသည်။ အဘယ်ကြောင့် လှေအပိုတစ်စင်း ရှိနေရပါသနည်း။ ထို့အပြင် ဆိုလွန်က ဘာကြောင့် ဤလှေကို အသုံးမပြုခဲ့သနည်း။
သို့သော် ဆိုဟန်ရီ အနည်းငယ် စိတ်အေးသွား၏။ အဘယ်ကြောင့်ဆိုသော် ဤလှေက အတော်အတန် ကြီးမားသောကြောင့် ဆိုလွန်၏ ခွန်အားဖြင့် လှော်ခတ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ဆိုလွန် အသုံးမပြုခဲ့ခြင်းဖြစ်ရမည်။
သို့မဟုတ်ဘဲ ချုံခိုတိုက်ခိုက်မည့်သူပေါ်လာလျှင်တောင် အရေးမပါချေ။ သူ၏ သိုင်းပညာစွမ်းရည်ဖြင့် မည်သူ့ကိုမှ ကြောက်စရာ မလိုသောကြောင့်ပင်။
သူ ရှေ့သို့ တိုးသွားကာ ကြီးမားသော သစ်သားလှေကို ကမ်းခြေမှ ပင်လယ်ပြင်ပေါ်သို့ ရောက်အောင် တွန်းလိုက်သည်။
ထို့နောက် လှေပေါ်သို့ ခုန်တက်ကာ အစွမ်းကုန် လှော်ခတ်ပြီး ဆိုလွန်နောက်သို့ အရူးအမူး လိုက်သွားတော့၏။
နဂါးစစ်သည် တစ်ယောက်ပီပီ သူ၏ လှေက ဆိုလွန်၏ လှေထက် နှစ်ဆ သုံးဆခန့် ပိုကြီးသော်လည်း ပိုမို လျင်မြန်စွာဖြင့် လှော်ခတ်နိုင်နေသည်။
ဆိုဟန်ရီတစ်ယောက် ဆိုလွန်နှင့် တဖြည်းဖြည်း ပို၍ နီးကပ်လာလေပြီ။
သူ၏ အကြည့်များက ဆိုလွန်၏ ပုံရိပ်ကို စူးစိုက်စွာ ကြည့်နေပြီး ရင်ထဲမှ ဒေါသများ ပူလောင်လာကာ မျက်လုံးများထဲရှိ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပို၍ ပြင်းထန်လာသည်။
‘ဆိုလွန်.. မင်း သေနေ့စေ့ပြီပဲ.. ‘
‘ဒီတစ်ခါတော့ မင်း အတောင်ပံပေါက်နေရင်တောင် ပျံသန်းဖို့ ခက်သွားပြီ’
သူတို့ တဖြည်းဖြည်း နီးကပ်လာကြ၏။
နှစ်ကီလိုမီတာ.. တစ်ကီလိုမီတာ.. မီတာ ၅၀၀.. မီတာ ၃၀၀......။
သို့သော် ထိုအချိန်၌။
အရှေ့ဘက်ရှိ ဆိုလွန်၏ လှေ ရုတ်တရက် ရပ်တန့်သွားသည်။ သူက မတ်တတ်ရပ်ကာ ဆိုဟန်ရီကို ထူးဆန်းသော အပြုံးဖြင့် ပြုံးပြလာပြီး လည်ပင်းကို ဖြတ်မည့် ပုံစံမျိုး လက်ဟန်ခြေဟန် ပြုလုပ်လိုက်သည်။
“ဆိုဟန်ရီ.. ခင်ဗျား သေပြီပဲ”
ထို့နောက် ဆိုလွန် မြှားကို တင်ကာ ဆိုဟန်ရီ၏ ဝိညာဉ်ကို ပစ်မှတ်ထား ချိန်ရွယ်လိုက်၏။
“ရွှီး... ရွှီး... ရွှီး... ရွှီး... ရွှီး...”
မြှား အစင်းနှစ်ဆယ် ဆက်တိုက် ပစ်ခတ်လိုက်ခြင်းပင်။
ရွှေနက်မြှား အစင်းနှစ်ဆယ်က လေထဲ၌ မျဉ်းဖြောင့်တစ်ကြောင်းသဖွယ် ဖြစ်ပေါ်သွားပြီး ဆိုဟန်ရီထံသို့ အပြည့်အဝ ပျံသန်းဝင်ရောက်လာသည်။
ဆိုဟန်ရီ ရယ်မောလိုက်သည်။ ဆိုလွန်ကဲ့သို့သော ကောင်စုတ်လေး ပစ်ခတ်သည့် မြှားက သူ့ကို ထိခိုက်အောင် လုပ်နိုင်မည်လော။
ဆိုဟန်ရီ သူ၏ ထက်မြက်သော ဓားကို ဝှေ့ယမ်းကာ လျှပ်စီးလက်သကဲ့သို့ အလျင်ဖြင့် ကာကွယ်လိုက်၏။ မျက်စိတစ်မှိတ်အတွင်း မြှား အစင်းနှစ်ဆယ်လုံးကို အပြည့်အဝ ခုတ်ချပစ်လိုက်ခြင်းဖြစ်သည်။
သို့သော် နောက်ဆုံး မြှားတစ်စင်းကို ခုတ်ချလိုက်ချိန်၌။
“ဘန်း......”
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သူ၏ နဂါးစွမ်းအား ကာကွယ်မှုအားလုံးကို လျစ်လျူရှုကာ ချပ်ဝတ်တန်ဆာကို ဖောက်ထွင်း၍ တစ်ကိုယ်လုံးကို ပြင်းထန်စွာ တိုက်ခိုက်လာသည်။
‘ဘာ.. ဘာစွမ်းအင်လဲ’
ယင်းစွမ်းအင်မှာ ဟွမ်ချွမ်မြို့ဟောင်းရှိ ရေကန်ထဲမှ ဓာတ်ရောင်ခြည်စွမ်းအင်ပင်။
ထိုနေ့က ကျိကန်းနှင့် ထူလင်းတိကို သတ်ဖြတ်ရာတွင် တစ်ဝက်ခန့် အသုံးပြုခဲ့ပြီး ဖြစ်၏။
ကျန်ရှိနေသော တစ်ဝက်ကို ယခုအခါ အသူရာမိစ္ဆာကြယ်မှတစ်ဆင့် ရွှေနက်မြှားထဲသို့ အပြည့်အဝ ပေါင်းစပ်၍ ဆိုဟန်ရီကို အစွမ်းကုန် တိုက်ခိုက်လိုက်လေပြီ။
ကြောက်မက်ဖွယ် ဓာတ်ရောင်ခြည်စွမ်းအင်၏ တိုက်ခိုက်မှုကို ခံလိုက်ရသော ဆိုဟန်ရီမှာ မျက်လုံးများ ရုတ်တရက် အမှောင်ကျသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသည်။
ချက်ချင်းပင် သူ၏ တစ်ကိုယ်လုံးရှိ နဂါးစွမ်းအားများကို လည်ပတ်စေကာ ထိုကြောက်မက်ဖွယ် စွမ်းအင်ကို ဖိနှိပ်လိုက်သည်။
နဂါးစစ်သည်ဆိုသည်မှာ နာမည်နှင့် အမှန်တကယ် ထိုက်တန်လှ၏။ ထိုနေ့က ၅၀ ရာခိုင်နှုန်းသော ဓာတ်ရောင်ခြည်စွမ်းအင်ဖြင့် လူနှစ်ယောက်ကို တိုက်ခိုက်ခဲ့ရာ နောက်ဆုံး၌ ကျိကန်းမှာ အသေဆိုးဖြင့် သေဆုံးသွားပြီး ထူလင်းတိ သတိလစ်သွားခဲ့သည်။
သို့သော် ယနေ့ ကျန်ရှိနေသည့် ၅၀ ရာခိုင်နှုန်းသောစွမ်းအင်ဖြင့် ဆိုဟန်ရီကို ရုတ်တရက် တိုက်ခိုက်ခဲ့သော်လည်း အနည်းငယ်မျှသာ ယိမ်းယိုင်သွား၏။
‘ဆိုလွန်.. ဒါက မင်းရဲ့ လျှို့ဝှက်လက်နက်ဆိုတာလား.. လုံးဝ အသုံးမကျပါ့လား’
ဆိုဟန်ရီ စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်ပြီး ခေါင်းကို အစွမ်းကုန် ခါရမ်းကာ မူးဝေနေမှုကို တွန်းလှန်ပြီး ဆိုလွန်ကို ဆက်၍လိုက်လံ ဖမ်းဆီးရန် ပြင်လိုက်သည်။
ထိုအချိန်၌။
“ဘန်း...”
ရေအောက်မှ လှပသော ပုံရိပ်လေးတစ်ခု လျှပ်စီးလက်သကဲ့သို့လျင်မြန်စွာ ထွက်ပေါ်လာသည်။
ထိုပုံရိပ်လေးသည် ထူးဆန်းသော ပုံစံရှိသည့် ဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး ဥက္ကာပျံတစ်စင်းအလား သူ့ဆီသို့ ပြင်းထန်စွာ တိုးဝင်လာသည်။
‘ဒီမိန်းမက ဘယ်သူလဲ.. သူ့ရဲ့သိုင်းပညာက ဘာလို့အရမ်း မြင့်မားနေရတာလဲ’
သူမကား တခြားသူမဟုတ်ပေ။ ဤနေရာ၌ အချိန်အတော်ကြာ ချုံခိုစောင့်ဆိုင်းနေသောယန်ရွှမ်း တစ်ဖြစ်လည်း နိုင်အာပင်။
ဆိုဟန်ရီ အစွမ်းကုန် ကြိုးစားကာ နိုင်အာ၏ ဓားကို အသည်းအသန် ကာကွယ်လိုက်သည်။
“ဒင်”
ဓားနှစ်လက် ရိုက်ခတ်သွားလျှင် ဆိုဟန်ရီ၏ လက်ထဲရှိ ရွှေနက်ဓားမှာ မမျှော်လင့်ဘဲ ကျိုးပဲ့သွားပြီး လေထဲသို့လွင့်စင်သွားတော့သည်။
‘ဒီမိန်းမ ကိုင်ထားတာ ဘာဓားလဲ..ဘာလို့အရမ်း ကြောက်စရာကောင်းနေရတာလဲ.. စစ်မှန်တဲ့ ရွှေနက်ဓားကိုတောင် ဖြတ်တောက်နိုင်နေပါ့လား’
ထိုသို့ တွေးနေစဉ်မှာပင် နိုင်အာ၏ ဒုတိယဓားချက်က ဆိုဟန်ရီထံကိုပြင်းထန်စွာ ထိုးစိုက်လာပြန်သည်။
ဆိုဟန်ရီနှင့် နိုင်အာ နှစ်ယောက်၌ မည်သူ့သိုင်းပညာက ပိုမြင့်မားသနည်း။
သံသရာဖြစ်စရာမရှိ သေချာပေါက် ဆိုဟန်ရီပင်။ သန့်စင်သည့် နဂါးစွမ်းအားအရ ဟန်ရီက များစွာ ပိုမို အစွမ်းထက်ပြီး နုလန်ဘုရင့် နိုင်ငံ၏ ထိပ်တန်း ဓားကိုင်စစ်သည် အနည်းငယ်ထဲ၌ ပါဝင်နေခြင်းက ဟန်ပြသက်သက် မဟုတ်ချေ။
သို့သော် သူက တပ်မှူးကြီး တစ်ယောက် ဖြစ်သဖြင့် သူ၏ သိုင်းပညာက စစ်မြေပြင်နှင့် ပို၍ သင့်လျော်ပေသည်။ ခွန်အားနှင့် ခံနိုင်ရည်ကို အဓိကထားသောကြောင့် သွက်လက်မှုနှင့် စိတ်ဝိညာဉ်ပိုင်းတွင် အနည်းငယ် အားနည်း၏။
နိုင်အာ၏ နဂါးစွမ်းအား ကျင့်ကြံမှုမှာ အမျိုးသမီးများအကြား သဘာဝအရ များစွာ အားကောင်းသော်လည်း စစ်မြေပြင်မှ သတ်ဖြတ်သူ ဆိုဟန်ရီနှင့် ယှဉ်လျှင် များစွာ ကွာဟနေဆဲ ဖြစ်သည်။ သို့တိုင် သွက်လက်မှုနှင့် စိတ်ဝိညာဉ်ပိုင်း၌မူ နိုင်အာက ပို၍ အစွမ်းထက်၏။
ဤအခြေအနေ၌ ဆိုဟန်ရီနှင့် ကြာရှည် အချိန်ဆွဲ တိုက်ခိုက်၍ မဖြစ်ပေ။ မြန်ဆန်ပြီး ပြတ်သားရန် လိုအပ်သည်။
ထို့ကြောင့်ပင် ဆိုလွန်က သူတို့ နှစ်ယောက်၏ စစ်မြေပြင်ကို လှေတစ်စင်းပေါ်၌ ဖန်တီးပေးလိုက်ခြင်းဖြစ်သည်။ လှေပေါ်တွင်ဆိုပါက သွက်လက်မှု အားနည်းသည့် ဆိုဟန်ရီ အနေဖြင့် လှုပ်ရှားရှောင်တိမ်းရန် ခက်ခဲသွားပေမည်။
နိုင်အာအတွက်မူ လှိုင်းပုတ်နေသည့် သစ်သားလှေပေါ်၌ ရပ်ရသည်မှာ မြေပြန့်ပေါ်၌ ရပ်ရသကဲ့သို့ သာမန်သာ။
ထို့အပြင် တိုက်ပွဲမစမီ ဆိုလွန် ပစ်ခတ်လိုက်သော မြှားများကြောင့် ဆိုဟန်ရီ၏ စိတ်ဝိညာဉ်စွမ်းအားနှင့် နဂါးစွမ်းအားများ များစွာ လျော့ကျသွားရ၏။
သို့တိုင်အောင် ဆိုဟန်ရီကို သတ်နိုင်ရန် အလွန် ခက်ခဲလှသေးသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ခွန်အားက ကြီးမားလွန်းသောကြောင့် နိုင်အာ အနေဖြင့် ထိပ်တိုက် ရင်ဆိုင်ရာတွင် များစွာ အထိနာနိုင်ပြီး ကြာရှည် တောင့်ခံထားရန် ခက်ခဲလှသည်။
ဤအချိန်၌ ပျောက်ဆုံးသွေးမြို့တော် သွေး ရောင်ပင်လယ်မှရရှိလာသော ဆန်းကြယ်နဂါးရွှေ ဓားက အလွန် အသုံးဝင်လာ၏။
ထိုဓားသည် အမာကျောဆုံး ကာကွယ်မှုများကို ဖျက်ဆီးနိုင်ပြီး သွေးပင်လယ်၏ တိုက်စားမှုဒဏ်ကို ခံထားရသဖြင့် အမှောင် စွမ်းအင်များ ပြည့်နှက်နေကာ မိစ္ဆာပူးကပ်နေသကဲ့သို့ ဖြစ်နေသည်။
ထို့ကြောင့် ထိုဓားဖြင့်တိုက်ခိုက်ခံရပြီးနောက် ဆိုဟန်ရီတစ်ယောက် အထိနာသွားတော့သည်။
အပိုင်း ၃၁၉ ပြီး။