အခန်း ၃၂၀
Vol. 32 Ch. 320
အပိုင်း ၃၂၀
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
ပုံမှန်အားဖြင့် ဆိုဟန်ရီ၏ ရွှေနက်ဓားမှာ ပေါင်ရာချီ လေးလံပြီး ပြိုင်ဘက်ကင်းလောက်အောင် ထက်မြက်သဖြင့် တိုက်ခိုက်ရာ၌ လုံးဝ အားနည်းချက် မရှိချေ။ ပြိုင်ဘက်ကို ထိခိုက်မိရန်ပင် မလိုဘဲ ဓားချင်း ရိုက်ခတ်သွားလျှင်တောင် ကြီးမားသည့် ခွန်အားနှင့် ဓားကြီး၏ အလေးချိန် ပေါင်းစပ်မှုကြောင့် ပြိုင်ဘက်၏ လက်ချောင်းများ ပေါက်ပြဲသွားစေနိုင်၏။ လက်မောင်း သွေးကြောများ ပေါက်ထွက်သွားနိုင်ကာ ဓားချက် ဆယ်ချက် မပြည့်မီမှာပင် ပြင်းထန်စွာ ဒဏ်ရာရသွားစေနိုင်စွမ်းရှိသည်။
သို့သော် နိုင်အာ၏ လက်ထဲရှိ ဆန်းကြယ်နဂါးရွှေ ဓားနှင့် ထိတွေ့လိုက်ချိန်၌ တိုက်ရိုက် ကျိုးပဲ့သွားပြီး ခွန်အားများ အားလုံး ချေဖျက်ခံလိုက်ရသည်။
“ဒင်”
နိုင်အာ၏ ဓားချက်များက တစ်ချက်ထက် တစ်ချက် ပို၍ လျင်မြန်လာပြီး ကြောက်မက်ဖွယ် ကောင်းလာ၏။
ဆိုဟန်ရီ အစွမ်းကုန် ကာကွယ်သော်လည်း သူ၏ လက်ထဲရှိ ဓားရိုးမှလွဲ၍ ကျန်ရှိနေသည့် ဓားသွားများ အားလုံး မျက်စိတစ်မှိတ်အတွင်း ကျိုးပဲ့သွားလေပြီ။
လက်နက် မရှိဘဲ နိုင်အာ၏ ဓားကို ခန္ဓာကိုယ် သို့မဟုတ် လက်ချည်းသက်သက်ဖြင့် ကာကွယ်၍ မရနိုင်ပေ။ ဤသို့ဆိုလျှင် သေချာပေါက် သေဆုံးရမည်သာ။
ဆိုဟန်ရီ ပြင်းထန်စွာ အော်ဟစ်လိုက်ပြီး လက်သီးကို ဝှေ့ယမ်းကာ နဂါးစွမ်းအားများ အားလုံးကို ပေါက်ကွဲထွက်စေလိုက်သည်။
“ဘန်း... ဘန်း... ဘန်း...”
ဧရာမ လက်သီးအလင်းက နိုင်အာထံသို့ ပြင်းထန်စွာ ဝင်ရောက်လာ၏။
လက်သီးအလင်း၌ ဆိုဟန်ရီ၏ ကြီးမားသည့် နဂါးစွမ်းအားများ ပါဝင်နေကာ ပြိုင်ဘက်ကင်းလောက်အောင် ကြမ်းတမ်းလှသည့် အမြောက်ဆန်များအလား နိုင်အာဆီသို့ ပြင်းထန်စွာ တိုးဝင်လာသည်။
အခြားသူသာဆိုလျှင် ဤအချိန်၌ အလျင်အမြန် ရှောင်တိမ်းသွားလောက်သည်။
သို့သော် နိုင်အာက ဖျက်ဆီး၍မရသည့် ဆန်းကြယ်ငွေဖြူ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။ ထို့အပြင် မိစ္ဆာစွမ်းအင်များ ရှိနေသဖြင့် ဒဏ်ရာရလျှင်တောင် ပြန်လည် သက်သာလာနိုင်စွမ်းရှိ၏။
ထို့ကြောင့် သူမသည် နောက်ဆုတ်သွားခြင်းမရှိဘဲနေရာတွင် ရပ်နေကာ ဆိုဟန်ရီ၏ လက်သီးအလင်းကို ခံယူလိုက်သည်။
ထိုမြင်ကွင်းကို မြင်သောအခါ ဆိုလွန်တစ်ယောက် အလွန် ရင်နာသွားရပြီး နဂါးစွမ်းအားများကို အလျင်အမြန် ထုတ်ဖော်၍ လေးကို ဆွဲလိုက်သည်။
“ရွှီး... ရွှီး... ရွှီး... ရွှီး... ရွှီး...”
မြှားများ ဆက်တိုက် ထွက်ပေါ်လာကာ ဆိုဟန်ရီ၏ နောက်ကျောဘက်ဆီသို့ အရှိန်ဖြင့်ပျံသန်းသွားသည်။
ဆိုဟန်ရီက အဖက်ဖက်မှ တိုက်ခိုက်ခံနေရပြီး လက်ထဲ၌ ကာကွယ်ရန် လက်နက်လည်း မရှိချေ။ ဆိုလွန်၏ မြှားကို ကာကွယ်လျှင် နိုင်အာ၏ ဓားကို ကာကွယ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူ မိုးခြိမ်းသံအလား ဟိန်းဟောက်လိုက်ပြီး နဂါးစွမ်းအားများကို ကျောဘက်၌ စုစည်းလိုက်သည်။
“ဖောက်...ဖောက်...ဖောက်...”
ဆိုလွန်၏ မြှားများ သူ၏ ကျောဘက်ကို ထိမှန်သွားပြီး ချပ်ဝတ်တန်ဆာကို တိုက်ရိုက် ဖောက်ထွင်းသွားလေပြီ။
သို့သော် ကြောက်မက်ဖွယ် ကောင်းသည်မှာ မြှားများက တစ်လက်မအောက်သာ စိုက်ဝင်သွားပြီး ဆိုဟန်ရီ၏ ကြွက်သားများနှင့် နဂါးစွမ်းအားများကြား၌ ညပ်သွားခြင်းပင်။
“ယား...”
ထို့နောက် သူ ထပ်မံ ဟိန်းဟောက်လိုက်ပြန်သည်။
ခွန်အားများ ဆူပွက်လာပြီး ကျောဘက်ရှိ အဆိပ်လူးမြှား အချို့ ပြင်းထန်စွာ အနောက်သို့ ပြန်ကန်ထွက်သွား၏။
တကယ်ကို ကြောက်စရာကောင်းလှပေသည်။
ဆိုလွန်က အားကောင်းသည့် လေးဖြင့် ပစ်ခတ်လိုက်သော်လည်း သူက မျှော်လင့်မထားဘဲ ကြွက်သားများကို လေးတစ်လက်အဖြစ် အသုံးပြု၍ မြှားများကို မီတာ ရာဂဏန်းခန့် ပြန်လည် ပစ်လွှတ်လိုက်သည်။
ဆိုလွန်လည်း စိတ်ဝိညာဉ်စွမ်းအားများကို စုစည်းပြီး ပြန်ကန်ထွက်လာသည့် မြှားများကို ခုခံလိုက်သည်။
“ဘန်း... ဘန်း... ဘန်း...”
ဤအချိန်၌ နိုင်အာက ဆိုဟန်ရီ၏ လက်သီးအလင်း သုံးချက်ကို ခံယူလိုက်ပြီဖြစ်သည်။ သို့သော်လည်း သူမ၏ မျက်နှာ အနည်းငယ် ဖြူရော်သွားရုံသာ ရှိပြီး ဓားကို ဝှေ့ယမ်းကာ ဆက်လက် တိုက်ခိုက်နေဆဲပင်။
ဆိုဟန်ရီ အလွန် အံ့ဩသင့်သွားရသည်။ သူ၏ နဂါးစွမ်းအားများ များစွာ လျော့ကျသွားသော်လည်း လက်သီးအလင်းက ပြိုင်ဘက်ကင်းလောက်အောင် ကြမ်းတမ်းလှရာ သာမန် နဂါးစစ်သည်များပင် တောင့်ခံနိုင်မည် မဟုတ်ချေ။ အမျိုးသမီး တစ်ယောက်ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။
သို့သော် ယခု ယန်ရွှမ်းက မမျှော်လင့်ဘဲ အရှင်လတ်လတ် တောင့်ခံသွားလေပြီ။
ထို့ပြင် သူမ၏ ထက်မြက်သည့် ဓားက သူ့ဆီသို့တိုးဝင်လာရာ ဆိုဟန်ရီ၏ လက်ထဲ၌ ကာကွယ်ရန် လက်နက် မရှိနိုင်တော့ချေ။
ဆိုဟန်ရီ ရုတ်တရက် ရယ်မောလိုက်၏။
“လာစမ်း”
ထို့နောက် ညာလက်ဖြင့် လျှပ်စီးလက်သကဲ့သို့ တိုက်ခိုက်လိုက်ပြီး နိုင်အာ ထိုးသွင်းလိုက်သည့် ဓားကို လက်ချောင်းများဖြင့် တင်းကြပ်စွာ ဖမ်းဆုပ်လိုက်သည်။
ချက်ချင်းပင် ဓားမှာ တောင်တန်းကြီးတစ်ခုဖြင့် ဖိထားခံရသကဲ့သို့ဖြစ်သွားပြီး လှုပ်ရှား၍ မရတော့ပေ။ နိုင်အာ အနေဖြင့် ဆက်လက် ထိုးသွင်း၍မရသလို အနောက်သို့ ပြန်ဆွဲနုတ်၍လည်း မရတော့ခြင်းဖြစ်သည်။
အနောက်သို့ ဆုတ်ချင်ပါက ဓားကို လွှတ်ချရုံသာ ရှိတော့သည်။
ဆိုဟန်ရီ၏ နဂါးစွမ်းအားက ပိုမို အစွမ်းထက်ကြောင်း သက်သေပြလိုက်ခြင်းပင်။
ရုတ်တရက် ဆိုဟန်ရီ၏ ဘယ်ဘက်လက်သီးက နဂါးစွမ်းအား အားလုံးကို စုစည်းလိုက်ပြီး အံ့မခန်း အမြောက်ဆန်အလား နိုင်အာဆီသို့ ပြင်းထန်စွာ ထိုးနှက်လာသည်။
“သေစမ်း”
ထိုလက်သီးသာ ထိမှန်သွားပါက နိုင်အာ၏ လှပသည့်မျက်နှာလေး ချက်ချင်း ကြေမွသွားပြီး သေချာပေါက် သေဆုံးရပေမည်။
သို့သော် မသေချင်ပါက ဓားကို လွှတ်ချရမည် ဖြစ်ပြီး ဆန်းကြယ်နဂါးရွှေ ဓားက ဆိုဟန်ရီ၏ လက်ထဲသို့ ရောက်သွားမည်သာ။ ဤသို့ဆိုလျှင် ဆိုဟန်ရီကို သတ်ရန် မဆိုထားနှင့် မိမိကိုယ်ကိုယ် ကာကွယ်ရန်ပင် ခက်ခဲသွားလိမ့်မည်။
ထိုအချိန်၌ နိုင်အာ တိုးညှင်းစွာ အော်ဟစ်လိုက်သည်။
“ယား...”
သူမ၏ လက်ထဲမှ နဂါးစွမ်းအားများ ပြင်းထန်စွာ ထွက်ပေါ်လာပြီး ဆန်းကြယ်နဂါးရွှေ ဓားထဲသို့ စီးဝင်သွားသည်။
ထိုအခါ ဓားသွားမှာ ရုတ်တရက် နီရဲလာပြီး မီးလောင်နေသကဲ့သို့ ဖြစ်သွားကာ ကြောက်မက်ဖွယ် အမှောင်ထုနှင့် တိုက်စားခြင်း စွမ်းအင်များထွက်ပေါ်လာသည်။
“ဘန်း...”
ဓားသွားပေါ်တွင် ကြောက်မက်ဖွယ် မီးတောက်နက်များ ထွက်ပေါ်လာ၏။
ဓားသွားကို ဖမ်းဆုပ်ထားသည့် ဆိုဟန်ရီ၏ လက်ဝါးမှာ ချက်ချင်း လောင်ကျွမ်းခံလိုက်ရသည်။
နိုင်အာက သွယ်လျသည့် ခန္ဓာကိုယ်လေးကို အနောက်သို့ လှန်ချလိုက်ပြီး ဆိုဟန်ရီ၏ ပြင်းထန်သည့် လက်သီးချက်ကို ရှောင်တိမ်းလိုက်ကာ လက်ထဲရှိ ထက်မြက်သည့် ဓားဖြင့် မိုးသက်မုန်တိုင်းအလား ဆက်တိုက် ထိုးသွင်းတိုက်ခိုက်လိုက်သည်။
ချက်ချင်းပင် ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
“ရွှီး...”
ဆိုဟန်ရီ၏ ညာဘက်လက်မောင်း တစ်ခုလုံး ချက်ချင်း ကြေမွသွားလေပြီ။
သို့သော် နိုင်အာ၏တိုက်ခိုက်မှုများ ရပ်တန့်သွားခြင်းမရှိဘဲ လျှပ်စီးလက်သကဲ့သို့ ပြင်းထန်သည့် ဓားချက်တစ်ချက်ကို ထပ်မံ ထိုးသွင်းလိုက်သည်။
ဆိုဟန်ရီ၏ ဘယ်ဘက်လက်မောင်း ပြတ်ထွက်သွားပြီး သွေးများ ပန်းထွက်လာကာ ကောင်းကင်ပေါ်သို့ လွင့်စင်သွားသည်။
“ရွှီး... ရွှီး...”
နောက်ထပ် ဓားနှစ်ချက် ဆက်တိုက် ထွက်ပေါ်လာပြန်သည်။
ဆိုဟန်ရီမှာ အရပ်ပုသွားသကဲ့သို့ ဖြစ်သွားပြီး ခြေထောက်နှစ်ဖက်လုံး ဒူးခေါင်းနေရာမှနေ၍ ဖြတ်တောက်ခြင်းခံလိုက်ရသည်။
“အား”
ဆိုဟန်ရီ နာကျင်စွာဖြင့် အော်ဟစ်လိုက်ရတော့သည်။
တစ်စက္ကန့် မပြည့်မီ အချိန်အတွင်း သူ၏ ခြေလက်လေးဖက်လုံး ဖြတ်တောက် ခံလိုက်ရပြီး သွေးများ အဆက်မပြတ်ပန်းထွက်လာလေပြီ။
နိုင်အာတစ်ယောက် လျင်မြန်စွာလှုပ်ရှားလိုက်ပြီး ဆိုဟန်ရီ၏ သွေးကြော အချို့ကို ပိတ်ဆို့ပေးကာ သွေးထွက်လွန်၍ ချက်ချင်း သေဆုံးသွားခြင်းမှ ကာကွယ်ပေးလိုက်သည်။
ထို့နောက် သူမ၏ ခြေလှမ်းများ ယိမ်းယိုင်သွားပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။
ဆိုလွန် အလွန် ထိတ်လန့် စိုးရိမ်သွားပြီး နိုင်အာကို စိုက်ကြည့်နေမိသည်။ သူမ၏ ဒဏ်ရာရသွားသောပုံရိပ်ကိုမြင်ရခြင်းမှာ နှလုံးသားကိုအပ်နှင့်ထိုးစိုက်နေသကဲ့သို့ ခံစားလိုက်ရ၏။
ဤသို့ သွေးအန်လိုက်ခြင်းက ဒဏ်ရာ မည်မျှ ပြင်းထန်သည်ကို မသိနိုင်သလို သက်တမ်း မည်မျှ ကုန်ဆုံးသွားသည်ကိုလည်း မသိနိုင်ချေ။
ဆိုလွန် နိုင်အာနှင့်ဆိုဟန်ရီတို့ရှိရာလှေဆီသို့ အစွမ်းကုန် လှော်ခတ်လာတော့သည်။
နိုင်အာက သူ့ကို အပြုံးလေးဖြင့်ကြည့်လာပြီး ခေါင်းရမ်းလိုက်သည်။
“ကျွန်မ ဆန်းကြယ်ငွေဖြူ ချပ်ဝတ်တန်ဆာကို ဝတ်ထားတယ်.. ပြီးတော့ သူ ထိုးလိုက်တာက လက်သီးအလင်းဆိုတော့ ဒဏ်ရာ သိပ်မပြင်းထန်ပါဘူး.. “
“အမှန်အတိုင်းပြောရရင်..သွေးအန်လိုက်တာက ပိုတောင် ကောင်းသွားသေးတယ်”
ဆိုဟန်ရီ၏ သိုင်းပညာမှာ အလွန် အစွမ်းထက်လွန်းလှ၏။ ပုံမှန်အားဖြင့် ဆိုလွန်နှင့် နိုင်အာတို့၏ အစီအစဉ်အရ သူ့ကို ဒဏ်ရာ အပြင်းအထန်ရအောင်တိုက်ခိုက်နိုင်ရန်မှာ မဖြစ်နိုင်လုနီးပါးပင်။
သူတို့အနိုင်ရခဲ့ခြင်းမှာ မြှားများဖြင့် ပစ်ခတ်ကာ နဂါးစွမ်းအား များစွာ ကုန်ဆုံးစေခဲ့သလို အဆိပ်လူးမြှားများ ထပ်မံပစ်ခတ်ခဲ့ပြီး လှေပေါ်၌ တိုက်ခိုက်ရန် ရွေးချယ်ခဲ့သောကြောင့်ဖြစ်သည်။
ထို့အပြင် အဓိကနေရာတွင်ပါဝင်သွားသောအရာမှာ ပျောက်ဆုံးသွေးမြို့တော်၏ သွေးရောင်ပင်လယ်ရေဖြင့်တိုက်စားခြင်းခံထားရသည့် ဆန်းကြယ်နဂါးရွှေ ဓားပင်။
နိုင်အာက ထိုအားသာချက်များ အားလုံးကို အသုံးချကာ အပေါ်စီးမှတိုက်ခိုက်၍ ဆိုဟန်ရီ၏ တိုက်ခိုက်ရေးစွမ်းရည် ခုနစ်ဆယ် ရာခိုင်နှုန်းအထိ ဆက်လက် မဖော်ထုတ်နိုင်အောင် ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုရပေမည်။
သို့သော် ဤအခြေအနေ၌ပင် သူ၏ ပြန်လည် တိုက်ခိုက်ခြင်းကို ခံလိုက်ရမည်ဟု မျှော်လင့်မထားခဲ့ချေ။
ယခုလေးတင်ဖြစ်ပျက်သွားသော အခိုက်အတန့်မှာ အလွန် အန္တရာယ်များလွန်းလှသည်။ အကယ်၍ သွေးရောင်ပင်လယ်ရေဖြင့်တိုက်စားခြင်းခံထားရသောဆန်းကြယ်နဂါးရွှေ ဓားက အမှောင်စွမ်းအင်များ ထုတ်လွှတ်ပြီး ဆိုဟန်ရီ၏ လက်ကို မီးလောင်ကျွမ်းစေနိုင်ခြင်းမရှိခဲ့လျှင် ယခု လဲကျသွားမည့်သူမှာ နိုင်အာသာ ဖြစ်ပေလိမ့်မည်။
ဆိုဟန်ရီ၏ သိုင်းပညာက အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။
……
ဆိုဟန်ရီ အသက်ပြင်းပြင်း ရှူရင်း သွေးရောင် မရှိသောမျက်နှာဖြင့် မေးလိုက်သည်။
“မင်းက ယန်ရွှမ်းလား”
နိုင်အာ ခေါင်းညိတ်လိုက်သည်။
“ဦးလေး ယန်နူကို သတ်ခဲ့တာ ရှင်လား”
ဆိုဟန်ရီ မော့ကြည့်လိုက်သောအခါ သဲသောင်ပြင်၌ ရပ်နေသော မြင်းစီးအရာရှိ ဒါဇင်ပေါင်းများစွာကို ချက်ချင်း မြင်လိုက်ရသည်။
ထိုလူများမှာ ထျန်းရွှေ မြို့စောင့်တပ်မှ တိုက်ရိုက် လက်အောက်ခံ အရာရှိများ ဖြစ်ကြပြီး သူ၏ ယုံကြည်ရသော လူယုံများ ပင်။ ဤအချိန်၌ သူတို့ လေးစားရသော တပ်မှူး ဆိုဟန်ရီ၏ ခြေလက်လေးဖက်လုံး ပြတ်တောက်နေသည်ကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားကြပြီး မယုံနိုင်အောင် ဖြစ်နေကြသည်။
တပ်မှူးကြီး ဆိုဟန်ရီ မည်မျှ အစွမ်းထက်ကြောင်း သူတို့ ကောင်းကောင်း သိထားကြ၏။ တစ်ချိန်က အဆင့်မြင့် သိုင်းပညာရှင်တစ်စု ပူးပေါင်း တိုက်ခိုက်ခဲ့သော်လည်း သူ့ကိုအနည်းငယ်မျှပင် မယှဉ်နိုင်ခဲ့ချေ။
ထိုကဲ့သို့သောသူက ယခုအခါ၌ အမျိုးသမီး တစ်ယောက်၏ လက်ထဲတွင် မမျှော်လင့်ဘဲ သေဆုံးရပေတော့မည်။
ထိုအခြေအနေတွင် နိုင်အာ၏ မေးခွန်းကို ကြားလိုက်ကြရ၏။ ဆိုဟန်ရီက မိမိ၏ ဆရာရင်းကို သတ်ဖြတ်ခဲ့သည်ဟူသော အချက်ကို သူတို့အားလုံး မယုံနိုင်လောက်အောင် ထိတ်လန့်သွားကြသည်။
သူတို့၏ ရင်ထဲ၌ ဆိုဟန်ရီမှာ ဖြောင့်မတ်အပြစ်ကင်းစင်သည့် တပ်မှူး တစ်ယောက် ဖြစ်နေသောကြောင့်ပင်။
လှေပေါ်ရှိ ဆိုဟန်ရီ၏ ခေါင်းထဲတွင် ကျောက်စိမ်းလေးအလား လှပသည့် မိန်းကလေးငယ်ကို ပြန်လည် သတိရလာ၏။
အသက် ၁၂နှစ် အရွယ်၌ ယန်ရွှမ်းတစ်ယောက် ယန်နူ၏ အိမ်သို့ ရောက်လာခဲ့ဖူးသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ယန်ယန်၌ အလွန် အန္တရာယ်များသည့် တိုက်ခိုက်ရေး တာဝန်တစ်ခု ရှိနေသောကြောင့်ပင်။
ထိုအချိန်က ဆိုဟန်ရီနှင့် ဆရာဖြစ်သူ ယန်နူတို့ သိုင်းပညာ ကျင့်ကြံနေချိန်ဖြစ်သည်။ လေးနက်ပြီး ဆွဲဆောင်မှုရှိသော ကလေးငယ်ကို ဆိုဟန်ရီ အလွန် သဘောကျခဲ့ကာ အချိန်ရတိုင်း သူမကို သိုင်းပညာ ကျင့်ကြံရန် လမ်းညွှန်ပြသပေးခဲ့သည်။
ထိုအချိန်က သူ၏ အသက်မှာ နှစ်ဆယ်အောက်သာ ရှိသေးသော်လည်း ဆိုနင်ပင်းနှင့်သာ လက်ထပ်ခွင့်ရပါက ထိုကဲ့သို့ ကျောက်စိမ်းလေးအလား လှပသည့် သမီးလေး တစ်ယောက် ရလာလျှင် ကောင်းမည်ဟု စိတ်ကူးယဉ်ခဲ့ဖူးသည်။
သို့သော် ထိုလှပသည့် မိန်းကလေး ကြီးပြင်းလာပြီးနောက် ဤမျှ အစွမ်းထက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ အထူးသဖြင့် သူမ၏ ဓားအောက်၌ သေဆုံးရလိမ့်မည်ဟု တစ်ခါမျှ တွေးမထားမိခဲ့ခြင်းဖြစ်သည်။
အပိုင်း ၃၂၀ ပြီး။