← Chapters

အပိုင်း(၁၁၆၈)

Vol. 024 Ch. 1168

အပိုင်း(၁၁၆၈)

Vol. 024 Ch. 1168

ဟူကျွမ်၏ ညွှန်ပြချက်အတိုင်း ဝမ်ဝေသည် ချင်းလင်၏ခန္ဓာကိုယ်ကို အစီအရင်၏ အလယ်တွင် ဂရုတစိုက် နေရာချသည်။ ထို့နောက် သူက ဝမ်လင်းကို ကြည့်၏။

ဝမ်လင်းသည် အချိန်ဖြုန်းမနေပေ။ သူက သူ့သိုလှောင်နေရာလွတ်ကို ဖွင့်လိုက်၏။ ချင်းရှောင်၏ခန္ဓာကိုယ်သည် ပျံသန်းထွက်လာ၏။ကောင်းကင်ဘုံအင်ပါယာချင်းလင် သူ့ကို ပေးခဲ့သော အဝါရောင်သလင်းသည်လည်း နောက်ကနေ ပျံသန်းလိုက်ပါလာ၏။

ဟူကျွမ်က ခပ်သွက်သွက် ပြောလိုက်သည်။ “ချင်းရှောင်ရဲ့ခန္ဓာကိုယ်ကို ဆရာ့ရဲ့ ဦးခေါင်းနဲ့ ထိတဲ့ပုံစံ နေရာချလိုက်…”

သူမ ထိုသို့ ဆိုသည်နှင့် ဝမ်လင်းက ချင်းရှောင်၏ခန္ဓာကိုယ်ကို ဟူကျွမ်ပြောသည့် အနေထားတိုင်း နေရာချလိုက်သည်။

သည်အခိုက်အတနန့်၌ ချင်းရှောင်၏ခန္ဓာကိုယ်နှင့်အတူ ပျံသန်းလိုက်ပါလာသည့် သလင်းက ၎င်းဘာသာ ရွှေ့လျားကာ သူတို့၏ဦးခေါင်းကြားတွင် အခြေချ၏။ ၎င်းသလင်းထံမှ ထုတ်လွှတ်သော အစိမ်းရောင်အလင်းက အောက်ခြေထက်ရှိ အစီအရင်မှ ထုတ်ပေါ်နေသည့်အစိမ်းရောင်အလင်းနှင့် ပေါင်းစည်းသည်။ အစိမ်းရောင်အလင်းက ဤဧရိယာတစ်ခုလုံးကို လင်းထိန်စေသည်။

ဝမ်ဝေနှင့်ဟူကျွမ်တို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ ချင်းလင်၏ခန္ဓာကိုယ်ဘေးတွင် ထိုင်၏။ ဝမ်လင်းသည် သူတို့နှစ်ယောက် သူ့ကို လုပ်ခိုင်းမည်ကို စောင့်နေစရာ မလိုပေ။ အတားအဆီးအစီအရင် ပညာရပ်အပေါ် သူ့နားလည်မှုကြောင့် သူသည် အချို့သဲလွန်စများကို တွေ့မြင်နိုင်စွမ်း ရှိပေ၏။

“ငါတို့ လူတစ်ယောက်လိုသေးတယ်။ ဒီလူက ကျောက်ရီပဲ။ ဘာလို့လဲဆိုတော့ သူဟာ ချင်းရှောင်နဲ့ ပတ်သတ်ခဲ့လို့ပဲ ဖြစ်တယ်…” ဝမ်ဝေသည် သူ့စိတ်ထဲရှိ စိတ်လှုပ်ရှားမှုကို ပြန်ထိန်းကာ သူ့လက်ကို ပင့်မြှောက်၍ လေထဲသို့ ဖမ်းစုပ်ဟန် ပြုသည်။ ထိုအခါ သူ့ သိုလှောင်နေရာလွတ်ပေါ်လာပြီး ဓားစွမ်းအင်ပျံသန်းထွက်လာသည်။ ဤဓားစွမ်းမှာ ကျောက်ရီပင်။

ကျောက်ရီက ပေါ်လာသည်နှင့် ချင်းရှောင်ကို နူးညံ့စွာ ကြည့်သည်။ သူသည် ဝမ်ဝေ၏အမိန့်အတိုင်း ချင်းရှောင်ဘေးနားတွင် ထိုင်ချသည်။ သူ့အကြည့်ကတော့ ချင်းရှောင်ထံမှ လုံးဝ မခွာပေ။

ဟူကျွမ်သည် အောက်နှုတ်ခမ်းကို ကိုက်ကာ ခပ်တိုးတိုး ပြောသည်။ “စကြစို့…”

သူမသည် အလွန်စိတ်ရှုပ်ထွေးနေ၏။ သူတို့အဖို့ သည်အစီအရင်ကို သေချာလေ့လာနေရန် အချိန်မရခဲ့သည် မဟုတ်လား။ သူမသည် သူတို့ အောင်မြင်နိုင်မလား အပေါ် မသေချာပေ။

ဝမ်လင်းသည် ခေါင်းညိတ်သည်။ ထို့နောက် စစ်ထူနန်နှင့် ငွေရောင်အမျိုးသမီးတို့ ရှိရာသို့ လှည့်ကြည့်ကာ ပြောလာသည်။ “စစ်ထူ…ငါတို့ကို ကာကွယ်ပေး…”

စစ်ထူနန်၏အသွင်က အလေးအနက် ဖြစ်လာ၏။ သူက ခေါင်းညိတ်ပြသည်။ “စိတ်ချနေပါ…”

ငွေရောင်အမျိုးသမီးအလောင်းကောင်ကိုတော့ ဝမ်လင်း အမိန့်ပေးစရာပင် မလိုပေ။ သူသည် အတွေးတစ်ချက်ဖြင့်ပင် သူမသည် သူ့အမိန့်ကို သိပေလိမ့်မည်။

ဟူကျွမ်သည် ချိပ်ဟန်တစ်ခု ပြုလုပ်ကာ အစီအရင်ထံသို့ ညွှန်သည်။ အလင်းတန်းတစ်ခုသည် အစီအရင်ဗဟိုရှိ သလင်းထံသို့ ကျရောက်သွားသည်။ ထို့နောက် အစီအရင်ထဲရှိ လူတိုင်းသည် အစိမ်းရောင်အလင်း၏ ခြုံလွှမ်းခြင်း ခံရသည်။ ဝမ်လင်းသည် အရင်ကတည်းက သလင်းကို ထုတ်ယူကာ ဝမ်ဝေနှင့်ဟူကျွမ်တို့ကို စစ်ဆေးကြည့်စေခဲ့ပြီး ဖြစ်သည်။ထို့ကြောင့် သူတို့သည် ၎င်းသလင်းနှင့် ရင်းနှီးပေ၏။

တစ်ချိန်တည်းမှာပင် ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်ကာ ချင်းရှောင်၏လက်ထံသို့ ညွှန်၏။ သူမ၏ လက်ပေါ်တွင် ဒဏ်ရာတစ်ခုပေါ်လာသည်။ မူလစွမ်းအင်ဖိအားအောက်၌ သူမဒဏ်ရာမှ သွေးစက်ထွက်ပေါ်ကာ သလင်းထံသို့ ကျရောက်၏။

ကျောက်ရီက ထိုအခြင်းအရာကို တွေ့မြင့်သည့်အခါ မကြည်ရက်ပေ။ သူက ဝမ်လင်းထံသို့ ကြည့်လိုက်၏။ သို့သော် သူက ဘာစကားမှတော့ မဆိုပေ။

သည်အခိုက်အတန့်၌ မိုးကောင်းကင်ဘုံနယ်မြေကျောင်းတော်၊ မူလစိတ်ဝိညာဉ်သလင်း၊ ချင်းရှောင်၏ သွေးတို့အားလုံးမှာ ဤနေရာတွင် အစုံရှိနေပေပြီ။

သလင်းက ချင်းရှောင်၏သွေးကို စုပ်ယူချိန်၌ အစိမ်းရောင်အလင်းထဲတွင် အနီရောင်အလင်းတစ်ခု ပေါ်လာ၏။ တုန်ဟိန်းသံများ ပဲ့တင်ထပ်သည်။ အစီအရင်သည် အသက်ဝင်မည့် အရိပ်လက္ခဏာ ပြလာသည်။

ချက်ခြင်းပင် ဝမ်လင်း၏ မျက်လုံးက လင်းလက်သွား၏။ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေရာ သူ့ဘယ်မျက်လုံးထဲတွင် မီးတောက်တစ်ခု ပေါ်လာသည်။ သူက ချင်းလင်ထံသို့ လက်ညွှန်ကာ အော်ပြော၏။ “တော်ဝင်သွေး…ရုပ်သိမ်းစေ…”

ချင်းလင်၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူ့မျက်ခုံးနှစ်ခုကြားရှိ သွေးစက်သည် စတင်လှုပ်ရှားကာ ချက်ခြင်း ဝမ်လင်းထံသို့ ပျံသန်းလာ၏။ သွေးချိပ်ပိတ်ခြင်း မရှိသည့်အခါ အနက်ရောင်အခိုးအငွေ့များက ချင်းလင်၏မျက်နှာထက်တွင် ခြုံလွှမ်းလာ၏။ မိစ္ဆာစွမ်းအင်များ အရူးအမူး စတင်ပေါ်လာခြင်းသာ ဖြစ်သည်။

သို့သော် အစီအရင်ကသာ တုန်ဟိန်း၍ ချင်းလင် နိုးထလာမည့် အရိပ်အယောင် မပြသေးပေ။ မိစ္ဆာစွမ်းအင်များ တိုးလာနေရင်း ကြည့်ရသည်မှာ ရှေးဟောင်းမိစ္ဆာတာကျား ပြန်ပေါ်လာတော့မည့်ကဲ့သို့ ထင်ရ၏။

ထိုမြင်ကွင်းက ဝမ်ဝေနှင့်ဟူကျွမ်တို့၏ အသွင်ကို ကြီးစွာ ပြောင်းလဲသွားစေသည်။ ဝမ်လင်း၏အသွင်မှာလည်း သုန်မှုန်လာ၏။ ကျောက်ရီကမူ သည်အခြင်းအရာများကို လုံးဝ လစ်လျူရှုကာ ချင်းရှောင်ထံသို့သာ တိတ်တဆိတ်ကြည့်နေ၏။

ဟူကျွမ်က အလျင်အမြန် ပြော၏။ “တစ်ခုခုတော့ မှားနေပြီ။ ငါတို့ တစ်ခုခုလိုနေသေးတာ…”

“ငါတို့ ဘာလိုနေသေးတာလဲ…” ဝမ်ဝေမျက်နှာထက်ရှိ သွေးကြောများ ဖောင်းကြွလာ၏။ သူ့စိတ်နှလုံးထဲရှိ ပူပန်မှုသည် စကားလုံးဖြင့် ဖော်ပြ၍ မရချေ။ သူက သူ့ဆရာချင်းလင် ပြန်နိုးထာစေမည့် မျှော်လင့်ချက်များကို ဆုပ်ကိုင်ထားသူ မဟုတ်လား။ သို့သော် အခု သူ့မျှော်လင့်ချက်များက ကျရှုံးဖို့ရာ ဦးတည်နေလေသည်။

ဟူကျွမ်၏မျက်နှာမှာ ဖြူရောနေ၏။ သူမသည်လည်း ချင်းလင်၏မျက်နှာပတ်လည်တွင် တိုးပွားလာနေသော မိစ္ဆာစွမ်းအင်များကို ကြည့်နေမိသည်။

ဝမ်လင်းလည်း မထူးပေ။ သူ့မျက်နှာမှာ သုန်မှုန်နေ၏။ သူသည် ချင်းလင် နိုးထစေဖို့ရာ လုပ်ဆောင်ရမည့် လိုအပ်သည့်အားလုံးကို လုပ်ဆောင်ခဲ့ပြီး ဖြစ်၏။ သို့သော် အခုချိန်၌ ချင်းလင်သည် နိုးထမလာခဲ့ပေ။ နိုးထလာနေသည့်သူက ရှေးဟောင်းမိစ္ဆာတာကျား ဖြစ်နေချေ၏။

သလင်းကို စူးစိုက်ကြည့်နေရင်း ဝမ်လင်း၏ ခေါင်းထဲ၌ အကြံဉာဏ်များ ဖြတ်ပြေးနေ၏။ သို့ရာတွင် အဆုံးသပ်၌ သူသည် ဘာလွဲလို့လွဲနေမှန်းကို မတွေးတတ်အောင် ဖြစ်နေဆဲပင်။

“ချင်းလင်…သင်က ငါတို့ကို ဒီနေရာကို လာပြီး သင့်ကို ကယ်တင်ပေးအောင် လုပ်ခဲ့တယ်။ ခု ငါတို့ အကုန်လုပ်ပေးခဲ့ပြီ။ ဘာကြောင့် အခုလိုမျိုး ဖြစ်နေရတာလဲ…”

ဝမ်လင်းက အံတင်းတင်းကြိတ်ထားမိ၏။ သူသည် ချင်းလင်၏ အဆင့်အတန်းကိုလည်း ဂရုမစိုက်ပေ။ ရှေးဟောင်းမိစ္ဆာတာကျားသာ နိုးထလာပါက သူတို့သည် ဤနေရာတွင် သေဆုံးသွားနိုင်သည် မဟုတ်လား။

ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ တော်ဝင်ရတနာသွေးစက်ထံသို့ လက်ညွှန်၏။ သူသည် ရှေးဟောင်းမိစ္ဆာတာကျားကို နောက်ထပ် ချိပ်ပိတ်ပစ်ရန် ရည်ရွယ်၏။ သို့ရာတွင် သူ့ထံ၌ နတ်အင်ပါယာဟောင်း၏ ကျင့်ကြံမှုအဆင့်မျိုး ရှိမနေ၊ ထို့ကြောင့် သူသည် ရှေးဟောင်းမိစ္ဆာတာကျားကို ချိပ်ပိတ်နိုင်မည်ဟု ယုံကြည်မှု ရှိမနေပါ။

“ဆရာ…ကျွန်တော်တို့ ဘာလိုနေတာလဲ…” ဝမ်ဝေသည် မတ်တပ်ထရပ်၏။ သူက ရူးသွပ်တော့မည်ဟန် ဖြစ်နေ၏။

လိုနေတာ…ဖြစ်နိုင်တာက ဝမ်လို့ အမည်ရတဲ့ လူတစ်ယောက်ရဲ့ သွေးများလား…”

သည်အခိုက်အတန့်၌ ဝမ်လင်းနောက်ကနေ ခပ်ဖျော့ဖျော့အသံ တစ်ခု ထွက်ပေါ်လာ၏။

ဝမ်လင်းက ရုတ်တရပ် နောက်လှည့်ကြည့်၏။ ငွေရောင်အမျိုးသမီးအလောင်းမှာ မထင်မှတ်စွာဖြင့် ပထမဆုံးအကြိမ် စကားပြောလာ၏။ သူမသည် ဝမ်လင်းကို လှမ်းကြည့်လာသည်ကို တွေ့သည့်အခါ ခေါင်းငုံ့သွားသည်။

သူမ ထိုသို့ ပြောလိုက်သည့်နောက် ဝမ်လင်းသာ လှမ်းကြည့်သည်မဟုတ် ဝမ်ဝေနှင့်ဟူကျွမ်တို့မှာလည်း နောက်လှည့်ကြည့်လိုက်ကြ၏။

ဝမ်လင်းသည် ပြောလိုက်၏။ “ဆက်ပြော…”

“နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာတုန်းက ပန်းအင်ပါယာကိုယ်လုပ်တော်ဟာ သခင် လှိုဏ်ဂူထဲ ဝင်နိုင်တာက ဝမ် ဆိုတဲ့ နာမည်ပါလို့လို့ ပြောခဲ့ဖူးတယ်…”

ငွေရောင်အမျိုးသမီးအလောင်း၏ စကားသံမှ ထစ်ငေါ့နေ၏။ သူမက အခုမှ စကားစသင်နေသကဲ့သို့ ပုံစံမျိုး ဖြစ်သည်။

ဝမ်လင်း ခေါင်းထဲသို့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ သူသည် ရှေ့သို့ ပြန်လှည့်ကာ သူ့လျှာကို ကိုက်၍ သလင်းပေါ်သို့ သွေးထွေးထုတ်၏။ တစ်ချိန်တည်းမှာပင် ချင်းလင်၏မျက်နှာပတ်လည်ရှိ မိစ္ဆာစွမ်းအင်မှာ အထွတ်အထိပ်သို့ ရောက်လာသည်။ မိစ္ဆာစွမ်းအင်သည် အရိပ်တစ်ခုပင် ဖြစ်လာ၏။ ရှေးဟောင်းမိစ္ဆာတာကျားသည် နိုးထလာပေတော့မည်။

သို့ရာတွင် ဝမ်လင်းသွေးစက် သလင်းပေါ်သို့ ကျရောက်သွားချိန်၌ အနီနှင့်အစိမ်းအလင်းတို့သည် တောက်ပလေ၏။ သလင်းသည် စတင်လှည့်ပတ်သည်။ ထို့နောက် ပြင်းထန်သောစုပ်အားတစ်ခု ရုတ်ချည်း ပေါ်လာသည်။ ဝမ်ဝေနှင့်ဟူကျွမ်တို့သည် သူတို့၏ ကောင်းကင်ဘုံမူလစွမ်းအင်တို့မှာ သွေ့ခြောက်ကုန်ခမ်းသလို ခံစားလိုက်ရ၏။ ဤခဏတွင် သူတို့သည် အလွန်အမင်း ဖြူရောကာ အားနည်းကုန်၏။

ဝမ်လင်းတွင် ကောင်းကင်ဘုံမူလစွမ်းအင် သိပ်မကျန်တော့ပေ။ ၎င်းအကြွင်းအကျန်ကောင်းကင်ဘုံမူလစွမ်းအင်တို့မှာလည်း စုပ်ယူခြင်း ခံလိုက်ရ၏။

သလင်းသည် ပို၍ပင် တောက်ပလာ၏။ ၎င်းတောက်ပမှုသည် ဖြစ်ပေါ်ခါစ မိစ္ဆာအရိပ်ကို တိုက်ရိုက် ဖျက်စီးသည်။ ကောင်းကင်ဘုံမူလစွမ်းအင်တို့ သလင်းထဲသို့ ဝင်ရောက်လာချိန်၌ စုပ်အားသည် ရုတ်တရပ် တိုးပွားလာတော့သည်။

ဝမ်လင်းသည် သူ့အမြင်ပါ ဝေဝါးသွားသည်ဟု ခံစားရကာ ချက်ခြင်း အသိစိတ်လွတ်သွား၏။ သူသာမက ဝမ်ဝေ၊ဟူကျွမ်နှင့် ကျောက်ရီတို့သည်လည်း အတူတူပင်။

ဝမ်လင်း အသိပြန်ဝင်ချိန်၌ သူ့ရှောရှိ့ အရာအားလုံးကြောင့် သူ့မျက်လုံးသူငယ်အိမ်ကို ကျုံ့သွားစေသည်။ သသည် လှိုင်းထန်နေသည့် ပင်လယ်နက်ထဲတွင် ရှိလို့နေ၏။

“နင်…သတိပြန်ရလာခဲ့ပြီ…” ဝမ်လင်းနောက်မှ အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာသည်။

“သင်က…”

ဝမ်လင်းသည် သူ့ဘေးပတ်လည်သို့ ကြည့်လိုက်၏။ သူ တွေ့မြင်လိုက်ရသည့်အရာက သူ့အား ပင့်သက်ရှိုက်သွားစေသည်။ သူ့နောက်တွင် အဖြူရောင်စွတ်နေသည့် ဝတ်စုံနှင့်အမျိုးသမီးတစ်ယောက် ရှိသည်။ သူမသည် လူတိုင်း၏ စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေသည့်အထိ လှ၏။ သူမထံမှ အေးစက်စက်အော်ရာကို ပေးစွမ်းနေသည်။ သူမဘေးတွင် ရပ်နေရုံဖြင့် သင့်ကို အေးစိမ့်စွာ ခံစားမိစေနိုင်သည်။

ထိုမျှသာ ဆိုလျှင် ဝမ်လင်းသည် တုန်လှုပ်မိနေဦးမည် မဟုတ်ပေ။ သို့သော် သည်အမျိုးသမီးကို သူ ရင်းနှီးလွန်း၏။ သူမမှာ ချင်းလင်၏သမီး မိုးကောင်းကင်ဘုံနယ်မြေ၏ ကောင်းကင်ဘုံအရှင်သခင် ချင်းရှောင် မဟုတ်လား။

ဝမ်လင်းက အလိုလို မေးမိသွား၏။ “သင် ပြန်ရှင်သန်လာခဲ့ပြီလား…”

အမျိုးသမီးက အေးစက်စက်သာ ပြော၏။ “ယာယီပါ…”

ဝမ်လင်းသည် အသက်ဝဝရှုသွင်းကာ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်၏။ သူက သူ့ဘေးပတ်လည်သို့ ကြည့်ကာ ပြောသည်။ “ဒီနေရာက…”

အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးက သူမအောက်ရှိ ပင်လယ်နက်ကို ငုံ့ကြည့်ကာ တည်ငြိမ်စွာ ပြော၏။ “ငါ့အဖေရဲ့ အသိစိတ်ပင်လယ်…”

သည်အခိုက်အတန့်၌ အလင်းတန်းနှစ်ခုသည်လည်း သူတို့နှင့် သိပ်မဝေးသောနေရာကနေ ပေါ်လာ၏။ သူတို့မှာ ဝမ်ဝေနှင့်ဟူကျွမ်တို့ ဖြစ်၏။ ဟူကျွမ်သည် ချင်းရှောင်ကို တွေ့သည့်အခါ သူမမျက်နှာထက်၌ စိတ်လှုပ်ရှားဟန် ဖြစ်ပေါ်၏။

“ညီမလေး ချင်းရှောင်…”

ဝမ်ဝေသည် ချင်းရှောင်ကို ကြည့်ကာ မင်သက်မိနေ၏။ သူ့မျက်လုံးထဲ၌လည်း စိတ်သက်သာရာ ရဟန်ဖြစ်ပေါ်သွားသည်။သူက ပြောလိုက်၏။ ဒီတော့ “နင့်စိတ်ဝိညာဉ်က ပျောက်ကွယ်မသွားဘူးပေါ့။ အဲ့ဒီတော့ ငါ့ဆရာ့ရဲ့မန္တာန်နဲ့ နင်ဟာ နောက်တစ်ကြိမ် တကယ် နိုးထနိုင်စွမ်း ရှိလာခဲ့တာပဲ…”

ချင်းရှောင်သည် ဝမ်ဝေကို မကြည့်ပေ။ သူမသည် ဟူကျွမ်ထံသို့သာ ကြည့်၏။ သူမ၏ အေးစက်စက်မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူမက နူးညံ့စွာ ပြောလိုက်၏။ “ငါတို့ မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ကောင်းကင်ဘုံနယ်မြေပျက်စီးမှုမှာ အမကြီး ရှင်သန်နိုင်ခဲ့တာ ငါ ဝမ်းသာတယ်…”

သူမ ထိုသို့ ပြောလိုက်ရင်း အကွာအဝေးတစ်ခုကနေ အလင်းတန်းတစ်ခု ပေါ်လာပြန်၏။ သူက ကျောက်ရီပင်။ ကျောက်ရီ ပေါ်လာချိန်၌ သူသည် ချင်းရှောင်ကို ကြည့်ကာ တုန်ယင်နေမိသည်။ သူ့အကြည့်ထဲ၌ စိတ်လှုပ်ရှားမှုတို့ ပြည့်၏။ သူက ခပ်တိုးတိုး ဆိုသည်။ “ထင်အာ…ထင်အာ…”

ချင်ရှောင်းက ကျောက်ရီထံသို့ မျက်မှောင်ကြုတ်၍ ပြန်ကြည့်သည်။ သူမ၏မျက်နှာက အေးစက်လာ၏။ သူမက အေးစက်စက် ပြောလိုက်သည်။ “နင်က ဘယ်သူ့ကို ထင်အာလို့ ခေါ်နေတာလဲ…”

ကျောက်ရီသည် မင်သက်သွား၏။သူ့အသွင်သည် မှိန်မှိုင်းသွားသည်။ ထို့နောက် သူက ခေါင်းယမ်းကာ ပြော၏။ “ထင်အာက သေသွားခဲ့ပြီပဲ…”

ချင်းရှောင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ “နင် ဘယ်လိုလုပ် မိုးကောင်းကင်ဘုံဓားစိတ်ဝိညာဉ်အသစ် ဖြစ်လာခဲ့လဲ ငါ မသိဘူး။ ဒါပေမယ့် နင်က ဓားစိတ်ဝိညာဉ် ဖြစ်လာမှတော့ ငါ နင့်ကို မဖျက်စီးပစ်တော့ဘူး။ ဒါပေမယ့်လည်း နင် ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေ ထပ်ပြောရင် ငါ နင့်ကို ဓားစိတ်ဝိညာဉ် ထပ်ဖြစ်ခွင့် ပေးမှာ မဟုတ်တော့ဘူး…”

ကျောက်ရီသည် သူ့ရင်ဘက်ပေါ်သို့ ရိုက်ချခံရသကဲ့သို့ တုန်ယင်သွားသည်။ သူ့မျက်နှာက ဖြူရောလာ၏။ သူ့မျက်နှာထက်ရှိ ခါးသီးမှုမှာလည်း ပိုဆိုးလာသည်။ သို့ရာတွင် သူက တိုးညင်းစွာသာ ပြန်ဆို၏။ “အင်းပါ…”

သူသည် သူ့ထင်အာသည် အရာအားလုံးကို မေ့သွားခဲ့ပြီမှန်း သိ၏။ အတိတ်တုန်းက ထင်အာဆိုသည်မှာ ချင်းရှောင်၏အလောင်းခန္ဓာကိုယ်ကို သူ စွဲလမ်းရာကနေ ဖြစ်ပေါ်လာသည့် စိတ်ဝိညာဉ်အငွေ့အသက်သာ ဖြစ်လေ၏။ ခုချိန်တွင် လွင့်ပါးသွားခဲ့ပေပြီ။ အခု သူ့ရှေ့ရှိ သူမှာ ချင်းရှောင်သာ ဖြစ်၏။ ထင်အာ မဟုတ်တော့ပေ။

သို့ရာတွင် သူ နှစ်ပေါင်းတစ်ထောင်လောက် အတူရှိခဲ့သည့် မျက်နှာကို ကြည့်နေရင်း ကျောက်ရီသည် အံ့မခန်းနာကျင်မှုကို ခံစားရ၏။ သူ့နှလုံးသားမှာ အပိုင်းပိုင်း ဖြစ်သွားတော့မည့်ကဲ့သို့ ခံစားနေရသည်။

နှစ်ပေါင်းတစ်ထောင်အတူ ရှိနေခြင်း၊ ထို့နောက် နှစ်ပေါင်းတစ်ထောင်လောက် သူမ နိုးထလာမည့် နေ့ကို စောင့်နေခြင်း။ သူသည် အခုချိန်၌ ချင်းရှောင်နှင့် ပေသုံးဆယ်လောက်သာ ကွာ၏။ သို့သော် သူသည် အလွန်ဝေးကွာသလို၊ သေခြင်းရှင်ခြင်းကြားရှိ အကွာအဝေးထက်ပင် ပိုဝေးကွာသလို ခံစားနေရသည်။

ဝမ်လင်းသည် မျက်မှောင်ကြုတ်ကာ တစ်ခုခု ပြောရန် ပြင်၏။ သို့သော် ကျောက်ရီသည် ဝမ်လင်းကို ကြည့်ကာ ခေါင်းခါ၏။ သူသည် ထင်အာကို အပြစ်မတင်ပေ။ သူသည် လွန်ခဲ့‌သော နှစ်ပေါင်းနှစ်ထောင်က ပြုလုပ်ခဲ့သည့် အရာအားလုံးမှာ သူ့ဆန္ဒကြောင့်သာ ဖြစ်သည်။ သူသည် အလောင်းခန္ဓာတစ်ခုအတွက် သူ့ကလန်ကို စွန့်ပစ်ခဲ့၏။ ထိုအဖြစ်က သူ့ဆရာကို ဒေါသထွက်ကာ မကျန်းမမာပါ ဖြစ်စေခဲ့သေးသည်။

လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်က သူသည် သူ့ကိုယ်ပိုင်စိတ်ဝိညာဉ်ကိုပါ သည်အလောင်းခန္ဓာ အမျိုးသမီးအတွက် လောင်ကျွမ်းပစ်ခဲ့သေး၏။ သူသည် သူ့ထင်အာကို တစ်ယောက်ယောက် လုယူခံမည့်အစား သူ့အသက်ကိုသာ အသေခံပေမည်။

အခုထိလည်း သူသည် ထိုကဲ့သို့ပင်။သူ့ ရှေ့ရှိထင်အာမှာ သူ့အပေါ် ရင်းနှီးမှု မပြသော်လည်း သူတို့နှစ်ယောက် အတူနီးစပ်ဖို့ရာ အခွင့်အရေး မရှိသော်လည်း သူတို့ကြားရှိ အဆင့်အတန်းက ကွာဟချက် ကြီးမားလွန်းသော်လည်း သူသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်၊နှစ်ပေါင်း နှစ်ထောင်က ကျောက်ရီအဖြစ်သာ ရှိနေစမြဲတည်း။

***

All Chapters