ရှေးဟောင်းမိစ္ဆာတာအိုအမှတ်အသား…
Vol. 024 Ch. 1170
ရှေးဟောင်းမိစ္ဆာကြယ်ခြေမွခြင်း…
ကြယ်များ ပျက်စီးသွားချိန်၌ ရှေးဟောင်းမိစ္ဆာတာကျား၏ မျက်လုံးထဲကနေ အားကောင်းသော မိစ္ဆာစွမ်းအင် မြင့်တက်လာသည်။ မျက်စိတစ်မှိတ်အတွင်း ချင်းလင်၏ အသိစိတ်ပင်လယ်တွင် မိစ္ဆာစွမ်းအင်များ ပြည့်နှက်လာသည်။ တာကျားကို ဗဟိုပြုကာ မိစ္ဆာစွမ်းအင်များသည် ဝဲကတော့တစ်ခု ဖြစ်ပေါ်သည်။
ကန္တာရသည် တုန်ခါ၏။ စုပ်အားကြောင့် ရွှေ့လျားသွားသည်။ ဝမ်လင်း၏ အဝတ်အစားများမှာ ယင်းစုပ်အားကြောင့် ဆွဲယူခြင်းခံရကာ လေထဲတွင် တဖျပ်ဖျပ် လင်းလက်သည်။
သို့ရာတွင် သူ့ဆံပင်ဖြူများသည် တစ်စက်လေးမှပင် ရွှေ့လျားမသွားပေ။ သူ့တည်ငြိမ်သောမျက်လုံးတို့သည် ရှေးဟောင်းမိစ္ဆာတာကျားထံသို့ စူးစိုက်ကြည့်သည်။
ဝမ်လင်းသည် တာကျား သူ့ကြယ်များကို ဖျက်စီးခြင်းကို ရပ်တန့်စေခြင်း မပြုပေ။ ချင်းလင်သည် ဝမ်ဝေ၊ဟူကျွမ်၊ချင်းရှောင်၊ ကျောက်ရီတို့၏ စွမ်းအားတို့နှင့်အတူ သူ့ကိုယ်ပိုင်ကျင့်ကြံမှုအဆင့်တို့နှင့်အတူ စုစည်းပေါင်းစပ်စေခြင်းက ဝမ်လင်းအဖို့ တစ်သက်တွင် တစ်ခါသာ ရနိုင်သည့် အခွင့်အရေးကို ရရှိစေလေသည်။
ဝမ်လင်းသည် သည်လိုကံကောင်းခြင်းမျိုး ရရှိလိမ့်မည်ဟု လုံးဝ မတွေးမိခဲ့ဖူးချေ။ သူသည် တိုက်ခိုက်ရုံဖြင့် ဉာဏ်အလင်းရရှိမည် မဟုတ်လား။ သူသည် ဉာဏ်အလင်းပိုရရှိလာလေလေ သူ့အတွက် အကျိုးပိုရှိလာလေ ဖြစ်၏။
သည်လိုအခွင့်အရေးမျိုးမှာ မျှော်လင့်၍သာ ရ၏။ တောင်းဆိုးလို့ မရပေ။ ဝမ်လင်းသည် သူ့ကံကောင်းမှုနှင့် တာအိုနားလည်မှုတို့အပေါ် မှီ၍ အကျိုးရရှိပေမည်။
ထို့အတွက်ကြောင့်လည်း သူသည် သည်တိုက်ပွဲကို မြန်မြန်ဆန်ဆန် အဆုံးမသပ်ခြင်း ဖြစ်၏။
ရှေးဟောင်းမိစ္ဆာတာကျား ပို၍ သန်မာလာလေလေ တိုက်ခိုက်ရင်းဖြင့် ဝမ်လင်းသည် အကျိုးပိုရှိလေ ဖြစ်လာပေမည်။
သည်အခိုက်အတန့်၌ ကြယ်သုံးလုံးပျက်စီးမှုနောက်တွင် တာကျား၏ခန္ဓာကိုယ်ထဲ၌ မိစ္ဆာစွမ်းအင်များ ပြည့်နှက်နေ၏။ သူ့ခန္ဓာကိုယ်သည် မထင်မှတ်စွာဖြင့် ကျုံ့လာ၏။ သို့ရာတွင် သူ့ခန္ဓာကိုယ်က ကျုံ့နေရင်း ပို၍ သိပ်သည်းကာ အရိပ်လို ဖြစ်နေရာကနေ အထည်ဒြပ်ဆန်လာ၏။
“ငါ…တာကျားဟာ ရှေးဟောင်းနတ်ဆိုးပေလောနဲ့ ကလန်တူ ရှေးဟောင်းမိစ္ဆာသုံးယောက်ကို ဝါးမြိုခဲ့ပြီးပြီး။ ငါဟာ ငါ့ဒေါသ၊ဝမ်းနည်းမှု၊ မနာလိုမှုနဲ့ လောဘတို့ကို သန့်စင်မွန်းမံဖို့ရာအတွက် ငါ့အရိပ်ကို အသုံးပြုပြီး ငါ့ရှေးဟောင်းမိစ္ဆာကလန်ရဲ့ စွမ်းအားအဖြစ် ဖြစ်စေခဲ့တယ်…”
မိစ္ဆာစွမ်းအင်များ လွှမ်းခြုံနေသည့် ရှေးဟောင်းမိစ္ဆာတာကျားသည် လေထဲသို့ မြောက်တက်လာ၏။
“ရှေးဟောင်းမိစ္ဆာ ကောင်းကင်ဘုံတာအို…လိုအင်လေးခုလက်ချောင်း…” တာကျား၏မျက်လုံးက တောက်ပ၏။ သူ့မျက်လုံးထဲ၌ မွန်းစတားဆန်သော ဒေါသ ပါဝင်သည်။ ထိုဒေါသသည် အလျင်အမြန်ပင် အဆုံးမဲ့ဝမ်းနည်းမှုအဖြစ်သို့ ပြောင်းသွားသည်။ သို့သော် သိပ်မကြာခင်တွင် ၎င်းသည် မနာလိုမှုအဖြစ်သို့ ပြောင်း၏။ သည့်နောက်တွင် လောကကို ဝါးမြိုနိုင်သည့် လောဘအဖြစ်သို့ ပြောင်းလေသည်။
ခံစားချက်စိတ်ဆန္ဒလေးခုသည် ရှေးဟောင်းမိစ္ဆာတာကျား၏ မျက်လုံးတို့၌ တလက်လက် ဖြစ်၏။ သူက သူ့ညာလက်ကို ပင့်မြှောက်လိုက်သည်။ သူ့ညာလက်ပင့်မြှောက်နေရင်း သူ့မျက်လုံးထဲကနေ မိစ္ဆာစွမ်းအင်အမျှင်တန်းလေးခုထွက်လာကာ သူ့လက်ထဲသို့ ဝင်ရောက်၏။ ထို့နောက် သူသည် ဝမ်လင်းထံသို့ ခပ်ကြမ်းကြမ်း ညွှန်၏။
မိစ္ဆာစွမ်းအင်အမျှင်တန်းလေးခုသည် သူ့လက်ချောင်းထဲသို့ ပေါင်းစည်းကာ တုန်လှုပ်ဖွယ်အနက်ရောင်အလင်းတစ်ခုကို ဖြစ်ပေါ်စေသည်။ ၎င်းအလင်းက ဝမ်လင်းထံသို့ ထိုးထွက်မသွားပေ။ ထိုအစား တာကျား၏ လက်ချောင်းထိပ်တွင်သာ စုစည်း၏။ ထိုအနက်ရောင်အလင်း ပေါ်လာချိန်၌ လောကသည် စုတ်ဖြဲခံရသည့်အလား ထင်ရသည်။ မြေကြီးထုသည် တုန်ခါကာ ဝမ်လင်း ဆင့်ခေါ်ထားသည့် ကန္တာရာမှာလည်း တွန့်ကြေကုန်၏။
တာကျား၏မျက်လုံးတို့က လုံးဝ နီရဲနေ၏။ သူက ရှေ့သို့ ခြေလှမ်းကာ သူ့ဘယ်လက်ကို ကောင်းကင်ထက်သို့ ညွှန်သည်။ သူက အော်ပြောလိုက်၏။ “ကောင်းကင်ဘုံရဲ့ အမျက်ဒေါသ၊ ကောင်းကင်ဘုံကို ဖိဆန်တဲ့လူတိုင်း ကောင်းကင်ဘုံရဲ့ အမျက်ကို ခံစားရလိမ့်မယ်။ ငါ့ရှေးဟောင်းမိစ္ဆာကလန်ရဲ့ လိုအင်ကိုးခုလက်ချောင်းက ဒီကောင်းကင်ဘုံရဲ့ အမျက်ဒေါသကနေ စုပ်ယူထားပြီး ဒီမန္တာန်ကို ကောင်းကင်ဘုံကို ခုခံဖို့အတွက် အသုံးပြုတယ်…”
သူ ထိုသို့ ဆိုသည့်နောက် ဝုန်းဒိုင်းမြည်ဟိန်းသံများ ပေါ်လာသည်။ အနီရောင်အခိုးအငွေ့များ ကောင်းကင်ထက်တွင် ပေါ်လာကာ အနက်ရောင်အလင်းထံသို့ စုစည်းသည်။
မျက်စိတစ်မှိတ်အတွင်း အနီရောင်အခိုးအငွေ့သည် အနက်ရောင်အလင်းနှင့် ပေါင်းစည်းကာ သိပ်သည်းစေသည်။ ချက်ခြင်းပင် ထိုအနက်ရောင်အလင်းသည် လောက၏ အစိတ်အပိုင်းငယ်တစ်ခုကို ဖုံးလွှမ်းလေ၏။
“ကောင်းကင်ဘုံမှာ ဝမ်းနည်းမှုရှိတယ်။ ဒီဝမ်းနည်းမှုဟာ လိုအင်ဆန္ဒပဲ…။ ဒီဝမ်းနည်းမှုကို စုပ်ယူပြီး ငါ့ရှေးဟောင်းမန္တာန်ကို ပြီးပြည့်စုံစေမယ်…”
သူ့အော်သံ ပဲ့တင်ထပ်ချိန်၌ အဆုံးမဲ့အပြာရောင်အခိုးငွေ့များပေါ်လာကာ အနက်ရောင်အလင်းထံသို့ မြန်ဆန်စွာ သိပ်သည်းပြန်သည်။
“ကောင်းကင်ဘုံမှာ မနာလိုမှု ရှိတယ်။ ကောင်းကင်ဘုံအဆင့်ထိ ရောက်လာတဲ့လူတိုင်း ကောင်းကင်ဘုံရဲ့ မနာလိုမှု ခံရလိမ့်မယ်…”
“ကောင်းကင်ဘုံရဲ့ လောဘ၊ လောကမှာ အရာအားလုံးကို ပြောင်းလဲဖို့ရာ လောဘ…။ ငါ ရှေးဟောင်းမိစ္ဆာတာကျားဟာ ကောင်းကင်ဘုံရဲ့ ဒေါသ၊ဝမ်းနည်းမှု၊ မနာလိုမှု၊ လောဘတို့ကို ငါ့ကလန်ရဲ့ လိုအင်လေးခုလက်ချောင်းထဲမှာ ပေါင်းစည်းစေဖို့ အမိန့်ပေးတယ်…” တာကျားသည် မာန်သွင်းအော်ဟစ်ရင်း သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။ သူ့လက်ချောင်းထိပ်ရှိ အနက်ရောင်အလင်းသည် လောကကို ခြုံလွှမ်းကာ ဝမ်လင်းထံသို့ ညွှန်သည်။
ဤအခိုက်၌ ဝမ်လင်းအထက်တွင် ကောင်းကင်ဘုံနှင့်မြေကြီးတို့၏ စွမ်းအား ပေါ်လာကာ မုန်တိုင်းလေးခု ဖြစ်တည်၍ ကောင်းကင်ထက်ကနေ သက်ဆင်းလာသည်။ ၎င်းမုန်တိုင်းတို့သည် ဝမ်လင်းထံသို့ အရပ်လေးမျက်နှာကနေ တိုးဝင်လာသည်။
“ဒီမန္တာန်က သာမန်မဟုတ်ဘူး…” ဝမ်လင်း၏မျက်လုံးက လင်းလက်သွား၏။ သူသည် သူ့ညာလက်ကို ဝေ့ယမ်းသည်။ သူ့ပတ်လည်တွင် မိုးများ ပေါ်လာ၏။ ထိုမိုးသည် စီးဆင်းနေသော မြစ်တစ်စင်း ဖြစ်လုနီးပါးပင်။
၎င်းမြစ်က မကြီးမားပေ။ သို့သော် မိုးစက်တိုင်းတွင် ၎င်း၏ကိုယ်ပိုင်လောက ရှိကြဟန် တူ၏။
သည်မိုးစက်များက ဝမ်လင်းကို လှည့်ပတ်ကာ မုန်တိုင်းလေးခု တိုးဝင်လာခိုက်တွင် ဆက်လက် သိပ်သည်းနေသည်။ မိုးစက်တိုင်းသည် လျော့ကျလာရင်း မိုးစက်တစ်စက်တည်းအဖြစ်ထိ သိပ်သည်းပေါင်းစည်းသွားသည်။
ယင်းမိုးစက်က သလင်းကဲ့သို့ မိုးစက်တစ်စက် ဖြစ်၏။ သလင်းကဲ့သို့ ကြည်လင် တောက်ပလွန်းသည်။ ယင်းမိုးစက်သည် မိုးဆင့်ခေါ်ခြင်းမန္တာန်၏ ကန့်သတ်ချက် ဖြစ်၏။ သို့သော် ခုလက်ရှိ ဝမ်လင်းအတွက်တော့ ဤသို့ မဟုတ်ပေ။ လေဆင့်ခေါ်ခြင်းမန္တာန်ကို ပေဖန်၏ စွမ်းရည်ထက် ပိုသာကာ နဂါးနက်ဆယ့်သုံးကောင်ကို ဆင့်ခေါ်နိုင်မှတော့ မိုးဆင့်ခေါ်ခြင်းတွင်လည်း အရင်ထက် ပိုသာပေမည်သာ ဖြစ်၏။
ယင်းသလင်းကဲ့သို့ မိုးစက်က ထပ်မံ၍ သိပ်သည်းပြန်၏။ ပေါက်ကွဲသံတစ်ချက်နှင့်အတူ ၎င်းသည် မမျှော်လင့်စွာဖြင့် မမြင်နိုင်သော ရေငွေ့အဖြစ်သို့ ပြောင်းသွားသည်။
သည်ရေငွေ့မှာ မမြင်ရသော်လည်း လူတစ်ယောက်သည် ၎င်း၏တည်ရှိမှုကို ခံစားနိုင်၏။ ဝမ်လင်းသည် သူ့ညာလက်ကို ဝေ့ယမ်း၏။ ရေငွေ့သည် ဝမ်လင်းကို ဗဟိုပြုကာ ပျံ့နှံ့သည်။ ၎င်းက လေးမျက်နှာသို့ ထက်ရှသည့်ဓားများအလား မုန်တိုင်းများထံ တိုးဝင်သွားဟန် တူ၏။
မျက်စိတစ်မှိတ်အတွင်း ဓားများသည် မုန်တိုင်းလေးခုနှင့် ထိပ်တိုက်တွေ့သည်။ ထို့နောက် ကျယ်လောင်စွာတုန်ဟိန်းသံ ပဲ့တင်ထပ်ကာ ဓားလေးလက်မှာ တစစီဖြစ်သွားသည်။ သည်အခိုက်၌ လောကသည် တုန်ယင်ကာ ကန္တာရမှာ ပျက်စီးကုန်၏။ ပင်လယ်နက်သည် တစ်ဖန် ပြန်ပေါ်လာခဲ့တော့သည်။
ဝမ်လင်းသည် ပင်လယ်အထက်တွင် ရှိနေရင်း သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ စက်ဝန်းတစ်ခုကို ရေးဆွဲသည်။ ကျန်သည့် ရေငွေ့များမှာ စုစည်းကာ ထက်ရှသည့်အပြာရောင်ဓားလေးလက်အဖြစ်သို့ ဖြစ်တည်၏။
ဝမ်လင်းက သူ့ညာလက်ကို ဖမ်းဆုပ်ဟန် ပြု၏။ ထိုအခါ ဓားလေးလက်သည် ပျက်စီးကာ ရှစ်လက်အဖြစ်သို့ ပြောင်းသည်။ ထို့နောက် ၎င်းတို့မှာလည်း ထပ်မံ ပြိုပျက်ကာ ဓားပေါင်း (၁၂၈)လက်ထိ ရောက်ရှိ၏။ သူ့လက်တစ်ချက်ဝေ့ယမ်းမှုနှင့်အတူ ၎င်းတို့သည် ရှေးဟောင်းမိစ္ဆာတာကျားထံသို့ ဦးတည်သွားသည်။
ထိုအရာများက ချောမွေ့စွာ ဖြစ်ပျက်သွားခြင်းပင်။ ဝမ်လင်းသည် ၎င်းတို့ကို သာမန်လုပ်ရိုးလုပ်စဉ်ကဲ့သို့ လုပ်လိုက်ခြင်းပင်။ သို့သော် ထိုအဖြစ်က ရှေးဟောင်းမိစ္ဆာတာကျား၏ ကြောက်ရွှံ့မှုကို အကန့်အသတ်သို့ ရောက်ရှိသွားစေ၏။ သူသည် သူ့လိုအင်လေးခုလက်ချောင်းမှာ အခုလို လွယ်လွယ် ဖျက်စီးခံရလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
အပြာရောင်ဓား(၁၂၈)လက် သူ့ထံသို့ တိုးဝင်လာနေသည်ကို တွေ့သည့်အခါ တာကျားသည် နောက်သို့ အမြန်ဆုတ်၏။ သူ့ကြယ်သုံးခုဖျက်စီးခြင်းကနေ ရရှိလာသည့် လက်ကျန်မိစ္ဆာစွမ်းအင်များကို အသုံးချကာ သူသည် မာန်သွင်းလိုက်၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေသည်။ သူ့မျက်လုံးထဲ၌ ရူးသွပ်မှုတို့ ပြည့်လာသည်။
“ငါက ငါ့ရှေးဟောင်းမိစ္ဆာစိတ်ဝိညာဉ်ကို ရှေးဟောင်းမိစ္ဆာတာအိုပုံစံကို ဆင့်ခေါ်ဖို့ရာ အသုံးပြုမယ်…” အနက်ရောင်လှိုင်းတစ်ခု သူ့ပတ်လည်တွင် ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်း သူ့ရှေ့တွင် လှိုင်းနက်များထောင်သောင်းချီ ပေါ်လာကာ အပြာရောင်ဓား(၁၂၈)လက်ထံသို့ တိုးဝင်သွားတော့သည်။
တစီစီအသံများ ထွက်ပေါ်၏။ အဆုံးမဲ့လှိုင်းများ ပျံ့လာချိန်တွင် အပြာရောင်ဓားများသည် စတင် တုန်ခါသည်။ အဆုံးသပ်၌ လှိုင်းများသည် ဓားများကို ထွင်းဖောက်ချိန်၌ ၎င်းတို့သည် ဦးတည်ချက်ပြောင်းကာ ဝမ်လင်းရှိသို့ တိုးဝင်လာတော့သည်။
တာကျားသည် နောက်သို့ ဆက်ဆုတ်နေ၏။ သူ့လက်နှစ်ဖက်မှာ သာ၍ တုန်ခါနေသည်။ သူ့မျက်လုံးထဲရှိ ရူးသွပ်မှုမှာလည်း ပိုပြင်းထန်လာ၏။ ရှေးဟောင်းမိစ္ဆာတာအိုပုံစံက သူ့ရှေးဟောင်းမိစ္ဆာစိတ်ဝိညာဉ်ကို စုပ်ယူနေ၏။ သူသည် ၎င်းမန္တာန်ကို နောက်ဆုံးအခြေအနေမဟုတ်ပါက အသုံးပြုလိမ့်မည် မဟုတ်ပေ။
ဝမ်လင်း၏ မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ရှေ့သို့ ရွှေ့လျားကာ လှိုင်းများထဲသို့ ခြေချ၏။
လှိုင်းများအတွင်း၌ ဝမ်လင်းသည် ယင်းလှိုင်းတို့က မူလစိတ်ဝိညာဉ်တိုက်ခိုက်မှုကို အထူးပြုထားမှန်း ရှင်းလင်းစွာ ခံစားမိသည်။ ၎င်းလှိုင်းတို့သည် မူလစိတ်ဝိညာဉ် ပျက်စီးမှုကို အကြီးအကျယ် ပျက်စီးစေသည်။ သင်သည် အနည်းငယ် အားနည်းပါက သင့်မူလစိတ်ဝိညာဉ်သည် ပြိုပျက်ပေလိမ့်မည်။
“မင်းက ကြယ်ကိုးလုံးအဆင့် ရောက်ခဲ့မယ်ဆိုရင် ဒီလှိုင်းက ငါ့အပေါ် သက်ရောက်ကောင်း သက်ရောက်နိုင်မယ်။ ဒါပေမယ့် အခုတော့…” ဝမ်လင်းသည် ခေါင်းယမ်း၏။ သူက ရှေ့သို့ လှမ်းကာ လှိုင်းနှစ်ခုထပ်နေသော နေရာသို့ ခြေချသည်။
“ဥပဒေသရဲ့ ခန္ဓာကိုယ်…ချင်းလင်က ဝမ်လင်းနားလည်နိုင်ဖို့အတွက် ဥပဒေသရဲ့ခန္ဓာကိုယ်အမွေအနှစ်ကို လက်ဆင့်ကမ်းပေးတာ…” တာကျားသည် နောက်သို့ အမြန်ဆုတ်၏။ သို့သော် သူ သိပ်ဝေးဝေးမရောက်ခင်မှာ ဝမ်လင်းသည် ခြေတစ်လှမ်းလှမ်းကာ သူ့ညာလက်ဖြင့် ဆက်ခနဲ ညွှန်၏။
“ရပ်တန့်ခြင်း…”
သည်လက်ညွှန်မှုနှင့်အတူ ကောင်းကင်နှင့်မြေကြီး(ဝါ)ကောင်းကင်ဘုံ၏ ဥပဒေသည် သက်ဆင်းလာသည်။ သည်ဥပဒေသက မမြင်ရပေ။ သို့သော် ၎င်းက တာကျား၏ခန္ဓာကိုယ်ကို ရပ်တန့်သွားစေလေ၏။
ဝမ်လင်းသည် ချဉ်းကပ်လာ၏။ သူ့ညာလက်ဖြင့် တာကျား၏ နှဖူးထက်သို့ ညင်သာစွာ ရိုက်ချသည်။ ထိုအခါ ကျယ်လောင်စွာ ပေါက်ကွဲ၏။ မူလစွမ်းအင်မြောက်များစွာ တာကျား၏ နောက်ကျောကနေ တွန်းထွက်လာ၏။
ထိတ်လန့်ဖွယ်အော်သံသည် ပဲ့တင်ထပ်သည်။ တာကျားမှာ နောက်သို့ လွင်စင်ထွက်သွားသည်။ သို့ရာတွင် သူ့ပတ်လည်ရှိ ဥပဒေသမှာ လွင့်ပြယ်သွားခြင်း မရှိသေးရာ ထို့ကြောင့် သူသည် ရွှေ့လျားနိုင်ခြင်း မရှိသေးပေ။ သူက သူ့မိစ္ဆာစွမ်းအင်များကိုပင် အသုံးပြုနိုင်ခြင်း မရှိသေးချေ။
“ကြယ်ဖျက်စီးခြင်း…” ဝမ်လင်းသည် တာကျားနောက်သို့ လိုက်လာ၏။ သူ့ညာလက်ဖြင့် တာကျား၏ ခန္ဓာကိုယ်အနှံ့သို့ ညွှန်သည်။ အဆုံးမဲ့မိစ္ဆာစွမ်းအင်တို့က တာကျား၏ခန္ဓာကိုယ်ကနေ ကန်ထွက်လာရ၏။
“မင်းကြယ်ကို မဖျက်စီးသေးဘူးလား…” မျက်စိတစ်မှိတ်အတွင်း သူက တာကျားထံသို့ ခုနစ်ကြိမ် လက်ညွှန်ခဲ့ပြီး ဖြစ်၏။ တစ်ကြိမ်စီတွင် တာကျားသည် နောက်သို့ လွင့်လွင့်သွားသည်။ သို့သော် ဝမ်လင်းက လက်ချောင်းညွှန်ချက်တစ်ခုနောက်တွင် နောက်တစ်ခုကို ချက်ခြင်း လိုက်ပါစေသည်။
ခုနစ်ကြိမ်လက်ညွှန်လိုက်ပြီးနောက် တာကျား၏မိစ္ဆာစွမ်းအင်အများစုသည် လွင့်ပြယ်သွားတော့၏။ သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုနှင့် ငြင်းဆန်မှုတို့ ပြည့်နေသည်။ သည်အခိုက်အတန့်၌ သူ့လက်ကျန်ကြယ်ငါးလုံးမှာ ပျက်စီးသွားတော့သည်။
ဝမ်လင်းသည် ပြုံး၏။ ထို့နောက် သူ့ညာလက်ကို ပြန်ရုတ်သိမ်းကာ တိမ်ထုကဲ့သို့ နောက်သို့ ပြန်ဆုတ်သည်။ သူသည် အခုလိုမျိုးပုံစံဖြင့် တိုက်ခိုက်ရခြင်းမှာ ရှေးဟောင်းမိစ္ဆာတာကျား သူ့လက်ကျန်ကြယ်များကို ဖျက်စီးစေရန် အတင်းဖိအားပေးသည့် သဘောပင်။ ရှေးဟောင်းမိစ္ဆာတာကျား ၎င်း၏အစွမ်းထက်ဆုံး တိုက်ခိုက်မှုကို အသုံးပြုမှသာ ဝမ်လင်းသည် သူ့တာအိုကို အသေအချာ သိဖို့ရာ အကူအညီ ဖြစ်စေမည် ဖြစ်၏။
တာကျား၏မျက်လုံးထဲရှိ ကြယ်များသည် အားလုံး ပျက်စီးသွားသည်။ အရင်ထက် အဆများစွာ အားကောင်းသည့် အော်ရာတစ်ခု ပေါက်ကွဲထွက်လာသည်။ သူသည် ဆက်ခနဲ ရွှေ့လျားကာ ရပ်တန့်ခြင်းမန္တာန်ကို လွယ်လင့်တကူ ချိုးဖျက်ပစ်လာ၏။
“မင်းက ငါ့ကို ဒီလောက်ထိ တွန်းအားပေးခဲ့တယ်။ ဒီမိစ္ဆာက သေရမယ်ဆိုရင်တောင် မင်းလည်း ငါနဲ့ အတူ သေရမယ်…။ ကြယ်ကိုးလုံးရှေးဟောင်းမိစ္ဆာမန္တာန်…ခရမ်းတိမ်မိစ္ဆာကပ်ဆိုး…”
***