← Chapters

အခန်း ၃၁၁

Vol. 32 Ch. 311

အခန်း ၃၁၁

Vol. 32 Ch. 311

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၁၁

ဘာသာပြန် - Ko Yoohtoo

True Immortal Team

ဖန်ဇီချန် ဝေဟင်ထက်ရှိ လင်းချန်ကို ကြည့်ကာ လီယွမ်ဖုန်း၏ ပုခုံးကို ပုတ်လိုက်၏။ "ဒီလူ နည်းနည်း ရူးမိုက်လွန်းနေတာ မဟုတ်ဘူးလား။ တကယ် အဆင်ပြေပါ့မလား... တကယ်လို့ သူ တစ်ခုခုဖြစ်ရင် ငါ့အဖေ ငါ့ကို သတ်ပစ်လိမ့်မယ်။"

ဖန်ဇီချန်၏ စကားကို ကြားရသည့်အခါ ရန်ထျန်းဟောက်သည်လည်း အံ့အားသင့်သွားသည်။ "ဟင်... ငါ့ဆရာကလည်း တင်းကျပ်တဲ့ အမိန့်တစ်ခု ပေးထားတယ်။ လင်းချန်သာ တစ်ခုခုဖြစ်ရင် ငါနဲ့ ငါ့ညီမလေးပါ ဒီကနေ အသက်ရှင်လျက် ထွက်သွားဖို့ မစဉ်းစားနဲ့တော့တဲ့။"

သူတို့နှစ်ဦး အချင်းချင်း ကြည့်လိုက်ပြီးနောက် လီယွမ်ဖုန်းဘက်သို့ အကြည့်လွှဲလိုက်ကြ၏။ နှစ်ဦးစလုံး သူ့အား ကြည့်နေကြသည်ကို မြင်သည့်အခါ လီယွမ်ဖုန်းက သက်ပြင်းချလိုက်သည်။ "ငါ့ဘိုးဘေးကြီးကလည်း ငါ့ကို လျှို့ဝှက်ညွှန်ကြားထားတယ်။ ညီနောင်လင်းကို ကောင်းကောင်းစောင့်ရှောက်ဖို့နဲ့ သူ့ ဆံပင်လေးတောင် အထိခိုက်မခံဘဲ ငါ့အသက်နဲ့လဲပြီး ကာကွယ်ရမယ်တဲ့။"

ထို့နောက် ထိုသုံးဦးစလုံး မျက်လုံးအပြူးသားဖြင့် အချင်းချင်း စိုက်ကြည့်နေကြပြီး သူတို့၏ မျက်ဝန်းများထဲ၌ အံ့အားသင့်မှုနှင့် ဝေခွဲမရနိုင်မှုများ ပြည့်နှက်နေသည်။

ထိုသုံးဦးသာမက ယီစင်းသည်လည်း သူတို့သုံးဦးအား ထူးဆန်းသလို ကြည့်နေမိ၏။ ဘာကြောင့် လူကြီးတွေအားလုံးက လင်းချန်ကို စောင့်ရှောက်ရန် အမိန့်ပေးထားကြသနည်း။ အဘယ်ကြောင့်နည်း။

ဖန်ဇီချန်သည် ဝေဟင်ထက်ရှိ လင်းချန်ကို စိုးရိမ်တကြီး မော့ကြည့်လိုက်သည်။ "ငါတို့သုံးယောက်လုံးမှာ တူညီတဲ့ တာဝန်ရှိနေတာပဲ။ သူ အခုလို ရူးရူးမိုက်မိုက် လုပ်နေတာကို တကယ် လွှတ်ထားသင့်လို့လား။"

လင်းချန်၏ ဘေးကင်းမှုကို စိုးရိမ်နေသည့် ဖန်ဇီချန်ကို မြင်သောအခါ လီယွမ်ဖုန်းနှင့် ရန်ထျန်းဟောက်တို့ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ရုတ်တရက် ရယ်မောလိုက်ကြ၏။ ဖန်ဇီချန်မှာ ဝေခွဲမရဖြစ်သွားသည်။ "ဒီလို အခြေအနေမျိုးမှာ မင်းတို့က ရယ်နိုင်သေးတယ်လား။ မင်းတို့ ဝင်ပါဖို့ ပြင်ထားကြပြီလား။"

သို့သော် ဖန်ဇီချန်၏ စကားမဆုံးမီမှာပင် လီယွမ်ဖုန်းနှင့် ရန်ထျန်းဟောက်တို့၏ လက်များ သူ၏ ပုခုံးပေါ်သို့ ရောက်ရှိလာပြီး သူတို့နှစ်ဦးမှာ ဘယ်နှင့်ညာ တစ်ဖက်စီ၌ ရပ်လိုက်ကြသည်။

လီယွမ်ဖုန်းသည် ဆန်းကြယ်စွာ ပြုံးလိုက်၏။ "ညီနောင်လင်းရဲ့ ခွန်အားက သေခြင်းရှင်ခြင်း နယ်ပယ်၊ ခန္ဓာအဆင့်လောက်တင် မကဘူး။ မင်းမှာ ခွန်အားနဲ့ ယုံကြည်မှုရှိလို့ မာနကြီးတာ။ အဲဒါဆိုရင် ညီနောင်လင်းကရော နောက်ခံခွန်အားမရှိဘဲ အခုလို မောက်မာနေလိမ့်မယ်လို့ မင်းတကယ် ထင်နေတာလား။"

ထိုနည်းတူစွာပင် ရန်ထျန်းဟောက်သည်လည်း လင်းချန်က အရိပ်မဲ့မျိုးနွယ်ကို တိုက်ခိုက်စဉ်က ပြသသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို အမှတ်ရမိကာ ခါးသီးစွာ ပြုံးလိုက်သည်။ "ငါ မင်းကို ပွင့်ပွင့်လင်းလင်း ပြောရရင် မကြာသေးခင်က ငါ အန္တရာယ်ကြီးတဲ့ အခြေအနေတစ်ခုနဲ့ ကြုံရတယ်။ အဲဒီတုန်းက ငါစောင့်ရှောက်ပေးရမယ့်လူကပဲ ငါ့အသက်ကို ကယ်သွားတာ။"

လီယွမ်ဖုန်းနှင့် ရန်ထျန်းဟောက် နှစ်ဦးစလုံးက တစ်ပြိုင်နက်တည်း ချီးကျူးလိုက်ကြသည့်အတွက် ဖန်ဇီချန်၏ စိတ်ထဲ၌ ပြင်းထန်သော စိတ်ဝင်စားမှုနှင့် စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာ၏။

ချင်ဖေးယွီနှင့် သူ၏လူများအား ကစားစရာလေးများကဲ့သို့ သဘောထားမည်ဟု ကြေညာနိုင်သည့် လင်းချန်၏ စွမ်းအားမှာ အဘယ်မျှလောက်ရှိမည်ကို သူ တကယ် မြင်တွေ့လိုသွားသည်။ ထိုနေရာရှိ အခြား ထူးချွန်သော ပါရမီရှင်များသည်လည်း လင်းချန်ထံသို့ အာရုံစိုက်နေကြ၏။

သို့သော် သူတို့အမြင်၌မူ ဤမောက်မာသည့် လူငယ်သည် သူ၏ ရူးမိုက်သော စကားများအတွက် ကျိန်းသေပေါက် တန်ဖိုးပေးဆပ်ရလိမ့်မည်ဟု ထင်နေကြသည်။

ချင်ဖေးယွီ၏ အသံမှာ အက်ကွဲကာ နိမ့်ဝင်နေပြီး သူ၏ မျက်နှာမှာလည်း ဒေါသကြောင့် ကြောက်မက်ဖွယ် ဖြစ်နေ၏။ သူသည် လင်းချန်ကို စိုက်ကြည့်လိုက်သည်။ "ငါငယ်ငယ်ကတည်းက ဘယ်သူမှ ငါ့အပေါ် အခုလို မရိုင်းစိုင်းဖူးဘူး။ မင်းခေါင်းကို ဖြတ်ပြီး ကျင်ငယ်ခွက်လုပ်ရုံတင်မကဘူး။ မင်းမိန်းမကိုလည်း ကစားစရာတစ်ခုလို သဘောထားပေးမယ်။"

ဝေနိုင်ငံမှ မင်းသားသည် ယီစင်းကို ရမ္မက်ကြီးစွာ ကြည့်လိုက်၏။ "တတိယမင်းသား... အဲဒီကောင်မလေးရဲ့ ရုပ်ရည်က တော်တော်လေး ကြည့်ကောင်းတယ်နော်၊ ကျွန်တော်တို့ကိုရော ဝေမျှပေးမှာလား။"

သူ၏ ဘေးနားရှိ ကျိုးနိုင်ငံမှ မင်းသားသည်လည်း သဘောတူလိုက်သည်။ "မှန်တယ်။ ဒီလို အလှမျိုးကို အလဟဿ အဖြစ်မခံသင့်ဘူး။"

ထိုအချိန်၌ ယီစင်းသည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေပြီး သူမ၏ မျက်နှာမှာလည်း ဆီးနှင်းများကဲ့သို့ အေးစက်နေသည်။

လင်းချန်၏ မျက်နှာမှာလည်း မည်းမှောင်သွားပြီး သူသည် အေးစက်စွာ ပြောလိုက်၏။ "မင်းတို့ရဲ့ ရည်ရွယ်ချက်က ကျုပ်ကို ဒေါသထွက်အောင် လုပ်ဖို့ဆိုရင်... မင်းတို့ အောင်မြင်သွားပြီလို့ပဲ ကျုပ်ပြောရလိမ့်မယ်။"

"ဘုန်းးး"

မည်သည့် ကြိုတင်လက္ခဏာမျှ မပြဘဲ လင်းချန်၏ ခန္ဓာကိုယ်မှ ဧကရာဇ် အရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သူ၏ မိုးကြိုးစိတ်ဝိညာဉ်စွမ်းအားများသည်လည်း တစ်ကိုယ်လုံး၌ လျင်မြန်စွာ စီးဆင်းသွားသည်။

စိတ်ဝိညာဉ်အစိတ်အပိုင်းများနှင့် စိတ်ဝိညာဉ်လက်နက် နှလုံးသားများသည်လည်း ချက်ချင်း ထွက်ပေါ်လာပြီး သိုင်းဝိညာဉ် အသွင်ပြောင်းခြင်း လုပ်ငန်းစဉ် ပြီးမြောက်သွား၏။

လင်းချန်၏ လက်ထဲ၌ ရွှေရောင်ပုံစံများပါသည့် အနက်ရောင် မိုးကြိုးလျှပ်စီးဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ရွှေနီရောင် စိတ်ဝိညာဉ်အလင်းတန်း လွှာများသည်လည်း ပေါ်ထွက်လာသည်။

လင်းချန်က သူ၏ မိုးကြိုးစိတ်ဝိညာဉ်စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်သည့်အခါ ကြည့်ရှုနေသူအားလုံး အံ့အားသင့်သွားကြ၏။ "စိတ်ဝိညာဉ်အလင်းတန်း တစ်ဆယ့်နှစ်လွှာ..."

ရန်ထျန်းဟောက်နှင့် သူ၏ ညီမငယ်မှာမူ ပါးစပ်အဟောင်းသားဖြင့် ဝေဟင်ထက်၌ တောက်လောင်နေသည့် ရွှေရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအားများဖြင့် ဝန်းရံနေသော လင်းချန်ကို မော့ကြည့်နေမိကြသည်။

ထိုသည်ကား ရန်ထျန်းဟောက်အတွက် လင်းချန်၏ စိတ်ဝိညာဉ်စွမ်းအားကို အပြည့်အဝ ထုတ်ပြသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်၏။

သူ၏ ဘေးရှိ ဖန်ဇီချန်မှာမူ လက်ခေါက်ယပ်တောင်လေး လွတ်ကျသွားသည်ကိုပင် သတိမထားမိဘဲ ကောင်းကင်ယံမှ ပုံရိပ်ကို ငေးကြည့်နေမိသည်။

လက်ရှိအချိန်၌ လင်းချန် ဘာကြောင့် အစောပိုင်းက ထိုသို့ မောက်မာသည်ကို သူ နားလည်သွား၏။ အဘယ်ကြောင့်ဆိုသော် လင်းချန်၌ ထိုသို့ မောက်မာနိုင်လောက်သည့် စွမ်းအား အစစ်အမှန် ရှိနေသောကြောင့်ပင် ဖြစ်ပေသည်။

"ဘန်းးး"

ထိုအချိန်မှာပင် လင်းချန်၏ နောက်ကွယ်ရှိ လေထုမှာ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။

ရောက်ရှိနေသူ အားလုံး မျက်လုံးသူငယ်အိမ်များ ကျုံ့သွားကြပြီး သူတို့စိတ်ထဲ၌ လင်းချန်၏ မြန်ဆန်လှသည့် အရှိန်အဟုန်ကြောင့် မှင်သက်မိနေကြ၏။

နောက်တစ်စက္ကန့်၌ လင်းချန်သည် ချင်ဖေးယွီ၏ အနီး၌ ပေါ်လာပြီး ချင်ယီယီ၏ ရှေ့၌ အေးစက်သည့် မျက်လုံးများဖြင့် ရပ်နေလေပြီ။

လင်းချန် ရုတ်တရက် ပေါ်လာမှုကြောင့် ချင်ယီယီမှာ ထိတ်လန့်သွားပြီး သူမ၏ စိတ်ဝိညာဉ်စွမ်းအားများကို အလိုအလျောက် ထုတ်ဖော်ကာ ကာကွယ်ရေး စိတ်ဝိညာဉ်အကာအကွယ်တစ်ခုကို ရှေ့၌ တည်ဆောက်လိုက်သည်။

ချင်ဖေးယွီသည်လည်း သတိထားမိသွားပြီး လျင်မြန်စွာ လှည့်ကြည့်လိုက်၏။ သူ၏ တုံ့ပြန်မှုမှာ လျင်မြန်သော်လည်း လင်းချန်က ပို၍ မြန်ဆန်နေသည်။

လင်းချန်၏ လက်ထဲရှိ အနက်နှင့် ရွှေရောင်စပ်ထားသည့် မိုးကြိုးလျှပ်စီးဓားသည် တဖြဖြတောက်နေသော ရွှေရောင်မိုးကြိုးများနှင့်အတူ လေထုကို ခွင်းလျက် ပိုင်းချလိုက်သည်။

ချင်ယီယီ ဖန်တီးထားသည့် စိတ်ဝိညာဉ်အကာအကွယ်မှာ လင်းချန်၏ ဓားရှေ့၌ စက္ကူကဲ့သို့ အားကိုးရာမရဖြစ်ကာ ချက်ချင်း တစ်စစီ ပြတ်တောက်သွားပြီး သူမအား ခုခံနိုင်စွမ်းမဲ့စွာ ပေါ်ထွက်လာစေ၏။

စိတ်ဝိညာဉ်အကာအကွယ်ကို ချိုးဖျက်ပြီးနောက် လင်းချန်၏ ညာလက်သည် သူမ၏ ကော်လာကို ဆွဲကိုင်ကာ နောက်ဘက်သို့ အားကုန် လွှင့်ပစ်လိုက်သည်။ ထိုစဉ် လင်းချန်၏ ရှေ့မှ ချင်ယီယီမှာ သိုးငယ်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ယီစင်း၏ ရှေ့တည့်တည့်သို့ လွင့်ကျသွား၏။

ချင်ယီယီကို လွှင့်ပစ်ပြီးနောက် လင်းချန်သည် ယီစင်းဘက်သို့ လှည့်ကာ မျက်ခုံးတစ်ဖက် ပင့်လျက် ပြုံးပြလိုက်သည်။ "ရှင်းရှင်း... သူက ရှင်းရှင်း လက်စားချေဖို့အတွက်ပဲ။"

ယီစင်းကလည်း လင်းချန်ကို ပြုံးပြလိုက်ပြီးနောက် သူမ၏ မျက်နှာမှာ ချက်ချင်း အေးစက်သွားကာ ထိတ်လန့်နေသည့် ချင်ယီယီထံသို့ တောက်ပသော စိတ်ဝိညာဉ်စွမ်းအားများကို စတင် ထုတ်လွှတ်လိုက်၏။

ထိုအချိန်၌ ချင်ဖေးယွီသည်လည်း ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ သိုင်းဝိညာဉ်အသွင်ပြောင်းခြင်းနှင့်အတူ သွယ်လျသည့် ရွှေရောင်ဓားတစ်လက် လက်ထဲ၌ ပေါ်လာကာ လင်းချန်၏ ရင်ဘတ်ဆီသို့ ပိုင်းချလိုက်သည်။ "တောက်... မင်း သေပေတော့။"

သို့သော် လင်းချန်မှာမူ ရှောင်တိမ်းခြင်း အလျဉ်းမရှိဘဲ ထိုဓားကို သူ၏ ရင်ဘတ်ဖြင့် တည့်တည့် တိုက်ခံလိုက်၏။

"ရွှီးးး"

ရွှေရောင်ဓားမှာ ရွှေရောင် ဓားအရှိန်အဝါများ သယ်ဆောင်လာပြီး လင်းချန်၏ ရင်ဘတ်ကို တိမ်းစောင်းကာ ထိမှန်သွားသဖြင့် ဝတ်ရုံများ ပြတ်တောက်သွားကာ မာကျောသော ရင်ဘတ်သားများ ပေါ်ထွက်လာသည်။

ဓားသွားပေါ်မှ ရွှေရောင်ဓားအရှိန်အဝါသည် လင်းချန်၏ ရွှေရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအားများကို ထိုးဖောက်ပြီးနောက် ရင်ဘတ်ကို ထိမှန်သည့်အခါ မီးပွင့်များပင် ထွက်ပေါ်လာ၏။

"ဘုန်းးး"

ရွှေရောင်စိတ်ဝိညာဉ်စွမ်းအား ဓားအရှိန်အဝါသည် လင်းချန်၏ ရင်ဘတ်ပေါ်၌ ပေါက်ကွဲသွားပြီး ထိုတွန်းကန်အားကြောင့် ချင်ဖေးယွီမှာ ဝေဟင်ထက်၌ နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်ခွာသွားရသည်။

ဟင်းလင်းပြင်ကို နင်းလျက် ဟန်ချက်ပြန်ထိန်းပြီးနောက် လင်းချန်မှာ လုံးဝ ဒဏ်ရာမရဘဲ အကောင်းပကတိ ရှိနေသည်ကို မြင်ရသည့်အခါ သူ အလွန်တရာ အံ့အားသင့်သွား၏။

လင်းချန်သည် ပြတ်တောက်သွားသည့် ဝတ်ရုံနှင့် ရင်ဘတ်ပေါ်ရှိ ဖြူယောင်ယောင် အမှတ်အသားလေးကို တစ်ချက်ကြည့်လိုက်ပြီး တစ်ဖက်မှ ချင်ဖေးယွီကို လှောင်ပြောင်လိုက်သည်။ "ချင်မင်းဆက်ရဲ့ မင်းသား... မင်း ထမင်းမစားလာဘူးလား။"

ထိုခဏ၌ လင်းချန်နှင့် ချင်ဖေးယွီတို့သည် ဝေဟင်ထက်၌ အချင်းချင်း ရင်ဆိုင်လျက် ရှိနေကြပြီး ပတ်ဝန်းကျင်ရှိ ကြည့်ရှုသူများမှာမူ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေကြ၏။

ချင်ဖေးယွီသည် ချင်မင်းဆက်မှ ဆင်းသက်လာသူ ဖြစ်ပေရာ ရောက်ရှိနေသည့် ပါရမီရှင်များထဲ၌ အမြင့်မားဆုံးသော နောက်ခံအင်အားရှိသူတစ်ဦး ဖြစ်၏။ ထို့အပြင် သူ၏ ခွန်အားမှာလည်း ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

သို့မဟုတ်ပါက လင်းချန်၏ စောစောက စကားများကို သူတို့ အလွယ်တကူ ယုံကြည်မိကြမည် မဟုတ်ပေ။ သူတို့အမြင်၌မူ ချင်ဖေးယွီ၏ အစောပိုင်းက ဓားချက်သည် ဒေါသကြောင့် လင်းချန်ကို ထိမှန်ရန်သာ အားထုတ်သဖြင့် ခွန်အားအပြည့် မပါဝင်သော်လည်း သေခြင်းရှင်ခြင်း နယ်ပယ်၊ ခန္ဓာအဆင့် ရှိသူတစ်ဦးအတွက် ခုခံနိုင်စွမ်းရှိသည့် အရာမဟုတ်ပေ။

ပါရမီ မည်မျှပင် ထူးချွန်ပါစေ သေခြင်းရှင်ခြင်း နယ်ပယ်၊ နှလုံးသားအဆင့်၏ တိုက်ခိုက်မှုကို ခံရပါက အသက်မသေလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရရှိမည်မှာ အမှန်ပင် ဖြစ်၏။

သို့သော် လင်းချန်မှာမူ မည်သို့နည်း။ ပြတ်တောက်သွားသည့် ဝတ်ရုံကြားမှ လူတိုင်း ရှင်းလင်းစွာ မြင်လိုက်ကြရသည်မှာ ချင်ဖေးယွီ၏ ဓားချက်သည် လင်းချန်၏ ရင်ဘတ်ပေါ်၌ ဖြူယောင်ယောင် အမှတ်အသားလေးတစ်ခုသာ ချန်ရစ်ခြင်းပင်။ လင်းချန်မှာ ဆံပင်တစ်ပင်မျှပင် မပျက်စီးဘဲ အကောင်းပကတိ ရှိနေသည်။

စောင့်ကြည့်နေသည့် လူငယ်ပါရမီရှင်တစ်ဦးက ရွှေနီရောင် မိုးကြိုးများအောက်ရှိ ပုံရိပ်ကို စိုက်ကြည့်လိုက်၏။ "ဘယ်လိုတောင် ထိတ်လန့်စရာကောင်းတဲ့ ခန္ဓာကိုယ်မျိုးလဲ။ ခန္ဓာအဆင့်ရဲ့ ကပ်ဘေးက တကယ် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဒီလောက်အထိ သန်မာအောင် လုပ်ပေးနိုင်တာလား။"

အခြား ပါရမီရှင် အလှပဂေးတစ်ဦးမှာလည်း ဝိုင်းစက်သော မျက်လုံးများဖြင့် လင်းချန်ကို ကြည့်ကာ အံ့အားသင့်သွားသည်။ "တကယ် မမျှော်လင့်ထားတာက သူ့ရဲ့ စိတ်ဝိညာဉ်အလင်းတန်းပဲ။ စိတ်ဝိညာဉ်အလင်းတန်း တစ်ဆယ့်နှစ်လွှာဆိုတာ သူ ပြန်လည်မွေးဖွားခြင်း တစ်ဆယ့်နှစ်ကြိမ်အထိ ပြီးမြောက်တာလား။"

လူတစ်ယောက်က ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်၏။ "ဒါ လုံးဝ မဖြစ်နိုင်ဘူး။ ပြန်လည်မွေးဖွားခြင်း ဆယ်ကြိမ်ဆိုတာ အကန့်အသတ်ပဲ၊ တစ်ဆယ့်နှစ်ကြိမ်ဆိုတာ ရှိမှာမဟုတ်ဘူး။"

အခြားတစ်ဦးကမူ နှာခေါင်းရှုံ့လိုက်သည်။ "ဟွန့်... အမှန်တရားက ငါတို့မျက်စိရှေ့မှာပဲလေ။ စိတ်ဝိညာဉ်အလင်းတန်းကို ဖုံးကွယ်ထားလို့ ရချင်ရမယ်၊ ဒါပေမဲ့ မရှိတာကိုတော့ ရှိသယောင် လှည့်ဖြားလို့ မရဘူး။"

တစ်ယောက်ကမူ လင်းချန်၏ လက်ထဲရှိ မိုးကြိုးလျှပ်စီးဓားကို ကြည့်ကာ အသက်ရှူမှားသွား၏။ "မင်းတို့ သတိမထားမိကြဘူးလား။ သူကိုင်ထားတာ ဘိုးဘေးအဆင့် သိုင်းဝိညာဉ်ပဲ။ ငါတို့ ဝန်ခံရလိမ့်မယ်... ဒီတောင်ပိုင်း အစည်းအဝေးမှာ ငါတို့ လူသားမျိုးနွယ်ထဲကနေ ထူးခြားဆန်းကြယ်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ထွက်ပေါ်လာပြီဆိုတာပဲ။"

လင်းချန်ကို ရင်ဆိုင်နေရသည့် ချင်ဖေးယွီသည်လည်း ပြိုင်ဘက်ကို အလေးအနက် ထားလာရပြီ ဖြစ်၏။ သူသည် လူမိုက်မဟုတ်ပေ။ လင်းချန် ပြသနေသည့် ခွန်အားကို သူ မည်သို့ မမြင်ဘဲ နေမည်နည်း။

လင်းချန်၏ ပါရမီမှာ သူနှင့် မနိမ့်ရုံတင်မကဘဲ သူ့ထက်ပင် သာလွန်နေနိုင်ကြောင်း ချင်ဖေးယွီ ဝန်ခံလိုက်ရသည်။

သို့သော် ထိုသည်ကို သိသဖြင့် သူ ဘာတတ်နိုင်မည်နည်း။ လက်ရှိအချိန်၌ ချင်ဖေးယွီ ဗျာများနေရပြီး လင်းချန်ကို မနာလိုစိတ်များဖြင့် ကြည့်နေမိ၏။

အဘယ်ကြောင့် ဤပြိုင်ဘက်က ငါ့ထက် ပါရမီ ပိုသာနေရသနည်း။ ငါက ချင်မင်းဆက်၏ တတိယမင်းသား၊ မြင့်မြတ်သည့် အဆင့်အတန်းရှိသူ ဖြစ်ပါလျက် ဘာမဟုတ်သော လူတစ်ယောက်ကိုမျှ မယှဉ်နိုင်ရသလော။

ထို့အပြင် ဤမျှ ပါရမီကြီးမားသူတစ်ဦးသည် ခန္ဓာအဆင့်မှာပင် ဤကဲ့သို့ တိုက်ခိုက်ရေးစွမ်းရည် ရှိနေလျှင် လင်းချန်သာ အစစ်အမှန် ခွန်အားတိုးတက်လာပါက ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုတစ်ခု ဖြစ်လာမည်ကို သူ စိုးရိမ်မိသည်။

လင်းချန်နှင့် သူ ရန်ငြိုးဖွဲ့ပြီးသား ဖြစ်နေပေရာ လင်းချန်ကို ဆက်လက် ကြီးထွားခွင့်ပေးလိုက်လျှင် သူတစ်ဦးတည်းအတွက်သာမက သူ၏ နောက်ကွယ်ရှိ ချင်မင်းဆက်အတွက်ပါ ဘေးဒုက္ခ ဖြစ်လာနိုင်၏။

ချင်ဖေးယွီသည် အစောပိုင်းက တတိယမင်းသားပီပီ မောက်မာနေသော်လည်း လက်ရှိအချိန်၌မူ စိတ်ပြောင်းလဲသွားပြီး လင်းချန်ကို မည်သို့သော တန်ဖိုးပေးဆပ်ရပါစေ ဤနေရာ၌ သတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။ အန္တရာယ်မှန်သမျှကို အစကတည်းက အမြစ်ဖြတ်ရပေလိမ့်မည်။ "ငါ သူ့ကို သတ်ရမယ်။"

ချင်ဖေးယွီသည် ဆုံးဖြတ်ချက်ချပြီးနောက် ဝေနိုင်ငံနှင့် ကျိုးနိုင်ငံမှ မင်းသားများထံသို့ စိုက်ကြည့်လိုက်သည်။ "ဒီကောင်မှာ ထူးခြားတဲ့ ပါရမီရှိတာ မင်းတို့နှစ်ယောက်လုံး မြင်တဲ့အတိုင်းပဲ။ အခု သူ့ကို ငါတို့ မသတ်နိုင်ဘဲ လွှတ်လိုက်မိရင်... နောင်တစ်ချိန်မှာ ငါတို့အတွက် အခြေအနေ လွယ်ကူမှာ မဟုတ်ဘူး။"

ချင်မင်းဆက်၏ မဟာမိတ်ဖြစ်သည့် ဝေနိုင်ငံနှင့် ကျိုးနိုင်ငံမှ မင်းသားများသည် သူတို့အချင်းချင်း ဆက်ဆံရေး ကောင်းမွန်ကြသူများ ဖြစ်ကြသည်။ ချင်ဖေးယွီ၏ စကားကို ကြားရသည့်အခါ သူတို့လည်း များစွာ ယုတ္တိတန်သည်ဟု တွေးမိကြ၏။

သူတို့သည် လင်းချန်ကို ရန်လိုသည့် အကြည့်များဖြင့် ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းများ၌ သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာသည်။

ထို့နောက် ချင်ဖေးယွီသည် သူ၏ နောက်ကွယ်ရှိ စစ်သူကြီး ငါးဦးထံသို့ စိတ်ဝိညာဉ် ဆက်သွယ်ရေးဖြင့် အချက်ပြလိုက်၏။ "ဒီလူကို လုံးဝ အလွတ်မပေးနဲ့။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဒီနေရာမှာပဲ သူ့ကို သတ်ရမယ်။"

ရွှေရောင်မျက်နှာဖုံးများ ဝတ်ဆင်ထားသည့် စစ်သူကြီး ငါးဦးသည် ခေါင်းညိတ်လိုက်ကြသည်။ "အမိန့်အတိုင်းပါ။"

ထို့နောက် လင်းချန်ကို အရပ်မျက်နှာ အသီးသီးမှနေ၍ တဖြည်းဖြည်း ဝိုင်းရံလိုက်ကြ၏။

လင်းချန်မှာမူ မည်သို့မျှ တုန်လှုပ်ခြင်းမရှိဘဲ ဝေဟင်ထက်၌ ငြိမ်သက်စွာ ပျံသန်းနေပြီး ချင်ဖေးယွီနှင့်အတူ ကျိုးနိုင်ငံ၊ ဝေနိုင်ငံတို့မှ လူတစ်ဆယ့်ငါးဦးက သူ့အား ဝိုင်းရံပိတ်ဆို့လာသည်ကို လွှတ်ထားလိုက်သည်။

လင်းချန် ဝိုင်းရံခံလိုက်ရသည်ကို မြင်သည့်အခါ ဖန်ဇီချန်သည် လက်ခေါက်ယပ်တောင်ကို ဖြတ်ခနဲ ရိုက်ပိတ်လိုက်ပြီး ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ်စွမ်းအားများ တဖြည်းဖြည်း ထွက်ပေါ်လာ၏။

ဖန်ဇီချန် မျက်မှောင်ကြုတ်လိုက်သည်။ "မကောင်းတော့ဘူး။ သူ့နယ်ပယ်က အများကြီး နိမ့်လွန်းနေတယ်၊ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည် ပိုကောင်းနိုင်ပေမဲ့ သူတို့ဘက်က လူအင်အား သိပ်များလွန်းတယ်။"

ထို့နောက် သူ တွေးလိုက်၏။ 'ငါ ဝင်ပါမှ ဖြစ်တော့မယ်။ တကယ်လို့ ဒီလူငယ်သာ တစ်ခုခုဖြစ်ရင် ငါ့အိမ်က အဘိုးကြီးရဲ့ ဒေါသကို ခံနိုင်မှာမဟုတ်ဘူး။'

သို့သော် ဖန်ဇီချန် တွေးနေဆဲမှာပင် ဆီးနှင်းကဲ့သို့ ဖြူဖွေးသည့် လှံတစ်လက် ဘေးဘက်မှ ရုတ်တရက် ထိုးစိုက်လာပြီး ဝတ်ရုံစများကို လေဟုန်ဖြင့် လှုပ်ခတ်သွားစေသည်။

သူ့ကို ပိတ်ဆို့ထားသည့် လှံတံကို ကြည့်ရင်း ဖန်ဇီချန်သည် ဇဝေဇဝါဖြစ်နေသော မျက်နှာဖြင့် ကျောက်လုံကို ကြည့်လိုက်၏။ တစ်ဖက်လူ ဘာကြောင့် သူ့ကို တားဆီးရသလဲဆိုသည်ကို သူ လုံးဝ နားမလည်နိုင်ပေ။

ကျောက်လုံက စိုက်ကြည့်လိုက်သည်။ "ဒါက ဧကရာဇ်ရဲ့ အပျော်တမ်း ကစားပွဲပါ... ကျေးဇူးပြုပြီး ဝင်မပါပါနဲ့။"

ကျောက်လုံ၏ ငြင်းပယ်၍မရသည့် အသံမှာ ဖန်ဇီချန်၏ နားထဲ၌ ပဲ့တင်ထပ်သွားသည်။ ကျောက်လုံ ဆိုလိုသည်ကို သိရသောအခါ ဖန်ဇီချန်သည် သူသာ လင်းချန်ကို ကူညီချင်ပါက ဤလူများနှင့် အရင်ဆုံး တိုက်ခိုက်ရမည်ကို သိသွား၏။

ဖန်ဇီချန် နှာခေါင်းရှုံ့လိုက်သည်။ "ဒါ ဘယ်လို ရယ်စရာကောင်းတဲ့ အခြေအနေလဲ။ လူတစ်ယောက်ကို ကူညီတာတောင် ခွင့်မပြုဘူးလား။"

ကျောက်လုံ၏ ရပ်တည်ချက်ကို မြင်သည့်အခါ ဖန်ဇီချန်သည် စိတ်ဝိညာဉ်စွမ်းအားကို မတတ်သာဘဲ ပြန်လည် ထိန်းချုပ်လိုက်ရ၏။ သူသည် လီယွမ်ဖုန်းနှင့် ရန်ထျန်းဟောက်တို့ဘက် လှည့်ကြည့်လိုက်သည်။ "မင်းတို့ တကယ် စိုးရိမ်မနေကြဘူးလား။"

လီယွမ်ဖုန်းနှင့် ရန်ထျန်းဟောက်တို့က တစ်ပြိုင်နက်တည်း ခေါင်းခါလိုက်ကြ၏။

လီယွမ်ဖုန်းသည် လင်းချန်နှင့် အချိန်အတော်ကြာ အတူရှိခဲ့သဖြင့် လင်းချန် ဘာလုပ်နိုင်သည်ကို သိရှိပြီးသား ဖြစ်၏။ ရန်ထျန်းဟောက်မှာမူ လင်းချန်က သူ့အသက်ကို ကယ်ခဲ့သည်ကို ကြုံဖူးသည့်အပြင် လင်းချန်တစ်ဦးတည်း အရိပ်မဲ့မျိုးနွယ်ကို ဟင်းလင်းပြင်ထဲမှ မည်သို့ နှင်ထုတ်ခဲ့သည်ကိုပါ မျက်မြင်တွေ့ခဲ့ရသူ ဖြစ်ပေသည်။

မည်သည့် အကြောင်းကြောင့်မှန်း မသိသော်လည်း သူတို့သည် လင်းချန်က ချင်ဖေးယွီနှင့် အခြားသူများကို ကိုယ်ပိုင်ခွန်အားဖြင့် ကျိန်းသေပေါက် အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်နေကြ၏။

ဝေဟင်ထက်၌မူ လင်းချန်သည် သူ့ထံ ချဉ်းကပ်လာသည့် ချင်ဖေးယွီနှင့် အခြားသူများကို ကြည့်ကာ သူတို့၏ မျက်ဝန်းများရှိ ဖုံးကွယ်မထားသော သတ်ဖြတ်လိုစိတ်များကို မြင်သည့်အခါ ရယ်မောလိုက်သည်။ "ဟားဟား... ဘာလဲ၊ ကျုပ်ကို သတ်ချင်နေကြတာလား။"

လင်းချန် စကားအဆုံး၌ ချင်ဖေးယွီ ပြန်လည် ဖြေကြားခြင်း မပြုတော့ဘဲ လက်ဝှေ့ယမ်းလိုက်၏။ "တိုက်ကြ။"

ချင်ဖေးယွီ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် နောက်ကွယ်ရှိ စစ်သူကြီး ငါးဦးမှာ စတင် လှုပ်ရှားလိုက်ကြပြီး တောက်ပသည့် ရွှေရောင်စိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ သူတို့အားလုံးသည် ထက်မြက်သော ရွှေဓာတ်စိတ်ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြ၏။

ထို့ပြင် အသွင်ပြောင်းထားသည့် မူလလက်နက်များမှာလည်း ချင်ဖေးယွီကဲ့သို့ပင် ရွှေရောင်ဓားများ ဖြစ်ကြပြီး ထက်ရှသော အရှိန်အဝါများ ထွက်ပေါ်နေကာ မည်သည့်အရာကမျှ ထိုးဖောက်နိုင်စွမ်းကို ခုခံနိုင်မည် မဟုတ်သယောင်ပင် ရှိသည်။

အပြည့်အဝ လက်နက်တပ်ဆင်ထားသည့် စစ်သူကြီး ငါးဦးသည် လင်းချန်ကို အရပ်မျက်နှာ ငါးခုမှနေ၍ တင်းကျပ်စွာ ဝိုင်းရံထားကြပြီး သူတို့၏ အရှိန်အဝါများမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျက် ကြီးမားသော ပိုက်ကွန်ကြီးတစ်ခုအသွင် ဖြစ်ပေါ်နေ၏။

ထိုအရှိန်အဝါ ပိုက်ကွန်ကြီးမှာ လင်းချန်ကို အပေါ်မှ လွှမ်းခြုံထားပြီး စစ်သူကြီးများသည် ရွှေရောင်ဓားများကို ကိုင်ဆောင်ကာ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် လင်းချန်ထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာကြသည်။

တစ်ချိန်တည်းမှာပင် ရွှေဓာတ်စိတ်ဝိညာဉ်စွမ်းအားဖြင့် ဖွဲ့စည်းထားသည့် ဧရာမဓားအရှိန်အဝါကြီးတစ်ခုသည်လည်း လင်းချန်၏ ဦးခေါင်းထက်၌ ဖြစ်ပေါ်လာပြီး မည်သည့်အချိန်၌မဆို ပိုင်းချရန် အသင့်ရှိနေသည်။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၁၁ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters