← Chapters

အခန်း ၃၁၂

Vol. 32 Ch. 312

အခန်း ၃၁၂

Vol. 32 Ch. 312

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၁၂

ဘာသာပြန် - Ko Yoohtoo

True Immortal Team

စစ်သူကြီးငါးဦးလုံး တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြ၏။

​"သတ်ကြစမ်း..."

​သူတို့၏ ရွှေရောင်ဓားများမှ တောက်ပသည့် ရွှေရောင် ဓားအရှိန်အဝါများ ထွက်ပေါ်လာကာ အရပ်မျက်နှာ ငါးခုမှ လင်းချန်ထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြ၏။ ထိုရွှေရောင် ဓားချီအရှိန်အဝါကြီးက လင်းချန်၏ နောက်ဆုတ်လမ်းကို လုံးဝ ပိတ်ဆို့ထားလေပြီ။

​ရွှီးးး

​လင်းချန်၏ ဦးခေါင်းထက်ရှိ လေထုကို ခွင်းလျက် ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာပြီး ရွှေရောင် ဓားချီအရှိန်အဝါကြီးတစ်ခုက သူ၏ နဖူးတည့်တည့်ဆီသို့ ပိုင်းချလာ၏။ ထိုရွှေရောင် ဓားအရှိန်အဝါ၏ အလျင်မှာ အလွန်တရာ မြန်ဆန်လှသဖြင့် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာကာ ရှောင်တိမ်းရန် အချိန်ပင် မရနိုင်ပေ။

​လင်းချန်သည် သူ့ထံသို့ ဝိုင်းရံလာသည့် ဓားချီအရှိန်အဝါများကို တစ်ချက်ကြည့်လိုက်ပြီးနောက် အထက်သို့ မော့ကြည့်လိုက်ရာ မျက်ဝန်းထဲ၌ ကြီးမားလာသော ရွှေရောင်ဓားကြီးကို မြင်လိုက်ရသော်လည်း သူ၏ မျက်နှာ၌မူ လှောင်ပြောင်သည့် အမူအရာတစ်ခုသာ ရှိနေသည်။

​လင်းချန်သည် မည်သို့မျှ ရှောင်တိမ်းခြင်းမရှိဘဲ မောက်မာစွာ ရပ်နေသည်ကို မြင်သည့်အခါ ချင်ဖေးယွီ၏ မျက်နှာ၌ ရက်စက်သော အပြုံးတစ်ခု ပေါ်လာ၏။ ရွှေဓားငါးချက်ဖြတ်သန်းခြင်း၏ စွမ်းအားမှာ ခန္ဓာကိုယ်တစ်ခုတည်းဖြင့် ခုခံနိုင်သည့် အရာမဟုတ်ပေ။

​ဘုန်းးး ဘုန်းးး ဘုန်းးး

​ချင်ဖေးယွီ၏ အော်ဟစ်သံနှင့်အတူ ဓားအရှိန်အဝါ ငါးလွှာနှင့် ကောင်းကင်ယံမှ ဧရာမ ဓားကြီးတို့သည် လင်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ တစ်ပြိုင်နက်တည်း ကျရောက်သွားသည်။

​လေထုထဲ၌ တောက်ပသည့် ရွှေရောင်အလင်းတန်းများ ပြည့်နှက်သွားပြီး စိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲမှုကြောင့် နားကွဲမတတ် ကျယ်လောင်သော အသံကြီးမှာ ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွား၏။ စောင့်ကြည့်နေသူများသည် ဝေဟင်ထက်ရှိ ထူထပ်သည့် မြူခိုးများဆီသို့ ကြည့်လိုက်ကြပြီး လင်းချန် အသက်ရှင်နေသေးသလားဆိုသည်ကို သိနိုင်ရန် ထိုနေရာရှိ အရှိန်အဝါကို အာရုံခံကြည့်နေကြသည်။

​ပြင်းထန်လှသည့် တိုက်ခိုက်မှု၏ အကျိုးဆက်ကို အာရုံခံမိသောအခါ ဖန်ဇီချန်သည် ခါးသီးစွာ ပြုံးလိုက်မိ၏။ သူက စိတ်ထဲမှ တွေးတောလိုက်သည်။

​"ဒီစွမ်းအားက ငါထင်ထားတာထက် ပိုနေပြီ။ တကယ်လို့ ဒီကလေးသာ တစ်ခုခုဖြစ်သွားရင် အိမ်က အဘိုးကြီး ငါ့ကို သတ်ပစ်လိမ့်မယ်။"

​ကျောက်လုံ၏ မျက်လုံးများက ကောင်းကင်ယံမှ မြူခိုးများဆီသို့ မမှိတ်မသုန် စိုက်ကြည့်နေကာ ယုံကြည်ချက်အပြည့်ရှိသည့် အသံဖြင့် ထွက်ပေါ်လာ၏။

​"ဒီလောက် တိုက်ခိုက်မှုမျိုးက ဧကရာဇ်ရဲ့ အသက်ကို ယူဖို့ မလုံလောက်ပါဘူး။"

​လင်းချန် တိုက်ရိုက်ထိမှန်သွားသည်ကို မြင်လိုက်ရသည့်အခါ ချင်ယီယီသည်လည်း ကျေနပ်စွာ ပြုံးလိုက်မိ၏။ ရွှေဓားငါးချက်ဖြတ်သန်းခြင်းကို ရင်ဆိုင်နေရပါလျက်နှင့် မရှောင်တိမ်းသည်မှာ တကယ်ကို အဓိပ္ပာယ်မရှိဘဲ ရယ်စရာကောင်းလှသည်ဟု သူမက တွေးလိုက်သည်။

​ရွှီးးး

​ချင်ယီယီ နှာခေါင်းရှုံ့လိုက်ရုံရှိသေး၊ ကြယ်တာရာ အလင်းတန်းများ ပြည့်နှက်နေသည့် ဓားချီအရှိန်အဝါတစ်ခုသည် ပိုင်းချလာပြီး သူမ၏ ပါးပြင်ကို ပွတ်ကာ ဖြတ်သန်းသွား၏။ ချက်ချင်းဆိုသလိုပင် သူမ၏ ပါးပေါ်၌ ပြတ်ရှဒဏ်ရာတစ်ခု ထွက်ပေါ်လာပြီး သွေးများ စတင်စီးကျလာသည်။

​ချင်ယီယီသည် ယီစင်းကို ကြည့်လိုက်ရာ ယီစင်းသည် လင်းချန် တိုက်ခိုက်ခံရမှုအပေါ် စိတ်ပျံ့လွင့်ခြင်း မရှိဘဲ အေးစက်သည့် အမူအရာ၊ အသည်းခိုက်မတတ် သတ်ဖြတ်လိုစိတ်များဖြင့် သူမအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

​ယီစင်းသည် ကြယ်တာရာ အလင်းတန်းများ ဝန်းရံလျက် အလွန်တရာ အေးစက်သည့် လေသံဖြင့် ပြောလိုက်၏။

​"နင် ငါ့ကို ပေးခဲ့တဲ့ အရှက်ခွဲမှုတွေကို နှစ်ဆပြန်ပေးမယ်။"

​ချင်ယီယီသည် ယီစင်းကို ဒေါသတကြီး ကြည့်လိုက်သော်လည်း စိတ်ထဲ၌မူ ဝေခွဲမရဖြစ်နေ၏။ တစ်ဖက်လူမှာ ခန္ဓာအဆင့်သို့ ချိုးဖျက်နိုင်ရုံသာ ရှိသေးသော်လည်း သူမ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သူမထက် များစွာ သာလွန်နေသည်ကို လုံးဝ နားမလည်နိုင်ပေ။

​ချင်ယီယီသည် ယီစင်းကို နားမလည်နိုင်စွာ အော်မေးလိုက်၏။

​"နင့်ချစ်သူက ငါ့အစ်ကိုတော်ရဲ့ လက်ထဲမှာ သေသွားမှာကို မစိုးရိမ်ဘူးလား။"

​ကိုယ့်ချစ်သူမှာ အန္တရာယ်ရှိနေပါလျက် ယီစင်းသည် မည်သို့ကြောင့် ဤမျှ တည်ငြိမ်နေနိုင်ရသနည်း။ သူမ၏ နှလုံးသားမှာ လုံးဝပင် လှုပ်ခတ်ခြင်း မရှိပေ။

​လင်းချန်အကြောင်း ပြောလိုက်သည့်အခါ ယီစင်း၏ မျက်နှာမှာ ကြယ်တာရာ အလင်းတန်းများအောက်၌ အပြုံးတစ်ခု ပေါ်လာပြီး သူမ၏ မေးစေ့ကို အနည်းငယ် ပင့်လိုက်ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။

​"ငါ့ရဲ့ စေ့စပ်ထားသူက ဘယ်တော့မှ မရှုံးဘူး။"

​ဝုန်းးး

​စိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် အဖြူရောင်မြူခိုးများအတွင်းမှ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာပြီး လင်းချန်၏ ငြိမ်သက်နေသည့် အရှိန်အဝါသည် ပြန်လည် ပေါက်ကွဲထွက်လာကာ ခမ်းနားထည်ဝါသော ဧကရာဇ်၏အာဏာ အရှိန်အဝါများ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွား၏။

​ဤဖိအားကြောင့် လူအများ၏ မျက်နှာများမှာ ပြောင်းလဲသွားကြပြီး ထိုပြင်းထန်လှသည့် ဖိအားကို ခုခံရန်အတွက် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားများကို အလိုအလျောက် အသုံးပြုလိုက်ကြရသည်။

​အားးး ဝေါးးး

​ရှည်လျားလှသည့် နဂါးဟိန်းသံကြီးတစ်ခု ရုတ်တရက် ပဲ့တင်ထပ်သွားပြီးနောက် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်နေသော ရေငွေ့မြူခိုးထူထူကြီးမှာ လေပြင်းတစ်ချက်ကြောင့် လွင့်စင်သွား၏။

​နီရဲသည့် နတ်နဂါး ကိုးကောင်သည် သူတို့၏ ခန္ဓာကိုယ်များကို လိမ်ယှက်လျက်၊ မိုးကြိုးလျှပ်စီးများ တဖျပ်ဖျပ်တောက်ကာ သူ၏ ပတ်ပတ်လည်၌ ရစ်ပတ်နေကြပြီး လင်းချန်၏ ပုံရိပ်ကို မည်သည့် ဟာကွက်မျှ မရှိစေရန် အကာအကွယ် ပေးထားသည်။

​လင်းချန်၏ ခန္ဓာကိုယ်ပေါ်၌ တောက်ပသည့် ဧကရာဇ်၏ စိတ်ဝိညာဉ်စွမ်းအားများမှာ တောက်လောင်နေပြီး တစ်ဝက်တစ်ပျက် မြင်သာနေသော မီးလျှံများမှာ သူ၏ ဧကရာဇ်ကောင်းကင် ဝတ်ရုံပေါ်၌ ကပ်ငြိနေ၏။

​လင်းချန်သည် သူ၏ လက်မောင်းများကို မြှောက်ကာ ကိုယ်ပေါ်ရှိ ဧကရာဇ်ကောင်းကင်ဝတ်ရုံကို တစ်ချက်ကြည့်လိုက်ပြီးနောက် အံ့အားသင့်ကာ ကြည့်နေသည့် ချင်ဖေးယွီကို လှောင်ပြောင်သည့်အနေဖြင့် ပြုံးကာ ချီးကျူးလိုက်သည်။

​"ကျုပ် ဝန်ခံရလိမ့်မယ်... ဒီတိုက်ကွက်က တကယ် အစွမ်းထက်တယ်။ ကျုပ်သာ ဒီဧကရာဇ်ဝတ်ရုံကို မဖန်တီးနိုင်ခဲ့ရင် တကယ်ပဲ ဒဏ်ရာရသွားနိုင်တယ်။"

​ထိုခဏ၌ ဝေဟင်ထက်ရှိ လင်းချန်မှာ သူ၏တိုင်းပြည်ရှိ တောတောင် ရေမြေများကို ငေးမောကြည့်ရှုနေသည့် အထွတ်အထိပ် ဧကရာဇ်တစ်ပါးနှင့် တူလှပြီး သူ၏ စိတ်ဆန္ဒတစ်ခုတည်းဖြင့်ပင် အခြားသူများကို ဖိနှိပ်ထားလိုက်သည်။

​စကားပင် မပြောနိုင်လောက်အောင် ဖြစ်နေသည့် ဖန်ဇီချန်ကို ပုတ်ကာ လီယွမ်ဖုန်းက ဂုဏ်ယူစွာ မေးလိုက်၏။

​"ဘယ်လိုလဲ... ညီနောင်လင်းက အဆင်ပြေမှာပါလို့ ငါ မပြောခဲ့ဘူးလား။"

​ဖန်ဇီချန်မှာ ပါးစပ်အဟောင်းသား ဖြစ်နေပြီး အတော်ကြာမှပင် အတင်းအကြပ် ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။ ကြည့်ရသည်မှာမူ သူ ပြန်ရောက်လျှင် အဘိုးကြီး၏ ဆူပူမှုကို ခံရတော့မည် မဟုတ်ပေ၊ လင်းချန်က သူ၏ဘာသာသူ အကုန်လုံးကို ဖြေရှင်းနိုင်နေသည် မဟုတ်ပါလော။

​တစ်ချိန်တည်းမှာပင် ချင်ယီယီသည်လည်း ဝေဟင်ထက်၌ ဒဏ်ရာတစ်စုံတစ်ရာ မရှိဘဲ ရပ်နေသည့် လင်းချန်ကို ကြည့်ကာ အံ့ဩနေမိ၏။ လင်းချန်သည် ရွှေဓားငါးချက်ဖြတ်သန်းခြင်းကို မည်သို့ ခုခံနိုင်သည်ကို သူမ လုံးဝ စဉ်းစား၍ မရနိုင်ချေ။

​နောက်တစ်စက္ကန့်၌ ကြယ်တာရာ အလင်းတန်းများ ဖြာထွက်နေသည့် ဓားရှည်တစ်လက်မှာ သူမ၏ မျက်နှာဆီသို့ ထိုးစိုက်လာသဖြင့် သူမအနေဖြင့် အာရုံစူးစိုက်ကာ မောက်မာနေသော ယီစင်းကို ပြန်လည် ခုခံရတော့သည်။

​ရွှေဓားငါးချက်ဖြတ်သန်းခြင်း ကျရှုံးသွားမှုသည် လူတိုင်းကို အံ့ဩစေသကဲ့သို့ ချင်ဖေးယွီကိုလည်း ထိတ်လန့်သွားစေ၏။

​ချင်ဖေးယွီ၏ စစ်သူကြီး ငါးဦးသည် များသောအားဖြင့် တစ်ညီတစ်ညွတ်တည်း လှုပ်ရှားကြပြီး သူတို့၏ ပူးပေါင်းစိတ်ဝိညာဉ်စွမ်းရည်ဖြစ်သည့် ရွှေဓားငါးချက်ဖြတ်သန်းခြင်းဖြင့် သန်မာသော ရန်သူပေါင်းများစွာကို သတ်ဖြတ်ဖူး၏။ ယင်းသည် သူတို့၏ အသေအချာ သတ်ဖြတ်နိုင်သည့် ဓားချက် ဖြစ်သော်လည်း ထိုပြီးပြည့်စုံသော သတ်ဖြတ်လက်နက်မှာ လင်းချန်၏ ရှေ့၌မူ ပျက်ပြားသွားလေပြီ။

​ချင်ဖေးယွီ၏ စိတ်ထဲ၌ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာပြီး လင်းချန်သည် သူထင်ထားသည်ထက် ပို၍ သန်မာနေကြောင်း သိလိုက်ရ၏။ ချင်ဖေးယွီက စိတ်ထဲမှ ဟိန်းဟောက်လိုက်သည်။

​"သူ အသက်ရှင်နေလို့ မဖြစ်ဘူး။ ကျိန်းသေပေါက် သေရမယ်။"

​ထို့နောက် သူ၏ စိတ်ဝိညာဉ်စွမ်းအားများမှာလည်း ဆူပွက်လာကာ စစ်သူကြီး ငါးဦးကို ချက်ချင်း ရှေ့တက်ရန် စိတ်ဝိညာဉ်ဖြင့် အမိန့်ပေးလိုက်သည်။ သူကိုယ်တိုင်မှာမူ ရှေ့သို့ တိုးမလာဘဲ အမှောင်ထဲမှနေ၍ အခြေအနေကို စောင့်ကြည့်ကာ အခွင့်အရေးကောင်းကို ငြိမ်သက်စွာ စောင့်ဆိုင်းနေ၏။

​အမှန်စင်စစ် လက်အောက်ငယ်သားများဆိုသည်မှာ သူတို့၏ ခေါင်းဆောင်အတွက် အသက်စွန့်ပြီး အခွင့်အရေး ဖန်တီးပေးရန် မဟုတ်ပါလော။ စစ်သူကြီး ငါးဦး ရှေ့သို့ ပြေးဝင်သွားသည်ကို မြင်ရသော်လည်း ချင်ဖေးယွီသည် သူတို့ သေဆုံးသွားမည်ကို အနည်းငယ်မျှပင် နှမြောခြင်း မရှိပေ။

​သို့သော် ရှေ့သို့ ပြေးဝင်သွားကြသည့် စစ်သူကြီး ငါးဦးမှာ လင်းချန်သည် အံ့ဩဖွယ်ကောင်းသော အလျင်ဖြင့် သူတို့ထံသို့ ချဉ်းကပ်လာပြီး ဝိုင်းရံမှုအတွင်းမှ ရုန်းထွက်သွားသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားကြသည်။

​ထို့ပြင် စစ်သူကြီး ငါးဦး၏ နောက်ကွယ်ရှိ ဝေနိုင်ငံမှ မင်းသားမှာမူ လင်းချန်သည် သူ့ထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာသည်ကို မြင်လိုက်ရသည့်အတွက် လုံးဝ ထိတ်လန့်သွား၏။ လင်းချန် သူ့ထံသို့ ပြေးဝင်လာသည်ကို မြင်သည့်အခါ ဝေနိုင်ငံမှ မင်းသားသည် သူ၏ ဘေးရှိ လူလေးဦးကို ထိတ်လန့်တကြား အော်ခိုင်းလိုက်သည်။

​"ငါ့ကို ကာကွယ်ကြ... မြန်မြန် ငါ့ကို ကာကွယ်ကြစမ်း။"

​လင်းချန် ပြသသည့် စွမ်းအားမှာ သူ၏ မျှော်လင့်ချက်များထက် များစွာ ကျော်လွန်နေသည် မဟုတ်ပါလော။ ဝေနိုင်ငံ မင်းသား၏ အစီအစဉ်မှာ ရိုးရှင်းလှ၏။ လင်းချန်ကို သူ၏ ရှေ့၌ တားဆီးထားပြီး ချင်မင်းဆက်မှ စစ်သူကြီး ငါးဦး ရောက်လာသည်အထိ စောင့်ဆိုင်းရန် ဖြစ်သည်။ လူအင်အား ပိုများလာပြီး ခွန်အား ပိုကြီးလာလျှင် လူတစ်ယောက်တည်းကို မနှိမ်နင်းနိုင်ဘဲ နေမည်လား။

​ဝေနိုင်ငံ မင်းသား ထိုသို့ တွေးနေစဉ်မှာပင် လင်းချန်သည် သူတို့ထံသို့ ရောက်ရှိလာပြီ ဖြစ်ပြီး သူ၏ နောက်ကွယ်၌လည်း ချင်မင်းဆက် စစ်သူကြီး ငါးဦးမှာ ထပ်ချပ်မခွာ လိုက်ပါလာကြ၏။

​ဝေနိုင်ငံမင်းသားသည် သူ၏ ကိုယ်ရံတော်လေးဦး နောက်ကွယ်၌ ပုန်းအောင်းနေသည်ကို မြင်လိုက်ရသည့်အခါ လင်းချန်၏ မျက်နှာ၌ အထင်မြင်သေးသည့် အမူအရာတစ်ခု ပေါ်လာ၏။

​"ဒီလောက်အထိ သူရဲဘောကြောင်နေတာတောင်... မင်းက စကားကြီးစကားကျယ်တွေ ပြောရဲသေးတာလား။"

​လင်းချန်၏ စကားအဆုံး၌ သူ၏ ပတ်လည်၌ ရစ်ခွေနေသည့် နဂါးကိုးကောင်သည် ရုတ်တရက် တစ်နေရာတည်းသို့ စုစည်းသွားပြီး အရွယ်အစားမှာလည်း သေးငယ်သွားသည်။

​ထိုသို့ သေးငယ်သွားသည့် နဂါးကိုးကောင်မှာ မိုးကြိုးလျှပ်စီးဓားအတွင်းသို့ တိုးဝင်သွားကြပြီး ဓားပေါ်ရှိ စုစည်းနေသော ရွှေနီရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအားများပေါ်၌ နဂါးကိုးကောင်၏ ပုံရိပ်များမှာ အရေးအကြောင်းသဖွယ် ထင်ဟပ်လာ၏။

​ထို့အပြင် လင်းချန်၏ အရှိန်အဝါမှာလည်း ရုတ်ချည်း ပြောင်းလဲသွား၏။ အစောပိုင်းက အရပ်မျက်နှာ အသီးသီးကို ဧကရာဇ်၏ အရှိန်အဝါဖြင့် ဖိနှိပ်ထားသည့် ခမ်းနားထည်ဝါမှုမျိုး ရှိခဲ့သော်လည်း ယခုအခါ၌မူ လင်းချန်မှာ အလွန်တရာ အေးဆေးတည်ငြိမ်သွားပြီး ခန္ဓာကိုယ်မှ ပြင်းထန်သော ဖိအားများမှာလည်း လုံးဝ ပျောက်ကွယ်သွားသယောင် ရှိနေသည်။

​သို့သော် ထိုသည်မှာ လင်းချန်၏ ခွန်အား လျော့နည်းသွားခြင်းကို ဆိုလိုသည်မဟုတ်ပေ။

​ရှေ့သို့ တိုးဝင်လာသည့် ဝေနိုင်ငံမင်းသား၏ ကိုယ်ရံတော် လေးဦးကို ရင်ဆိုင်ရာ၌ လင်းချန်၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိချေ။ သူသည် လက်ထဲရှိ မိုးကြိုးလျှပ်စီးဓားကို မြှောက်ကာ မူလလက်နက် လှံတံကို ကိုင်ဆောင်ထားသော ကိုယ်ရံတော်တစ်ဦးထံသို့ အားကုန် ပိုင်းချလိုက်သည်။

​သာမန်ဓားရှည်များထက် ဗျက် ပိုမိုကျယ်ပြန့်သည့် မိုးကြိုးလျှပ်စီးဓားသည် ကိုယ်ရံတော်၏ လှံတံနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ရုတ်တရက် ရပ်တန့်သွား၏။

​နောက်တစ်စက္ကန့်၌ လှံကို ကိုင်ထားသည့် ဝေနိုင်ငံ ကိုယ်ရံတော်မှာ သူ၏ လှံတံတစ်လျှောက် စီးဝင်လာသော လွန်ကဲလှသည့် အင်အားကြီးတစ်ခုကို ပြင်းထန်စွာ ခံစားလိုက်ရ၏။ သူသည် သူ၏ ပတ်လည်ရှိ စိတ်ဝိညာဉ်စွမ်းအား အကာအကွယ်မှာ ချက်ချင်းပင် အလင်းစက်များအဖြစ် ကြေမွသွားသည်ကို မြင်လိုက်ရပြီး လက်ထဲရှိ လှံတံမှာလည်း သတ္တုစများအဖြစ် တစ်စစီ ပေါက်ကွဲသွားကာ ထိုနှိုင်းယှဉ်၍မရသည့် စွမ်းအားမှာ သူ၏ ရင်ဘတ်အတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားသည်။

​ထိုကိုယ်ရံတော်မှာ သတိရှိနေဆဲပင် ဖြစ်သော်လည်း လင်းချန်သည် သူ၏ ဘေးမှ ဖြတ်ကျော်ကာ ကျန်ကိုယ်ရံတော် သုံးဦးထံသို့ ဦးတည်သွားလေပြီ။ လင်းချန်သည် အမှတ်စဉ်များကို ရေတွက်နေရင်း သူ၏ ဓားဖြင့် ကိုယ်ရံတော်လေးဦး၏ လက်ထဲရှိ မူလလက်နက်များကို တိုက်ရိုက် ထိမှန်စေလိုက်သည်။

​"တစ်... နှစ်... သုံး... လေး..."

​ဝေနိုင်ငံမင်းသား၏ အကြည့်မှာ လင်းချန်ကို ကျော်လွန်ကာ နောက်ဘက်သို့ ရောက်ရှိသွားပြီး မျက်နှာမှာ ဖြူလျော်သွား၏။ အဘယ်ကြောင့်ဆိုသော် သူ၏ ကိုယ်ရံတော် လေးဦးစလုံးမှာ သွေးရောင်စုံပူပေါင်းများကဲ့သို့ ဝေဟင်ထက်၌ ပေါက်ကွဲထွက်သွားသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။

​ဝေနိုင်ငံမင်းသားသည် ဒေါသတကြီးနှင့် ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

​"အားးး"

​ထို့နောက် သိုင်းဝိညာဉ်အသွင်ပြောင်းခြင်းကို အသုံးပြုကာ ဓားမြှောင်တစ်စုံကို ဖန်တီးလိုက်ပြီး လင်းချန်ထံသို့ ရူးသွပ်စွာ ပိုင်းချလိုက်သည်။

​ဘန်းးး

​လင်းချန်၏ လည်ပင်း တစ်ဖက်တစ်ချက်စီကို ပစ်မှတ်ထားကာ ပိုင်းချလိုက်သည့် ဓားမြှောင်နှစ်လက်မှာ လင်းချန်၏ ရွှေနီရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအားများကို အားကုန် အားစိုက်ကာ ထိုးဖောက်ပြီးနောက် သူ၏ အရေပြားနှင့် ထိတွေ့သွားသည်။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၁၂ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters