← Chapters

အခန်း ၃၁၃

Vol. 32 Ch. 313

အခန်း ၃၁၃

Vol. 32 Ch. 313

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၁၃

ဘာသာပြန် - Ko Yoohtoo

True Immortal Team

"ဟမ်..."

​ဝေနိုင်ငံမင်းသား၏ လက်များမှာ ထုံကျင်သွားရ၏။ သူ၏ ဓားမြှောင်နှစ်လက်မှာ ပြိုင်ဘက်၏ အရေပြားကို အနည်းငယ်မျှပင် ပြတ်ရှစေခြင်း မရှိသည်ကို သိလိုက်ရသည့်အတွက် ဖြစ်သည်။

​သူ အားကုန် ထိုးချလိုက်သည့် တိုက်ကွက်မှာ လင်းချန်၏ စိတ်ဝိညာဉ်စွမ်းအား အကာအကွယ်ကိုသာ အနိုင်နိုင် ထိုးဖောက်နိုင်ခြင်း ဖြစ်၏။

​အခြားသော သိုင်းဝိညာဉ်ပညာရှင်များနှင့် နှိုင်းယှဉ်လျှင် လင်းချန်၏ ခန္ဓာကိုယ်ခွန်အားမှာ သူ၏ စိတ်ဝိညာဉ်စွမ်းအားထက် များစွာ သာလွန်နေသည်မှာ သိသာလှပေသည်။

​ဝေနိုင်ငံမင်းသားသည် သူအစောပိုင်းက ပြောခဲ့သည့် စကားများအတွက် နောင်တရမိသွား၏။ အကယ်၍ သူသာ ထိုစကားများကို မပြောခဲ့လျှင် လင်းချန်သည် သတ်ဖြတ်မည့် နည်းလမ်းကို အသုံးပြုမည် မဟုတ်ချေ။

​"ငါး..."

​လင်းချန်သည် မိုးကြိုးလျှပ်စီးဓားကို မြှောက်ကာ သူ၏ ညာလက်ဖြင့် ဓားရိုးကို ဆုပ်ကိုင်လိုက်ပြီး ဝေနိုင်ငံမင်းသားကို တည်ငြိမ်စွာ ကြည့်ကာ ဓားပြားဖြင့် ရိုက်ချလိုက်သည်။

​ဖြန်းးး။

​လင်းချန်သည် သူ၏ ဓားဖြင့် နောက်ဘက်သို့ ခပ်ပြင်းပြင်း ရိုက်ချလိုက်သည့်အခါ ဝေနိုင်ငံမင်းသားမှာ ပျောက်ကွယ်သွားပြီး နောက်မှ လိုက်ပါလာသည့် စစ်သူကြီး ငါးဦး၏ ရွှေရောင်မျက်နှာဖုံးများပေါ်၌ သွေးစများ စင်သွား၏။

​ဝေနိုင်ငံမှ လူငါးဦးအုပ်စုမှာ လင်းချန်၏ လက်ထဲ၌ မျက်စိတစ်မှိတ်အတွင်း အသက်ပေးလိုက်ရလေပြီ။

​သူ့ထံသို့ ပြေးဝင်လာသည့် စစ်သူကြီး ငါးဦးကို ဂရုမစိုက်ဘဲ လင်းချန်၏ အကြည့်မှာ သူတို့ကို ကျော်လွန်ကာ ထိတ်လန့်တုန်လှုပ်နေသော ကျိုးနိုင်ငံမင်းသား၏ မျက်နှာဆီသို့ ရောက်သွားသည်။

​လင်းချန်သည် မိုးကြိုးလျှပ်စီးဓားကို အထက်သို့ မြှောက်ကာ ပြုံးလိုက်၏။ "ခြောက်..."

​လင်းချန်၏ အသံအဆုံး၌ မိုးကြိုးလျှပ်စီးဓားမှာ ကျိုးနိုင်ငံမင်းသားရှိရာ အရပ်သို့ မညှာမတာ ပိုင်းချသွားသည်။

​ရွှေရောင်လျှပ်စီးဓားအရှိန်အဝါသည် ဧရာမ ဓားအလင်းတန်းကြီးအဖြစ် တောက်ပလာပြီး ကျိုးနိုင်ငံမင်းသားထံသို့ ဦးတည်သွား၏။

​ဓားအလင်းတန်းနောက်ကွယ်၌ ရွှေနီရောင် မိုးကြိုးလျှပ်စီးများ လိုက်ပါလာပြီး ဓားချီအရှိန်အဝါအတွင်း၌ နတ်နဂါးတစ်ကောင်၏ ပုံရိပ်မှာ ဝေဝါးစွာ ထင်ဟပ်နေကာ ကြီးမားလှသည့် အရှိန်အဝါတစ်ခုကို ဖန်တီးထားသည်။

​သွေးစများ စင်နေသည့် ရွှေရောင်မျက်နှာဖုံးများ နောက်ကွယ်ရှိ မျက်လုံးသူငယ်အိမ်များမှာ ရုတ်ခြည်း ကျုံ့သွားကြ၏။

​နားထဲ၌ ကြားနေရသည့် မိုးခြိမ်းသံကြီးမှာ နှလုံးသားထဲအထိ ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေပြီး သူတို့အားလုံးမှာ ထိတ်လန့်တကြားဖြင့် ဘေးဘက်သို့ အသည်းအသန် ရှောင်တိမ်းလိုက်ကြရသည်။

​လင်းချန်၏ ဓားချက်မှာ စစ်သူကြီး ငါးဦးကို သူ၏ရှေ့မှ လမ်းဖယ်ပေးရန် အတင်းအကြပ် စေခိုင်းလိုက်သကဲ့သို့ပင်။

​သူတို့ ရှောင်တိမ်းလိုက်သည်နှင့် တစ်ပြိုင်နက် စစ်သူကြီး ငါးဦးမှာ သူတို့ဘေးမှ ဖြတ်သန်းသွားသည့် ဓားချီအရှိန်အဝါ၏ အလျင်မှာ ရုတ်တရက် အဆပေါင်းများစွာ မြန်ဆန်သွားသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြ၏။

​သူတို့ မြင်လိုက်ရသည်မှာ ရွှေရောင်အလင်းတစ်ချက်သာ ဖြစ်ပြီး ထို့နောက်၌ ကျိုးနိုင်ငံမင်းသား၏ စူးရှသည့် အော်ဟစ်သံ ထွက်ပေါ်လာသည်။

​ကျိုးနိုင်ငံမင်းသားရှိရာသို့ လှည့်ကြည့်လိုက်သည့်အခါ လင်းချန်၏ ဓားချက်သည် မင်းသား၏ ဘယ်ဘက်ခြမ်းကို ပုခုံးမှနေ၍ ဘယ်ဘက်ရင်အုပ်အတွင်းရှိ နှလုံးအပါအဝင် တစ်ခုလုံးကို ပိုင်းဖြတ်သွားသည်ကို တွေ့လိုက်ရ၏။

​အော်ဟစ်သံမှာ လင်းချန်၏ ဓားချက်က မြန်ဆန်လွန်းလှသဖြင့် ခန္ဓာကိုယ်မှာ နှစ်ခြမ်းကွဲလျက် လျောကျသွားခြင်း မရှိသေးမီမှာပင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

​သို့သော် မင်းသား၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည့် ဓားချီအရှိန်အဝါမှာ ပျောက်ကွယ်မသွားဘဲ ထူးဆန်းစွာပင် တစ်နေရာ၌ ရပ်တန့်သွား၏။

​လင်းချန်က အေးစက်စွာ ပြောလိုက်သည်။ "ခုနစ်... ရှစ်... ကိုး... တစ်ဆယ်... ပေါက်ကွဲစမ်း။"

​ထိုခဏ၌ လင်းချန်၏ အသံ ထွက်ပေါ်လာပြီး တစ်နေရာ၌ ရပ်တန့်နေသော ဓားအရှိန်အဝါမှာ ရွှေနီရောင် မိုးကြိုးပင်လယ်ကြီးအဖြစ် ပေါက်ကွဲသွားရာ ကျိုးနိုင်ငံမှ ကျန်ရှိနေသည့် ကိုယ်ရံတော် လေးဦးစလုံးမှာ မီးကျွမ်းနေသော အလောင်းများအဖြစ် ပြောင်းလဲသွားပြီး အောက်သို့ ပြုတ်ကျသွားကြ၏။

​စစ်သူကြီး ငါးဦး၏ ခန္ဓာကိုယ်များမှာ ကြောက်ရွံ့မှုကြောင့် တုန်ရီလာကြသည်။

​သို့သော် လင်းချန်မှာမူ ပြင်းထန်လှသည့် ဓားချီအရှိန်အဝါကို သူ၏စိတ်ကြိုက် လွယ်ကူစွာ ကိုင်တွယ်နေ၏။

​ဓားချီအရှိန်အဝါမှာ မြန်ဆန်လှသည်မှာ အမှန်ပင်ဖြစ်သော်လည်း လင်းချန်သည် ထိုအလျင်ကို ထူးဆန်းသည့် နည်းလမ်းဖြင့် နှေးကွေးအောင် ပြုလုပ်ပြီး စစ်သူကြီး ငါးဦးကို ထိုစွမ်းအားကို သိရှိစေကာ လမ်းဖယ်ပေးရန် ဖိအားပေး၏။

​ထို့နောက်မှ ကျိုးနိုင်ငံမင်းသားကို အရင်သတ်ပြီး ကျန်ကိုယ်ရံတော် လေးဦးကို ဆက်လက် သုတ်သင်လိုက်ခြင်း ဖြစ်သည်။

​လင်းချန်၏ အပြုအမူမှာ သူအစောပိုင်းက ပြောခဲ့သည့် စကားများနှင့် လုံးဝ ထပ်တူကျနေ၏။ သူတို့သည် လင်းချန်အတွက် ကစားစရာများသာ ဖြစ်ကြပြီး မည်သူက အရင်သေရမည်၊ မည်သည့်အစီအစဉ်ဖြင့် သေရမည်ကို လင်းချန်ကသာ ဆုံးဖြတ်နေခြင်း ဖြစ်သည်။

​မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းချန်သည် ဝေနိုင်ငံနှင့်ကျိုးနိုင်ငံမှ မင်းသားများအပါအဝင် သူတို့၏ ကိုယ်ရံတော်များကိုပါ အကုန်လုံး အမြစ်ပြတ် သုတ်သင်လိုက်လေပြီ။

​ထိုသို့သော အလျင်မျိုးမှာ ရင်သပ်ရှုမောဖွယ်ရာပင်။

​"တစ်ဆယ့်ငါး..."

​ထိုအချိန်မှာပင် စစ်သူကြီး ငါးဦးမှာ လင်းချန်၏ အကြည့်က သူတို့ထံသို့ ကျရောက်လာသည်ကို ထိတ်လန့်တကြား သိလိုက်ကြရသည်။ သူတို့သည် စိုးရိမ်တကြီးဖြင့် တံတွေးများကိုပင် မြိုချလိုက်မိ၏။

​စစ်သူကြီး ငါးဦး၏ ခေါင်းဆောင်က အော်ဟစ်လိုက်သည်။ "အစီအရင် ပြင်ကြစမ်း။"

​သူက ပထမဆုံး သတိဝင်လာပြီး သူ၏ အဖော်လေးဦးကို အသည်းအသန် အော်ဟစ် ခိုင်းစေလိုက်၏။

​လင်းချန်၏ ခွန်အားမှာ သူတို့၏ မျှော်လင့်ချက်များထက် ကျော်လွန်ရုံသာမက စိတ်ကူးယဉ်မှုများထက်ပင် ကျော်လွန်နေလေပြီ။

​ယခုအခါ ဓားအစီအရင်ကို ဖန်တီးပြီး သူတို့၏ ပူးပေါင်းတိုက်ကွက်ကို အသုံးပြုမှသာ လင်းချန်၏ လက်ထဲမှ အသက်ရှင်လွတ်မြောက်ရန် အခွင့်အရေး ရှိပေလိမ့်မည်။

​သို့သော် စစ်သူကြီး ငါးဦး၏ ခေါင်းဆောင် စကားပြောရုံရှိသေး၊ လင်းချန်မှာ သူ၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာသည်ကို တွေ့လိုက်ရ၏။

​လင်းချန်သည် မိုးကြိုးလျှပ်စီးဓားကို လက်တစ်ဖက်ဖြင့် ကိုင်ဆောင်ကာ ဝဲဘက်သို့ တစ်ပတ်လှည့်လျက် သူ၏ ခန္ဓာကိုယ်ကို အရှိန်ယူပြီးနောက် အားကုန် ရိုက်ချလိုက်သည်။

​ဘန်းးး။

​ကျယ်လောင်သည့် အသံကြီးနှင့်အတူ စစ်သူကြီး ငါးဦး၏ ခေါင်းဆောင်မှာ အမြောက်ဆန်တစ်ခုကဲ့သို့ လွင့်စင်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။

​လင်းချန်သည် သူ၏ ညာလက်ကို နဖူးပေါ်တင်ကာ အဝေးသို့ ငေးကြည့်ရင်း ချီးကျူးလိုက်သည်။ "တကယ်ကို စစ်သူကြီး ငါးဦးလို့ ခေါ်ထိုက်ပါတယ်ကွာ။ ငါ့ရဲ့ ဓားချက်ကို တိုက်ရိုက်ထိမှန်တာတောင် တစ်စစီ မကွဲသွားဘူးပဲ။ တကယ်ကို အထင်ကြီးစရာပဲ။"

​လင်းချန် စကားပြောပြီးသည်နှင့် သူသည် ထိုနေရာမှ ပျောက်ကွယ်သွားပြီးနောက် ကျယ်လောင်သည့် အသံ လေးသံ ထပ်မံ ထွက်ပေါ်လာ၏။

​ဘုန်းးး။ ဘုန်းးး။ ဘုန်းးး။ ဘုန်းးး။

​ကျန်ရှိနေသည့် စစ်သူကြီး လေးဦးစလုံးမှာ လူတိုင်း၏ အမြင်အာရုံမှ ပျောက်ကွယ်သွားပြီး လင်းချန်၏ ရိုက်ချက်ကြောင့် အဝေးသို့ လွင့်စင်သွားကြသည်။

​လင်းချန်၏ ပျော်ရွှင်နေသည့် အမူအရာကို ကြည့်ခြင်းအားဖြင့် စစ်သူကြီး ငါးဦးကို သူ၏ ဓားဖြင့် ဝေဟင်ထက်သို့ ရိုက်ထုတ်လိုက်ရခြင်းကို အလွန်ပင် နှစ်သက်သဘောကျနေကြောင်း သိသာလှ၏။

​သို့သော် ထိုအချိန်မှာပင် လီယွမ်ဖုန်းသည် တစ်ခုခု မှားယွင်းနေသည်ကို ရုတ်တရက် အာရုံခံမိသွားပြီး ယီစင်းရှိရာသို့ ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

​အဘယ်ကြောင့်ဆိုသော် ချင်ဖေးယွီသည် မည်သည့်အချိန်ကတည်းက ချဉ်းကပ်သွားသည်မသိ၊ ချင်ယီယီနှင့် တိုက်ပွဲပြင်းထန်နေသည့် ယီစင်း၏ ဘေးဘက်သို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည့်အတွက် ဖြစ်၏။

​လီယွမ်ဖုန်းက အော်ဟစ်လိုက်၏။ "ညီမလေး... သတိထား။"

​ထိုမြင်ကွင်းကို လှမ်းမြင်လိုက်သည်နှင့် လီယွမ်ဖုန်းသည် အလန့်တကြား အော်ဟစ်ကာ ယီစင်းရှိရာသို့ ပြေးဝင်သွားသည်။

​သူတင်မကဘဲ ဖန်ဇီချန်နှင့် ရန်ထျန်းဟောက်တို့သည်လည်း အခြေအနေကို ရိပ်မိသွားကြသဖြင့် အသည်းအသန် ကူညီရန် ပြင်လိုက်ကြ၏။

​သို့သော် ကျောက်လုံ၏ နတ်လှံတံမှာ သူတို့၏ ရှေ့၌ ပေါ်လာပြီး သူတို့သွားမည့်လမ်းကို ပိတ်ဆို့လိုက်ကာ နှာခေါင်းရှုံ့လိုက်သည်။ "ဘာတွေ လောနေကြတာလဲ။ ဧကရီကို ကာကွယ်ဖို့အတွက် အရှင်မင်းကြီးမှာ ကြိုတင်ပြင်ဆင်မှုတွေ မရှိဘူးလို့ မင်းတို့ ထင်နေကြတာလား။"

​ကျောက်လုံ၏ စကားကြောင့် လီယွမ်ဖုန်းမှာ ဇဝေဇဝါ ဖြစ်သွားပြီး ယီစင်းရှိရာသို့သာ အကြည့်လွှဲလိုက်မိ၏။

​ယီစင်းနှင့် မနီးမဝေး၌ ရှိနေသည့် ချင်ဖေးယွီ၏ မျက်နှာ၌ အောင်နိုင်သူတစ်ဦး၏ အမူအရာ ပေါ်လွင်နေသည်။

​လင်းချန်၏ အစောပိုင်း လှုပ်ရှားမှုများကို ကြည့်ခြင်းအားဖြင့် သူသည် လင်းချန်ကို ထိပ်တိုက်ရင်ဆိုင်ရာ၌ မယှဉ်နိုင်ကြောင်း အတည်ပြုပြီးသား ဖြစ်၏။

​သို့သော် ထိပ်တိုက်တိုက်ခိုက်ရာ၌ မနိုင်သော်လည်း ဉာဏ်ဆင်၍ မရနိုင်တော့ဘူးဟု ဆိုလိုပါသလော။

​လင်းချန် စတင်လှုပ်ရှားစဉ်က ပထမဆုံးအကြိမ်မှာ သူ၏ ညီမတော်ကို ဖမ်းဆီးပြီး ယီစင်းအား လက်စားချေခိုင်းခြင်း ဖြစ်သည်။

​ထို့အပြင် ဝေနိုင်ငံနှင့် ကျိုးနိုင်ငံမှ မင်းသားများကို အရင်ဆုံး သတ်ဖြတ်ပြီးမှ စစ်သူကြီး ငါးဦးကို တိုက်ခိုက်ခြင်းမှာလည်း ထိုမင်းသားများက ယီစင်းအပေါ် ရိုင်းစိုင်းသည့်အတွက် ရန်ငြိုးထားခြင်းကြောင့် ဖြစ်ကြောင်း ထင်ရှားလှ၏။

​ဤအချက်ကို ကြည့်ခြင်းအားဖြင့် လင်းချန်သည် ကြယ်တာရာစွမ်းအားကို ပိုင်ဆိုင်ထားသည့် ထိုမိန်းမသားကို မည်မျှအထိ မြတ်နိုးတန်ဖိုးထားကြောင်း သိသာလှသည်။

​အကယ်၍ သူသာ ထိုမိန်းမကို ဖမ်းဆီးနိုင်လျှင် လင်းချန်သည် သူခိုင်းသမျှကို လိမ်လိမ်မာမာ နာခံရတော့မည် မဟုတ်ပါလော။

​လီယွမ်ဖုန်း၏ သတိပေးသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ယီစင်းသည် သူမ၏ နောက်ကွယ်မှ ချင်ဖေးယွီ တိုက်ခိုက်လာသည်ကို အာရုံခံမိလိုက်၏။

​သို့သော် ချင်ယီယီမှာ သူမ၏ ရှေ့မှနေ၍ တင်းကျပ်စွာ ပိတ်ဆို့ထားသဖြင့် ရှောင်တိမ်းရန် မဖြစ်နိုင်တော့ချေ။

​ထိုသို့ တွေးမိသည်နှင့် ယီစင်းသည် သွားကို တင်းတင်းစေ့လျက် ချင်ယီယီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ "နင်က ငါ့ကို တားဆီးဖို့ ကြိုးစားနေမှတော့ ငါ့ကို ရက်စက်တယ်လို့ မဆိုနဲ့တော့။"

​သူမ၏ စိတ်ကူးနှင့်အတူ ကိုယ်ပေါ်ရှိ ဂါဝန်ဖြူမှ ကြယ်တာရာများမှာ ပိုမိုတောက်ပလာပြီး ငွေကြယ်ရောင်ဂါဝန်ဖြူမှ စွမ်းအားများအားလုံးမှာ သူမ၏ ကြယ်တာရာ ကျင့်စဉ် ဓားရှည်အတွင်းသို့ စီးဝင်သွားရာ လက်ထဲရှိ ဓားမှာ တောက်ပနေသည့် ကြယ်တစ်လုံးနှယ် ဖြစ်လာ၏။

​ယီစင်းက အေးစက်စွာ ပြောလိုက်သည်။ "ငါ့ကို တားဆီးချင်နေမှတော့ သေပေတော့။"

​ယီစင်း၏ လှပသော မျက်ဝန်းအစုံ၌ ရက်စက်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် သူမ၏ ကြယ်တာရာဓားရှည်ကို ချင်ယီယီထံသို့ ဦးတည်လိုက်သည်။

​သူမ၏ ဓားဖျားမှနေ၍ တောက်ပသော ကြယ်တာရာများ ပါဝင်သည့် ဥက္ကာခဲသဖွယ် ဓားအရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး ချင်ယီယီထံသို့ ကျရောက်သွား၏။

​ထိုဥက္ကာခဲကဲ့သို့သော ဓားချီအရှိန်အဝါမှာ ချင်ယီယီကို ပြင်းထန်စွာ ထိမှန်သွားပြီး သူမ၏ စိတ်ဝိညာဉ်စွမ်းအား အကာအကွယ်မှာ ထိုခမ်းနားလှသည့် ဓားချီအရှိန်အဝါရှေ့၌ စက္ကူပါးလေးနှယ် အလွယ်တကူပင် ကျိုးပျက်သွားရသည်။

​ချင်ယီယီမှာ ထိတ်လန့်တုန်လှုပ်သွားပြီး သူမ၏ ခန္ဓာကိုယ်အတွင်း၌ ကြယ်တာရာ ဓားချီအရှိန်အဝါများက ဖျက်ဆီးနေသည်ကို ခံစားလိုက်ရကာ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြယ်မှုန်များနှယ် လောင်ကျွမ်းသွား၏။

​ထို့နောက် နောက်ဆုံး၌ တဖြပ်ဖြပ်တောက်နေသည့် မီးပွင့်လေးများအဖြစ် ပြောင်းလဲကာ လေထုထဲ၌ လွင့်စင်သွားသည်။

​ချင်မင်းဆက်၏ ပဉ္စမမင်းသမီးမှာ ယီစင်း၏လက်ချက်ဖြင့် သေဆုံးသွားရလေပြီ။

​ချင်ဖေးယွီက အော်ဟစ်လိုက်၏။ "ညီမလေး။"

​ယီစင်းက ချင်ယီယီကို အမှန်တကယ် သတ်ပစ်လိုက်သည်ကို မြင်သည့်အခါ ချင်ဖေးယွီ၏ ရင်ဘတ်အတွင်း၌ ဒေါသများမှာ ပြင်းထန်စွာ တောက်လောင်လာသည်။

​အကယ်၍ ယီစင်းသာ သူ၏ လက်ထဲသို့ ကျရောက်လျှင် စိတ်ထဲမှ နာကြည်းမှုကို ဖြေဖျောက်ရန်အတွက် သူမအား နည်းမျိုးစုံဖြင့် နှိပ်စက်မည်ဟု သူ ကျိန်ဆိုလိုက်မိ၏။

​ချင်ဖေးယွီမှာ သူမထံသို့ အနီးကပ် ချဉ်းကပ်လာပြီး ရှောင်တိမ်းရန် လမ်းမရှိတော့သည်ကို မြင်သည့်အခါ ယီစင်းသည် စိတ်ကို တင်းလိုက်သည်။

​ထို့နောက် သူမ၏ ကြယ်တာရာ ဓားရှည်ကို မြှောက်ကာ ကိုယ့်နှလုံးသားကို ထိုးစိုက်ရန် ပြင်လိုက်၏။

​ယီစင်းသည် ချင်ဖေးယွီ၏ လက်ထဲသို့ ကျရောက်ပြီး လင်းချန်အား ခြိမ်းခြောက်ခံရမည့်အစား သေဆုံးသွားရန်သာ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

​သူမကို ဓားစာခံအဖြစ် ဖမ်းဆီးထားစဉ်အတွင်း ချင်ဖေးယွီက လင်းချန်ကို မည်မျှ ယုတ်ညံ့သည့် အရာများ ခိုင်းစေမည်ကို သူမ တွေးရုံနှင့်ပင် သိနေ၏။

​ချင်ဖေးယွီ မည်မျှပင် ရွံရှာဖွယ်ကောင်းသည့် တောင်းဆိုမှုမျိုး ပြုလုပ်ပါစေ လင်းချန်က နာခံလိမ့်မည်ဟုလည်း ယီစင်းက ယုံကြည်နေသည်။

​ထိုသို့ ဖြစ်မလာစေရန်အတွက် သေဆုံးသွားခြင်းက ပို၍ ကောင်းပေလိမ့်မည်။

​ချင်ဖေးယွီ၏ ယုတ်မာသည့် အကြံအစည်များကို အောင်မြင်ခွင့် လုံးဝ ပေးမည်မဟုတ်ပေ။

​ယီစင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ပြင်လိုက်စဉ်မှာပင် လင်းချန်၏ အသံမှာ သူမ၏ စိတ်ထဲ၌ ရုတ်တရက် ပဲ့တင်ထပ်သွား၏။ "ရှင်းရှင်း မိုက်မိုက်မဲမဲ မလုပ်နဲ့။ ငွေကြယ်ရောင်ဂါဝန်ဖြူမှာ နောက်ထပ် စွမ်းဆောင်ရည်တစ်ခု ရှိသေးတယ်။"

​လင်းချန်၏ အသံကြောင့် သူမ၏ နှလုံးသားဆီသို့ ဦးတည်နေသည့် ကြယ်တာရာဓားမှာ ခဏတာ ရပ်တန့်သွားပြီးနောက် သူမ၏ ရှေ့မှ မြင်ကွင်းမှာ ရုတ်ခြည်း ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သည်။

​သူမ၏ အနီးနားသို့ ရောက်ရှိနေသည့် ချင်ဖေးယွီမှာ ရုတ်တရက် အဝေးသို့ ရောက်သွားပြီး သူမမှာ အထက်မှနေ၍ သူ့ကို ငုံ့ကြည့်နေသည့် အနေအထား ဖြစ်သွား၏။

​ထိုခဏ၌ ချင်ဖေးယွီ တစ်ဟုန်ထိုး ပြေးဝင်နေသည့် ပုံရိပ်မှာ သူမ မဟုတ်တော့ဘဲ တောက်လောင်နေသော ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လင်းချန်သာ ဖြစ်နေသည်။

​ယီစင်းသည် ဘာဖြစ်သွားသည်ကို ချက်ချင်း နားလည်သွား၏။ သူမနှင့် လင်းချန်၏ တည်နေရာမှာ အပြန်အလှန် လဲလှယ်သွားခြင်း ဖြစ်သည်။

​လင်းချန်က ဖြည်းညှင်းစွာ ပြောလိုက်သည်။ "ကိုယ့်ရဲ့ ဧကရာဇ်ကောင်းကင်ဝတ်ရုံနဲ့ မိန်းရဲ့ ငွေကြယ်ရောင်ဂါဝန်ဖြူက ဆက်နွှယ်မှု ရှိတယ်။ ကိုယ် အလိုရှိတဲ့ အချိန်တိုင်းမှာ မိုင်တစ်ရာအတွင်း မိန်းနဲ့ ကိုယ် နေရာချင်း လဲလှယ်နိုင်တယ်။"

​လင်းချန်၏ ရှင်းပြချက်ကြောင့် ယီစင်းမှာ အကြောင်းရင်းကို ချက်ချင်း သိလိုက်ရပြီး မျက်ဝန်းမှ မျက်ရည်များမှာ စီးကျလာ၏။

​သူသည် သူမ အန္တရာယ်ရှိသည့် အချိန်၌ နေရာချင်း လဲလှယ်နိုင်ရန်အတွက် ဤစွမ်းဆောင်ရည်ကို လျှို့ဝှက်ထားခဲ့ခြင်း ဖြစ်သည်။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၁၃ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters