← Chapters

အခန်း ၃၁၄

Vol. 32 Ch. 314

အခန်း ၃၁၄

Vol. 32 Ch. 314

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၁၄

ဘာသာပြန် - Ko Yoohtoo

True Immortal Team

လင်းချန်သည် ယီစင်းအတွက် အန္တရာယ်မှန်သမျှကို ရင်ဆိုင်ရန် အမြဲတစေ အသင့်ရှိနေခဲ့ပါသည် မဟုတ်လော။

သို့သော်လည်း အစောပိုင်းက ယီစင်းအတွက် အန္တရာယ်ရှိနေသည့် အခြေအနေမှာ ယခုမူ နေရာချင်း လဲလှယ်သွားခဲ့ပြီးနောက် ချင်ဖေးယွီအတွက်သာ အန္တရာယ် ဖြစ်သွားလေပြီ။

ယီစင်း၏ ကျောပြင်ကို မြင်ရမည်ဟု ထင်မှတ်ထားသော ချင်ဖေးယွီမှာ လင်းချန်၏ အမျက်ဒေါသ ထွက်နေသော မျက်နှာကို မြင်လိုက်ရသည့်အခါ ရုတ်တရက် အခြေအနေ ပြောင်းလဲသွားမှုကြောင့် တုံ့ပြန်ရန် ခဏတာ ကြောင်သွားခဲ့ရ၏။

"ရွှေဓားကိုးချက်ဖြတ်သန်းခြင်း။"

လင်းချန်သည် သူ၏ ရှေ့မှောက်၌ ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ ချင်ဖေးယွီမှာ မလျှော့မပေါ့ ခုခံရန် ပြင်လိုက်၏။

သူ၏ ရင်ဘတ်ရှေ့၌ လက်မောင်းများကို ဖြန့်လိုက်ပြီး စက်ဝိုင်းပုံစံ ဆွဲလိုက်သည့်အခါ သူ၏ ရင်ဘတ်အလယ်တွင် ပျံဝဲနေသော ရွှေရောင်ဓားအတွင်းသို့ ရွှေဓာတ်စိတ်ဝိညာဉ်စွမ်းအားများ စီးဝင်သွားလေတော့သည်။

စိတ်ဝိညာဉ်စွမ်းအားများ စီးဝင်သွားသည်နှင့်အမျှ ဓားသွားပေါ်မှ ရွှေရောင်ဓားရိပ်များစွာမှာလည်း ထွက်ပေါ်လာပြီး အလယ်ရှိ ဆေဘာကို ဗဟိုပြုကာ လည်ပတ်နေကြ၏။

ချင်ဖေးယွီ၏ ရင်ဘတ်ရှေ့ရှိ ရွှေရောင်ဓားရိပ် ရှစ်ခုနှင့် အလယ်မှ ရွှေရောင်ဆေဘာမှာ လေထဲ၌ ကြီးမားလာခဲ့ပြီး သူသည် လင်းချန်နှင့် အကွာအဝေးကို ခွာရန် နောက်သို့ ဆုတ်လိုက်သည့်အခါ ဧရာမ ရွှေရောင်ဓားကြီး ကိုးလက်မှာ သူတို့ကြားရှိ ဟင်းလင်းပြင်၌ နေရာယူထားလေပြီ။

အနည်းငယ် စောင်းနေသော ရွှေရောင်ဓားကြီး ကိုးလက်မှာ ကြီးမားသော တောင်ထိပ် ကိုးခုကဲ့သို့ လင်းချန်ထံသို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာလေတော့၏။

လင်းချန်သည် မျက်ခုံးကို အနည်းငယ် တွန့်လိုက်ပြီး သူ၏ မျက်ဝန်းထဲ၌ ရွှေနီရောင် မိုးကြိုးအရိပ်အယောင်များ ပေါ်ထွက်လာ၏။

သူကိုင်ထားသော မိုးကြိုးလျှပ်စီးဓားမှ နဂါးဟိန်းသံနှင့် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး သူဝတ်ဆင်ထားသော ဧကရာဇ်ဝတ်ရုံမှာလည်း တဖျပ်ဖျပ် လှုပ်ခတ်နေကာ ရွှေနီရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်စွာ ဆူပွက်နေ၏။

မိုးကြိုးလျှပ်စီးဓားကို မြှောက်လျက် လင်းချန်သည် မျက်လုံးများကို တင်းမာစွာ ထားကာ ဒေါသတကြီး အော်ဟစ်လိုက်၏။

"လွင့်စင်သွားစမ်း။"

သူ၏ အော်ဟစ်သံနှင့်အတူ လက်ထဲမှ မိုးကြိုးလျှပ်စီးဓားကို ပြင်းထန်စွာ ပိုင်းချလိုက်၏။

ဝေါးးး...

ရွှေနီရောင် မိုးကြိုးများဖြင့် ဖွဲ့စည်းထားသော အစွမ်းထက်သည့် နတ်နဂါး ကိုးကောင်မှာ သူ၏ ဓားမှ ရုတ်တရက် တိုးထွက်လာပြီး သူတို့၏ လက်သည်းများဖြင့် ရွှေရောင်ဓားကြီးများကို ရင်ဆိုင်လိုက်ကြ၏။

ဖွတ်...

ရင်ဆိုင်နေသော နဂါးများမှာ သူတို့၏ ပါးစပ်များကို ကြီးမားစွာ ဖွင့်လိုက်ကြပြီး ရွှေနီရောင် မိုးကြိုးများမှာ ရေတံခွန်တစ်ခုနှယ် ထွက်ပေါ်လာကာ ရွှေရောင်ဓားကြီးများ၏ ဓားဖျားများဆီသို့ စီးဆင်းသွားလေ၏။

ခွမ်းးး...

ကြည်လင်ပြတ်သားသော အက်ကွဲသံကြီးတစ်ခုမှာ ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားလေ၏။ နဂါးကိုးကောင်၏ မိုးကြိုးမှုတ်ထုတ်မှုအတွင်း ချင်ဖေးယွီ၏ သတ်ဖြတ်ကွက်မှာ ပျက်စီးသွားခဲ့ရလေပြီ။

ပျံသန်းနေသော နဂါးများမှာလည်း တစ်နေရာတည်းသို့ စုစည်းသွားပြီးနောက် ရွှေနီရောင် မိုးကြိုးဓားအရှိန်အဝါအဖြစ် ပြောင်းလဲသွားကာ နတ်နဂါး၏ ပုံရိပ်နှင့်အတူ ချင်ဖေးယွီထံသို့ တိုးဝင်သွားလေတော့၏။

လင်းချန်၏ ဓားအရှိန်အဝါမှာ ချင်ဖေးယွီကို ထိမှန်တော့မည့်အချိန်မှာပင် အပြာနုရောင် အလင်းတန်းတစ်ခုမှာ အကာအကွယ်အဖြစ် စုစည်းသွားပြီး ချင်ဖေးယွီ၏ ရှေ့၌ ပိတ်ဆို့လိုက်၏။

ဘုန်းးး...

လင်းချန်၏ ဓားချက်မှာ ထိုအကာအကွယ်ကို ပြင်းထန်စွာ ထိမှန်သွားပြီး နားကွဲမတတ် ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာလေတော့၏။

အပြာနုရောင် အကာအကွယ် ပေါ်ထွက်လာသည်နှင့် လင်းချန်သည် ချက်ချင်းပင် မှတ်မိသွားခဲ့၏။ ယခင်က ကျောက်လုံသည် ချင်ယီယီကို သတ်ရန် ကြိုးစားစဉ်ကလည်း ဤကဲ့သို့သော အကာအကွယ်မျိုး ပေါ်လာခဲ့ဖူးသည်။

ရုတ်တရက် ပေါ်ပေါက်လာသော ဤအကာအကွယ်သည် အားကောင်းသော ရှေးမျိုးဆက် ပုဂ္ဂိုလ်တစ်ဦးက ချင်ဖေးယွီနှင့် ချင်ယီယီတို့အပေါ်၌ ထားရှိပေးခဲ့သော အဆောင်အတွင်းရှိ စွမ်းအားများ ဖြစ်ကြောင်း လင်းချန် ချက်ချင်း သိလိုက်ရ၏။

သူတို့ အန္တရာယ်ရှိသည့် အချိန်တိုင်းတွင် ဤအကာအကွယ်မှာ သူတို့အား အလိုအလျောက် ကာကွယ်ပေးမည် ဖြစ်၏။

ဤအဆောင်ကို ပေးအပ်ခဲ့သူမှာ ကျိန်းသေပေါက် ချင်ဖေးယွီတို့ မောင်နှမ၏ ခမည်းတော်ဖြစ်သူ၊ လက်ရှိ ချင်မင်းဆက်၏ လူသားဧကရာဇ်ပင် ဖြစ်ပေလိမ့်မည်။

ထိုကဲ့သို့သော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးက သူ၏ သားသမီးများအတွက် ချန်ရစ်ခဲ့သော အသက်ကယ်လက်နက်ကို ဖောက်ထွက်ရန်မှာ လက်ရှိအချိန်၌ လင်းချန်အတွက် မဖြစ်နိုင်သေးချေ။

သူ၏ ဓားချက်မှာ အကာအကွယ်ပေါ်သို့ တည့်တည့် ကျရောက်သွားပြီးနောက် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ရာ အကာအကွယ်အတွင်းရှိ ချင်ဖေးယွီမှာ ကျောက်လုံ၏ လှံချက်ကြောင့် ချင်ယီယီ လွင့်စင်သွားခဲ့ရသကဲ့သို့ပင် အဝေးသို့ လွင့်ထွက်သွားလေတော့၏။ သူသည် အလွန်တရာ မြန်ဆန်သော အရှိန်ဖြင့် လူတိုင်း၏ အမြင်အာရုံမှ ခဏချင်းအတွင်း ပျောက်ကွယ်သွားခဲ့၏။

ထိုအဆောင်အတွင်းရှိ အကာအကွယ်မှာ အခြားသော စွမ်းရည်များလည်း ရှိနေသည်မှာ ထင်ရှားလှ၏။ သို့မဟုတ်ပါက လင်းချန်၏ တိုက်ချက်တစ်ချက်တည်းဖြင့် ဤမျှအထိ လျင်မြန်စွာ လွင့်စင်သွားမည် မဟုတ်ချေ။

မိုးကုတ်စက်ဝန်းဆီသို့ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသော အကာအကွယ်ကို ကြည့်ရင်း လင်းချန်၏ အမူအရာမှာ အေးစက်သွားခဲ့ပြီး ကျောက်လုံရှိရာသို့ လှည့်ကာ ပြောလိုက်သည်။

"ဧကရီနဲ့ ကျန်တဲ့သူတွေကို ကာကွယ်ထားလိုက်... နားလည်လား။"

"အမိန့်အတိုင်းပါ အရှင်မင်းကြီး။"

ကျောက်လုံသည် လင်းချန်အား ဒူးထောက်လျက် လက်အုပ်ချီကာ ဂါရဝပြုပြီးနောက် သူ၏ ဘယ်ဘက်ရင်အုပ်ကို လက်သီးဖြင့် ထုကာ သစ္စာဆိုလိုက်၏။

လင်းချန်သည် ခေါင်းညိတ်ပြလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ မိုးခြိမ်းသံများ ထပ်မံထွက်ပေါ်လာကာ ချင်ဖေးယွီ လွင့်စင်သွားသော လမ်းကြောင်းအတိုင်း ရွှေနီရောင် လျှပ်စီးတန်းတစ်ခုအဖြစ် ကောင်းကင်ယံကို ဖြတ်သန်းလျက် ပျောက်ကွယ်သွားလေတော့၏။

စောင့်ကြည့်နေကြသော ပါရမီရှင်များသည် လင်းချန် ထွက်ခွာသွားသည်ကို ကြည့်ရင်း စိတ်ထဲ၌ ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေကြ၏။

လင်းချန်သည် မောက်မာလွန်းသည်ဟု ကဲ့ရဲ့ခဲ့ကြသူများမှာ ယခုအခါ ရှက်ကိုးရှက်ကန်း ဖြစ်နေကြပြီး ခေါင်းများကို ခါယမ်းလျက် ထိုနေရာမှ အလျှိုလျှို ထွက်ခွာသွားကြတော့၏။

လင်းချန်၏ စကားများသည် ရူးမိုက်သော ကြွားဝါမှုများ မဟုတ်ဘဲ ရိုးရှင်းသော အမှန်တရားတစ်ခုသာ ဖြစ်ကြောင်း သူတို့ သိမြင်သွားခဲ့ကြ၏။

လင်းချန်၏ မျက်ဝန်းထဲ၌ ချင်ဖေးယွီတို့ အုပ်စုမှာ စိတ်ကြိုက် ကိုင်တွယ်နိုင်သော ကစားစရာများမျှသာ ဖြစ်ခဲ့ပါတကား။

ထို့ပြင် သူတို့သည် လူသားမျိုးနွယ်၏ ခံတပ်ကြီးဆီသို့ ကြည့်လိုက်သည့်အခါ သူတို့၏ မျက်ဝန်းများ၌ သတိထားရမည့် အရိပ်အယောင်များ ပေါ်လာကြ၏။

လင်းချန် ပြသခဲ့သော ခွန်အားကို ယှဉ်နိုင်သူ ထိုနေရာ၌ တစ်ဦးမျှ မရှိချေ။

အကယ်၍ ချင်ဖေးယွီ ပြောသကဲ့သို့ လင်းချန်သာ ရတနာများကို တစ်ဦးတည်း သိမ်းပိုက်ချင်၍ သူတို့အား နှင်ထုတ်ခြင်း ဖြစ်ပါကလည်း လင်းချန်အနေဖြင့် ဤကဲ့သို့သော အကြောင်းပြချက်များ ပေးနေရန် မလိုပေ။

သူ၏ ခွန်အားဖြင့်သာ အားလုံးကို ဖိနှိပ်ထားပြီး ရတနာများကို သိမ်းပိုက်နိုင်သည် မဟုတ်ပါလော။

ယခုမူ လင်းချန်၏ စကားများမှာ အမှန်ဖြစ်နိုင်ကြောင်း သူတို့ တွေးမိသွားကြပြီး မြေပြင်ပေါ်ရှိ အရိပ်မဲ့မျိုးနွယ်မှ အလောင်းနှစ်ခုအား ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိကြ၏။

ဖန်ဇီချန်သည် သူ၏ လက်ခေါက်ယပ်တောင်ကို ဖြန့်ကာ လင်းချန် ထွက်ခွာသွားသော ဘက်သို့ ခပ်ဖွဖွ ယပ်ခပ်ရင်း ပြောလိုက်သည်။ "အာ... ငါ တကယ်ပဲ အလကား စိုးရိမ်နေခဲ့တာပဲ။"

သို့သော် တကယ်တမ်း၌မူ ဤသူသည် မိစ္ဆာတစ်ကောင်ကဲ့သို့ပင် ဖြစ်ရာ မည်သူက မည်သူ့ကို ကာကွယ်ရမည်နည်းဆိုသည်မှာ ဝေခွဲရခက်နေတော့၏။

ဖန်ဇီချန်၏ တုံ့ပြန်မှုကို မြင်သောအခါ လီယွမ်ဖုန်းက ရယ်မောလျက် သူ၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။ "ဟားဟား... အခုတော့ နားလည်သွားပြီမလား။"

တစ်ချိန်တည်းမှာပင် ရန်ထျန်းဟောက်သည်လည်း မြေပြင်ပေါ်ရှိ သွေးစများကို ကြည့်ကာ လေးစားအားကျသော အမူအရာဖြင့် တိတ်ဆိတ်စွာ ခေါင်းညိတ်နေမိ၏။

ယီစင်းတစ်ဦးတည်းသာ မျက်မှောင်ကြုတ်လျက် လင်းချန် ထွက်ခွာသွားသော လမ်းကြောင်းကို စိုးရိမ်တကြီး ကြည့်နေမိ၏။

လင်းချန်သည် ချင်ဖေးယွီအား အလွယ်တကူ ကိုင်တွယ်နိုင်ပါလျက် အဘယ်ကြောင့် လိုက်လံဖမ်းဆီးသည့်အချိန်တွင် သူ၏ မျက်နှာမှာ ထိုမျှအထိ တင်းမာနေရသနည်းဟု သူမ တွေးတောနေမိလေ၏။

"ချန်လေး..."

"ဟတ်ချိုး။"

လင်းချန်သည် သူ၏ နှာခေါင်းကို ပွတ်ကာ ရှေ့သို့ ဆက်လက် စိုက်ကြည့်နေ၏။

သူ၏ မျက်ဝန်းများမှာ ရွှေရောင်သို့ ပြောင်းလဲနေပြီး သူ၏ အမြင်အာရုံထဲ၌ သူတစ်ဦးတည်းသာ မြင်နိုင်သော နည်းဗျူဟာမျက်နှာပြင်မှာ ပေါ်ထွက်လာ၏။

ပုံရိပ်များမှာ လျင်မြန်စွာ ပြောင်းလဲနေ၏။ လင်းချန်သည် လွင့်စင်သွားသော ချင်ဖေးယွီအား အမီ မလိုက်နိုင်သေးသော်လည်း ထောက်လှမ်းရေးသားရဲများ၏ မျက်စိမှတစ်ဆင့် ချင်ဖေးယွီ၏ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နေရ၏။

ထိုအချိန်တွင် အကာအကွယ်အတွင်းရှိ ချင်ဖေးယွီမှာ သက်ပြင်းချကာ စိတ်အေးလက်အေး ရှိနေစဉ်မှာပင် အောက်ဘက်ရှိ ထူထပ်သော တောအုပ်အတွင်းမှ အနက်ရောင်ဝတ်စုံနှင့် အစိမ်းရောင် သံချပ်ကာပျော့ ဝတ်ဆင်ထားသော ပုံရိပ်များကို မြင်လိုက်ရ၏။

ထိုပုံရိပ်များသည် ခေါင်းစွပ်များကို ဝတ်ဆင်ထားကြပြီး စိတ်ဝိညာဉ်စွမ်းအားများ ပါဝင်နေသော ဓားမြှောင်များကို အကာအကွယ်ဆီသို့ အဆက်မပြတ် ပစ်လွှတ်နေကြ၏။

ထိုဓားမြှောင်များသည် သူ၏ ခမည်းတော် ဖန်တီးထားသော အကာအကွယ်ကို မချိုးဖျက်နိုင်သော်လည်း ထိုထူးဆန်းသော လူများသည် အဆက်မပြတ် ထွက်ပေါ်လာကာ ထိုအဓိပ္ပာယ်မရှိသော လုပ်ရပ်ကို ဆက်လက် လုပ်ဆောင်နေကြလေ၏။

"မင်းတို့က ရူးနေတာလား။"

ချင်ဖေးယွီက ကျိန်ဆဲလိုက်မိ၏။ သူသည် အစိမ်းရောင်ဝတ်စုံနှင့် လူတစ်ယောက် ထွက်ပေါ်လာကာ သူ့ထံသို့ ဓားမြှောင်တစ်လက် ပစ်လွှတ်လိုက်သည်ကို ကြည့်ရင်း မျက်မှောင်ကြုတ်နေမိ၏။

ချင်ဖေးယွီ ကျိန်ဆဲလိုက်သော ထိုသူမှာ လေဟုန်စစ်သည်တစ်ဦး ဖြစ်၏။ သူသည် စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ဝေဟင်သို့ ပျံတက်ခြင်း မပြုဘဲ စိတ်ဝိညာဉ်သစ်ပင်များ၏ ထိပ်ဖျားပေါ်၌ တည်ငြိမ်စွာ ရပ်နားလျက် ဝေးကွာသွားသော အကာအကွယ်ကို ကြည့်နေလေ၏။

ချင်ဖေးယွီ၏ အမြင်တွင်မူ သူ၏ အကာအကွယ်မှာ မည်သို့မျှ ထိခိုက်မှု မရှိဘဲ ပုံမှန်အတိုင်းပင် ဖြစ်၏။

သို့သော် ဓားမြှောင်ပစ်လိုက်သော လေဟုန်စစ်သည်၏ အမြင်တွင်မူ သူ၏ ဓားချက်ကြောင့် ထိုအကာအကွယ်လုံးကြီး၏ ပျံသန်းရာ လမ်းကြောင်းမှာ အနည်းငယ်မျှ ယိမ်းယိုင်သွားခဲ့ပြီ ဖြစ်၏။

ထိုယိမ်းယိုင်မှုမှာ အမတ်ချုပ် ကျူးကော့မင်၏ တွက်ချက်မှုအတွင်း၌ ရှိနေသည့် အချက်ပင် ဖြစ်၏။

ထောက်လှမ်းရေးသားရဲများဆီမှ ပုံရိပ်များကို ကြည့်ရင်း သူ၏ တွက်ချက်မှုအတိုင်း ရှေ့သို့ တိုးလာသော အကာအကွယ်လုံးကြီးကို မြင်လိုက်ရသည့်အခါ ကောင်းကင်လက်မှုပညာဌာနမှ ကျူးကော့မင်သည် ပြုံးလျက် ပြောလိုက်သည်။ "တကယ်ကို လွယ်ကူတဲ့ တွက်ချက်မှုပဲ... အရှင်မင်းကြီးရဲ့ အကူအညီနဲ့ဆိုရင် တကယ်ကို ခက်ခဲမှု မရှိတော့ဘူး... အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ... အရာအားလုံးရဲ့ အထွတ်အထိပ် အရှင်သခင်ကြီး သက်တော်ရှည်ပါစေ။"

ကောင်းကင်လက်မှုပညာဌာနမှ ပညာရှင်များအားလုံးသည်လည်း ရူးသွပ်မတတ် အော်ဟစ်လိုက်ကြ၏။ "အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ... အရာအားလုံးရဲ့ အထွတ်အထိပ် အရှင်သခင်ကြီး သက်တော်ရှည်ပါစေ။"

ပြင်ပတွင်မူ လင်းချန်၏ စိတ်ထဲ၌ ကျူးကော့မင် ဦးဆောင်သော အော်ဟစ်သံများမှာ ပဲ့တင်ထပ်နေခဲ့ရာ သူ၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ် တွန့်သွားခဲ့၏။

လင်းချန်သည် ခဏတာ စိတ်ပျံ့လွင့်သွားပြီးနောက် ခေါင်းကို ခါယမ်းကာ ရှေ့လမ်းကြောင်းကို အာရုံစိုက်လျက် ပျံသန်းသွား၏။

ချင်ယီယီ၏ ခန္ဓာကိုယ်ပေါ်မှ အကာအကွယ်ကို မြင်ကတည်းက ချင်ဖေးယွီတွင်လည်း အလားတူ အသက်ကယ်လက်နက်မျိုး ရှိနိုင်ကြောင်း လင်းချန် ကြိုတင် ခန့်မှန်းထားခဲ့ပြီး ဖြစ်၏။

ထို့ပြင် ချင်မင်းဆက်၏ တတိယမင်းသားဖြစ်သလို လူသားဧကရာဇ်၏ ချစ်မြတ်နိုးရသော သားတော်ဖြစ်သည့်အတွက် သူ၏ အကာအကွယ်မှာ ကျိန်းသေပေါက် တောင့်တင်းလှပေမည်။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၁၄ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters