အခန်း ၃၁၅
Vol. 32 Ch. 315
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၁၅
ဘာသာပြန် - Ko Yoohtoo
True Immortal Team
ထို့ကြောင့် လင်းချန်သည် ချင်ဖေးယွီတို့နှင့် တိုက်ခိုက်နေစဉ်မှာပင် ကျူးကော့မင်နှင့် အစီအစဉ်တစ်ခုအား ဆွေးနွေးနေခြင်းဖြစ်၏။
ထိုအရာမှာ လင်းချန်က ချင်ဖေးယွီ၏ အသက်ကယ်အဆောင် အကာအကွယ်ကို ဖိအားပေးထုတ်ဖော်စေပြီးနောက် အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့ ဖုံးကွယ်ထားသည့် ပုံရိပ်ယောင်အစီအရင်ရှိရာ အရပ်သို့ ပစ်လွှတ်ရန်ပင်ဖြစ်သည်။
ထိုအစီအရင်မှာ သာမန်ပုန်းကွယ်ရန်အတွက် အသုံးပြုသည့် အစီအရင်မျိုး မဟုတ်ဘဲ လင်းချန်၏ အင်ပါယာထောက်လှမ်းရေးသားရဲများနှင့် ပိုင်လင်လီ၏ မျိုးနွယ်စုဝင်များအား တစ်စစီ ပိုင်းဖြတ်ခဲ့သော ရက်စက်လှသည့် အစီအရင်ဖြစ်၏။
ထို့ကြောင့် လင်းချန် အစောပိုင်းက ပိုင်းချလိုက်သည့် ဓားချက်မှာ မတော်တဆမဟုတ်လေဘဲ ချင်ဖေးယွီအား ထိုရက်စက်လှသော အစီအရင်ရှိရာသို့ လွင့်စင်သွားစေရန် ကျူးကော့မင်က အသေအချာ တွက်ချက်ထားခြင်းဖြစ်သည်။
သို့သော်လည်း အကွာအဝေးမှာ ဝေးလံလှသဖြင့် လမ်းကြောင်းမှာ ယေဘုယျအားဖြင့် မှန်ကန်သော်ငြား အစီအရင်ထဲသို့ အတိအကျကျရောက်ရန်အတွက်မူ တိကျမှု လိုအပ်သည်။
ထို့ကြောင့် လမ်းတစ်လျှောက်၌ ကြိုတင်ပုန်းအောင်းနေကြသည့် လေဟုန်စစ်သည်များသည် သူတို့၏ ဓားမြှောင်များဖြင့် အကာအကွယ်အား တိုက်ခိုက်ကာ ချင်ဖေးယွီ၏ အကာအကွယ် ပျံသန်းရာ လမ်းကြောင်းကို ပြင်ဆင်ပေးကြခြင်းဖြစ်သည်။
ချင်ဖေးယွီမှာမူ သူ၏အသက်ကို ကယ်တင်နိုင်ပြီဖြစ်ကာ ဘေးကင်းရာသို့ ထွက်ပြေးနေရပြီဟု ထင်မှတ်နေသော်လည်း အမှန်တကယ်၌မူ သူသည် လင်းချန်၏ တွက်ချက်မှုအောက်၌ ပို၍ အန္တရာယ်ရှိသည့် နေရာသို့ အတင်းအကြပ် စေလွှတ်ခံနေရခြင်းဖြစ်၏။
အကယ်၍ လင်းချန်သည် တိုက်ခိုက်နေစဉ်မှာပင် သူ့အား ဆန့်ကျင်တိုက်ခိုက်ရန် အစီအစဉ်များ ချမှတ်နေသည်ကိုသာ သူသိလိုက်ရပါက ဒေါသကြောင့် သွေးအန်သေသွားနိုင်၏။
လင်းချန်က လှောင်ပြောင်လိုက်၏။
'ငါ့လက်ထဲက လွတ်အောင် ပြေးနိုင်မယ် ထင်နေလား။ ထင်သလောက် မလွယ်ဘူး။'
ထောက်လှမ်းရေးသားရဲများဆီမှ ပုံရိပ်များ၌ ချင်ဖေးယွီ၏ စိတ်အေးလက်အေး ရှိနေသည့် အမူအရာအား ကြည့်ရင်း လင်းချန်၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာသည်။
'ငါ့ပြင်ပေးထားတဲ့ အံ့ဩစရာခရီးစဉ်ကြီးမှာ မင်းပျော်ရွှင်ပါစေ။ ဟားဟားဟား။'
လင်းချန်သည် သူ့အပေါ် သတ်ဖြတ်လိုစိတ်ရှိသည့် ရန်သူအား မည်သည့်အခါမျှ အသက်ရှင်လျက် ထွက်ခွာခွင့်ပေးမည် မဟုတ်ပေ။
သူတို့အား ထိုက်တန်သည့် တန်ဖိုး ပေးဆပ်စေခြင်းဖြင့်သာ ဟွာရှာအင်ပါယာ၏ ဘုန်းအာဏာကို ပြသနိုင်မည်ဖြစ်၏။
အကယ်၍ သူတို့သည် မသေဆုံးမီ ဟွာရှာအင်ပါယာအတွက် အနည်းငယ်မျှ အထောက်အကူ ပြုနိုင်ပါက ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။
ဥပမာအားဖြင့် ချင်မင်းဆက်မှ ချင်ဖေးယွီသည် သူ၏ ဟွာရှာအင်ပါယာအတွက် လမ်းပြကျောက်ခဲတစ်လုံးနှယ် ဖြစ်နေ၏။
ဝုန်းးး
ထောက်လှမ်းရေးသားရဲဆီမှ ပေးပို့လာသည့် ပုံရိပ်များအပေါ် မူတည်၍ လင်းချန်သည် သူ၏ အလျင်ကို ပိုမိုမြှင့်တင်ကာ ရှေ့သို့ လိုက်သည်။
သူ၏ တွက်ချက်မှုများအရ အားကုန်ရိုက်ထုတ်ခံလိုက်ရသည့် ချင်ဖေးယွီသည် ရက်စက်လှသော ပုံရိပ်ယောင်အစီအရင်အတွင်းသို့ ဝင်ရောက်သွားပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် ချင်ဖေးယွီသည် အစီအရင်အတွင်းသို့ ကျရောက်သွားသည်နှင့် တစ်ပြိုင်နက် လင်းချန်၏ လေဟုန်စစ်သည် ဆယ်ဦးသည်လည်း အေးစက်သည့် အကာအကွယ်လုံးကြီး၏ နောက်ကွယ်မှ ကပ်လျက် အစီအရင်အတွင်းသို့ လိုက်ပါ ဝင်ရောက်သွားကြ၏။
ထိုအလွန်မြန်ဆန်လှသည့် လေဟုန်စစ်သည်များသည် အကာအကွယ်လုံးကြီး၏ အောက်ဘက်၌ ကပ်ပါသွားကြပြီး ရန်သူ၏ အကာအကွယ်အား သူတို့၏ ဒိုင်းကာအဖြစ် အသုံးချလိုက်ကြသည်။
ရုတ်တရက်ပင် ငြိမ်သက်နေသည့် ဟင်းလင်းပြင်မှာ ပြင်းထန်စွာ တုန်ခါလာ၏။
တိတ်ဆိတ်ငြိမ်သက်နေသည့် ကန်ရေပြင်အတွင်းသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဂယက်လှိုင်းများ ထွက်ပေါ်လာခြင်းပင်။
အေးစက်သည့် အကာအကွယ်အတွင်းရှိ ချင်ဖေးယွီမှာမူ သူသည် အစီအရင်တစ်ခုအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရ၏။
ပတ်ဝန်းကျင် ရှုခင်းများမှာ ပြောင်းလဲသွားပြီး အရပ်မျက်နှာ အသီးသီးမှ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာကာ အစီအရင်၏ စွမ်းအားဖြင့် ဖွဲ့စည်းထားသည့် ဓားသွားများမှာ မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ အကာအကွယ်ပေါ်သို့ ဒုန်းးး ဒုန်းးး ဟု အသံမြည်လျက် တိုက်ခိုက်လာကြသည်။
ဤကဲ့သို့သော သတ်ဖြတ်ခြင်း အစီအရင်အတွင်း၌ ပုန်းကွယ်နေသည်ကို တွေ့လိုက်ရသည့်အခါ ချင်ဖေးယွီ၏ မျက်နှာမှာ ဖြူလျော်သွားသည်။
ဘေးကင်းစွာ ထွက်ပြေးနေရပြီဟု ထင်မှတ်ထားရာမှ မျက်စိတစ်မှိတ်အတွင်း အဘယ်ကြောင့် ဤမျှ စိုးရိမ်ရသည့် အခြေအနေသို့ ရောက်သွားရသနည်းဆိုသည်ကို သူ နားမလည်နိုင်ပေ။
သို့သော် ချင်ဖေးယွီသည် အနည်းငယ် စိတ်အေးသွားမိသည်မှာ သူ၏ ခမည်းတော် လူသားဧကရာဇ် ရေးထိုးပေးထားသည့် အသက်ကယ်အဆောင်မှာ ထိုအစီအရင်မှ ဓားသွားများအား ခုခံနိုင်လောက်အောင် အစွမ်းထက်နေခြင်းကြောင့်ပင်။
သို့သော်လည်း သူ၏ အကာအကွယ် အောက်ဘက်၌ အစိမ်းရောင်သံချပ်ကာပျော့ ဝတ်ဆင်ထားသည့် ပုံရိပ်ဆယ်ခုမှာ ပတ်ဝန်းကျင်အား အကဲခတ်လျက် စိတ်ဝိညာဉ်စွမ်းအားများ ပါဝင်သော ဓားမြှောင်များကို အဆက်မပြတ် ပစ်လွှတ်နေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
ထိုလူဆယ်ဦး သူ၏ အကာအကွယ်အောက်၌ ပုန်းအောင်းနေသည်ကို မြင်လိုက်ရသည့်အခါ ချင်ဖေးယွီတစ်ယောက် အမှန်တရားကို ရုတ်ခြည်း သိသွား၏။
အဘယ်ကြောင့် လမ်းတစ်လျှောက်၌ ထိုထူးဆန်းသည့် ပုံရိပ်များက သူ၏ အကာအကွယ်ဆီသို့ ဓားမြှောင်များ ပစ်လွှတ်နေရသနည်းဆိုသည်မှာ အကာအကွယ်ကို မထိခိုက်စေလိုဘဲ သူ၏ ပျံသန်းရာ လမ်းကြောင်းအား ပြောင်းလဲစေရန်ပင် ဖြစ်သည်။
ချင်ဖေးယွီသည် အစောပိုင်းက ထိုအချက်ကို သတိမထားမိခဲ့သလို တွေးလည်း မတွေးမိခဲ့ပေ။
ယခုမူ လေဟုန်စစ်သည် ဆယ်ဦးသည် သူ့အား ကာကွယ်ပေးထားသည့် အကာအကွယ်ကို အသုံးချကာ အစီအရင်၏ သတ်ဖြတ်ဓားသွားများကို ရှောင်တိမ်းနေသည်ကို မြင်လိုက်ရသည့်အခါ သူ အားလုံးကို နားလည်သွားလေပြီ။
သူသည် ဤကြောက်မက်ဖွယ်ကောင်းသည့် အစီအရင်ရှိရာသို့ လွင့်စင်လာရခြင်းမှာ လင်းချန်၏ အစီအစဉ်အတိုင်းသာ ဖြစ်၏။
သူသည် ဘယ်လို လူစားမျိုးနည်း။ ခန္ဓာကိုယ်အဆင့်၌ပင် ဤမျှအထိ ထိတ်လန့်စရာကောင်းသည့် ခွန်အားနှင့် ပါရမီမျိုး ရှိနေပြီး ရှေးဟောင်းအမွေအနှစ်နယ်မြေ ကမ္ဘာငယ်လေးထဲသို့တောင် သူ၏ လက်အောက်ငယ်သား အများအပြားအား ခေါ်ဆောင်လာနိုင်သလော။
ချင်ဖေးယွီသည် စိတ်ထဲမှ ဟိန်းဟောက်လိုက်မိပြီး ထိုကဲ့သို့ ရန်သူမျိုးအား သွားရောက် ရန်စမိသည့်အတွက် နောင်တများဖြင့် ပြည့်နှက်နေသည်။
တစ်ချိန်တည်းမှာပင် သူ၏ ညီမဖြစ်သူ ချင်ယီယီအပေါ်၌လည်း ပြင်းထန်သည့် နာကြည်းမှုများ ဖြစ်ပေါ်နေမိ၏။
သူမသာ မရှိလျှင် လင်းချန်နှင့် သူသည် အဘယ်မှာ ရန်သူဖြစ်ပါ့မည်နည်း။
သို့သော်လည်း နောင်တရနေရုံဖြင့် ချင်ဖေးယွီအတွက် အကျိုးမရှိတော့ပေ။ လင်းချန်သည် သူ့အား ဤအစီအရင်ထဲသို့ ပစ်ထည့်ခြင်းဖြင့် မည်သည့် အစီအစဉ်များ ထပ်မံရှိနေဦးမည်ကိုသာ ရင်ဆိုင်ရတော့မည်ဖြစ်သည်။
တစ်ပြိုင်နက်တည်းမှာပင် အစီအရင်၏ အထက် ကောင်းကင်ယံ၌ မိုးကြိုးအလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး အစီအရင်၏ ရှေ့ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
ဖုန်မှုန့်များ အရပ်မျက်နှာအသီးသီးသို့ လွင့်စင်သွားပြီးနောက် ဖုန်လုံးကြီးအတွင်းမှ လင်းချန် ထွက်ပေါ်လာပြီး ရှေ့ရှိ အစီအရင်အား တည်ငြိမ်သည့် အမူအရာဖြင့် စိုက်ကြည့်နေ၏။
လင်းချန်က ဟွာရှာအင်ပါယာအတွင်းရှိ ကျူးကော့မင်ကို လှမ်းမေးလိုက်၏။
"အခြေအနေ ဘယ်လိုလဲ။"
ကောင်းကင်လက်မှုပညာဌာနအတွင်းရှိ ကျူးကော့မင်သည် နည်းဗျူဟာမှန်ပြင်ပေါ်မှ တိကျသည့် အချက်အလက် ခွဲခြမ်းစိတ်ဖြာမှုများကို ကြည့်ရင်း လင်းချန်ကို တင်ပြလိုက်၏။
"အရှင်မင်းကြီး။ ဒီအစီအရင် ကာကွယ်ထားတာက အရိပ်မဲ့မျိုးနွယ်နဲ့ ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့ရဲ့ အခြေစိုက်စခန်း မဟုတ်ပါဘူး။ နောက်ထပ် စမ်းသပ်မှု နယ်မြေတစ်ခုကို သွားရာလမ်းပါ။"
"အရိပ်မဲ့မျိုးနွယ်နဲ့ ကိုယ်ယောင်ဖျောက်မျိုးနွယ်တွေက တခြားသူတွေကို နောက်ထပ်နယ်မြေထဲ ဝင်ခွင့်မပေးချင်တဲ့အပြင် မတော်တဆမှုတွေ မဖြစ်အောင် အခုလို ရက်စက်တဲ့ အစီအရင်မျိုးကို ခင်းကျင်းထားတာပါ။ ဘယ်သူမဆို မှားယွင်းဝင်ရောက်မိရင် သေချာပေါက် သတ်ဖြတ်ဖို့ ရည်ရွယ်ထားတာပါ။"
ကျူးကော့မင်၏ တင်ပြချက်အား နားထောင်ပြီးနောက် လင်းချန်သည် ခေါင်းညိတ်လိုက်ပြီး နောက်ထပ် ထောက်လှမ်းမှုများကို ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။
ထိုအချိန်မှာပင် အဝေးမှ အလင်းတန်းတစ်ခု ပျံသန်းလာပြီး လင်းချန်၏ ဘေးနား၌ မျက်စိတစ်မှိတ်အတွင်း ပေါ်လာ၏။ ပေါ်လာသူမှာ အခြားသူမဟုတ်ဘဲ ယွမ်ရှန့်ပင်ဖြစ်သည်။
ယွမ်ရှန့်သည် ပေါ်လာသည်နှင့် တစ်ပြိုင်နက် လင်းချန်ကို စိုးရိမ်တကြီး မေးလိုက်၏။
"ကောင်လေး။ မင်း ဘာလုပ်ဖို့ ကြံစည်နေတာလဲ။"
လင်းချန်က ခေါင်းလှည့်ကာ ယွမ်ရှန့်အား တည်ငြိမ်စွာ ပြောလိုက်၏။
"ကမ္ဘာငယ်လေးရဲ့ အမြုတေဆီသွားပြီး ကျုပ်ရဲ့ အမှတ်အသားကို ထားခဲ့မယ်။ ပြီးရင် ဒီကမ္ဘာငယ်လေးကို ထိန်းချုပ်မယ်။"
ယွမ်ရှန့်က စိတ်တိုတိုဖြင့် ပြောလိုက်သည်။
"လူသားမျိုးနွယ်မှာ သီးသန့် စမ်းသပ်မှုလမ်းကြောင်းနဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိတယ်။ မင်းသာ အဲဒီစမ်းသပ်မှုတွေကို သစ္စာရှိရှိ လုပ်ဆောင်သွားရင် ကမ္ဘာ့အမြုတေဆီကို ကျိန်းသေပေါက် ရောက်မှာပဲ။ ကောင်လေး။ မင်း ငါ့ကို သေအောင် လုပ်နေတာလား။ မင်းမှာ လျှောက်ရမယ့် ဘေးကင်းတဲ့ လမ်းရှိပါလျက်နဲ့ ဘာလို့ အရိပ်မဲ့မျိုးနွယ်နဲ့ ကိုယ်ယောင်ဖျောက်မျိုးနွယ်တွေကို သွားရန်စနေရတာလဲ။"
ယွမ်ရှန့်၏ စကားအဆုံး၌ လင်းချန်၏ အသံမှာ ရုတ်တရက် ကျယ်လောင်လာသည်။
"ဒါပေမဲ့ အဲလိုသာဆိုရင် အရိပ်မဲ့မျိုးနွယ်နဲ့ ကိုယ်ယောင်ဖျောက်မျိုးနွယ်တွေက ကမ္ဘာငယ်လေးရဲ့ အခြားတစ်ဝက်ကို လုံးဝ ထိန်းချုပ်သွားမှာ မဟုတ်ဘူးလား။"
ယွမ်ရှန့်၏ အမူအရာမှာ ထိတ်လန့်သွား၏။ လင်းချန်က ဤကဲ့သို့ ပြောလိမ့်မည်ကို သူ လုံးဝ မမျှော်လင့်ထားပေ။
ယွမ်ရှန့် အံ့အားသင့်နေစဉ်မှာပင် လင်းချန်က ဆက်လက် ရှင်းပြ၏။
"အဲဒီအချိန်ကျရင် ဗဟိုနယ်မြေရဲ့ တံခါးပေါက်တွေကို လုံခြုံအောင် လုပ်ထားနိုင်ပေမဲ့ လူသားမျိုးနွယ်နဲ့ ပင်လယ်မျိုးနွယ်တွေရဲ့ တံခါးပေါက်တွေကတော့ ကြံ့ကြံ့ခံနိုင်မှာ မဟုတ်ဘူးမလား။ အရိုးဓားငါးမျိုးနွယ်စုရဲ့ ခန္ဓာကိုယ်တွေကို သိမ်းပိုက်ချင်နေတဲ့ ကိုယ်ယောင်ဖျောက်မျိုးနွယ်တွေက ဒီတံခါးပေါက်နှစ်ခုကနေတစ်ဆင့် လူသားတောင်ပိုင်းနယ်မြေနဲ့ တောင်ပိုင်းပင်လယ်နယ်မြေဆီကို လာကြမယ်လို့ ကျုပ်ယုံတယ်။"
လင်းချန်က အခြေအနေမှန်ကို တိကျစွာ ပြောပြလိုက်သည်ကို မြင်ရသည့်အခါ ယွမ်ရှန့်မှာ အလွန်တရာ အံ့အားသင့်သွားရသည်။
လင်းချန် ဤမျှအထိ သိနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားပေ။
လင်းချန်သည် နားမလည်နိုင်သည့် ယွမ်ရှန့်ကို ဆက်လက်ကြည့်ကာ ဆိုလိုက်သည်။
"ခင်ဗျားက ကျုပ်ကို ကျန်တဲ့ တံခါးပေါက်နှစ်ခုကို စောင့်ခိုင်းတာ မဟုတ်ဘူး။ အလုံခြုံဆုံး လမ်းကြောင်းကိုပဲ လျှောက်စေချင်တာ။ စီနီယာ။ ခင်ဗျားက ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဆိုပေမဲ့ ကျုပ်အပေါ် အရမ်းကြီး စိုးရိမ်ပူပန်လွန်းနေတယ်လို့ မထင်ဘူးလား။"
"ကျုပ်က လူတွေရဲ့ ခံစားချက်ကို ဖတ်ရတာ တော်တော်လေး တိကျတယ်။ ခင်ဗျားရဲ့ မျက်ဝန်းထဲက စိုးရိမ်မှုက အစီအစဉ် ကျရှုံးမှာကို စိုးရိမ်တာ မဟုတ်ဘူး။ ကျုပ် ကမ္ဘာ့အမြုတေမှာ အမှတ်အသား ထားနိုင်မလားဆိုတာ စိုးရိမ်တာလည်း မဟုတ်ဘူး။ အဲဒါက ကျုပ်ရဲ့ ဘေးကင်းမှုအတွက် သက်သက်ပဲ။ ကျုပ် ရူးရူးမိုက်မဲလုပ်ရင်း ဒီမှာ သေသွားမှာကို ခင်ဗျား တကယ် ကြောက်နေတာ။"
လင်းချန်၏ စကားများကြောင့် ယွမ်ရှန့်မှာ ကြောင်အမ်းအမ်းဖြင့် ငေးကြည့်နေမိပြီး ခဏတာ မည်သို့ ပြန်ပြောရမည်ကို မသိတော့ပေ။
အတော်ကြာမှပင် ယွမ်ရှန့်က သက်ပြင်းချလိုက်သည်။
"အခု မင်းကို ငါ မပြောပြနိုင်သေးတဲ့ အရာအချို့ ရှိနေတယ်။"
လင်းချန်က ပြုံးပြလိုက်၏။
"ကိစ္စမရှိပါဘူး။ အခြေအနေမှန်ကို သိရဖို့အတွက် ကျုပ်ရဲ့ ကိုယ်ပိုင်ခွန်အားကိုပဲ အသုံးပြုသွားမှာပါ။ အခုလိုမျိုးပေါ့။"
ယွမ်ရှန့်သည် သူ၏ နာမ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဖြင့် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး လင်းချန်ကို မေးလိုက်သည်။
"ငါ မေးပါရစေ။ မင်း တကယ်ပဲ ဘာလုပ်ဖို့ စီစဉ်ထားတာလဲ။"
လင်းချန် အလေးအနက်ထားသည့် လေသံဖြင့် ပြန်လည် ဖြေကြားလိုက်၏။
"အလုံးစုံသော စစ်ပွဲ။"
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၁၅ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team