← Chapters

အခန်း ၃၁၇

Vol. 32 Ch. 317

အခန်း ၃၁၇

Vol. 32 Ch. 317

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၁၇

ဘာသာပြန် - Ko Yoohtoo

True Immortal Team

အစီအရင် ပျက်စီးသွားပြီးနောက်၌မူ ရှေ့ဘက်၌ ရှိနေသင့်သည့် ရှုခင်းအစစ်အမှန်မှာ ပေါ်ထွက်လာ၏။ ထိုတောအုပ်လမ်း၏ အဆုံး၌ အလွန်တရာ ခိုင်ခံ့သော မီးခိုးရောင် ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် ကျောက်တုံးရင်ပြင်တစ်ခု ရှိနေသည်။

အစောပိုင်းက အစီအရင်၏ အလွန်ထက်မြက်လှသည့် ဓားသွားများ ထိုရင်ပြင်ပေါ်သို့ ကျရောက်စဉ်ကပင် အမှတ်အသားလေးတစ်ခုမျှ မကျန်ရစ်သည်ကို ကြည့်ခြင်းဖြင့် ထိုကျောက်တုံးများ၏ မာကျောမှုကို သိနိုင်သည်။

ထိုကျောက်တုံးရင်ပြင် မြေပြင်ပေါ်၌ သွေးကွက်အချို့ ရှိနေဆဲပင်ဖြစ်ပြီး ထိုသည်မှာ သေဆုံးသွားသည့် အရိပ်မဲ့မျိုးနွယ်ဝင်များနှင့် ကျူးကျော်လာသော စိတ်ဝိညာဉ်သားရဲများထံမှ ဖြစ်ပေလိမ့်မည်။

ထိုရင်ပြင်၏ အလယ်၌ တစ်ခုနှင့်တစ်ခု လိမ်ယှက်နေသော ဝဲဂယက်တစ်ခု ပါဝင်သည့် ကျောက်တံခါးကြီးတစ်ခု ရှိနေပြီး ထိုသည်မှာ အခြားနယ်မြေတစ်ခုသို့ ဆက်သွယ်ပေးထားသည့် တံခါးပေါက်ပင် ဖြစ်၏။

ထိုခဏ၌ ရင်ပြင်၏ နေရာအသီးသီး၌ အစောပိုင်းက ဝင်ရောက်သွားသည့် လေဟုန်စစ်သည် တစ်ရာသည် ဒူးတစ်ဖက် ထောက်ထားကြပြီး သူတို့၏ လက်ထဲ၌ သတ္တုပြားတစ်ခုစီကို ကိုင်ဆောင်ထားကြသည်။

ထိုသတ္တုပြားများမှာ ကောင်းကင်လက်မှုပညာဌာနက သုတေသနပြုထားပြီး မီးသွန်းဌာနက အချောသတ် သွန်းလုပ်ထားသည့် အစီအရင်မြေပုံပင် ဖြစ်သည်။

ဤတန်ပြန်အစီအရင်မြေပုံကို အသုံးချခြင်းဖြင့် လင်းချန်သည် ထိုအစီအရင်အတွင်းသို့ တိုက်ခိုက်ခြင်းမခံရဘဲ ဝင်ရောက်နိုင်ခြင်း ဖြစ်၏။

ထိုအရာအားလုံးကို ချိတ်ဆက်လိုက်သည်နှင့် ပုံရိပ်ယောင် အစီအရင်ကို အမြစ်ပြတ် ဖျက်ဆီးပစ်လိုက်နိုင်လေပြီ။

လင်းချန်က အစီအရင်ကို အားစိုက်စရာမလိုဘဲ ချိုးဖျက်လိုက်သည်ကို မြင်ရသည့်အခါ ယွမ်ရှန့်မှာ အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရ၏။

ထိုအစီအရင်မှာ သူ့အတွက် ဘာမှမဟုတ်သော်လည်း လင်းချန်၏ လက်ရှိ နယ်ပယ်ဖြင့်ဆိုလျှင် သူကိုယ်တိုင် လမ်းညွှန်ပြသပေးလျှင်ပင် ချိုးဖျက်နိုင်ရန် တစ်လကျော် ကြာမြင့်မည်ဟု သူ ထင်မှတ်ထားခြင်း ဖြစ်သည်။

သူသည် လင်းချန်ကို အရိပ်မဲ့မျိုးနွယ်တို့နှင့် စစ်မဖြစ်စေချင်သဖြင့် အစီအရင်ကို မည်သို့ချိုးဖျက်ရမည်ကို လမ်းညွှန်ပေးရန် စိတ်ကူးမရှိပေ။

ယွမ်ရှန့်သည် လင်းချန် ဤအစီအရင်ရှေ့၌ အခက်တွေ့နေသည်ကို ကြည့်ကာ လှောင်ပြောင်ရန် ကြံစည်ထားသော်လည်း လင်းချန်ကမူ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ အစီအရင်ကို ချိုးဖျက်ပြလိုက်၏။

လင်းချန်သည် ရှေ့ရှိ တံခါးပေါက်ဆီသို့ ကြည့်ရင်း ယွမ်ရှန့်ဘက် လှည့်လိုက်သည်။ "တတိယဟင်းလင်းပြင်ကို စစ်မြေပြင်လွင်ပြင်လို့ ခေါ်တာလား။"

ယွမ်ရှန့်မှာ လင်းချန် ဘာကြောင့် ဤမျှမြန်ဆန်စွာ အစီအရင်ကို ချိုးဖျက်နိုင်သလဲဆိုသည်ကို စဉ်းစားနေဆဲဖြစ်ရာ လင်းချန်၏ မေးခွန်းကြောင့်သာ အသိပြန်ဝင်လာရသည်။

ယွမ်ရှန့်က ခေါင်းညိတ်လိုက်သည်။ "အင်း... အဲ့ဒီနေရာကို စစ်မြေပြင်လွင်ပြင်လို့ ခေါ်တာပဲ။ ဒါကို မင်း ဘယ်လိုလုပ် သိတာလဲ။"

ယွမ်ရှန့်၏ အံ့အားသင့်နေသည့် အမူအရာကို ကြည့်ရင်း လင်းချန်က ရယ်မောလိုက်သည်။ "စစ်မြေပြင်လမ်းကြောင်း ရှိမယ်၊ စစ်မြေပြင်တောအုပ် ရှိမယ်... ပြီးတော့ ဒီတံခါးပေါက်က အဆုံးမဲ့လွင်ပြင်ကြီးဆီကို ပွင့်နေတာဆိုတော့ ဒါက သိသာနေတာပဲ မဟုတ်လား။"

ယွမ်ရှန့်သည် လင်းချန်ကို ဇဝေဇဝါ စိုက်ကြည့်ကာ ခေါင်းရမ်းလိုက်သည်။ "မင်းက အထဲကိုတောင် ဝင်မကြည့်ရသေးဘဲနဲ့... တတိယဟင်းလင်းပြင်က ဘယ်လိုပုံစံလဲဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ။"

လင်းချန်က ပြန်မေးလိုက်၏။ "စီနီယာကရော စစ်မြေပြင်တောအုပ်ထဲမှာ ဘာတွေဖြစ်နေလဲ မသိဘူးလား... ဘာတွေ စတင်နေပြီလဲဆိုတာကိုရောပေါ့။"

ယွမ်ရှန့်က ပြန်ဖြေသည်။ "ငါက ကမ္ဘာ့အမြုတေနယ်မြေကို အရိပ်မဲ့မျိုးနွယ်နဲ့ ကိုယ်ယောင်ဖျောက်မျိုးနွယ်တွေ တိုက်စားနေတာကို ခုခံနေရတာ... အဲ့ဒါကြောင့် ဒီနေရာကို အမြဲ စောင့်ကြည့်နေဖို့ အချိန်မရဘူး။"

ထိုစကားကို ကြားရသည့်အခါ လင်းချန်က နှမြောတသစွာ ပြောလိုက်၏။ "အဲ့ဒါဆိုရင်တော့ တကယ်ကို နှမြောစရာပါပဲ စီနီယာ... ခင်ဗျား တကယ်ကို ခမ်းနားလှတဲ့ မြင်ကွင်းကြီးတစ်ခုကို လွဲချော်သွားပြီ။"

ထို့နောက် လင်းချန်သည် သူ၏ ရန်သူကို ဓားချက်တစ်ချက်တည်းဖြင့် ဤအစီအရင်အတွင်းသို့ မည်သို့ ရိုက်သွင်းလိုက်သည်ကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။

လင်းချန်က ထိုသို့ဖြစ်ရသည်မှာ ကံကောင်း၍ ဖြစ်ရခြင်းဟု ပြောသော်လည်း ယွမ်ရှန့်မှာမူ လင်းချန် ပြောသကဲ့သို့ တိုက်ဆိုင်မှုသက်သက် ဖြစ်လိမ့်မည်ဟု လုံးဝ မယုံကြည်ပေ။

လင်းချန်က ပီပြင်စွာ ပြောဆိုနေသော်လည်း ဘေးနားရှိ ယွမ်ရှန့်မှာမူ စူးစမ်းလိုစိတ်များ ပြင်းထန်နေ၏။ လင်းချန်က ဆက်ပြောလိုက်သည်။ "ပြီးတော့... ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတွေနဲ့ ချင်မင်းဆက်ရဲ့ တတိယမင်းသားတို့က အဲ့ဒီ တတိယဟင်းလင်းပြင်ဆိုတဲ့ နေရာကို ရောက်နေကြပြီ၊ အဆုံးမဲ့လွင်ပြင်ကြီးကို တွေ့ပြီး ကျွန်တော့်ဆီကို သတင်းပို့တာ။"

ယွမ်ရှန့်က မေးလိုက်၏။ "အဲ့ဒီ တတိယဟင်းလင်းပြင် စစ်မြေပြင်လွင်ပြင်က အခု ဘယ်လို အခြေအနေ ဖြစ်နေပြီလဲ။"

ယခင်က တတိယဟင်းလင်းပြင်ရှိ စမ်းသပ်သူများသည် ဝံပုလွေသဏ္ဌာန်နှင့် နွားသဏ္ဌာန်ရှိသည့် စိတ်ဝိညာဉ်သားရဲ အုပ်စုကြီးများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရ၏။

ထိုသားရဲများ၏ အုပ်စုလိုက် တိုက်ခိုက်မှုမှာ အလွန်တရာ ပြင်းထန်လှသဖြင့် အနည်းငယ်မျှ ပေါ့ဆလိုက်သည်နှင့် သေဆုံးသွားနိုင်သည်။

လင်းချန်က ပြောလိုက်သည်။ "အဲ့ဒီနေရာကို အရိပ်မဲ့မျိုးနွယ်နဲ့ ကိုယ်ယောင်ဖျောက်မျိုးနွယ်တွေက လုံးဝ ပြောင်းလဲပစ်လိုက်ပြီ... အဲ့ဒီ တံခါးပေါက်ရဲ့ အပြင်ဘက်မှာတင် အဆောက်အအုံ တော်တော်များများ ဆောက်ထားကြသလို... ကင်းစောင့်တွေလည်း အများကြီး ရှိနေတယ်။ ဒါပေမဲ့ ချင်မင်းဆက်ရဲ့ တတိယမင်းသားက ကျွန်တော့်အတွက် ရှေ့ကနေ လမ်းဖောက်ပေးနေတယ်... အခု သူက အရိပ်မဲ့မျိုးနွယ်နဲ့ ကိုယ်ယောင်ဖျောက်မျိုးနွယ်ရဲ့ ကင်းစောင့်တွေကို တိုက်ခိုက်နေပြီ။"

လျင်မြန်လှသည့် ထောက်လှမ်းရေးများမှတစ်ဆင့် ရရှိလာသော ပုံရိပ်များကြောင့် လင်းချန်သည် တံခါးပေါက်၏ နောက်ကွယ်မှ အခြေအနေကို ရှင်းလင်းစွာ သိရှိနေခြင်း ဖြစ်၏။

လင်းချန်သည် တံခါးပေါက်ရှိရာသို့ စိုက်ကြည့်လိုက်သည်။ "စီနီယာ... ခင်ဗျား သိလား၊ ခင်ဗျားကို သတ်ချင်နေတဲ့ ရန်သူတွေကို အကောင်းဆုံး လက်စားချေနိုင်တဲ့ နည်းလမ်းက သူတို့ကို သတ်ပစ်ဖို့ မဟုတ်ဘူး... သူတို့ သေတဲ့အထိ ခင်ဗျားအတွက် အသုံးတော်ခံစေပြီး သူတို့ရဲ့ ခွန်အားတွေကို ခင်ဗျားအတွက် အသုံးချခိုင်းဖို့ပဲ။"

သူ၏ ရွှေရောင်သန်းနေသည့် မျက်ဝန်းများအတွင်းရှိ နည်းဗျူဟာ မျက်နှာပြင်ပေါ်၌ ထောက်လှမ်းရေးများ ပေးပို့လာသော ပုံရိပ်များ ထင်ဟပ်နေသည်။

ထိုပုံရိပ်များထဲ၌ ချင်ဖေးယွီသည် အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့ကို သွေးချောင်းစီးအောင် ပြင်းထန်စွာ တိုက်ခိုက်နေပြီး... သူ၏ အသည်းအသန် ခုခံနေမှုများမှာ လင်းချန်အတွက် လမ်းကြောင်းကို လွယ်ကူချောမွေ့စေရန် ပြုလုပ်ပေးနေခြင်းသာ ဖြစ်၏။

ထိုခဏ၌ အရိပ်မဲ့မျိုးနွယ်ဝင်များ၏ ဝိုင်းရံခြင်းကို အပြည့်အဝ ခံထားရသော ချင်ဖေးယွီသည် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

ရွှေဓာတ်စိတ်ဝိညာဉ်စွမ်းအားများ ပြည့်နှက်နေသော သူ၏ ခန္ဓာကိုယ်မှာ မျှော်လင့်မထားဘဲ နိုးထခြင်းနယ်ပယ်၏ အေးခဲခြင်း စိတ်ဝိညာဉ်စွမ်းအားများကို စတင် ထုတ်လွှတ်လာခဲ့ပြီး တောက်ပသော အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။

ချင်ဖေးယွီ၏ အရှိန်အဝါ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည့်အခါ ခပ်ပိန်ပိန်အရိပ်မဲ့မျိုးနွယ်ဝင်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွား၏။

ခွမ်းးး... ခွမ်းးး...

နောက်တစ်စက္ကန့်တွင် ပြင်းထန်လှသော အေးခဲခြင်းအရှိန်အဝါမှာ ချင်ဖေးယွီ၏ ခန္ဓာကိုယ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာ၏။

သူတည်ရှိရာကို ဗဟိုပြု၍ ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ချက်ချင်းပင် ရေခဲများ ဖုံးလွှမ်းသွားခဲ့ရ၏။ သူတို့ ဝင်ရောက်လာခဲ့သော ဟင်းလင်းပြင်တံခါး တစ်ခုတည်းသာ ချွင်းချက်အဖြစ် ကျန်ရစ်ခဲ့၏။

ပြိုပျက်နေသော နံရံများနှင့် လွင့်စင်နေသော အပိုင်းအစများမှာပင် ခိုက်ခိုက်တုန်အောင် အေးမြလှသော နှင်းစက်များနှင့် ရေခဲသလင်းပွင့်များကြား၌ ဝေဟင်ထက်၌ပင် အေးခဲသွားကြ၏။

ချင်ဖေးယွီထံသို့ ပြေးဝင်လာသော အရိပ်မဲ့မျိုးနွယ်ဝင်များမှာလည်း သူတို့၏ လှုပ်ရှားမှုများအတိုင်း ဝေဟင်ထက်၌ပင် အေးခဲရပ်တန့်သွားကြလေတော့သည်။

ဤပြင်းထန်လှသော အေးခဲခြင်းအရှိန်အဝါမှာ အရပ်မျက်နှာ အသီးသီးသို့ ဆက်လက် ပျံ့နှံ့သွားရာ ခပ်ပိန်ပိန် အရိပ်မဲ့မျိုးနွယ်ဝင်မှာ ထိတ်လန့်တုန်လှုပ်လျက် နောက်ဘက်သို့ အသည်းအသန် ဆုတ်ခွာလိုက်ရ၏။

ခွမ်းးး... ဘုန်းးး...

အက်ကွဲသံများ လေထုအတွင်း ပြည့်နှက်သွားပြီးနောက် ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ခဲနေသမျှ အရာအားလုံးမှာ တစ်စစီ ကြေမွသွားပြီး နီရဲသော သွေးရောင်များ စွန်းထင်နေသည့် ရေခဲသလင်းမှုန့်များအဖြစ် ပြောင်းလဲသွားတော့၏။

အေးခဲသွားခဲ့သော အရိပ်မဲ့မျိုးနွယ်ဝင် တစ်ထောင်ကျော်မှာ ထိုသွေးရောင်ရေခဲသလင်းမှုန့်များ၏ အစိတ်အပိုင်းအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

အထက်မှနေ၍ ခပ်ပိန်ပိန်အရိပ်မဲ့မျိုးနွယ်ဝင်မှာ ကြောက်ရွံ့မှုကြောင့် တုန်ရီနေမိ၏။

အစောပိုင်းက ပေါက်ကွဲထွက်သွားသော အေးခဲခြင်းအရှိန်အဝါမှာ သူ၏ မျိုးနွယ်စုဝင် တစ်ထောင်ကျော်ကို ရေခဲမှုန့်လေးများအဖြစ် ကြိတ်ချေပစ်လိုက်သည် မဟုတ်ပါလော။

လွတ်မြောက်ရန်အတွက် တံခါးပေါက်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်နေသော ချင်ဖေးယွီကို ကြည့်ရင်း ပိန်လှီသော အရိပ်မဲ့မျိုးနွယ်ဝင်၏ ရင်ဘတ်အတွင်း၌ ဒေါသများမှာ ပြင်းထန်စွာ တောက်လောင်လာခဲ့၏။ သူသည် အံခဲကြိတ်ကာ ချင်ဖေးယွီ၏ နောက်သို့ အသည်းအသန် လိုက်လံဖမ်းဆီးလေတော့သည်။

နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်ရာ အစွမ်းထက်သော အရိပ်မဲ့မျိုးနွယ်ဝင်က သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်လာသည်ကို မြင်သောအခါ ချင်ဖေးယွီသည် စိတ်ထဲမှ ထိတ်လန့်သွားပြီး သူ၏ အလျင်ကို ပိုမို မြှင့်တင်လိုက်၏။

သာမန်အချိန်မျိုးတွင်သာဆိုလျှင် ထိုပြိုင်ဘက်နှင့် တစ်ဦးချင်း ရင်ဆိုင်ရပါက သူသည် လုံးဝ ကြောက်ရွံ့နေမည် မဟုတ်ချေ။

ချင်ဖေးယွီသည် သူ၏ သေခြင်းရှင်ခြင်း နယ်ပယ်၊ နှလုံးသားအဆင့် ခွန်အားအပေါ် အမြဲတမ်း ဂုဏ်ယူခဲ့သူဖြစ်၏။

သူ၏ ခမည်းတော် ချန်ရစ်ခဲ့သော အသက်ကယ်လက်နက်ကို အသုံးပြုလိုက်ရသည့်အတွက် စိတ်ဝိညာဉ်စွမ်းအားများမှာ များစွာ ဆုံးရှုံးသွားခဲ့ရပြီဖြစ်၏။ သို့သော်လည်း ဝိုင်းရံပိတ်ဆို့မှုအတွင်းမှ ရုန်းထွက်နိုင်ရန်အတွက် ထိုအသက်ကယ်လက်နက်ကို အသုံးချလိုက်ရခြင်းမှာ ထိုက်တန်ပေ၏။

အရိပ်မဲ့မျိုးနွယ်ဝင်များမှာ သူ့ထံသို့ စုရုံးရောက်ရှိလာပြီး အထက်မှ စစ်သည်မှာလည်း ဒေါသထွက်နေသော မျက်နှာဖြင့် ဆင်းသက်လာသည်ကို မြင်သော်လည်း ချင်ဖေးယွီသည် မထိတ်လန့်ဘဲ လှောင်ပြောင်လိုစိတ်သာ ဖြစ်ပေါ်နေ၏။

အဘယ်ကြောင့်ဆိုသော် လွတ်မြောက်ရာလမ်းဖြစ်သော ဝဲဂယက်တံခါးမှာ လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။ ထိုဝဲဂယက်အတွင်းသို့ ဝင်လိုက်သည်နှင့် သူ လွတ်မြောက်နိုင်ပြီဖြစ်၏။

ချင်ဖေးယွီသည် တံခါးပေါက်အတွင်းရှိ ဝဲဂယက်ဆီသို့ အလောတကြီး တိုးဝင်လိုက်စဉ်မှာပင် အတွင်းဘက်မှ အသံတစ်သံ ထွက်ပေါ်လာပြီး ခြေထောက်တစ်ဖက်က သူ၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ကန်ထုတ်လိုက်၏။

လက်တစ်ကမ်းအလိုရှိ တံခါးပေါက်မှာ ရုတ်တရက် ဝေးကွာသွားခဲ့ပြီး ရင်ဘတ်မှ စူးရှလှသော နာကျင်မှုကြောင့် သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို မထိန်းချုပ်နိုင်တော့ဘဲ နောက်ဘက်သို့ အရှိန်အဟုန်ဖြင့် လွင့်စင်သွားလေတော့သည်။

ဘုန်းးး...

တစ်ချိန်တည်းမှာပင် နောက်ကွယ်မှ ဓားမြှောင်တစ်လက်မှာ သူ၏ နှလုံးသားကို ဖောက်ထွက်သွားခဲ့၏။ မည်သည့် အရိပ်မဲ့မျိုးနွယ်ဝင်က သူ၏ နှလုံးသားကို ထိုးစိုက်လိုက်သည်ကို ချင်ဖေးယွီ နောက်လှည့်ကြည့်ရန်ပင် မလိုတော့ချေ။

သို့သော်လည်း ချင်ဖေးယွီသည် ထိုအရိပ်မဲ့မျိုးနွယ်ဝင်ကို မနာကြည်းမိချေ။

သူ၏ ပါးစပ်မှ သွေးများ စီးကျလာခဲ့ပြီး သူ့အထက်မှနေ၍ ပြုံးလျက် ငုံ့ကြည့်နေသော လင်းချန်ကို လက်ညှိုးထိုးပြရင်း ချင်ဖေးယွီက ဆိုလိုက်၏။

"မင်း... မင်းက"

လင်းချန်က ပြောလိုက်သည်။

"စိတ်မကောင်းပါဘူးဗျာ... ကျုပ် အပြင်ထွက်လာတဲ့အချိန်မှာ တစ်ယောက်ယောက်က ကျုပ်ဆီကို တစ်ဟုန်ထိုး ပြေးဝင်လာတာ မြင်တော့ နည်းနည်း ထိတ်လန့်သွားလို့ ရုတ်တရက် ကန်မိသွားတာပါ... မှားပြီး ကန်မိသွားတဲ့အတွက် တကယ်ပဲ တောင်းပန်ပါတယ်"

ထို့နောက် လင်းချန်သည် အလွန်တရာ ရိုးသားလှသော မျက်နှာထားဖြင့် ချင်ဖေးယွီကို ကြည့်ကာ ဆက်၍ ဆိုလိုက်၏။

"အဲ့ဒါကြောင့်... အေးအေးဆေးဆေးပဲ သေဆုံးသွားလိုက်ပါတော့ဗျာ"

**--**--**--**--**--**--**--**

အကယ်၍ ချင်ဖေးယွီသာ လင်းချန်၏ စကားများကို ယုံကြည်သွားမည်ဆိုလျှင် ထိုသည်က အလွန်ပင် ရယ်စရာကောင်းပေလိမ့်မည်။

သူသည် မည်မျှပင် မကျေမနပ်ဖြစ်နေပါစေ၊ မည်မျှပင် ဒေါသထွက်နေပါစေ၊ လက်ရှိအချိန်၌ သူ ဘာတတ်နိုင်မည်နည်း။

သူ၏ နှလုံးသားကို ဖောက်ထွက်သွားသည့် ဓားမြှောင်မှ စိတ်ဝိညာဉ်စွမ်းအားများ စီးထွက်လာပြီးနောက် သေးငယ်လှသော ဓားသွားများအဖြစ် ပြောင်းလဲကာ သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းကို ဖျက်ဆီးပစ်လိုက်လေပြီ။

ချင်ဖေးယွီသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ သက်စောင့်အားမာန်များ လျင်မြန်စွာ ဆုတ်ယုတ်သွားသည်ကို ရှင်းလင်းစွာ ခံစားနေရ၏။

သူ၏ မျက်စိရှေ့မှ မုန်းတီးဖွယ်ရာ မျက်နှာပိုင်ရှင်မှာမူ ထိုမြင်ကွင်းကို ကျေနပ်စွာ စိုက်ကြည့်နေသည်။ လင်းချန်သည် သူ သေဆုံးသွားခြင်းအပေါ် အလွန်ပင် ဝမ်းမြောက်နေသည်မှာ ထင်ရှားလှသည်။

ချင်ဖေးယွီသည် သွေးစများကြားမှ သူ၏ နောက်ဆုံး ခွန်အားကို စုစည်းကာ လင်းချန်ကို အော်ဟစ်ကျိန်ဆဲလိုက်၏။ "လင်းချန်... ငါ့ရဲ့ ခမည်းတော် ဧကရာဇ်က မင်းကို လုံးဝ လွှတ်ထားမှာ မဟုတ်ဘူး။"

...

ဘုန်းးး

ချင်ဖေးယွီကို ဓားဖြင့် ထိုးစိုက်ထားသည့် ပိန်လှီသော အရိပ်မဲ့မျိုးနွယ်ဝင်သည် သူ၏ ကျောပြင်ကို ခပ်ပြင်းပြင်း ကန်ထုတ်လိုက်ရာ အလောင်းမှာ မြေပြင်ပေါ်သို့ လွင့်ကျသွားသည်။

အရိပ်မဲ့မျိုးနွယ်ဝင်က ပြောလိုက်သည်။ "ယုတ်ညံ့တဲ့ လူသားမျိုးနွယ်... ငါ့ရဲ့ လူတွေကို ဒီလောက်အများကြီး သတ်ထားတာတောင် အခုထိ ဆူညံနေတုန်းလား။"

ပိန်လှီသော အရိပ်မဲ့မျိုးနွယ်ဝင်သည် သူ၏ ခြေထောက်ကို မြှောက်ကာ ချင်ဖေးယွီ၏ ဦးခေါင်းကို နင်းခြေရန် ပြင်လိုက်၏။ သူ၏ ဒေါသကို ဖြေဖျောက်ရန်အတွက် ချင်ဖေးယွီ၏ ဦးခေါင်းကို အမှုန့်ကြိတ်ပစ်ရန် ကြံစည်နေခြင်း ဖြစ်၏။

ဒုန်းးး

လင်းချန်၏ ခြေဖျားအောက်မှ ကျောက်စအချို့မှာ နောက်ဘက်သို့ လွင့်စင်သွားပြီးနောက် ယွမ်ရှန့်၏ နာမ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဖြတ်သန်းကာ ဟင်းလင်းပြင်တံခါးကို ထိမှန်ပြီးမှ မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။

ခြေထောက်မြှောက်ထားသည့် ပိန်လှီသော အရိပ်မဲ့မျိုးနွယ်ဝင်မှာ အမူအရာ ပြောင်းလဲသွားပြီး အမြန် ဆုတ်ခွာလိုက်ရ၏။

ချင်ဖေးယွီ၏ မျက်နှာကို နင်းတော့မည့် သူ၏ ညာဘက်ခြေထောက်မှာ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို ခံလိုက်ရခြင်းပင်။

အတော်အဝေးသို့ လွင့်စင်သွားပြီးနောက် ထိုအရိပ်မဲ့မျိုးနွယ်ဝင်သည် ညာဘက်ခြေထောက်ကို ခါယမ်းလျက် လင်းချန်ကို မော့ကြည့်လိုက်သည်။ "သူက မင်းရဲ့ ရန်သူပဲ မဟုတ်လား... ငါက သူ့ဦးခေါင်းကို အမှုန့်ကြိတ်မလို့ဟာ မင်းနဲ့ ဘာဆိုင်လို့လဲ။"

လင်းချန်သည် သူ၏ ခြေရင်းရှိ ချင်ဖေးယွီ၏ အလောင်းကို ငုံ့ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ "သူက ငါ့ရန်သူပဲ... သူ သေသွားဖို့ကိုလည်း ငါ အလိုရှိတာ အမှန်ပဲ။ ဒါပေမဲ့... သူက လူသားမျိုးနွယ်ထဲက တစ်ယောက် ဖြစ်နေတုန်းပဲ... ဒါကြောင့် လူသားမျိုးနွယ်ထဲက တစ်ယောက်ဖြစ်တဲ့ ငါကပဲ သူ့ရဲ့ ရုပ်အလောင်းကို ကိုင်တွယ်ဖို့ အခွင့်အရေး ရှိတာ... နားလည်လား။"

ထိုသို့ ပြောရင်း လင်းချန်သည် သူ၏ လက်ထဲ၌ အနီရောင် အရည်များ လည်ပတ်နေသည့် လုံးဝန်းသော သလင်းလုံးလေး တစ်ခုကို ထုတ်လိုက်ပြီးနောက် ချင်ဖေးယွီ၏ အလောင်းပေါ်သို့ အားကုန် ရိုက်ခွဲလိုက်သည်။

ခဏချင်းအတွင်းမှာပင် နီရဲသည့် မီးတောက်များက ချင်ဖေးယွီ၏ ရုပ်အလောင်းကို ဝါးမြိုသွား၏။ ထိုအခါမှသာ လင်းချန်သည် ခေါင်းကို မော့ကာ ပိန်လှီသော အရိပ်မဲ့မျိုးနွယ်ဝင်ကို စိုက်ကြည့်လိုက်သည်။ "မင်းက ငါအသုံးချတဲ့ ကိရိယာတစ်ခုမျှသာပဲ... ငါတို့ လူသားမျိုးနွယ်ရဲ့ အလောင်းကို စော်ကားဖို့ မင်းမှာ ဘာအခွင့်အရေး ရှိလို့လဲ။ သူက ငါ့ရန်သူ ဖြစ်နေရင်တောင် မင်းမှာ အခွင့်အရေး မရှိဘူး... နားလည်လား။"

သူ့ရှေ့မှ အရိပ်မဲ့မျိုးနွယ်ဝင်ကို ကြည့်နေသည့် လင်းချန်၏ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များသာ ပြည့်နှက်နေသည်။

အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့သည် ဤကမ္ဘာငယ်လေးကို ထိန်းချုပ်ပြီးနောက် လူသားမျိုးနွယ်နှင့် ပင်လယ်မျိုးနွယ်ကို တိုက်ခိုက်ရန် အချိန်အတော်ကြာ ပြင်ဆင်ခဲ့ကြသည် မဟုတ်လော။

မူလပြည်နယ်ရှိ လူသားမျိုးနွယ်များမှာ ဘီလူးသရဲမျိုးနွယ်နှင့် လူပုသရဲမျိုးနွယ်တို့၏ လက်အောက်၌ ကျွန်ပြုခံခဲ့ရသည်ကို လင်းချန် သိရှိပြီးသား ဖြစ်၏။

ထို့ကြောင့် လူသားမျိုးနွယ်အပေါ် ရန်လိုသည့် မျိုးနွယ်စုများအပေါ်၌ လုံးဝ သနားညှာတာစိတ် မထားမိရန် သူ ဆုံးဖြတ်ထားပြီး ဖြစ်၏။

တစ်ပါးသော မျိုးနွယ်စုများအတွက် ရွေးချယ်စရာ လမ်းနှစ်လမ်းသာ ရှိသည်၊ တစ်လမ်းမှာ ပင်လယ်မျိုးနွယ်ကဲ့သို့ မဟာမိတ်ပြုကာ ချစ်ကြည်စွာ ဆက်ဆံရန် ဖြစ်ပြီး အခြားတစ်လမ်းမှာမူ သတ်ဖြတ်ရန်သာ ဖြစ်၏။

ထိုကဲ့သို့သော ပြင်ပရန်သူများအတွက် သနားညှာတာမှု ပြသခြင်းမှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် အန္တရာယ်ပြုခြင်းသာ ဖြစ်ပေရာ လုံးဝ ခွင့်လွှတ်ပေးစရာ မလိုပေ။

လင်းချန်၏ စကားကို ကြားလိုက်ရသည့်အခါ ပိန်လှီသော အရိပ်မဲ့မျိုးနွယ်ဝင်၏ မျက်နှာမှာ မည်းမှောင်သွားပြီး ပြောင်ပြောင်တင်းတင်း အစော်ကားခံလိုက်ရမှုကြောင့် သူ၏ ရင်ဘတ်အတွင်းမှ ဒေါသများမှာ ပိုမို ပြင်းထန်လာ၏။

အရိပ်မဲ့မျိုးနွယ်ဝင်က ပြောလိုက်သည်။ "လူသား... မင်းရဲ့ အခြေအနေကို မင်းသိလား။"

ပိန်လှီသော အရိပ်မဲ့မျိုးနွယ်ဝင်သည် ပတ်ဝန်းကျင်၌ စုရုံးလာသည့် သူ၏ မျိုးနွယ်စုဝင်များကို လက်ညှိုးထိုးပြလိုက်သည်။ "ဒါက မာန်တက်တာ မဟုတ်ဘူး... ဒါက မိုက်မဲတာပဲ။"

လင်းချန်၏ ဘေးရှိ နာမ်ပိုင်းဆိုင်ရာ ယွမ်ရှန့်ကမူ သက်ပြင်းချလိုက်သည်။ "ကောင်လေး... ငါ မင်းကို မလုပ်ဖို့ ဖျောင်းဖျခဲ့သားပဲ။ မင်းကတော့ သားသတ်ရုံထဲက သိုးတစ်ကောင်လို ဖြစ်နေပြီ... ခဏနေရင် ငါ့ရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို လောင်ကျွမ်းစေပြီး မင်းကို အပြင်ကို ပို့ပေးမယ်၊ အဲ့ဒီအချိန်ကျရင် လုံးဝ မရုန်းကန်နဲ့နော်။"

လင်းချန်က ပြန်ပြောလိုက်သည်။ "မလိုပါဘူး စီနီယာ။"

ယွမ်ရှန့် စကားဆုံးသည်နှင့် လင်းချန်သည် လက်ယပ်ကာ ထိုသို့လုပ်ရန် မလိုကြောင်း အချက်ပြလိုက်ပြီးနောက် ပတ်ဝန်းကျင်ကို စိတ်အေးလက်အေး အကဲခတ်လိုက်သည်။ "လူ တစ်သောင်းကျော်လောက်ပဲ လာတာလား... တော်တော် နည်းတာပဲ၊ ပြီးတော့ မင်းတို့က မြန်နှုန်းကို အားကိုးတဲ့သူတွေ ဖြစ်ပါလျက်နဲ့... ဘာလို့ အခုလို တစုတဝေးတည်း စုနေကြတာလဲ၊ တကယ်ကို မိုက်မဲတဲ့ မျိုးနွယ်စုဝင်တွေပဲ။"

လင်းချန်သည် စကားအဆုံး၌ လက်နှစ်ဖက်ကို ဖြန့်လိုက်ပြီး ပိန်လှီသော အရိပ်မဲ့မျိုးနွယ်ဝင်များကို လှောင်ရယ်လိုက်သည်။ "ငါ့လူတို့... မင်းတို့အားလုံးကို အမြစ်ပြတ် သုတ်သင်ဖို့အတွက် ငါ့ရဲ့ စစ်သည် တစ်ထောင်ဆိုရင် လုံလောက်နေပြီ။"

လင်းချန်၏ စကားအဆုံး၌ အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာပြီးနောက်၊ သံချပ်ကာ အင်္ကျီအထူစားများ ဝတ်ဆင်ထားသည့် စစ်သည်များသည် မည်သည့်နေရာမှ ပေါ်လာသည်မသိဘဲ ထွက်ပေါ်လာကြ၏။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၁၇ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters