အခန်း ၃၁၈
Vol. 32 Ch. 318
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၁၈
ဘာသာပြန် - Ko Yoohtoo
True Immortal Team
ထိုသံချပ်ကာဝတ် စစ်သည်များက လေထဲမှ ရုတ်တရက် ထွက်လာကြခြင်း ဖြစ်၏။ အရိပ်မဲ့မျိုးနွယ်ဝင်များမှာ ဘာဖြစ်သွားသည်ကို မသိလိုက်မီ ထိုစစ်သည်များသည် သူတို့၏ ဓားကြီးများကိုမြှောက်ကာ ရန်သူများအား စတင်ပိုင်းချလိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်း၌ပင် သွေးစများမှာ လေထဲသို့ လွင့်စင်သွားရ၏။ လုံးဝ မျှော်လင့်မထားသည့် တိုက်ခိုက်မှုကြောင့် အရိပ်မဲ့မျိုးနွယ်ဝင် အများအပြားမှာ ဓားချက်များကို ခံလိုက်ရကာ သူတို့၏ ဒဏ်ရာများကို ဖိပြီး မကျေမနပ်သော မျက်နှာများဖြင့် မြေပြင်ပေါ်သို့ လဲကျသွားကြတော့သည်။
ပိန်လှီသည့် အရိပ်မဲ့မျိုးနွယ်ဝင်များသည် တစ်ထောင်ခန့်ရှိသော ထိုသံချပ်ကာဝတ် စစ်သည်အုပ်စုအား ထိတ်လန့်တကြား ကြည့်နေမိကြ၏။ သူတို့ မြင်နေရသည်မှာ အမြင်မှားနေသလားဟု သိနိုင်ရန် မျက်လုံးများကိုပင် အသည်းအသန် ပွတ်ကြည့်နေမိကြသည်။
"နောက်တစ်ခါလား..."
ယွမ်ရှန့်သည်လည်း မည်သည့်နေရာမှ ပေါ်လာမှန်းမသိသည့် ထိုစစ်သည် တစ်ထောင်ကို မြင်သည့်အခါ သူ၏ မျက်လုံးများကိုပင် သံသယဖြစ်သွားမိသည်။ သို့သော်လည်း သူ မြင်နေရသည်မှာ ထင်ယောင်ထင်မှား မဟုတ်ဘဲ အစစ်အမှန်ပင် ဖြစ်၏။
ထို့အပြင် ယွမ်ရှန့်သည် သူ၏ ထက်မြက်သည့် အကဲခတ်မှုဖြင့် ထိုသံချပ်ကာဝတ် စစ်သည်များ၏ ထူးခြားချက်ကို သတိထားမိလိုက်သည်။
ပထမဆုံးအချက်မှာ သူတို့၏ ခွန်အားက အံ့ဩဖွယ်ရာ ကောင်းလှသည်။ သူတို့၏ ခန္ဓာကိုယ်အား ဝန်းရံထားသည့် အရှိန်အဝါများမှာ သေခြင်းရှင်ခြင်း နယ်ပယ်၏ နှလုံးသားအဆင့်ရှိ အရှိန်အဝါများပင် ဖြစ်ကြ၏။
ထို့အပြင် သူတို့၏ ပတ်လည်၌ ရစ်ခွေနေသည့် စိတ်ဝိညာဉ်စွမ်းအားများမှာ အဝါနုရောင် သန်းနေကြပြီး သူတို့၏ အရွယ်အစားနှင့် တည်ဆောက်ပုံများမှာလည်း တစ်ဦးနှင့်တစ်ဦး လုံးဝ ထပ်တူကျနေကြသည်။
ဆန့်ကျင်ဘက်အနေဖြင့် အရိပ်မဲ့မျိုးနွယ်ဝင်များမှာမူ ပုံစံအမျိုးမျိုး ရှိကြပြီး သူတို့၏ နယ်ပယ်များမှာလည်း အနိမ့်အမြင့် ကွဲပြားနေကြ၏။ ထို့အပြင် သူတို့၏ စိတ်ဝိညာဉ်လက်နက်များမှာ အနီးကပ် တိုက်ခိုက်ရန်အတွက် ပြုလုပ်ထားသည့် ဓားမြှောင်တိုများ ဖြစ်ကြသည်။
သို့သော် သူတို့၏ လက်နက်များက စစ်သည်များ၏ ကာကွယ်ရေး စိတ်ဝိညာဉ်စွမ်းအားများအား ထိုးဖောက်ပြီးနောက် သံချပ်ကာပေါ်သို့ ထိမှန်သည့်အခါ မီးပွင့်များသာ ထွက်ပေါ်လာပြီး အစင်းရာလေးတစ်ခုမျှသာ ကျန်ရစ်၏။
ထို့နောက်၌မူ အရိပ်မဲ့မျိုးနွယ်ဝင်များသည် သံချပ်ကာဝတ် စစ်သည်များ၏ တန်ပြန်တိုက်ခိုက်မှုကို ရင်ဆိုင်ကြရတော့သည်။ အဝါနုရောင် စိတ်ဝိညာဉ်စွမ်းအားများ ဝန်းရံနေသည့် စစ်မြေပြင်သုံး ဓားကြီးများသည် ရန်သူတို့၏ ကာကွယ်ရေးများအား မညှာမတာ ချိုးဖျက်ကာ သူတို့၏ ခန္ဓာကိုယ်များကို နှစ်ခြမ်းခွဲပစ်လိုက်သည်။
လင်းချန် အစောပိုင်းက ပြောခဲ့သည့်အတိုင်းပင် အရိပ်မဲ့မျိုးနွယ်ဝင်များသည် တစ်စုတစ်ဝေးတည်း စုဝေးနေကြသဖြင့် သူတို့၏ လျင်မြန်သည့် အလျင်အား အသုံးချရန် နေရာမရှိတော့ချေ။ ထိုသို့ အစွမ်းထက်သည့် ဓားကိုင်စစ်သည်များ ပေါ်လာခြင်းမှာ သူတို့အတွက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ခံရမည့် မြင်ကွင်းနှယ် ဖြစ်နေတော့သည်။
ယွမ်ရှန့်သည် နောက်ထပ် အချက်တစ်ခုကိုလည်း သတိထားမိလိုက်၏။ အရိပ်မဲ့မျိုးနွယ်ဝင်များအား သတ်ဖြတ်ပြီးနောက် ထိုဓားကိုင်စစ်သည်များ၏ ပတ်လည်၌ အနီရောင် အရှိန်အဝါတစ်ခု ထွက်ပေါ်လာခြင်းပင်။ ထိုအနီရောင် အရှိန်အဝါ ပေါ်ထွက်လာသည်နှင့်အမျှ စစ်သည်များ၏ ခွန်အားမှာလည်း တိုးတက်လာပုံရသည်။
အထင်ရှားဆုံး ဥပမာမှာ ဓားကိုင်စစ်သည် တစ်ဦးသည် နှလုံးသားအဆင့်ရှိ အရိပ်မဲ့မျိုးနွယ်ဝင် တစ်ဦးနှင့် အပြန်အလှန် အကြိမ်နှစ်ဆယ်ခန့် တိုက်ခိုက်ပြီးမှသာ သတ်ဖြတ်နိုင်ခြင်း ဖြစ်သည်။ သို့သော် အရိပ်မဲ့မျိုးနွယ်ဝင် နှစ်ဦးအား သတ်ဖြတ်ပြီးနောက်၌မူ ထိုစစ်သည်၏ ခန္ဓာကိုယ်ပေါ်ရှိ အနီရောင်အရှိန်အဝါမှာ ပိုမို ထူထပ်လာ၏။
သူသည် အစွမ်းထက်လှသည့် ဓားချက် ဆယ်ချက်ခန့်ဖြင့်ပင် နှလုံးသားအဆင့်ရှိ အရိပ်မဲ့မျိုးနွယ်ဝင် တစ်ဦးကို ခုတ်သတ်ပစ်လိုက်နိုင်လေပြီ။
ထိုဓားကိုင်စစ်သည်များသည် ရန်သူများကို ပိုမိုသတ်ဖြတ်လေလေ သူတို့၏ ခွန်အားမှာ ပိုမို တိုးတက်လာလေလေ ဖြစ်ပြီး ရန်သူ ဆယ်ဂဏန်း နှစ်ဆယ်ခန့်ကိုပင် အေးအေးဆေးဆေး ရင်ဆိုင်နိုင်လာကြသည်။
သို့သော်လည်း ထိုစစ်သည်များပေါ်ရှိ သွေးရောင်အရှိန်အဝါမှာ အကန့်အသတ်တစ်ခုအထိသာ တိုးတက်နိုင်ကြောင်းကို ယွမ်ရှန့် သတိပြုမိလိုက်၏။
ပိန်လှီသည့် အရိပ်မဲ့မျိုးနွယ်ဝင်သည် သူ၏ လူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံနေရသည်ကို ကြည့်ရင်း တစ်ကိုယ်လုံး တုန်ရီနေသော်လည်း ဝင်ရောက်ကူညီရန်မှာမူ မဖြစ်နိုင်တော့ချေ။
အဘယ်ကြောင့်ဆိုသော် သူသည် အစောပိုင်းက စစ်သည် တစ်ထောင်တည်းဖြင့် သူ၏ လူသောင်းချီအား မယှဉ်နိုင်ဟု အထင်သေးမိသောကြောင့်ပင်။ သူ သတိဝင်လာသည့် အချိန်၌မူ စစ်သည် နှစ်ဆယ်ခန့်မှာ ဝိုင်းရံတိုက်ခိုက်နေကြလေပြီ။
သွေးရောင်အရှိန်အဝါများ ဝန်းရံနေသည့် ဤဓားကိုင်စစ်သည်များ၏ ခွန်အားမှာ မယုံနိုင်လောက်အောင်ပင် ပြင်းထန်လွန်းလှသည်။
ယွမ်ရှန့်သည် လင်းချန်ဘက်သို့ လှည့်ကာ ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်သည်။
"သူတို့က ဘယ်သူတွေလဲ။"
လင်းချန်က ပြန်ဖြေလိုက်၏။
"သွေးလွှမ်းစစ်သည်တွေ။"
ယွမ်ရှန့်သည် လင်းချန်၏စကားကို ကြားသော် ပြန်မပြောတော့ချေ။ သူသည် ဓားကိုင်စစ်သည်များ၏ အမည်နာမကို တီးတိုးရွတ်ဆိုရင်း တိုက်ပွဲအား ဆက်လက်ကြည့်ရှုနေမိရာ အံ့ဩမှုကြောင့် တောက်တစ်ချက် ခေါက်လိုက်မိသည်။
လင်းချန်သည် ဘေးနားရှိ ယွမ်ရှန့်အား တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ရှေ့၌ ဖြစ်ပွားနေသည့် အရိပ်မဲ့မျိုးနွယ်စုနှင့် သွေးလွှမ်းတိုက်ပွဲဆီသို့ အကြည့်ကို ပြန်ပို့လိုက်၏။
ယွမ်ရှန့်က သူ့အပေါ် စေတနာထားပုံရသော်လည်း လင်းချန်အနေဖြင့် လုံးဝ ယုံကြည်နိုင်ခြင်း မရှိသေးချေ။ ယွမ်ရှန့်ဘက်မှ တစ်စုံတစ်ရာကို ဖုံးကွယ်ထားသရွေ့၊ အရာအားလုံးကို ရှင်းလင်းစွာ မသိရသေးသရွေ့ လင်းချန်သည်လည်း အရာအားလုံးကို ဖွင့်ဟပြောဆိုမည် မဟုတ်ပေ။
ရှေ့၌ ဖြစ်ပျက်နေသည့် သွေးလွှမ်းစစ်သည်နှင့် အရိပ်မဲ့မျိုးနွယ်တို့၏ ထိပ်တိုက်တွေ့ဆုံမှုကို ပြန်လည်အာရုံစိုက်လိုက်ရင်း ယွမ်ရှန့်၏ အံ့အားသင့်နေပုံကို တွေးမိကာ လင်းချန်၏ မျက်လုံးများထဲ၌ ဂုဏ်ယူဝင့်ကြွားသော အရိပ်အယောင်များ ယှက်သန်းလာ၏။
သွေးလွှမ်းစစ်သည် ဆိုသည်မှာ ဓားကိုင် စစ်သည်အတန်းအစား၏ အဆင့်မြင့်ပုံစံဖြစ်ပြီး အလယ်အလတ်အဆင့် တည်ရှိမှုတစ်ခု ဖြစ်သည်။
ဓားကိုင်စစ်သည်များမှ အဆင့်တက်လှမ်းလာခြင်း ဖြစ်သည့်အတွက် သွေးလွှမ်းစစ်သည်များသည် စစ်သည်များ၏ ပြင်းထန်သော တိုက်ခိုက်နိုင်စွမ်းကို ဆက်ခံထားသည့်အပြင် ထပ်ဆောင်းစွမ်းရည်တစ်ခုကိုပါ ပိုင်ဆိုင်ထားသည်။
သွေးဆာလောင်ခြင်း...။
ယခင်ဘဝ ဂိမ်းကစားစဉ်က 'သွေးဆာလောင်ခြင်း' သည် သွေးလွှမ်းစစ်သည်များ၏ စွမ်းအားကြီးမားသည့် ပင်ကိုယ်စွမ်းရည် တစ်ခု ဖြစ်ခဲ့သည်။ ထိုအရာနှင့် နှိုင်းယှဉ်လျှင် သွေးလွှမ်းစစ်သည်အဖြစ် အဆင့်တက်ပြီးနောက် ရရှိလာသော စွမ်းအားမှာ သိပ်ပြီး အရေးမပါလှချေ။
လူတစ်ယောက်ကို သတ်ဖြတ်ပြီးတိုင်း သွေးဆာလောင်ခြင်း အရှိန်အဝါသည် တစ်ဆင့်တက်လာမည်ဖြစ်ပြီး သွေးလွှမ်းစစ်သည်၏ စွမ်းအားသည်လည်း ၂၀ ရာခိုင်နှုန်း တိုးလာမည် ဖြစ်၏။
ထိုစွမ်းရည်သည် ငါးဆင့်အထိ ထပ်ပေါင်းတင်နိုင်ရာ သွေးလွှမ်းစစ်သည်၏ စွမ်းအားသည် နှစ်ဆခန့်အထိ တိုးတက်လာနိုင်ပြီး လျင်မြန်သည့် အမြန်နှုန်းကိုလည်း ထပ်ဆောင်းစွမ်းအားအဖြစ် ရရှိစေနိုင်သည်။
ထိုအချက်ကြောင့်ပင် စစ်သည်အတန်းအစား အဆင့်မြှင့်တင်ရာ၌ သွေးလွှမ်းစစ်သည်များသည် ခက်ခဲကြမ်းတမ်းသည့် တိုက်ပွဲများအတွက် ဦးစားပေး ရွေးချယ်စရာ ဖြစ်လာသည်။ သူတို့ အသက်ရှင်ကျန်ရစ်နေသရွေ့ တိုက်ပွဲတိုင်း၌ ပိုမိုစွမ်းအားကြီးလာမည် ဖြစ်၏။
ထိုအကြောင်းရင်းများကြောင့်ပင် လင်းချန်သည် သူ၏ စစ်သည်တစ်ထောင်က အရိပ်မဲ့မျိုးနွယ် တစ်သောင်းကျော်အား ဖြေရှင်းနိုင်သည်ဟု ကြွားဝါရဲခြင်း ဖြစ်သည်။
တစ်စုတစ်ဝေးတည်း စုရုံးနေသည့် အရိပ်မဲ့မျိုးနွယ်များသည် သူတို့၏ မွေးရာပါ လျင်မြန်ဖြတ်လတ်မှုကို ထုတ်သုံးနိုင်စွမ်း မရှိကြပေ။ သွေးလွှမ်းစစ်သည်များ၏ ရှေ့မှောက်၌ သူတို့သည် စဉ်းတီတုံးပေါ်မှ အသားတုံးများနှင့် မခြားနားလှချေ။
လက်ရှိအချိန်၌ အရိပ်မဲ့မျိုးနွယ်များသည် ကြောက်မက်ဖွယ်ကောင်းသည့် ဂြိုဟ်သားမျိုးနွယ်စု မဟုတ်တော့ဘဲ အသတ်ဖြတ်ခံရမည့် သားကောင်များသာ ဖြစ်နေတော့သည်။
သို့သော် အရိပ်မဲ့မျိုးနွယ် တစ်သောင်းကျော်ခန့် အသတ်ခံလိုက်ရလုနီးပါး အချိန်၌ အဝေးတစ်နေရာမှ သတ်ဖြတ်လိုသည့် အော်ဟစ်သံသဲ့သဲ့ကို ကြားလိုက်ရသော်လည်း မည်သည့်အရိပ်အယောင်မျှ မတွေ့ရချေ။
ထိုအချိန်၌ ယွမ်ရှန့်က လင်းချန်အား အလျင်စလို လှမ်းအော်လိုက်သည်။
"ကောင်လေး... သူတို့ စစ်ကူတွေ ရောက်လာပြီ။ အရေအတွက် မနည်းဘူး။"
လင်းချန်က ရုတ်တရက် လှည့်ကြည့်လိုက်သည်။
"ကျွန်တော် သိတယ် စီနီယာ။"
ထိုခဏ၌ စိတ်ဝိညာဉ်အစိတ်အပိုင်းများနှင့် စိတ်ဝိညာဉ်လက်နက် နှလုံးသားတို့သည် ချက်ချင်း ထွက်ပေါ်လာပြီး အရည်ပျော်ကျကာ သူ၏လက်ထဲ၌ မိုးကြိုးလျှပ်စီးဓားအဖြစ် ပုံဖော်လိုက်သည်။
ရွှေနီရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအားများသည် ဓားသွားပေါ်၌ လွှမ်းခြုံသွားပြီး နဂါးဟိန်းသံတစ်ချက် ထွက်ပေါ်လာ၏။ ရွှေနီရောင်အလင်းတန်းများ ဖြာထွက်လာသည်နှင့် လင်းချန်သည် နောက်သို့လှည့်ကာ တွန့်ဆုတ်ခြင်းမရှိဘဲ ဓားဖြင့် ထိုးနှက်လိုက်သည်။
"ရွှီးးး"
ဓားသွားက အသားကို ထိုးဖောက်သွားသံ ထွက်ပေါ်လာပြီး လေထုထဲမှ သွေးများ ပန်းထွက်လာသည်။ ဘာမှမရှိသည့် နေရာ၌ အရိပ်မဲ့မျိုးနွယ်ဝင်တစ်ဦး ရုတ်တရက် ပေါ်လာပြီး အသက်ရှူသံကိုပင် မထိန်းချုပ်နိုင်တော့ဘဲ ကစဥ့်ကလျား ဖြစ်သွားပုံရ၏။
သူ၏ ပြင်းထန်သည့် အရှိန်အဝါကို ကြည့်ရုံဖြင့် သာမန် အရိပ်မဲ့မျိုးနွယ်ဝင်များထက် မညံ့ကြောင်း သိသာထင်ရှားသည်။ သူတို့သည် အစွမ်းထက်ကြပြီး လီယွမ်ဖုန်းကဲ့သို့ ပါရမီရှင်များအောက် အနည်းငယ်သာ နိမ့်ကျသူများ ဖြစ်ကြ၏။
လင်းချန်က ပြောလိုက်သည်။
"မင်းတို့ အရိပ်မဲ့မျိုးနွယ်တွေက မမြင်ကွယ်ရာကနေ သတ်တဲ့နေရာမှာ တကယ် ကျွမ်းကျင်တာပဲ။"
သူ၏ မျက်လုံးများမှာ ရွှေရောင်ပြောင်းလဲသွားပြီး သနားညှာတာမှု ကင်းမဲ့ကာ အထင်အမြင်သေးမှုများ ပြည့်နှက်နေ၏။ သူသည် မိုးကြိုးလျှပ်စီးဓားကို ပြန်ရုပ်လိုက်ပြီး ဓားကို တစ်ပတ်လှည့်ကာ မြေကြီးဆီသို့ ခုတ်ချလိုက်ရာ သွေးစက်များ ပေါ်ထွက်လာသည်။
"ဒါပေမဲ့ ဖမ်းမမိအောင် စိတ်ဝိညာဉ်စွမ်းအားကို ခန္ဓာကိုယ်ထဲ ဖုံးကွယ်ထားရတဲ့အတွက် မင်းတို့ရဲ့ ကာကွယ်ရေးစွမ်းအားက အားနည်းလွန်းတယ်။"
လင်းချန်၏ စကားအဆုံး၌ ပတ်ဝန်းကျင်ရှိ သွေးလွှမ်းတိုက်ပွဲမှာ ပိုမိုပြင်းထန်လာပြီး ဓားချက်တိုင်း၌ သွေးစက်များ ပေါ်ထွက်လာသည်။
လင်းချန်က ထပ်ပြောလိုက်၏။
"ပုန်းမနေနဲ့တော့... အလကားပဲ။"
ဒဏ်ရာရထားသည့် အရိပ်မဲ့မျိုးနွယ်ဝင်က အခြေအနေကို သဘောပေါက်သွားသည်။ လင်းချန်တို့က သူတို့ကို ရှင်းရှင်းလင်းလင်း မြင်နေရကြောင်း သိလိုက်ရ၏။
ထိုသို့ဆိုလျှင် ကိုယ်ယောင်ဖျောက်ခြင်း၏ အားသာချက်မှာ လုံးဝမရှိတော့သည့်အပြင် ကာကွယ်ရေးစွမ်းရည်ပါ ပျောက်ဆုံးသွားသဖြင့် ထိခိုက်သေဆုံးမှုများက ပိုမို ထိတ်လန့်ဖွယ် ကောင်းလာတော့သည်။
ထိုအချိန်၌ လေးလံသည့် အသံကြီးတစ်သံ ထွက်ပေါ်လာသည်။
"ပိုင်ချီ... မင်း တကယ် အသုံးမကျပါလား။"
ဒဏ်ရာရထားသည့် အရိပ်မဲ့မျိုးနွယ်ဝင်သည် ထိုအသံကို ကြားလိုက်ရသောအခါ သက်ပြင်းချလိုက်ပြီး အလျင်စလို အော်လိုက်သည်။
"ဝူလျန်... မြန်မြန် လာကူပါဦး... ဒီကျူးကျော်လာတဲ့ လူသားမျိုးနွယ်တွေက အရမ်း ဒုက္ခပေးလွန်းတယ်။"
ထိုအချိန်၌ လင်းချန်သည်လည်း ကောင်းကင်ယံဆီသို့ မော့ကြည့်လိုက်သည်။ အဝေးမှ ကျောက်တုံးဖြင့် ပြုလုပ်ထားသကဲ့သို့ တောက်ပနေသည့် အရေပြားပိုင်ရှင် လူကောင်ကြီးများ ချဉ်းကပ်လာကြ၏။
လင်းချန်၏ ဘေးနားရှိ ယွမ်ရှန့်က ရှင်းပြလိုက်သည်။
"ကျောက်ပြာမျိုးနွယ်... ဉာဏ်ရည်ထိုင်းပေမဲ့ ခန္ဓာကိုယ်ကြံ့ခိုင်တဲ့ မျိုးနွယ်ပဲ။ ခန္ဓာကိုယ် သန်မာလေ အပြာရောင် ပိုတောက်လေပဲ။ ဒါပေမဲ့ ကိုယ်ယောင်ဖျောက်မျိုးနွယ်တွေ ဝင်ရောက်ပူးကပ်ဖို့ သင့်တော်လို့ အများအားဖြင့် မွေးမြူခံထားရတယ်။"
ယွမ်ရှန့်က ဆက်ပြောလိုက်၏။
"ကောင်လေး... မြန်မြန်ပြေးတာ ပိုကောင်းမယ်။ လာနေတာတွေက ပိုများလာပြီ။ ကိုယ်ယောင်ဖျောက်မျိုးနွယ်တွေ ရောက်လာပြီ။"
ကျောက်ပြာမျိုးနွယ်၏ ရုပ်သွင်ကို ယူထားသော်လည်း အမှန်စင်စစ် ကိုယ်ယောင်ဖျောက်မျိုးနွယ် စစ်တပ်ကြီး ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ လင်းချန်၏ မျက်နှာထားမှာ ရေခဲတမျှ အေးစက်သွားသည်။
မျိုးနွယ်ကောင်းတစ်ခုလုံးသည် ကိုယ်ယောင်ဖျောက်မျိုးနွယ်များ၏ ခန္ဓာကိုယ်လုယူရန် သက်သက် မွေးမြူခြင်း ခံထားရရှာ၏။
ကိုယ်ယောင်ဖျောက်မျိုးနွယ်များ၏ လက်ထဲ၌ ကျောက်ပြာမျိုးနွယ်သည် အသိဉာဏ်ရှိသည့် မျိုးနွယ်တစ်ခု၏ ဂုဏ်သိက္ခာကို ဆုံးရှုံးရပြီး တိရစ္ဆာန်များအဆင့်သို့ လျှောကျရသည်။
အကယ်၍သာ ဤကမ္ဘာငယ်လေးသည် ကိုယ်ယောင်ဖျောက်မျိုးနွယ်နှင့် အရိပ်မဲ့မျိုးနွယ်တို့ လက်ထဲသို့ ကျရောက်သွားလျှင် သူတို့သည် ကမ္ဘာငယ်လေး၏ တံခါးပေါက်များကို အသုံးပြုပြီး လူသားမျိုးနွယ်ကို တိုက်ခိုက်လာပေလိမ့်မည်။
ထို့နောက် ရှုံးနိမ့်သွားသည့် လူသားများသည်လည်း ကျောက်ပြာမျိုးနွယ်များကဲ့သို့ ဖြစ်သွားမည်ကို လင်းချန် တွေးကြည့်ရုံဖြင့် သိနိုင်သည်။ မူလပြည်နယ်ရှိ လူသားမျိုးနွယ်များ၏ ကံကြမ္မာဆိုးသည် နောက်တစ်ကြိမ် ထပ်မံ ဖြစ်ပေါ်လာနိုင်၏။
လင်းချန်သည် ယွမ်ရှန့်ဘက်သို့ လှည့်ကာ ပြတ်သားသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"စီနီယာ... ကျွန်တော့်ကို ဖျောင်းဖျမနေပါနဲ့တော့... ကျွန်တော် ထွက်သွားမှာ မဟုတ်ဘူး။"
ယွမ်ရှန့် သက်ပြင်းချလိုက်သည်။ သူသည် လင်းချန်ကို နားချ၍ မရနိုင်ကြောင်း သိသော်လည်း မေးခွန်းတစ်ခုကို မမေးဘဲ မနေနိုင်ပေ။
"ဘာလို့လဲ။"
လင်းချန်က ပြန်ဖြေလိုက်၏။
"ကျွန်တော်က ဒီကမ္ဘာငယ်လေးကို ကျွန်တော့်ရဲ့ ကိုယ်ပိုင်ပိုင်နက် ဖြစ်စေချင်တာ။ ဒါကြောင့် ပြင်ပလူတွေ ရှိနေလို့ မဖြစ်ဘူး... အထူးသဖြင့် တခြားမျိုးနွယ်တွေပေါ့။ ပြီးတော့ သူတို့သာ ဒီကမ္ဘာငယ်လေးကို သိမ်းပိုက်သွားရင် ကျွန်တော်တို့ လူသားမျိုးနွယ်အပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာမလဲဆိုတာ စီနီယာလည်း သိမှာပဲ။"
"ကျွန်တော်က သူရဲကောင်းတစ်ယောက် မဟုတ်ဘူး။ ကျွန်တော့်ရဲ့ အဓိက ရည်ရွယ်ချက်က ဒီကမ္ဘာငယ်လေးအတွက်ပဲ။ ဒါပေမဲ့ ကျွန်တော့်မှာ လူသားမျိုးနွယ်ကို ကာကွယ်နိုင်စွမ်း ရှိနေရင်တော့ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။ ဘာပဲပြောပြော ကျွန်တော်က လူသားမျိုးနွယ်ပဲ... ကျွန်တော့်နှလုံးသားက ကျောက်တုံးမဟုတ်ဘူး... ထက်သန်တဲ့သွေးတွေ စီးဆင်းနေတယ်။ လူသားမျိုးနွယ်ကို တခြားမျိုးနွယ်တွေရဲ့ တိရစ္ဆာန်လို ကျွန်ပြုတာကို မခံနိုင်ဘူး။"
ယွမ်ရှန့်သည် သူ့ရှေ့မှ လင်းချန်ကို ကြောင်ငေးကြည့်နေမိပြီး အတော်ကြာမှ သက်ပြင်းချလိုက်သည်။
"ဒါပေမဲ့ မင်း လုပ်နိုင်ပါ့မလား။"
လင်းချန်သည် ယွမ်ရှန့်ဘက်သို့ ကျောပေးကာ လှည့်ထွက်သွားလိုက်သည်။
"လုပ်နိုင်တယ်... ကျွန်တော့်အင်ပါယာကို ကျွန်တော်ယုံတယ်။ သူ့နာမည်က ဟွာရှာတဲ့။"
ထိုစကားကို ကြားလိုက်ရသည့်အခါ ယွမ်ရှန့်သည် တိတ်ဆိတ်သွားပြီး စကားဆက်မပြောတော့ချေ။ သူသည် အချိန်မရွေး သူ့ကိုယ်သူ မီးရှို့ဖျက်ဆီးပစ်ရန် ပြင်ဆင်ထားလိုက်သည်။
ခဏအကြာ၌ ယွမ်ရှန့်သည် သူ၏ မူလခန္ဓာကိုယ်ဘက်မှ အခြေအနေကို အာရုံခံမိပြီး ပြုံးလိုက်သည်။ ထွက်ခွာသွားသည့် လင်းချန်၏ ကျောပြင်ကို ကြည့်ရင်း ယွမ်ရှန့် ရေရွတ်လိုက်၏။
"အစ်ကိုကြီးသာဆိုရင်လည်း ဒီလိုကောင်လေးအတွက် ဂုဏ်ယူနေမှာပဲ။ ဒါပေမဲ့ အစ်ကိုကြီး ပြောတာ မှန်လောက်တယ်... မင်းက တကယ့်ကို မဟာဧကရာဇ်ကြီး ဖြစ်လာမယ့် ကောင်လေးပဲ။"
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၁၈ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team