← Chapters

အခန်း ၃၁၉

Vol. 32 Ch. 319

အခန်း ၃၁၉

Vol. 32 Ch. 319

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၁၉

ဘာသာပြန် - Ko Yoohtoo

True Immortal Team

ဝူလျန် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ရှုပ်ထွေးနေသည့် သွေးလွှမ်းတိုက်ပွဲကြားမှ အရိပ်မဲ့မျိုးနွယ်ဝင်တစ်ဦးကို ဆွဲထုတ်လိုက်ရင်း မေးလိုက်၏။

"ပိုင်ချီ... ဒီမှာ ဘာဖြစ်နေတာလဲ။"

ဝူလျန်၏ အသားအရေသည် သူ၏အနောက်မှ မျိုးနွယ်ဝင်များထက် အရောင်ပိုရင့်ကာ ပိုမိုသန်မာပုံရသည်။

လက်ရှိအချိန်၌ အောက်ဘက်သို့ ဆက်တိုက် ရောက်ရှိလာသည့် အရိပ်မဲ့မျိုးနွယ်ဝင်များသည် သူတို့၏ ခြေရာများကို ဖုံးကွယ်ထားခြင်း မရှိတော့ချေ။

သူတို့သည် စိတ်ဝိညာဉ်စွမ်းအားများကို ခန္ဓာကိုယ်ပတ်လည်၌ စုစည်းထားပြီး အခွင့်ကောင်းကို ချောင်းမြောင်းကာ သွေးလွှမ်းစစ်သည်များကြားသို့ လျင်မြန်စွာ ပြေးဝင်တိုက်ခိုက်ကြသည်။

ထိုသို့ ကိုယ်ထင်ပြ၍ တိုက်ခိုက်ခြင်းမှာ ခြေရာဖျောက်၍ တိုက်ခိုက်ခြင်းထက် အထိအခိုက် အကျအဆုံး နည်းပါးကြောင်း ထင်ရှားနေ၏။

အနည်းဆုံးတော့ သွေးလွှမ်းစစ်သည်များ၏ ဓားချက်တစ်ချက်တည်းဖြင့် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားခြင်းမျိုး မဖြစ်တော့ချေ။

ထို့အပြင် သွေးလွှမ်းစစ်သည်များဘက်မှလည်း အထိအခိုက် အကျအဆုံးများ စတင်ပေါ်ပေါက်လာပြီး အချို့မှာ ရက်စက်စွာ အသတ်ခံလိုက်ရသည်။ ထူထဲသည့် သံချပ်ကာများသည် တိုက်ခိုက်မှုများကို ကောင်းစွာ ခုခံနိုင်သော်လည်း သံချပ်ကာ အစပ်အဟပ်များနှင့် မျက်နှာကဲ့သို့သော အကာအကွယ်မဲ့သည့် နေရာများ ရှိနေသေးသည် မဟုတ်လော။

ပိုင်ချီသည် တိုက်ပွဲကြားမှ လွတ်မြောက်လာပြီးနောက် အသက်ရှင်ကျန်ရစ်သည့် သွေးလွှမ်းစစ်သည် ဆယ်ဦးခန့်သည် သူ့နောက်သို့ လိုက်မလာတော့ချေ။

ထိုအစား သူတို့သည် မြေပြင်ပေါ်သို့ ဆင်းသက်ကာ ကျန်ရှိနေသည့် တိုက်ပွဲ၌ ဝင်ရောက်ပူးပေါင်းလိုက်ကြ၏။

ထိုအချိန်၌ ပိုင်ချီသည် အခြေအနေကို ဝူလျန်အား အသေအချာ ရှင်းပြလိုက်သည်။

ဝူလျန်သည် မေးစေ့ကို ပွတ်သပ်လိုက်ပြီး အောက်ဘက်သို့ ငုံ့ကြည့်ကာ အံ့ဩသွား၏။

"စိတ်ဝင်စားဖို့ ကောင်းသားပဲ။ ဘာမှမရှိတဲ့ လေထုထဲကနေ လူအင်အား တစ်ထောင်လောက်ကို ဆင့်ခေါ်နိုင်တယ်။ ပြီးတော့ တစ်ယောက်ချင်းစီကလည်း အတော်လေး သန်မာကြသားပဲ။"

သူက ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ ကြည့်ရတာ ဒါက သူ့ရဲ့ အကန့်အသတ် ဖြစ်ပုံရတယ်။ မဟုတ်ရင် ဒီလောက် အခြေအနေဆိုးနေတဲ့အချိန်မှာ သူ နောက်ထပ် လက်အောက်ငယ်သားတွေကို ထပ်ဆင့်ခေါ်နေလောက်ပြီ။"

ဝူလျန်သည် လက်ကို ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

"အောက်ဆင်းပြီး ကူညီကြ။"

သူ၏ စကားသံအဆုံး၌ ကျောက်ပြာမျိုးနွယ်များ၏ ခန္ဓာကိုယ်ကို ဝါးမြိုရယူထားသည့် ကိုယ်ယောင်ဖျောက်မျိုးနွယ်ဝင်များသည် ပြုံးစစ မျက်နှာထားများဖြင့် အောက်ဘက်သို့ တစ်ဟုန်ထိုး ဆင်းသွားကြ၏။

ကိုယ်ယောင်ဖျောက်မျိုးနွယ်များ ပါဝင်လာသည်နှင့် တိုက်ပွဲအခြေအနေ ချက်ချင်း ပြောင်းလဲသွားသည်။

ကိုယ်ယောင်ဖျောက်မျိုးနွယ်များ ရယူထားသည့် ကျောက်ပြာမျိုးနွယ် ခန္ဓာကိုယ်များသည် သာမန်ထက် ပိုမိုသန်မာကြ၏။

သွေးလွှမ်းစစ်သည်များနှင့် ထိပ်တိုက်တွေ့သည့်အခါ အသာစီးမရသေးသော်လည်း အရိပ်မဲ့မျိုးနွယ်များအပေါ် ကျရောက်နေသည့် ဖိအားကိုမူ များစွာ လျော့ကျသွားစေသည်။

ဝူလျန်သည် လေထုထဲမှနေ၍ အောက်ဘက်ရှိ လင်းချန်ကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

"သူ့ရဲ့ လက်အောက်ငယ်သားတွေ အကုန်သေသွားတဲ့အထိ စောင့်ပြီးမှ သူ့ကို အရှင်ဖမ်းကြတာပေါ့။"

သေဆုံးသွားသည့် သွေးလွှမ်းစစ်သည်များမှာ လေထုထဲ၌ ပျောက်ကွယ်သွားသည်ကို သူ သတိထားမိလိုက်၏။

သူ၏ ခန့်မှန်းချက်အရ ထိုအလောင်းများကို တစ်ဖက်လူက ပြန်လည် သိမ်းဆည်းလိုက်ခြင်း ဖြစ်တန်ရာ၏။

ဝူလျန်၏ တွေးခေါ်ပုံမှာ ရိုးရှင်းလှပေ။ လင်းချန်၏ ခန္ဓာကိုယ်၌ သက်ရှိများကို ထည့်သွင်းသိုလှောင်နိုင်သည့် အထူးအဆန်း စိတ်ဝိညာဉ်သိုလှောင်အိတ် တစ်ခုခု ရှိနေပေလိမ့်မည်။

ထိုပစ္စည်း၏ သိုလှောင်နိုင်စွမ်းမှာ မသေးငယ်လှချေ။ ရှားပါး ရတနာတစ်ခုပင် ဖြစ်သည်။

ထို့အပြင် ဤလူသားသည် ပုံရိပ်ယောင် အစီအရင်များကို ဖြတ်ကျော်ပြီး ဤနေရာသို့ ရောက်ရှိလာနိုင်သည့်အပြင် ကြမ်းတမ်းသည့် လက်အောက်ငယ်သားများကိုပါ ပိုင်ဆိုင်ထားသဖြင့် သူ့ကို အသေဖမ်းမိခြင်းထက် အရှင်ဖမ်းမိခြင်းက ပို၍ တန်ဖိုးရှိပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ သူတို့ဘက်၌ လူအင်အား အလုံအလောက် ရှိနေ၏။ မျိုးနွယ်စုနှစ်ခု ပေါင်းလိုက်လျှင် အင်အား သုံးသိန်းခန့် ရှိရာ တစ်ဖက်လူ၏ အင်အား တစ်ထောင်ဆိုသည်မှာ ပြောပလောက်စရာ မရှိသည့် ရေလှိုင်းငယ်လေးတစ်ခုသာ ဖြစ်သည်။

လင်းချန်၏ လက်အောက်ငယ်သားများ တစ်ယောက်ပြီးတစ်ယောက် လဲကျသေဆုံးနေသည်ကို ကြည့်ရင်း ယွမ်ရှန့်တစ်ယောက် စိတ်မကောင်း ဖြစ်နေမိသည်။

တစ်ဖက်၌ အထိအခိုက် အကျအဆုံး ပိုများနေသော်လည်း ဤအခြေအနေသည် ဝမ်းသာစရာ မဟုတ်ချေ။

ယွမ်ရှန့်၏ အမြင်၌ သွေးလွှမ်းစစ်သည်များ အကုန်လုံး သုတ်သင်ခံလိုက်ရသည့်အချိန်သည် လင်းချန်၏ နိဂုံးချုပ်ချိန်ပင် ဖြစ်၏။

ယွမ်ရှန့် တွေးလိုက်မိ၏။ 'ဒါပေမဲ့ ဒီကောင်လေးဆီမှာ လျှို့ဝှက်ဖဲတွေ ကျန်သေးပုံရတယ်။ မဟုတ်ရင် ဘာလို့ ဒီလောက် တည်ငြိမ်နေရတာလဲ။'

လင်းချန်၏ ထူးမခြားနားသည့် မျက်နှာထားကို ကြည့်ရင်း ယွမ်ရှန့် နားမလည်နိုင် ဖြစ်နေမိသည်။

အရေးကြီးသည့် အခိုက်အတန့် ရောက်နေပြီ ဖြစ်သော်လည်း သူသည် တည်ငြိမ်နေဆဲပင်။

လက်ရှိအချိန်၌ လင်းချန်သည် အမတ်ချုပ်ဖြစ်သူ ကျူးကော့မင်နှင့် စိတ်ဝိညာဉ်မှတစ်ဆင့် စကားပြောဆိုနေကြောင်း ယွမ်ရှန့် မသိရှာချေ။

အမတ်ချုပ်ကျူးကော့မင်သည် ဧကရာဇ်မင်းထံမှ ပေးပို့လာသည့် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာရင်း အားရကျေနပ်စွာဖြင့် လျှောက်တင်လိုက်သည်။

"သွေးနက်မျိုးနွယ် တော်ဝင်မိသားစုရဲ့ သုတေသနရလဒ်က တကယ်ကို ကောင်းမွန်တဲ့ သက်ရောက်မှု ရှိပါတယ်။ အထူးသဖြင့် သွေးလွှမ်းစစ်သည်တွေရဲ့ သွေးဆာလောင်ခြင်း နည်းပညာ မြှင့်တင်မှုက သိသာထင်ရှားပါတယ်။ အခုဆိုရင် ရန်သူတစ်ယောက်ကို သတ်ဖြတ်ပြီးနောက် စွမ်းအားအလွှာလိုက် တိုးမြှင့်ခြင်း သက်ရောက်မှုက အရင်က အသက်ရှူချိန် အခါ ၃၀ ကြာမှ ဖြစ်ပေါ်ပေမဲ့ အခုတော့ ၃ ခါ အတွင်းမှာတင် ဖြစ်ပေါ်လာပါတယ် အရှင်မင်းကြီး။"

လင်းချန်သည် ကျဆုံးသွားသည့် သွေးလွှမ်းစစ်သည်များနှင့် အရိပ်မဲ့မျိုးနွယ်ဝင်များ၏ အလောင်းများကို ဟွာရှာအင်ပါယာထဲသို့ သိမ်းဆည်းလိုက်ရင်း မေးလိုက်၏။

"မောင်မင်း... အရိပ်မဲ့မျိုးနွယ်တွေရဲ့ သုတေသနရလဒ်ကရော ဘယ်လိုလဲ။ ညအရိပ်စစ်သည်နဲ့ လေဟုန်စစ်သည်တွေရဲ့ နည်းပညာပိုင်းအတွက် အထောက်အကူ ဖြစ်ရဲ့လား။"

ကျူးကော့မင်က ခေါင်းရမ်းလိုက်သည်။

"အကျိုးသက်ရောက်မှု ၁၀ ရာခိုင်နှုန်းလောက်ပဲ တိုးတက်လာပါတယ်။ ပြောပလောက်စရာ မရှိပါဘူး။ အရှင်မင်းကြီး... ကျွန်တော်တို့ အရိပ်မဲ့မျိုးနွယ်တွေရဲ့ အလောင်းတွေကို မလိုအပ်တော့ပါဘူး။ ဒါပေမဲ့ ကိုယ်ယောင်ဖျောက်မျိုးနွယ်တွေရဲ့ သုတေသနအတွက် ဖမ်းဆီးထားတဲ့ သုံ့ပန်းတွေ လိုအပ်ပါတယ်။ ကျွန်တော်မျိုး..."

ကျူးကော့မင် စကားမဆုံးခင်မှာပင် လင်းချန်က ဖြတ်ပြောလိုက်၏။

"ဆက်မပြောနဲ့တော့။ အချိန်တန်ရင် ကိုယ်ယောင်ဖျောက်မျိုးနွယ် သက်ရှိတွေကို သုတေသနလုပ်ဖို့ ဒီကမ္ဘာငယ်လေးထဲမှာ ကောင်းကင်လက်မှုပညာဌာနကို ငါတည်ထောင်ပေးမယ်။"

သူ ဘာပြောချင်သည်ကို လင်းချန် သိနေ၏။

ဟွာရှာအင်ပါယာရှိ သက်ရှိများမှလွဲ၍ အခြားမည်သည့် သက်ရှိမှ အင်ပါယာထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိချေ။

ထို့ကြောင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်များကို သုတေသနပြုလုပ်ရန်အတွက် ပြင်ပကမ္ဘာ၌ ကောင်းကင်လက်မှုပညာဌာနကို တည်ထောင်ပြီး သူတို့ကို ဖမ်းဆီးချုပ်နှောင်ကာ လေ့လာရမည် ဖြစ်သည်။

သွေးလွှမ်းတိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည်။ သွေးနက်မျိုးနွယ် တော်ဝင်မိသားစု၏ သုတေသနမှ တိုက်ရိုက်အကျိုးကျေးဇူး ရရှိထားသည့် စစ်သည်များအနေဖြင့် သူတို့၏ စွမ်းဆောင်ရည်ကို တိုက်ပွဲအတွင်း၌သာ မြင်တွေ့နိုင်မည် ဖြစ်၏။

ယွမ်ရှန့်ရော၊ ဝူလျန်နှင့် ပိုင်ချီတို့ပါ လင်းချန်၏ ဘေးနား၌ လူတစ်ထောင်သာ ရှိသည်ဟု ထင်မှတ်နေကြသည်။

သို့သော် လင်းချန်နှင့် ကျူးကော့မင်တို့သည် ရန်သူများနှင့် အမှန်တကယ် တိုက်ခိုက်နေခြင်း မဟုတ်ဘဲ သွေးလွှမ်းစစ်သည်များ၏ သွေးဆာလောင်ခြင်း စွမ်းရည်ကို စမ်းသပ်နေခြင်းသာ ဖြစ်ကြောင်း သူတို့ မသိလိုက်ကြချေ။

ထိုအချိန်၌ ကျူးကော့မင်၏ အသံထွက်ပေါ်လာပြီး အသိပေးလိုက်သည်။

"အရှင်မင်းကြီး... အချိန်ကျပါပြီ။"

လင်းချန် ခေါင်းအနည်းငယ် ညိတ်လိုက်သည်နှင့် ကျန်ရှိနေသေးသည့် သွေးလွှမ်းစစ်သည် လေးရာကျော်သည် ရုတ်တရက် စုစည်းလိုက်ကာ လင်းချန်၏ ဘေးပတ်လည်၌ ဝိုင်းရံလိုက်ကြ၏။

ပြိုင်ဘက်များကလည်း တိုက်ခိုက်မှုကို ရပ်တန့်လိုက်သဖြင့် အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့၏ ထူထပ်သည့် လူအုပ်ကြီးသည် လင်းချန်နှင့် သူ့လူများကို ထွက်ပေါက်မရှိအောင် ဝိုင်းရံထားလိုက်ကြသည်။

ဝူလျန်သည် ထောင်ချောက်မိနေသည့် သားကောင်တစ်ကောင်အလား ဖြစ်နေသော လင်းချန်ကို ငုံ့ကြည့်လိုက်၏။

"လူသားမျိုးနွယ်... မင်း အခု လက်နက်ချမယ်ဆိုရင် အသေမသတ်ဘဲ ထားပေးနိုင်တယ်။ ငါတို့က အထက်ကို သတင်းပို့ပြီး မင်းကို အထူးအခွင့်အရေး ပေးဖို့ တောင်းဆိုပေးမယ်။"

လင်းချန်သည် ဝူလျန်ကို မော့ကြည့်လိုက်ပြီး ရုတ်တရက် သဘောပေါက်သွားသည့် ဟန်ပန် ပြလိုက်၏။

"ဪ... ဒါဆို မင်းတို့က ဒီမှာ ဖြစ်ပျက်နေတာတွေကို တခြားမျိုးနွယ်တွေကို အသိမပေးရသေးဘူးပေါ့။"

ပိုင်ချီ မျက်မှောင်ကြုတ်သွားသည်။ သူသည် ဝိုင်းရံခံထားရသည့် လင်းချန်ကို ကြည့်ကာ အေးစက်စွာ နှာမှုတ်လိုက်၏။

"အဲ့ဒါက ဘာအရေးပါလို့လဲ။ မင်းလိုကောင်ကို ရှင်းပစ်ဖို့ တခြားသူတွေကို အသိပေးစရာ လိုလို့လား။"

ပိုင်ချီ၏ အတည်ပြုချက်ကို ကြားလိုက်ရသည့်အခါ လင်းချန်က ရွှင်မြူးစွာ ပြောလိုက်သည်။

"အဲ့လိုဆိုရင်တော့ သက်သေမကျန်အောင် သတ်ဖို့ ကျုပ်အတွက် ပိုအဆင်ပြေသွားတာပေါ့။"

"ဝူးးး ဝူးးး ဝူးးး ဝူးးး"

ပိုင်ချီနှင့် ဝူလျန်တို့က လှောင်ပြောင်ရန် ပြင်လိုက်စဉ်မှာပင် အရပ်မျက်နှာလေးဖက်မှ တုန်ခါသံလေးခု ရုတ်တရက် ထွက်ပေါ်လာသည်။

လှမ်းကြည့်လိုက်သည့်အခါ ကြီးမားသော အစီအရင် အလင်းတန်းကြီးများ ကောင်းကင်သို့ ထိုးတက်သွားသည်ကို မြင်လိုက်ရ၏။

ခဏအတွင်းမှာပင် ထိုအလင်းတန်းလေးခုသည် လေးထောင့်ပုံစံ အကာအရံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြို့တစ်မြို့လုံးကို လွှမ်းခြုံသွားကာ နောက်ဆုံး၌ ဖောက်ထွင်းမြင်နိုင်သည့် အကာအရံတစ်ခု ဖြစ်လာသည်။

အစီအရင် အကာအရံ ဖြစ်ပေါ်လာမှုမှာ အလွန်လျင်မြန်ပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ပြီးဆုံးသွားခြင်း ဖြစ်၏။

လင်းချန်သည် အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့၏ အံ့အားသင့်နေသည့် မျက်နှာများကို ကြည့်လိုက်သည်။

"ကဲ... မင်းတို့ မျိုးနွယ်ခြားတွေအတွက် ထွက်ပေါက်မရှိတော့ဘူး။ မင်းတို့ နှစ်ဖက်ပေါင်း လူအင်အား သုံးသိန်းတောင် ရှိနေတာဆိုတော့... တရားမျှတမှု ရှိအောင်လို့။"

ထိုနေရာ၌ လင်းချန်က စကားကို ခေတ္တရပ်လိုက်ပြီး သွားဖြူဖြူလေးများ ပေါ်လာသည်အထိ ပြုံးလိုက်၏။

"ချွင်းးး ချွင်းးး ချွင်းးး"

ချက်ချင်းဆိုသလိုပင် သတ္တုချင်း ရိုက်ခတ်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး လင်းချန်၏ ဟာလာဟင်းလင်း ဖြစ်နေသည့် ပတ်ဝန်းကျင်သည် ရုတ်တရက် လူများဖြင့် ပြည့်ကျပ်သွားကာ သွေးလွှမ်းစစ်သည် တစ်သောင်းခန့် ပေါ်ထွက်လာပြီး သူ့ကို အလယ်မှ ကာကွယ်ထားလိုက်ကြသည်။

သို့သော် လေထုထဲရှိ ပိုင်ချီနှင့် ဝူလျန်တို့ကို အမှန်တကယ် ကြောက်ရွံ့သွားစေသည့်အရာမှာ သူတို့၏ ပတ်ဝန်းကျင် လေထုထဲ၌ လေးလံသည့် သံချပ်ကာများ ဝတ်ဆင်ထားပြီး ဓားရှည်များကို ကိုင်ဆောင်ထားသော စစ်သည်အများအပြား ရုတ်တရက် ပေါ်ပေါက်လာကာ သူတို့ကို အေးစက်သည့် အကြည့်များဖြင့် စိုက်ကြည့်နေကြခြင်းပင် ဖြစ်၏။

မုဆိုးက သားကောင်ကို စိုက်ကြည့်နေသကဲ့သို့ပင်။

လင်းချန်က ပြုံးလိုက်သည်။

"သုံးသိန်းချင်း ယှဉ်ပြီး တိုက်ကြတာပေါ့။"

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၁၉ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters