အခန်း ၁၅၇၁
Vol. 107 Ch. 1571
အခန်း ၁၅၇၁ နောက်ကွယ်မှ အထောက်အပံ့
“ငါ ငွေလှူတာကို ဘာဖြစ်လို့လဲလို့ မေးနေစရာ လိုသေးလို့လား။ ငါက သုံးလို့မှ မကုန်နိုင်တာကို” ဖုန်းယွီက 'ဒီလောက်တောင် မင်း မသိဘူးလား' ဆိုသည့် အကြည့်မျိုးဖြင့် ကျန့်ရွေ့ချန်အား ကြည့်လိုက်လေသည်။
ကျန့်ရွေ့ချန်က လှောင်ပြုံး ပြုံးလိုက်ပြီး “ဒါက အကြောင်းရင်းတွေထဲကတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ဒီအကြောင်းရင်းတွေကြောင့်ချည်း သက်သက်တော့ လုံးဝမဟုတ်ဘူး။ ပြောစမ်းပါဦး၊ မင်းက အတိအကျ ဘာလုပ်ချင်နေတာလဲ”
“ယုံချင်ယုံ၊ မယုံချင်နေ၊ ငါက ငါတို့နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုကို သဘောကျလို့ သက်သက်ပဲ”
ဖုန်းယွီက သူ၏စိတ်ထဲတွင် စကားတစ်ခွန်း ထပ်ဖြည့်ပြောလိုက်လေသည်။ အစတုန်းက ဒီရှေးဟောင်းစာပေတွေကို သင်ယူခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေကို၊ တခြားလူတွေကိုလည်း သေချာပေါက် မြည်းစမ်းကြည့်ခိုင်းရမယ်။
ဖုန်းယွီက မတ်တတ်ထရပ်ကာ ထွက်သွားမည်ပြုသည်ကို မြင်သောအခါ၊ ကျန့်ရွေ့ချန်က ဖုန်းယွီ၏လက်မောင်းကို ဆွဲထားလိုက်ပြီး “မင်းရဲ့ကိစ္စက ပြောလို့ ပြီးသွားပြီ၊ ငါ့ရဲ့ကိစ္စက မပြောရသေးဘူးလေ”
“အာ... မင်းမှာလည်း ကိစ္စရှိသေးတာလား”
ကျန့်ရွေ့ချန်မှာ ဒေါသထွက်လွန်း၍ စကားပင် ဆို့သွားလေသည်။ ငါ့မှာလည်း ကိစ္စ ရှိသေးတာလား ဆိုတာက ဘာအဓိပ္ပာယ်လဲ။ မင်းဆိုတဲ့သောက်ကောင်က အကြံပေး တစ်ယောက် လုပ်နေပြီးတော့၊ ခဏခဏ လူရှာလို့ မရဘူး၊ အခုမှ မနည်း ပေါ်လာတာကို၊ မင်းကို ဒီလောက် လွယ်လွယ်ကူကူနဲ့ ထွက်သွားခွင့် ပေးလိုက်လို့ ရမလား။
“ပြီးခဲ့တဲ့တစ်ခေါက်က မင်းနဲ့ပူးပေါင်းပြီး ငါလုပ်ပေးခဲ့တဲ့ အဲဒီ Polysilicon ကိစ္စက၊ နိုင်ငံတော်အတွက် ဘယ်လောက်တောင် ကြီးမားတဲ့ ပြဿနာတွေကို ယူဆောင်လာပေးခဲ့လဲ ဆိုတာကို မင်း သိလား”
ဖုန်းယွီက နှုတ်ခမ်းကို တွန့်လိုက်ပြီး “ဘယ်လောက်တောင် ကြီးမားတဲ့ ပြဿနာများ ရှိနိုင်လို့လဲ။ အစောဆုံး ဈေးတင်ခဲ့တာက ငါတို့မှ မဟုတ်တာ၊ ငါတို့က ဈေးကွက်ရဲ့ အကြီးဆုံး ဝေစုကို ယူထားတာလေ၊ ပြီးတော့ Polysiliconကုမ္ပဏီတွေ အကုန်လုံး အမြတ်ရသွားကြတာပဲ။ ဘာလဲ၊ တချို့နိုင်ငံတွေက ငါတို့ကို စီးပွားရေး ပိတ်ဆို့မှုတွေ စတင်လုပ်ဆောင်လာလို့လား”
“ကိစ္စက အဲ့ဒီလောက်ထိတော့ မဆိုးရွားပါဘူး၊ ဒါပေမဲ့ ငါတို့ကလည်း အဲ့ဒီအတွက် အလျှော့ပေးမှု တချို့လုပ်ခဲ့ရတယ်၊ အီလက်ထရောနစ် ထုတ်ကုန်တွေရဲ့ အကောက်ခွန်တွေကို လျှော့ချပေးလိုက်ရတယ်။ ပြီးတော့၊ တခြား အပိုင်းတွေမှာလည်း နောက်ဆုတ်ပေးခဲ့ရတယ်။ တခြား နိုင်ငံခြား အမှတ်တံဆိပ်တွေရဲ့ အီလက်ထရောနစ် ထုတ်ကုန်တွေ ပြည်တွင်းဈေးကွက်ကို ဝင်ရောက်လာရင်တောင်မှ၊ မင်းတို့တွေအနေနဲ့ အကြီးဆုံး ဈေးကွက်ဝေစုကို ရယူထားနိုင်စွမ်း ရှိတယ်လို့ နိုင်ငံတော်က မင်းတို့ကို ယုံကြည်တယ်”
ပြီးခဲ့သည့် တစ်ခေါက်က ကိစ္စကို ဖုန်းယွီက အထက်လူကြီးများက သူ့အား ခေါ်ယူဆွေးနွေးလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်ငြားလည်း၊ နောက်ဆုံးတွင်မူ ဘာမှ မဖြစ်ခဲ့သကဲ့သို့ ပင်ဖြစ်လေသည်။ Polysiliconဈေးတက်သွားခြင်းကြောင့် Polysilicon ကုမ္ပဏီများ အားလုံး အကျိုးအမြတ် ရရှိသွားကြသည် ဆိုသော်ငြားလည်း၊ တရုတ်က အကြီးမားဆုံးသော အကျိုးအမြတ်ကို ရရှိသွားခဲ့ခြင်း ဖြစ်လေသည်။
ထို့အပြင် ဤလုပ်ရပ်က အီလက်ထရောနစ် စက်မှုလုပ်ငန်းအပေါ် အလွန်ကြီးမားသော သက်ရောက်မှုများကို ဖြစ်ပေါ်စေမည်ဖြစ်ရာ၊ ထို အီလက်ထရောနစ် ထုတ်ကုန် အင်အားကြီး နိုင်ငံများ၊ အထူးသဖြင့် အမေရိကန်စသည်တို့က သည်းခံနိုင်ပါမည်လော။
ထိုတစ်ကြိမ်က Toshibaက အရင်ဆုံး ဈေးတင်လိုက်ခြင်းကသာ အကြီးမားဆုံးသော အမုန်းတရားများကို ဆွဲယူသွားခဲ့ခြင်းဖြစ်ပြီး၊ ကုမ္ပဏီ အများအပြားကဆိုလျှင် Toshiba နှင့် Tai Hua Polysiliconတို့ ပူးပေါင်းသွားကြပြီဟုပင် ထင်မှတ်နေကြလေသည်။ သို့မဟုတ် ပြောရလျှင် ဂျပန်နိုင်ငံနှင့် တရုတ်တို့ ပူးပေါင်းသွားကြခြင်း ဖြစ်လေသည်။
ထို့အပြင် တရုတ်သည် ထိုအချိန်ကာလအတွင်း ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အချို့ကို အမှန်တကယ်ပင် လက်မှတ်ရေးထိုးခဲ့ပြီး အားသာချက်များဖြင့် အားနည်းချက်များကို ဖြည့်ဆည်းခဲ့ကြရာ ဤအရာက အနောက်နိုင်ငံများကို အာရှ၏ အင်အားကြီး နှစ်နိုင်ငံ ပူးပေါင်းသွားကြပြီဟု ပို၍ပင်ထင်မှတ်သွားစေခဲ့လေသည်။
အနောက်နိုင်ငံများသည် အာရှတွင် ပကတိ အင်အားအကြီးဆုံးသော ခေါင်းဆောင်ကြီးတစ်ဦး ပေါ်ထွက်လာမည်ကို အမြဲတမ်း အလိုမရှိကြပေ။ ဤအရာက သူတို့၏ အကျိုးစီးပွားနှင့် မကိုက်ညီပေ။
ထိုနှစ်က ဂျပန်နိုင်ငံ၏ စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသောအခါ၊ ထိပ်တိုက် ရိုက်နှက်ခံလိုက်ရပြီး ပြန်လည်နာလန်ထူလာသည်မှာ နှစ်နှစ်ပင် မပြည့်သေးပေ။ ရလဒ်အနေဖြင့် ယခင်က တရုတ်သည် အသံတိတ် ဖွံ့ဖြိုးတိုးတက်နေခဲ့ပြီး ဤမျှလောက်အထိ အင်အားတောင့်တင်းလာပြီဖြစ်ကြောင်းကို သူတို့ ရှာဖွေတွေ့ရှိသွားကြလေသည်။
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သော ဤ ဖုန်းယွီတစ်ယောက်တည်းကပင် သူတို့အား အလွန်တရာ ကြီးမားသော အံ့အားသင့်မှုများကို ပေးစွမ်းနိုင်ခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ဖုန်းယွီသည် ရိုးရာအမြင်အရ စီးပွားရေး ပါရမီရှင်တစ်ယောက် ဖြစ်ရုံသာမက၊ ဘဏ္ဍာရေး ပါရမီရှင်တစ်ယောက်လည်း ဖြစ်နေသောကြောင့် ပင်ဖြစ်သည်။
ဥရောပနှင့် အမေရိကန်ဘက်မှ နိုင်ငံများသည် တရုတ်တွင် ပါရမီရှင် သိပ္ပံပညာရှင်များ၊ ပါရမီရှင် အင်ဂျင်နီယာများ ရှိနေမည်ကို မကြောက်ရွံ့ကြသော်ငြားလည်း၊ ဘဏ္ဍာရေး ပါရမီရှင် တစ်ယောက်ကမူ သက်ရောက်မှု အလွန်ကြီးမားလွန်းလှပေသည်။
ဖုန်းယွီ၏ ကိုယ်ပိုင်ကြွယ်ဝချမ်းသာမှုမှာ မနည်းလှသော်ငြားလည်း သူတို့က ဂရုမစိုက်ကြပေ။ သူတို့နိုင်ငံမှ ထိပ်တန်း ကုမ္ပဏီများ၏ ပိုင်ဆိုင်မှုများမှာ အမေရိကန်ဒေါ်လာ ထရီလီယံကျော်အထိ ရှိနေကြရာ၊ ဖုန်းယွီ၏ ထိုပိုင်ဆိုင်မှုလေးမှာ မပြောပလောက်သော အရာလေးမျှသာ ဖြစ်လေသည်။
သို့သော် သူတို့သည် ဖုန်းယွီ၏ ထိုကုမ္ပဏီများ၏ အလားအလာများကို မြင်တွေ့ထားကြပြီး ဖြစ်လေသည်။ အကယ်၍ ဖုန်းယွီကသာ တစ်ကြိမ်လောက် အမြတ်အစွန်းထုတ်ပြီး ထွက်သွားချင်မည်ဆိုပါက၊ ဖုန်းယွီ၏ ကုမ္ပဏီ အများအပြား၏ စတော့ရှယ်ယာများသည် အရှိန်အဟုန်ဖြင့် မြင့်တက်သွားနိုင်လေသည်။
သို့သော် တိုက်တိုက်ဆိုင်ဆိုင်ပင် ဤဖုန်းယွီမှာ အလွန်တရာ စိတ်ရှည်သည်းခံနိုင်စွမ်း ရှိပုံရပြီး၊ ကြက်ကိုသတ်၍ ဥကိုယူသည့် (ရေတိုအကျိုးအမြတ်အတွက် ရေရှည်အကျိုးစီးပွားကို ဖျက်ဆီးသည့်) ထိုလုပ်ရပ်မျိုးကို မလုပ်ဆောင်ခဲ့ပေ။ ဤသည်ကပင် သူတို့အား ပို၍ စိုးရိမ်ပူပန်သွားစေခဲ့ပြီး ဖုန်းယွီ၏ ရည်မှန်းချက်မှာ အလွန်ကြီးမားလှသည်ဟု ထင်မြင်စေခဲ့လေသည်။
အာရှ ဘဏ္ဍာရေး မုန်တိုင်းတုန်းကဆိုလျှင်၊ ဖုန်းယွီ၏ ဘဏ္ဍာရေးပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို သူတို့ မြင်တွေ့ခဲ့ကြပြီး ဖြစ်လေသည်။ သူသည် သူဌေးကြီး အများအပြားနှင့် ပူးပေါင်းကာ နိုင်ငံတော်၏ အင်အားကို အကူအညီ မယူဘဲနှင့်ပင် ဆိုရော့စ်အား အနိုင်ယူနိုင်ခဲ့လေသည်။ ယခင်က ဆိုရော့စ်သည် အရှေ့တောင်အာရှတစ်ခွင်လုံးကို တံမြက်လှည်းသကဲ့သို့ ဖျက်ဆီးနိုင်ခဲ့သည် မဟုတ်ပါလား။
အင်တာနက် စီးပွားရေး ပူဖောင်း အချိန်တုန်းကဆိုလျှင်လည်း ဖုန်းယွီကပင် Microsoft၏ စတော့ရှယ်ယာများကို အရင်ဆုံး ရောင်းချခဲ့ပြီး၊ ဆုံးရှုံးမှုများ မခံစားရသည့်အပြင်၊ ပြောင်းပြန် Short Sell လုပ်ကာ ငွေအမြောက်အမြားကိုပင် အမြတ်ရရှိသွားခဲ့သေးလေသည်။
ဤသို့သော ဘဏ္ဍာရေး ထိပ်တန်းပုဂ္ဂိုလ်ကြီးတစ်ယောက် ရှိနေခြင်းနှင့်အတူ သူ၏အဖွဲ့သားများကြောင့်၊ တရုတ်သည် ဤနှစ်များအတွင်း ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံမှု အပိုင်းတွင် အလွန်တရာ ထူးချွန်ပြောင်မြောက်နေခြင်းမှာလည်း၊ လူများကို သိပ်ပြီး အံ့အားသင့်မသွားစေတော့ပေ။ ဤသည်မှာလည်း ထိုနိုင်ငံများက အမြင်ချင်ဆုံးသော အရာပင် ဖြစ်လေသည်။
ဘဏ္ဍာရေး စစ်ပွဲဆိုသည်မှာ အနာဂတ် ကမ္ဘာကြီး၏ အဓိကအကျဆုံးသော စီးပွားရေး စစ်ပွဲ နည်းလမ်းဖြစ်ရာ၊ ဖုန်းယွီတစ်ယောက်တည်းကပင် စစ်သည်တော် သောင်းသိန်းချီနှင့် တန်လေသည်။
သေချာသည်မှာ ထိုနိုင်ငံများက ဖုန်းယွီအပေါ်ထားရှိသော သဘောထားမှာ၊ ဖုန်းယွီကိုယ်တိုင် ကြိုးစားအားထုတ်ထားသော ရလဒ်များလည်း ပါဝင်လေသည်။
စီးပွားရေးသည် နိုင်ငံရေးနှင့် လုံးဝခွဲခွာ၍ မရနိုင်ကြောင်းကို သူ အလွန်ရှင်းလင်းစွာ သိရှိထားလေသည်။ ထို့ကြောင့် နိုင်ငံခြားတွင် အလားတူ ရင်းနှီးမြှုပ်နှံမှု အများအပြားကို ပြုလုပ်ခဲ့ပြီး၊ အရေးပါသော ပုဂ္ဂိုလ်ကြီးအချို့၏ ခင်မင်ရင်းနှီးမှုများကို ရယူထားခဲ့လေသည်။
ဤခင်မင်ရင်းနှီးမှုက ဖုန်းယွီအား အဆင်ပြေမှုများစွာ ထောက်ပံ့ပေးရန် မလိုအပ်သော်ငြားလည်း၊ တစ်စုံတစ်ယောက်က ဖုန်းယွီအား တိုက်ခိုက်လာသည့်အခါ၊ သူတို့အနေဖြင့် ကြိုတင် အသိပေးအကြောင်းကြားခြင်း သို့မဟုတ် နည်းလမ်းရှာ၍ အချိန်ဆွဲပေးခြင်း စသည်တို့ ပြုလုပ်ပေးလျှင်ပင် လုံလောက်လှပေပြီ။
ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ကြာသောအခါ၊ ဖုန်းယွီ၏ အဆက်အသွယ် ကွန်ရက်သည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့သွားမည့် နေ့တစ်နေ့ သေချာပေါက် ရောက်ရှိလာမည်သာ ဖြစ်သည်။
ဖုန်းယွီသည်လည်း ဤလူများကို တစ်သက်လုံး အသုံးပြုစရာ မလိုဘဲ နေနိုင်ရန် မျှော်လင့်ထားလေသည်။ အားလုံးက ပျော်ပျော်ရွှင်ရွှင်ဖြင့် စီးပွားရေးလုပ်ကာ ငွေရှာကြပြီး၊ ဘယ်သူကမှ ဘယ်သူ့ကိုမှ မနှောင့်ယှက်ခြင်းက အကောင်းဆုံးပင် ဖြစ်လေသည်။
ထို့အပြင် ဖုန်းယွီ၏ စီးပွားဖက်များထဲတွင် ဤဘက်သို့ ဦးတည် ဖွံ့ဖြိုးတိုးတက်ချင်သူများလည်း ရှိကြလေသည်။ ဥပမာအားဖြင့် ထရမ့်သည် အမေရိကန်သမ္မတ ရာထူးကို အမြဲတမ်း မျှော်လင့်တောင့်တနေခဲ့ပြီး၊ ဖုန်းယွီက သူ့အား ဝင်ရောက်အရွေးချယ်ခံရန် အကြိမ်ကြိမ် နောက်ပြောင်၍ တိုက်တွန်းအားပေးခဲ့သေးလေသည်။
ဖုန်းယွီ၏ အရေးပါမှုကို တရုတ်၏ အထက်လူကြီးများကလည်း အလွန်တရာ ရှင်းလင်းစွာ သိရှိထားကြလေသည်။ အထက်လူကြီးများကို အသက်သာဆုံး ဖြစ်စေသောအချက်မှာ၊ ဖုန်းယွီသည် မျိုးရိုးမှန်ကန်သော တရုတ်လူမျိုးစစ်စစ် တစ်ယောက်ဖြစ်ပြီး၊ လုံးဝ သစ္စာဖောက်မည့် စိတ်ကူးမျိုး မရှိခြင်းပင် ဖြစ်လေသည်။
တခြားသူတွေက ဘယ်လို အခွန်ရှောင်ရမလဲ၊ ဘယ်လို အထူးအခွင့်အရေး မူဝါဒတွေကို တောင်းခံရမလဲ ဆိုတာကို တွေးနေကြချိန်မှာ၊ ဖုန်းယွီက အခွန်ရှောင်ဖို့ ကိစ္စကို မစဉ်းစားတဲ့အပြင်၊ ငွေလှူဒါန်းတဲ့ အခါမှာလည်း ဘယ်တော့မှ လက်မတွန့်ခဲ့ဘူးလေ။
အကယ်၍ ဖုန်းယွီကသာ နိုင်ငံရေးတွင် စိတ်မဝင်စားကြောင်းကို အကြိမ်ကြိမ် မဖော်ပြခဲ့ပါက၊ ဖုန်းယွီ၏ အသက် သုံးဆယ်ကျော် အရွယ်လေးနှင့်ပင် လီချောင်ရန်ကဲ့သို့သော ရာထူးမျိုးကို ချွင်းချက်အနေဖြင့် ပေးအပ်မည်ဆိုလျှင်ပင် လွန်ကျူးမည်မဟုတ်ဘဲ မည်သူကမျှလည်း ကန့်ကွက်ကြမည် မဟုတ်ဟု ယုံကြည်ရလေသည်။
ယခုအခါတွင် ဤကဲ့သို့ ဖြစ်သွားခဲ့လေပြီ။ ဖုန်းယွီက ကောင်းမွန်သော ကိစ္စရပ်များ ရှိပါက နိုင်ငံတော်ကို မမေ့လျော့သကဲ့သို့၊ နိုင်ငံတော်ကလည်း ဖုန်းယွီအတွက် နောက်ဆက်တွဲ ပြဿနာ အများအပြားကို အသံတိတ် ဖြေရှင်းပေးခဲ့လေသည်။
“နိုင်ငံတော်က အမြဲတမ်း မင်းရဲ့ ခိုင်မာတဲ့ ကျောထောက်နောက်ခံ ဖြစ်နေခဲ့တာပါ၊ နောက်ကွယ်ကနေလည်း မင်းအတွက် ကိစ္စတွေ အများကြီး လုပ်ပေးခဲ့တယ်” ကျန့်ရွေ့ချန်က အလေးအနက်ထား၍ ပြောလိုက်လေသည်။ မင်း တစ်ယောက်တည်းကပဲ ပေးဆပ်နေရတယ်လို့ အမြဲတမ်း မထင်နေပါနဲ့။
ဖုန်းယွီ၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသော အမူအရာ ပေါ်လာပြီး “ငါတို့ ငယ်ငယ်လေးကတည်းက လက်ခံရရှိခဲ့တဲ့ ပညာရေးက၊ ကောင်းမှုကုသိုလ် လုပ်ရင် နာမည် မချန်ထားခဲ့ရဘူးဆိုတာ မဟုတ်ဘူးလား”
ကျန့်ရွေ့ချန်၏ နဖူးပေါ်တွင် အမည်းရောင် မျဉ်းကြောင်းများ (ပြောစရာစကားမဲ့ခြင်း သင်္ကေတ) ပေါ်လာလေသည်။ “ကောင်းမှုလုပ်ပြီး နာမည်မချန်ဘူးလား။ ဒါဆိုရင် မင်းက Tai Hua အဆောက်အအုံတွေ၊ Tai Hua ကျောင်းတွေ အများကြီး လုပ်ထားတာ ဘာလုပ်ဖို့လဲ”
“ငါက ငါတစ်ယောက်တည်းပဲ ဒီလို အောက်တန်းကျတယ်လို့ ထင်နေတာ၊ ထင်မထားဘူး အောက်တန်းကျတဲ့သူတွေ အများကြီး ရှိနေတာပဲ။ ကောင်းပါပြီ ကောင်းပါပြီ၊ ငါ ဆက်မပြောတော့ပါဘူး၊ မင်းမှာ ကိစ္စရှိရင် တိုက်ရိုက်သာ ပြောပါတော့”
ပျင်းရိနေသည့်အချိန်တွင် လောင်ကျန့်နှင့် စကားစမြည် ပြောရသည်မှာ၊ အလွန်တရာ ပျော်ရွှင်စရာ ကောင်းလှပေသည်။ အကယ်၍ ဝမ်တုန်းကျွင်း ထိုသောက်ကောင်နှင့်သာ စကားပြောရမည်ဆိုပါက၊ ဘယ်သူက အရင် ဒေသထွက်ပြီး သေသွားမလဲဆိုတာကိုပင် မသိနိုင်ပေ။
“အထက်က မင်းဆီကနေ လူနည်းနည်းလောက် ငှားပြီး၊ သုတေသန နည်းနည်း လုပ်ခိုင်းချင်လို့တဲ့”
ဖုန်းယွီ၏မျက်နှာပေါ်တွင် ချက်ချင်းပင် သတိထားလာသော အမူအရာ ပေါ်လာပြီး “ဘယ်သူတွေလဲ။ လောင်ကျန့်၊ ငါက တရားဝင် စီးပွားရေးသမား တစ်ယောက်ပါကွ၊ အဲဒီ အန္တရာယ်များတဲ့ အလုပ်တွေကို ငါ လုံးဝ မပတ်သက်ဘူးနော်”
“မင်း ဘယ်တွေ လျှောက်တွေးနေတာလဲ။ မင်းတို့ရဲ့ အဲဒီကုမ္ပဏီတွေမှာ အီလက်ထရောနစ် ဆက်သွယ်ရေး စတဲ့ အပိုင်းတွေက အရည်အချင်းရှိတဲ့သူ တော်တော်များများ ရှိနေတာကို အထက်က တွေ့သွားလို့၊ သူတို့ကို သုတေသန ပရောဂျက်တချို့မှာ ကူညီလုပ်ဆောင်ပေးဖို့ ဖိတ်ခေါ်ချင်လို့ပါ”
ဖုန်းယွီက စမ်းသပ်သည့်အနေဖြင့် မေးလိုက်လေသည်။ “လျှို့ဝှက်ထားရမယ့် ဟာလား”
“သေချာပေါက် လျှို့ဝှက်ထားရမှာပေါ့၊ နှစ်အတော်ကြာ အလုပ်လုပ်ရနိုင်ချေ ရှိတယ်”
ဖုန်းယွီက ခေါင်းယမ်းလိုက်ပြီး “လောင်ကျန့်၊ ငါက အကူအညီ မပေးချင်တာ မဟုတ်ဘူး၊ ဒါပေမဲ့ ဒီကိစ္စကို မင်းတို့ဘာသာမင်းတို့ သွားပြီး ဆက်သွယ်တာ ပိုကောင်းမယ်။ လူတွေမှာ ကိုယ်ပိုင် ရည်မှန်းချက်တွေ အသီးသီး ရှိကြတယ်လေ၊ တကယ်လို့ မင်းတို့က စည်းရုံးပြီး ခေါ်သွားနိုင်တယ်ဆိုရင်၊ ငါက မကန့်ကွက်ပါဘူး၊ ဒါပေမဲ့ လူတွေကို မင်းတို့ဆီ လာပို့ပေးဖို့ကျတော့၊ ငါ လုပ်မပေးနိုင်ဘူး။ လူတွေရဲ့ စိတ်ဓာတ်တွေ ကွဲပြားသွားရင်၊ အဖွဲ့အစည်းကို ဦးဆောင်ရတာ မလွယ်တော့ဘူးလေ”
ဖုန်းယွီသည် အတိအကျ မည်သည့်အလုပ် ဖြစ်သည်ကို မမေးမြန်းချင်သကဲ့သို့၊ သိရှိရန်လည်း စိတ်မဝင်စားပေ။ သူသည် သာမန် စီးပွားရေးလေးတစ်ခုကိုသာ လုပ်ချင်ပြီး၊ ထို့နောက်... တခြားသူတွေ တစ်သက်လုံး ရှာလို့မရနိုင်တဲ့ ငွေတွေကို ရှာချင်တာပါပဲ။
......
******