အခန်း ၁၅၇၄
Vol. 107 Ch. 1574
အခန်း ၁၅၇၄ စက်ရုံသစ် စီမံကိန်း
နှစ်ရက်ခန့် ကြာပြီးနောက် ဖုန်းယွီသည် ရုရှားသို့ လေယာဉ်ဖြင့် သွားရောက်ခဲ့လေသည်။ သူ၏ကိုယ်ပိုင်လေယာဉ်ဖြင့် မဟုတ်ဘဲ သူ၏ကိုယ်ပိုင်လေယာဉ်မှာ အသစ်ပြန်လည် တပ်ဆင်ပြီးစီးသွားပြီ ဆိုသော်ငြားလည်း၊ စမ်းသပ်မောင်းနှင်မှု အဆင့်တွင်သာ ရှိနေသေးရာ၊ ဖုန်းယွီက စမ်းသပ်ပျံသန်းမှုတွင် ခရီးသည်အနေဖြင့် မလိုက်ပါလိုပေ။
ထိုအင်ဂျင်နီယာများမှာ တမင်သက်သက် ဤမျှနှေးကွေးအောင် လုပ်ဆောင်နေကြခြင်းဖြစ်သည်ဟု ဖုန်းယွီက ပြင်းပြင်းထန်ထန် သံသယဝင်နေမိသော်လည်း၊ မည်သို့ပင်ဖြစ်စေ လေယာဉ်ကို မပြန်ပေးဘဲ နေ၍တော့ မရနိုင်ပေ။
မော်စကိုမှတစ်ဆင့်၊ ရဟတ်ယာဉ်ဖြင့် ခရီးဆက်ကာ ကီရီလန်ကို၏ ခြံဝင်းကျယ်ကြီးဆီသို့ ပြန်သွားခဲ့ရပြီး၊ အနည်းငယ်တော့ အလျင်လိုနေပုံ ရလေသည်။ တကယ်တမ်း ပြောရမည်ဆိုလျှင်၊ ရဟတ်ယာဉ် စီးရသည်မှာ Sedan ကားများ စီးရသလောက် လုံးဝ သက်သောင့်သက်သာ မရှိလှပေ။
“ညီလေးကီ၊ ငါ့ကို ဒီလောက် အလျင်စလို ခေါ်လိုက်တာ၊ ဘာအရေးကြီးတဲ့ ကိစ္စများ ရှိလို့လဲ”
ဖုန်းယွီမှာ အနည်းငယ် စပ်စုချင်စိတ် ဖြစ်ပေါ်နေလေသည်။ မကြာသေးမီက သူတို့၏ စီးပွားရေး လုပ်ငန်းများမှာ အလွန်တရာ ကောင်းမွန်နေခဲ့လေသည်။ နှစ်ဆန်းပိုင်းတုန်းက အင်တာနက် ကုမ္ပဏီ Livedoor ၏ အတွင်းသိသတင်းဖြင့် အစုရှယ်ယာရောင်းဝယ်မှု အရှုပ်တော်ပုံ ပေါက်ကွဲထွက်ပေါ်လာခြင်းကြောင့် Nikkeiအညွှန်းကိန်းအကြီးအကျယ် ထိုးကျသွားခဲ့သည်မှ လွဲ၍၊ သူတို့သည် နေ့စဉ်နှင့်အမျှ နီးပါး ငွေရှာနေနိုင်ကြသည် မဟုတ်ပါလော။
Livedoorကိစ္စက ကမ္ဘာ့ စတော့ရှယ်ယာ ဈေးကွက်များကို အနည်းငယ် တုန်လှုပ်သွားစေခဲ့သည် ဆိုသော်ငြားလည်း၊ သိပ်ပြီးတော့ မဆိုးရွားလှပေ။ ဖုန်းယွီတို့ ဆုံးရှုံးသွားခဲ့ရသော ထိုငွေကြေးများကို ထိုလအတွင်းမှာပင် ပြန်လည်ရှာဖွေနိုင်ခဲ့ပြီ ဖြစ်လေသည်။
ဂျပန်နိုင်ငံဘက်ရှိ စတော့ရှယ်ယာ ဈေးကွက် ပြိုလဲသွားခြင်းက၊ ဖုန်းယွီအား အလွန်တရာ ပျော်ရွှင်သွားစေခဲ့လေသည်။ အခြားသော အပိုင်းများကို ဆိုရလျှင်လည်း အားလုံးက ကောင်းမွန်သော ဦးတည်ချက်သို့ ဖွံ့ဖြိုးတိုးတက်နေပုံ ရလေသည်။
သို့သော် ကီရီလန်ကိုက ဖုန်းယွီကို ရုရှားသို့ ဖိတ်ခေါ်လိုက်သည်ဆိုမှတော့၊ ဖုန်းယွီအနေဖြင့် ရုရှားဘက်ရှိ စီးပွားရေး လုပ်ငန်းများတွင်များ ပြဿနာ ပေါ်လာပြီလားဟု ခန့်မှန်းမိလေသည်။
“ဖုန်း အဲဒီလုကာရှင်ကိုရဲ့ကိစ္စကို မင်း သိပြီးပြီ မလား။ ငါတို့ရဲ့ စီးပွားဖက်က အခုအတော်လေး အခြေအနေ မကောင်းဖြစ်နေတယ်”
ဖုန်းယွီက ခေါင်းညိတ်လိုက်ပြီး “ဒီသတင်းကို ငါ သတိထားမိပါတယ်၊ ဒါပေမဲ့ သိပ်ပြီး ကြီးမားတဲ့ ကိစ္စတော့ မဟုတ်ဘူး မလား။ ငါတို့ ဆွေးနွေးဖူးကြတယ် မဟုတ်လား၊ လုကာရှင်ကိုက ဘီလာရုစ်မှာ အဲဒီလောက်တောင် ချစ်ခင်လေးစားခံရတာဆိုတော့၊ ဆက်တိုက်ရွေးချယ်ခံရတာက အရမ်းကို ပုံမှန်ပါပဲ။ ဘာလဲ၊ ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ၊ တစ်ခုခု အပြောင်းအလဲများ ရှိလာတော့မလို့လား”
အကယ်၍ ထိုဘက်ရှိ ပူးပေါင်းဆောင်ရွက်မှုများတွင် ပြဿနာ ပေါ်လာမည်ဆိုပါက၊ ကိစ္စရပ်မှာ အနည်းငယ် ကြီးမားသွားပြီ ဖြစ်လေသည်။ ဆုံးရှုံးမှုများ အလွန်အမင်း ကြီးမားမည် မဟုတ်သော်ငြားလည်း၊ သူတို့၏ ကုမ္ပဏီများ တိုးချဲ့မှုကိုတော့ သက်ရောက်မှု ရှိလာနိုင်လေသည်။
ဘီလာရုစ်ဈေးကွက်ကို လက်လွတ်ဆုံးရှုံးလိုက်ရခြင်းမှာ ကိစ္စသေးလေးသာ ဖြစ်ပြီး၊ မည်သို့ပင်ဖြစ်စေ ထိုနိုင်ငံက သိပ်မကြီးမားသကဲ့သို့၊ စီးပွားရေးကလည်း သိပ်မကောင်းလှပေ။ သို့သော် ကွင်းဆက်တုံ့ပြန်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ရခြင်းဖြစ်ပြီး၊ ယင်းက သူတို့၏ အခင်းအကျင်းအပေါ် အလွန်ကြီးမားသော သက်ရောက်မှုများကို ဖြစ်ပေါ်လာစေမည်သာ ဖြစ်လေသည်။
ကီရီလန်ကိုက ခေါင်းယမ်းလိုက်ပြီး “ပူးပေါင်းဆောင်ရွက်မှု ကိစ္စကတော့ သေချာပေါက် ဘာအပြောင်းအလဲမှ ရှိလာမှာ မဟုတ်ပါဘူး။ အားလုံးက စာချုပ်ချုပ်ထားပြီးသားဆိုတော့၊ သေချာပေါက် လိုက်နာရမှာပေါ့။ ဒါပေမဲ့ အဲ့ဒီဘက်က စီးပွားဖက်က၊ လုကာရှင်ကိုအပေါ် နိုင်ငံတကာက အဆိုးမြင် သက်ရောက်မှုတွေကို ဖယ်ရှားပစ်ဖို့၊ ငါတို့က သူတို့ကို ကူညီပေးနိုင်မလားလို့ မျှော်လင့်နေတယ်”
ဖုန်းယွီ၏ ဆေးပြင်းလိပ် ညှပ်ထားသော လက်မှာ တစ်ခဏမျှ ရပ်တန့်သွားခဲ့ပြီး၊ သူက ကီရီလန်ကိုကို ကြည့်လိုက်ကာ သူတို့ကများ ငါ့ကို တရုတ်အစိုးရ ထွက်လာပြီး ထောက်ခံပေးဖို့ တောင်းဆိုခိုင်းချင်နေတာတော့ မဟုတ်ပါဘူးနော် ဟု တွေးလိုက်မိလေသည်။
ဤသို့သော ကိစ္စမျိုးကို ဖုန်းယွီတွင် ထိုမျှလောက် ဩဇာလွှမ်းမိုးမှု ရှိမရှိဆိုသည်ကို အရင် မပြောသေးဘဲ၊ အကယ်၍ ရှိနေခဲ့မည်ဆိုလျှင်တောင်မှ ဖုန်းယွီက ဝင်ပါမည် မဟုတ်ပေ။
ခင်မင်ရင်းနှီးမှုကို ထိန်းသိမ်းထားခြင်းမှာ ဖုန်းယွီအလွန် နှစ်သက်သော အရာဖြစ်သော်ငြားလည်း၊ ရင်းနှီးကျွမ်းဝင်မှု အကွာအဝေးမှာလည်း သင့်တင့်မျှတရန် လိုအပ်ပေသည်။
အရမ်းနီးကပ်လွန်းပါက စီးပွားရေး လုပ်ဆောင်ရာတွင် အများကြီး သက်ရောက်မှု ရှိလာနိုင်လေသည်။
“ညီလေးကီ မင်းက သူနဲ့ ဆက်ဆံရေး အရမ်းကောင်းလို့လား” ဖုန်းယွီက မေးလိုက်လေသည်။
ကီရီလန်ကိုမှာ မျက်နှာတစ်ခုလုံး ဇဝေဇဝါ ဖြစ်သွားပြီး “ဆက်ဆံရေး ကောင်းလား။ မဆိုးပါဘူး၊ ငါတို့ အတူတူ အရက် နည်းနည်းပါးပါး သောက်ဖူးကြပါတယ်”
ဖုန်းယွီမှာ ကီရီလန်ကိုကြောင့် လုံးဝအရှုံးပေးလိုက်ရလေသည်။ သောက်ကျိုးနည်း အတူတူ အရက်နည်းနည်းပါးပါး သောက်ဖူးရုံနဲ့တင်၊ မင်းက ဒီလောက်ကြီးမားတဲ့ အကူအညီကို ကတိပေးရဲတယ်လား။ ကီရီလန်ကို၏ ကမ္ဘာကြီးထဲတွင်၊ အရက်အတူသောက်ဖက် ဆိုသည်မှာ သူငယ်ချင်းကောင်းများ ဖြစ်နေပြီနှင့် တူလေသည်။
“ညီလေးကီရေ၊ ဒီကိစ္စက ဘယ်လောက်တောင် ကြီးမားလဲဆိုတာကို မင်းလည်း နားလည်တယ် မဟုတ်လား။ ဒီလိုကိစ္စမျိုးကို၊ ငါတို့ ဝင်ပါဖို့ သင့်တော်မယ်လို့ မင်း ထင်လို့လား။ မင်းက နောင်ကျရင် အမြဲတမ်း စီးပွားရေးပဲ လုပ်သွားမှာ၊ လုံးဝနိုင်ငံရေး မလုပ်ဘူးလို့ ပြောထားခဲ့တယ် မဟုတ်ဘူးလား”
“ငါက နိုင်ငံရေး လုပ်မယ်လို့ မပြောပါဘူး။ ဖုန်း ငါ ရှင်းပြတာ သိပ်မရှင်းလို့ ဖြစ်မယ်။ ငါတို့ကို နိုင်ငံတော်ကို သွားပြောပေးပြီး သူတို့ကို ထောက်ခံကြောင်း ပြသခိုင်းတာ မဟုတ်ဘူး။ သူက ငါ့ကို ပြောတာက၊ ငါတို့က စီးပွားရေး အပိုင်းမှာ သူတို့ကို အကူအညီ နည်းနည်းပါးပါး ပေးနိုင်မလားတဲ့” ကီရီလန်ကိုက ရှင်းပြလိုက်လေသည်။
စီးပွားရေး အပိုင်းက အကူအညီတဲ့လား။ ဒီကိစ္စလေးပဲလား။
ဖုန်းယွီမှာ သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။ ကီရီလန်ကိုရယ်၊ မင်း စကားပြောရင် တစ်ခါတည်း ရှင်းအောင် ပြောလို့ မရဘူးလား။
စီးပွားရေး အပိုင်းက အကူအညီနဲ့ နိုင်ငံရေးအပိုင်းက အကူအညီဆိုတာက လုံးဝကို ကွဲပြားခြားနားလွန်းတယ်လေ။
စီးပွားရေး အပိုင်းက အကူအညီကိုတော့ ဖုန်းယွီက အကြိုက်ဆုံး ပင်ဖြစ်သည်။ အလွယ်ကူဆုံး ရှင်းပြရမည်ဆိုလျှင်၊ ငွေကြေးဖြင့် ခင်မင်ရင်းနှီးမှုကို ဝယ်ယူခြင်းပင် ဖြစ်လေသည်။ ဤခင်မင်ရင်းနှီးမှုမှာ သိပ်ပြီး ခိုင်မာတောင့်တင်းချင်မှ တောင့်တင်းမည် ဖြစ်သော်ငြားလည်း၊ ဖုန်းယွီသည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်နေသရွေ့၊ ဤခင်မင်ရင်းနှီးမှုမှာ အမြဲတမ်း တည်ရှိနေမည်ဖြစ်ပြီး၊ မည်သည့်အချိန်တွင်မှန်း မသိဘဲ ဖုန်းယွီအတွက် ကောင်းမွန်သော တုံ့ပြန်မှုများကို ယူဆောင်လာပေးမည်သာ ဖြစ်လေသည်။
“သူက ငါတို့ကို ဘယ်လိုများ ကူညီပေးစေချင်နေတာလဲ” ဖုန်းယွီက ဆိုဖာကို မှီလိုက်ပြီး၊ မျက်နှာတစ်ခုလုံး ပေါ့ပါးလန်းဆန်းသော အမူအရာဖြင့် မေးလိုက်လေသည်။
“သူက သူတို့ ဘီလာရုစ်မှာ စက်ရုံတချို့ တည်ဆောက်ပြီး၊ သူတို့ရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် ကူညီပေးနိုင်ဖို့ မျှော်လင့်နေတယ်”
ဒီတောင်းဆိုချက်လေးပဲလား။ ဘီလာရုစ်သည် ပထဝီဝင် အနေအထားအရ အားသာချက် သိပ်မရှိဘူး ဆိုသော်ငြားလည်း၊ စက်ရုံတစ်ရုံ တည်ဆောက်လိုက်လျှင်လည်း မဆိုးလှပါချေ။
ပတ်ဝန်းကျင်ကို ဖြန့်ကြက်နိုင်တာပဲလေ။ အီလက်ထရောနစ် စက်ရုံပဲဖြစ်ဖြစ်၊ တခြား စက်ရုံပဲဖြစ်ဖြစ် ရပါတယ်၊ ရုရှားဘက်ရှိ စက်ရုံများ၏ ထုတ်လုပ်မှု စွမ်းဆောင်ရည်မှာလည်း မလုံလောက်တော့ဘူးလေ။
“ညီလေးကီ၊ ငါ မင်းကို အရင်သတိပေးလိုက်မယ်။ ဘီလာရုစ်မှာ စက်ရုံတည်ဆောက်လိုက်ရင်၊ ရုရှားစက်ရုံရဲ့ အရွယ်အစားကို သေချာပေါက် သက်ရောက်မှု ရှိသွားလိမ့်မယ်။ ခင်ဗျား စဉ်းစားကြည့်ဖူးလား၊ ငါတို့က ဘီလာရုစ်မှာ စက်ရုံတည်လိုက်ရင်၊ ယူကရိန်းကရော”
အခြားသော လွတ်လပ်သော နိုင်ငံများအဖွဲ့ (CIS) နိုင်ငံများကို မစဉ်းစားဘဲ ထား၍ရနိုင်လေသည်။ နေရာကလည်း သေးငယ်သလို၊ လူဦးရေကလည်း နည်းပါးပြီး၊ စီးပွားရေးကလည်း ညံ့ဖျင်းကာ၊ အဆင့်အတန်းလည်း ဘာမှမရှိလှပေ။ သို့သော် ယူကရိန်းမှာလည်း ဆိုဗီယက်ယူနီယံ၏ အင်အားကြီး သုံးနိုင်ငံထဲတွင် ပါဝင်လေရာ၊ ဘီလာရုစ်ထက် နည်းနည်းလေးမှ မညံ့ဖျင်းပေ။
အကယ်၍ ကီရီလန်ကိုက ကုမ္ပဏီကို မင့်စ်ခ်တွင် စက်ရုံတည်ဆောက်ခွင့် ပြုလိုက်မည်ဆိုပါက၊ ကီးယက်ဗ်ကရော လက်လွတ်ခံနိုင်မည်လား။
မျှော်လင့်ထားသည့်အတိုင်းပင် ကီရီလန်ကိုသည် ဤအချက်ကို ကြားလိုက်ရသောအခါ၊ အနည်းငယ် တွေဝေသွားခဲ့လေသည်။ စက်ရုံက ရုရှားတွင် ရှိနေမည်ဆိုပါက၊ အမြတ်အစွန်းများ အားလုံးမှာ ရုရှားတွင်သာ ရှိနေမည်ဖြစ်ပြီး၊ စက်ရုံကိုသာ အခြားနိုင်ငံများတွင် တည်ဆောက်လိုက်မည်ဆိုပါက၊ သူတို့က အများကြီး ခွဲဝေယူသွားကြမည် ဖြစ်လေသည်။
ရုရှားက ဤမျှ ကျယ်ဝန်းလှရာ၊ မော်စကိုတွင် နေရာမလောက်ဘူးဆိုလျှင်လည်း၊ အခြားမြို့များတွင် သွားရောက် တည်ဆောက်လို့ ရသေးသည် မဟုတ်ပါလော။
ကီရီလန်ကို၏ ဤသို့သော အတွေးအခေါ်မျိုးမှာ ဖုန်းယွီနှင့် အလွန်ဆင်တူလေသည်။ ကျဉ်းမြောင်းသော မျိုးချစ်စိတ်ဓာတ်ဖြစ်ပြီး၊ ကောင်းသောအရာများ အားလုံးကို မိမိနိုင်ငံအတွင်းသို့သာ ဆွဲသွင်းလိုကြလေရာ၊ ဖြစ်နိုင်သည်မှာ ဤအချက်ကပင် သူတို့ သူငယ်ချင်းကောင်းများ ဖြစ်လာရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုဖြစ်နိုင်ပေသည်။
“ထားလိုက်ပါတော့၊ ဒါဆိုရင် ကီးယက်ဗ် ဘက်မှာလည်း စက်ရုံတည်လိုက်တာပေါ့။ ငါတို့ရဲ့ ဓာတုဗေဒ စက်ရုံ၊ သံမဏိ စက်ရုံ၊ ဒါမှမဟုတ် အီလက်ထရောနစ် စက်ရုံ၊ မော်တော်ကား စက်ရုံတွေ အကုန်လုံး အဲ့ဒီဘက်ကို ဖွင့်လို့ရတယ်၊ ဒါပေမဲ့ ဒီအရာတွေကိုတော့ သူတို့ကို အလကား အမြတ်ထုတ်ခွင့် ပေးလို့မရဘူး” ကီရီလန်ကိုက ဤစကားကို ပြောလိုက်သည့်အချိန်တွင်၊ မျက်နှာတစ်ခုလုံးတွင် နှမြောတသဖြစ်နေသော အမူအရာများ ပေါ်လွင်နေလေသည်။
မူလကတည်းက ဖုန်းယွီသည် မင့်စ်ခ်နှင့် ကီးယက်ဗ်တို့တွင် ဖက်စပ် မော်တော်ကား စက်ရုံများ တည်ဆောက်ရန် စီစဉ်ထားခဲ့ပြီး၊ Song Jiang အမှတ်တံဆိပ်ကိုပင် အဓိက ထုတ်လုပ်ရန် ရည်ရွယ်ထားခဲ့လေသည်။ သို့သော် ထိုအချိန်တုန်းက ကီရီလန်ကိုက သိပ်ပြီး သဘောမတူခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ရုရှားဘက်ရှိ ထုတ်လုပ်မှု စွမ်းဆောင်ရည်မှာ သေချာပေါက် လိုက်မီနိုင်သောကြောင့် ပင်ဖြစ်သည်။
သို့သော် ဤနှစ်နှစ်အတွင်း ရုရှား၏စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသောအခါ၊ လူများ၏ကားအပေါ် လိုအပ်ချက်မှာ ပို၍မြင့်မားလာခဲ့လေရာ၊ ထုတ်လုပ်မှု စွမ်းဆောင်ရည်မှာ အနည်းငယ် မလုံမလောက် ဖြစ်လာပြန်လေသည်။ အထူးသဖြင့် တစ်ဥရောပလုံးကို ဖြန့်ကြက်ရဦးမည် ဖြစ်သောကြောင့် ပင်ဖြစ်သည်။
အီလက်ထရောနစ် စက်ရုံမှာလည်း ထိုနည်းတူပင်ဖြစ်ပြီး၊ ဈေးကွက်ကို ချဲ့ထွင်လာသည်နှင့်အမျှ ဝယ်လိုအားမှာ ပိုပိုကြီးမားလာခဲ့ရာ၊ မူလကတည်းက စက်ရုံခွဲများ ထပ်မံဖွင့်လှစ်ရန် လိုအပ်နေခဲ့လေသည်။ ရုရှားမှနေ၍ အခြားနိုင်ငံများသို့ ပြောင်းရွှေ့သွားခြင်း သက်သက်မျှသာဖြစ်ပြီး၊ အဓိက အမြတ်အစွန်းများကိုမူ ၎င်းတို့ကသာ ရရှိနေမည်ဖြစ်ကာ၊ ဤအချက်မှာ ပြောင်းလဲသွားမည် မဟုတ်ပေ။
၎င်းတို့ လွတ်လပ်သော နိုင်ငံများ အဖွဲ့ (CIS) နိုင်ငံများ အချင်းချင်းကြားရှိ အခွန်အခများမှာ မူလကတည်းက နည်းပါးပြီးဖြစ်ရာ၊ အခြားနိုင်ငံများတွင် စက်ရုံတည်ဆောက်မည်ဆိုပါက အခြားနိုင်ငံမှ အလုပ်သမားများ ငွေရှာနိုင်ရန် လုပ်ဆောင်ပေးရမည်ဖြစ်ပြီး အခွန်အခများ ပိုမိုပေးဆောင်ရမည်ဖြစ်ကာ၊ မိမိတို့ကိုယ်တိုင် သက်သာသွားသော ငွေကြေးမှာမူ သိပ်မများလှပေ။
အကယ်၍ အကောက်ခွန် မြင့်မားသော ထိုနိုင်ငံများတွင် စက်ရုံတည်ဆောက်မည်ဆိုပါကမူ၊ သေချာပေါက် အလွန် တွက်ခြေကိုက်ပေလိမ့်မည်။
ဖုန်းယွီက ပြုံးရွှင်စွာဖြင့် ပြောလိုက်လေသည်။ “ညီလေးကီရယ်၊ မင်းကလည်း ကမ္ဘာ့ထိပ်တန်း သူဌေးကြီး ဆယ်ယောက်စာရင်းဝင် ဖြစ်နေပြီကို၊ ဒီငွေလေးလောက်အတွက်နဲ့ ဒီလောက်တောင် ရင်နာနေဖို့ လိုသေးလို့လား။ ဘယ်လိုပဲပြောပြော၊ ဒီစက်ရုံသစ်က ငါတို့အတွက် ငွေရှာပေးမှာပဲ မဟုတ်လား”
“ကမ္ဘာ့ အဆင့်ရှစ် သူဌေးကြီးပါ” ကီရီလန်ကိုက အလေးအနက်ထား၍ ပြောလိုက်လေသည်။
နံပါတ်ဆယ်နဲ့ နံပါတ်ရှစ်က အတူတူပဲလား။ ပြီးတော့ သူ့မှာ အတိုးနှုန်းမနည်းလှတဲ့ ချေးငွေတွေ အများကြီး မရှိဘူးဆိုရင်၊ သူက နံပါတ်ခုနစ်တောင် ဖြစ်နေသင့်တာ။
“ကောင်းပါပြီ ကောင်းပါပြီ၊ ကမ္ဘာ့ အဆင့်ရှစ် သူဌေးကြီးပါ။ ဒီနှစ်ကုန်သွားရင် မင်းရဲ့ အဆင့်က တက်လာဦးမှာပဲကို၊ ဘာကို အလျင်လိုနေတာလဲ။ ကျွန်တော် ပြောထားပြီးပြီ မဟုတ်လား၊ နောက်နှစ်နှစ်နေရင် ငွေအကြီးအကျယ် ရှာလို့ရမယ့် အခွင့်အရေးကောင်းကြီး ရှိလာဦးမယ်လို့။ ငါတို့တွေ အရမ်း ရှေးရိုးစွဲနေရင်တောင်မှ၊ မင်းရဲ့ ပိုင်ဆိုင်မှုတွေကို နှစ်ဆ တိုးလာအောင် လုပ်ပေးနိုင်တယ်။ အဲဒီအချိန်ကျရင် မင်းက ဘီလ်ဂိတ်စ်နဲ့ ရင်ပေါင်တန်းနိုင်သွားလိမ့်မယ်”
“မဟုတ်ဘူး၊ ငါက သေချာပေါက် သူ့ထက် ပိုများရမယ်” ကီရီလန်ကိုက အံကြိတ်၍ ကတိပြုလိုက်လေသည်။
......
******