ကျိုးယု
Vol. 024 Ch. 1174
“တားမြစ်နေရာကို ဝင်လာတဲ့လူတိုင်း သေရမယ်…” ဆံဖြူအဘိုးအိုသည် လှမ်းအော်ရင်း သူသည် အခြားသုံးယောက်နားသို့ ရောက်သွားသည်။ သူက သူ့ညာလက်ဖြင့် သူ့သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ယူလိုက်သည်။ သူသည် ၎င်းကို ခြေမွရန် ပြင်သည်။
ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ပေါ်လာသည်။ သူက ရှေ့သို့ တိုးလာသည်။ ဖျပ်ခနဲပင် သူသည် အဘိုးအိုရှေ့တွင် ပေါ်လာကာ သူ့လက်ချောင်းကို အဘိုးအို၏မျက်ခုံးနှစ်ခုကြားသို့ ညွှန်သည်။
ဝမ်လင်းသည် နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို လွယ်ကူစွာ သတ်ပစ်နိုင်ပေသည်။
အဘိုးအိုသည် တုန်လှုပ်မိသွား၏။ သူသည် နောက်ဆုတ်လိုသည်။ သို့သော် သူသည် ဝမ်လင်းထံမှ နောက်ဆုတ်ရန် လုံလောက်အောင် အစွမ်းမထက်ပါ။ ဝမ်လင်း၏ လက်ချောင်းက လျှပ်စီးတန်းအလား ရွှေ့လျားကာ အဘိုးအိုနောက်သို့ လိုက်ပါလာပြီး သူ့မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သွားတော့သည်။
အဘိုးအိုသည် သွေးအန်လိုက်ရ၏။ သူ့ခန္ဓာကိုယ်အတွင်းမှ တစီစီအသံများ ထွက်ပေါ်လာသည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် ပျက်စီးသွားတော့သည်။ သူ့မူလစိတ်ဝိညာဉ်သည် ထွက်ပြေးလို၏။ သို့သော် ၎င်းမှာ ဝမ်လင်း၏ ဖမ်းစီးခြင်းကို ခံရသည်။ သူ ခြေမွပစ်လိုခဲ့သည့် ကျောက်စိမ်းပြားမှာ ဝမ်လင်းလက်ထဲသို့ ကျရောက်သွားတော့သည်။
ဤအရာများကာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပွားသွားခြင်းပင်။ မြန်လွန်းသဖြင့် ကျန်သည့်အဘိုးအိုသုံးယောက်သည် တုန်လှုပ်လျက်သာ ရှိနေ၏။ သို့ရာတွင် သူတို့သည် တိုက်ပွဲနှင့် အသားကျပြီးသူများ ဖြစ်ရာ ချက်ခြင်းပင် တုန်လှုပ်နေရာကနေ လူစုခွဲကြသည်။ သူတို့ထဲမှ တစ်ယောက်က အလျင်အမြန် လှမ်းအော်သည်။ “အစီအရင်ခင်းကျင်းလိုက်…”
သူ ထိုသို့ ပြောလိုက်သည့်နောက်တွင် သူတို့သုံးယောက်လုံးသည် ချိပ်ဟန်တစ်ခုကို ဖြစ်စေရာ သူတို့ရှေ့၌ မူလစွမ်းအင်များ မြင့်တက်လာပြီး ဧရာမပုစိန်အသွင်ပြောင်းကာ ဝမ်လင်းအား ခုတ်ပိုင်းချလာသည်။
တစ်ချိန်တည်းမှာ သူတို့သုံးယောက်လုံးသည် သိုလှောင်အိတ်များကို ထိလိုက်ကြ၏။ သူတို့ထဲမှ နှစ်ယောက်ရှေ့တွင် ခလောက်တံ တစ်ခုနှင့် ကျောက်စိမ်းပုတီးစေ့များ ပေါ်လာတော့သည်။ ခလောက်တံမှာ လုံးဝ နက်မှောင်၏။ ၎င်း၏ သခင်ဖြစ်သူ ထိန်းချုပ်မှုအောက်၌ ခလောက်တံမှ အမျှင်တန်းများသည် ချဲ့ကားထွက်လာသည်။ ၎င်းတို့က ပိုးသားဓားများကဲ့သို့ ဝမ်လင်းရှိရာ တရကြမ်း တိုးဝင်သွားသည်။
ကျောက်စိမ်းပုတီးစေ့များကို ထုတ်ယူလိုက်သည့် အဘိုးအို၏ ရှေ့တွင်တော့ ချောမွတ်သောကျောက်စိမ်းပုတီးခုနစ်ခု ရှိနေ၏။ ထိုပုတီးစေ့များ ပေါ်လာချိန်တွင် ကလေးငယ်များ၏ အော်ငိုသံမှာ လောကတွင် ပဲ့တင်ထပ်သည်။
ကလေးငယ်ခုနစ်ယောက်၏ ငိုနေသောမျက်နှာများသည် ယင်းပုတီးစေ့ခုနစ်ခုပေါ်တွင် ပေါ်လာသည်။ ထို့နောက် ၎င်းတို့သည် ပျက်စီးကာ မွေးဖွားခါစစိတ်ဝိညာဉ်ခုနစ်ခု ပေါ်လာတော့သည်။ ၎င်းစိတ်ဝိညာဉ်တို့က ငြီးသံပြုကာ ဝမ်လင်းထံသို့ မတူညီသောနေရာခုနစ်ခုကနေ တိုးဝင်လာတော့သည်။
နောက်ဆုံးတစ်ယောက်ဖြစ်သူ အဘိုးအိုကတော့ ရတနာလက်နက်တစ်ခုကို မထုတ်ယူဘဲ ကျောက်စိမ်းပြားတစ်ခုကိုသာ ထုတ်လိုက်၏။ သူသည် သူ့လူ့များ အချိန်ဆွဲနေစဉ်တွင် ကျောက်စိမ်းပြားကို ခွဲခြေကာ တောက်ပသောလေဟာနယ်နယ်မြေထံသို့ သတင်းပို့ရန်ပြင်သည်။
သူတို့သုံးယောက်သည် အချိန်အတန်ကြာ အတူ လက်တွဲ တိုက်ခိုက်ခဲ့ဖူးသည်မှာ ထင်ရှားပေသည်။ သူတို့ ပြုမူတိုက်ခိုက်ပုံများသည် တစ်ယောက်နှင့်တစ်ယောက် စကားဖြင့် ပြောနေစရာပင် မလိုပေ။ ဝမ်လင်းသာ သာမန်နိဗ္ဗာနသန့်စင်ခြင်းအဆင့် တစ်ယောက် ဖြစ်ပါက သူသည် ဤနိဗ္ဗာနသန့်စင်ခြင်းနောက်ဆုံးအဆင့်သုံးယောက်၏ တိုက်ခိုက်မှုများကို ဂရုစိုက်စရာ မလိုသော်လည်း သူတို့ထဲမှ တစ်ယောက် သတင်းပို့ကျောက်စိမ်းပြားကို ခွဲခြေမည်ကို တားဆီးရန်တော့ ခက်ခဲပေမည်။
တကယ်တော့ သူတို့သုံးယောက်သည် အတူပူးပေါင်း တိုက်ခိုက်နေကြ မဟုတ်လား။ တစ်ယောက်အထာ တစ်ယောက် သိနေကြပေပြီ။
သို့သော် သူတို့ရင်ဆိုင်နေရသည်က ဝမ်လင်း ဖြစ်၏။
ဝမ်လင်းသည် သူတို့၏တိုက်ခိုက်မှုများကို ကြည့်ပင်မကြည့်ချေ။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ မီးတောက်ပင်လယ်များကို မြင့်တက်စေပြီး အနက်ရောင်ခလောက်တံများကို လွင့်ထွက်သွားစေလိုက်သည်။
တစ်ချိန်တည်းမှာ ဝမ်လင်းသည် ရှေ့သို့ လက်ညွှန်ကာ ပြောသည်။ “ရပ်တန့်ခြင်း…”
စကားတစ်ခွန်းဖြင့် လောက၏ဥပဒေသသည် ဆင်းသက်လာကာ မန္တာန်အားလုံးကို ရပ်တန့်သွားစေသည်။ အဘိုးအိုသုံးယောက်သည်ပင် မလှုပ်ရှားနိုင် ဖြစ်သွားရ၏။ သူတို့၏မျက်နှာများသည် ဖြူရောကုန်ကြသည်။
သူတို့သည် ဝမ်လင်း အနားရောက်လာပြီး တတိယမြောက်အဘိုးအိုထံမှ ကျောက်စိမ်းပြားကို ယူလိုက်သည်ကိုသာ စောင့်ကြည့်နေရုံ တတ်နိုင်တော့သည်။ ဝမ်လင်းသည် သူ့လက်ကို အေးဆေး ဝေ့ယမ်းရာ အဘိုးအိုသည် သွေးအန်ရသည်။ သူ့ခန္ဓာကိုယ်ကနေ တစီစီအသံများ ထွက်ပေါ်လာပြီးနောက် သူ့ခန္ဓာကိုယ်သည် ပျက်စီးသွားကာ သူ့မူလစိတ်ဝိညာဉ်သည် ဝမ်လင်း၏ ယူဆောင်ခြင်းကို ခံလိုက်ရတော့သည်။
“အစတုန်းက ငါ မတိုက်ခိုက်ချင်ခဲ့ဘူး။ ဒါပေမယ့် မင်းတို့ စည်းကျော်သွားပြီ…” ဝမ်လင်းသည် သူ့ညာလက်ကို ဝေ့ယမ်း၏။ ကျန်သည့် အဘိုးအိုနှစ်ယောက်ထဲမှ တစ်ယောက်၏ ခန္ဓာကိုယ်သည် ပျက်စီးသွားသည်။ဝမ်လင်းသည် ထိုအဘိုးအို၏မူလစိတ်ဝိညာဉ်ကိုပင် အလွတ်မပေးဘဲ စုဆောင်းလိုက်သည်။
သူ့အကြည့်က နောက်ဆုံးတစ်ယောက်ထံသို့ ရောက်ရှိသွား၏။
“ကလေးငယ်တွေရဲ့ စိတ်ဝိညာဉ်ကို ရတနာအဖြစ် သန့်စင်မွန်းမံတဲ့ လူမျိုးကို ခွင့်လွှတ်ပေးလို့ မရဘူး…”
နောက်ဆုံးကျန်သည့် တစ်ယောက်သည် ကျောက်စိမ်းပုတီးစေ့ခုနစ်ခုကို ပစ်လွှတ်ခဲ့သည့် အဘိုးအိုပင်။ သူ့မျက်လုံးထဲတွင် ကြောက်ရွှံ့မှုတို့ ပြည့်သည်။ ဝမ်လင်းသည် သူနားလည်ထားသည့် နိဗ္ဗာနသန့်စင်ခြင်းကျင့်ကြံသူများထက် များစွာ ပိုအစွမ်းထက်နေ၏။ သူတို့သာ ဝမ်လင်း ဤမျှအစွမ်းထက်သည်ကို သိခဲ့ပါက ခုလောက်ထိ မောက်မာဝံ့ခဲ့လိမ့်မည် မဟုတ်ပေ။
သို့ရာတွင် သူ့အတွက် စိတ်အေးရသည်က ဝမ်လင်းမှာ သူ့အပေါင်းအပါများ၏ ခန္ဓာကိုယ်ကိုသာ ပျက်စီးစေခဲ့ပြီး သူတို့၏မူလစိတ်ဝိညာဉ်ကို မထိခိုက်စေခဲ့ခြင်း ဖြစ်သည်။ ဆိုလိုသည်က ဝမ်လင်းသည် တောက်ပသောလေဟာနယ်နယ်မြေနှင့် ပတ်သတ်၍ စိုးရိမ်မှု ရှိသည်ဟူ၏။ သို့သော် ဝမ်လင်း သူ့အား ပြောလိုက်သည့်စကားများက သူ့စိတ်နှလုံးကို တုန်လှုပ်သွားစေသည်။
သူက ဝမ်လင်း အနားရောက်လာသည်ကိုသာ အကူအညီမဲ့စွာ ကြည့်နေရ၏။ ဝမ်လင်း၏ လက်ချောင်းသည် သူ့မျက်ခုံးနှစ်ခုကြားသို့ ကျရောက်လာသည်။ ဝမ်လင်း၏ လက်ချောင်းက သူ့အမြင်ကို ဖုံးလွှမ်းကာ သူ့ခန္ဓာကိုယ်မှ နာကျင်မှုကို ခံစားလိုက်ရသည်။ ဝမ်လင်း၏ လက်ချောင်းထိပ်ကနေ အဖြူရောင်မီးတောက်များ ပေါ်လာကာ ဤအဘိုးအိုကို ဝန်းရံလေ၏။
မည်သည့် အော်ဟစ်သံမှ မရှိလိုက်။ အဘိုးအို၏ ခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်တို့သည် ချက်ခြင်း ပြာပုံဘဝ ရောက်ရှိသွားတော့သည်။
နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကျင့်ကြံသူလေးယောက်ထဲမှ သုံးယောက်သည် အဖမ်းစီးခံရကာ တစ်ယောက်သည် အသတ်ခံလိုက်ရသည်။ ခုလိုအဆုံးသပ်သွားသည့်တိုင် သူတို့သည် ကျောက်စိမ်းပြားကို မခြေမွ နိုင်ခဲ့လိုက်ပေ။ သူတို့၏ ထိန်းချုပ်မှု မရှိသည့်အခါ ပုစိန်သည် မူလစွမ်းအင်အဖြစ်သို့ ပြန်လွင့်ပြယ်သွားသည်။ ခလောက်တံကတော့ မီးတောက်များ၏ လောင်ကျွမ်းခြင်းကို ခံလိုက်ရသည်။
ငြီးတွားအော်ဟစ်နေသည့် ကလေးငယ်စိတ်ဝိညာဉ်ခုနစ်ခုသည် စိတ်ရှုပ်ထွေးမှုတို့ဖြင့် ပြည့်နေသည်။ ဝမ်လင်းသည် ထိုကလေးငယ် စိတ်ဝိညာဉ်များကို တွေ့မြင်သည့်အခါ သူ့စိတ်နှလုံးသည် တုန်ယင်ရကာ အတိတ်ကို ပြန်တွေးမိသည်။ သူသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းရာ ဝဲကတော့တစ်ခုပေါ်လာပြီး ဤကလေးစိတ်ဝိညာဉ်ခုနစ်ကို စုပ်ယူစေလိုက်တော့သည်။
ဝမ်လင်း၏ ဟန်ပန်က တည်ငြိမ်စွာသာ ရှိနေ၏။ သူသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ဘေးနားသို့ ရောက်ရှိလာသည်။ သူသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ ခြေလှမ်းကာ တင်ပလွေခွေထိုင်ချသည်။ ထို့နောက် အစီအရင်သည် လင်းလက်လာကာ မူလစွမ်းအင်သည် အရပ်မျက်နှာအနှံ့ကနေ မြင့်တက်လာတော့သည်။ အစီအရင်အသက်ဝင်လာကာ သူ့အား အလင်းတို့ဖြင့် လွှမ်းသွားစေသည်။
ခဏအကြာတွင် အလင်းတို့ ပျောက်ကွယ်ကာ အစီအရင်တွင် ဘာမှ ကျန်မနေခဲ့တော့ပေ။
တောက်ပသောလေဟာနယ်နယ်မြေသည် ဖွင့်လှစ်ထားခဲ့သော ဟင်းလင်းပြင်အသစ်ကို ပိုင်ဆိုင်သည်။ဤနေရာသည် အလွန်လှ၏။ ကောင်းကင်ဘုံနယ်မြေဖြင့် လုံးဝ နီးပါး ကွာခြားမှု ရှိမနေပေ။ ကွာခြားသည်ဟူ၍ ဤနေရာတွင် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် လုံးဝ ရှိမနေခြင်း ဖြစ်သည်။ ထိုအစား မူလစွမ်းအင်များဖြင့်သာ ပေါကြွယ်နေသည်။
တောင်များသည် ကောင်းကင်ယံထိ ထိုးတက်ကာ မြစ်များ စီးဆင်းနေသည်။ ကြိုးကြာငှက်များက ကောင်းကင်ယံတွင် ပျံသန်းနေလျက် ရှိသည်။ ကုန်းမြေထုသည် စည်းချက်ညီလှပလေ၏။
တောက်ပသောလေဟာနယ်နယ်မြေ၏ မြောက်ပိုင်းတွင် အစီအရင်ကြီးတစ်ခု ရှိသည်။ဤနေရာက တောက်ပသောလေဟာနယ်နယ်မြေသို့ ဝင်ပေါက်ဖြစ်သည်။အခုချိန်တွင် ထိုအစီအရင်၏ အပြင်ဘက်တွင် ကောင်လေး တစ်ယောက် ထိုင်လျက် ရှိနေသည်။
သည်ကောင်လေးက ငယ်ရွယ်သည့်ပုံ ပေါ်သော်လည်း သူ့ပတ်လည်၌ ရှေးဟောင်းဆန်သော ခံစားမှုကို ပေးစွမ်းနေသည်။ သူသည် သူ့ကျင့်ကြံမှုနည်းလမ်းကြောင့်သာ ခုလိုမျိုး ကောင်လေး အရွယ် ဖြစ်နေသည်မှာ ထင်ရှားပေသည်။
သူသည် ထိုင်နေလျက်ကနေ ရုတ်တရပ် မျက်လုံးဖွင့်လာသည်။ သူက ခပ်တိုးတိုး ရေရွတ်ကာ အစီအရင်ထံသို့ ကြည့်လိုက်သည်။
သူသည် အစီအရင်သည် တုန်ဟိန်းကာ ချက်ခြင်း အလင်းတို့ တောက်ပလာကာ အစီအရင်အထက်ရှိ ဟင်းလင်းပြင်သည် စတင် တွန့်လိမ်လာသည်။
အစီအရင်ထံမှ ထွက်ပေါ်လာသည့် အလင်းက ပြန်မှိန်ဖျော့ရန် အချိန် သိပ်မကြာလိုက်ချေ။ တုန်ဟိန်းသံသည်လည်း တဖြည်းဖြည်း လျော့ပါးသွားသည်။ လူတစ်ယောက်သည် အစီအရင်၏ အထက်တွင် ပေါ်လာလေ၏။
ကောင်လေးသည် အနည်းငယ် ပျင်းရိပျင်းတွဲဟန် ရှိ၏။ သူသည် ရုတ်တရပ် အကျောဆန့်ကာ မတ်တပ်ထရပ်လာသည်။ သည့်နောက် သူက အစီအရင်ထဲကနေ လှမ်းထွက်လာသည့်သူကို စူးစိုက်ကြည့်၏။
ကောင်လေးသည် မျက်မှောင်ကြုတ်ကာ ပြောသည်။ “မင်းခန္ဓာကိုယ်က သွေးနံ့ရတယ်…”
ဝမ်လင်းသည် တောက်ပသောလေဟာနယ်နယ်မြေသို့ သူ့ စိတ်ဖြင့် လာရောက်ခဲ့ဖူး၏။ သူသည် အစီအရင်ထဲကနေ လှမ်းလျှောက်ထွက်လာသည်နှင့် ကောင်လေးကို ကြည့်ကာ လက်နှစ်ဖက်ယှက်၍ တည်ငြိမ်စွာ ပြောသည်။ “ငါ သင့်ကို တောင်းဆိုချင်ပါတယ်…ငါ ဝမ်လင်းဟာ ဟင်္သာငှက်နတ်ကလန်ရဲ့ ကိုယ်စား ဒီကို ကျောက်စိမ်းပြားတစ်ခု လာပို့ပေးတာပါ…”
ကောင်လေးသည် မျက်မှောင်ကြုတ်၏။ သူက ခပ်တိုးတိုး ပြောသည်။ “မင်း သတ္တိရှိနေတာပဲ…။ တောက်ပသောလေဟာနယ်နယ်မြေထဲ ချိုးဖျက် ဝင်ရောက်လာတဲ့သူ မရှိခဲ့တာ အတော်ကြာခဲ့ပြီပဲ…”
ကောင်လေး၏ စကားများကို ကြားသည့်အခါ ဝမ်လင်းသည် သက်ပြင်းချမိ၏။ သူသည် သူ့ကို လစ်လျူရှုလိုက်တော့သည်။ သူ့နတ်ဘုရားအာရုံကိုသာ နယ်မြေထဲသို့ ဖြန့်ကျက်၍ သတင်းစကားပို့သည်။
“ဂျူနီယာဝမ်လင်းက ဟင်္သာငှက်နတ်အင်ပါယာဟောင်းရဲ့ ကိုယ်စား ကျောက်စိမ်းပြား လာပို့ပေးတာ ဖြစ်ပါတယ်…”
ကောင်လေး၏ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သို့သော် သူက တိုက်ခိုက်ခြင်းတော့ မပြုသေးပေ။ သူသည် ဝမ်လင်းကို ဆက်၍ စမ်းစစ်ကြည့်နေသည်။ သည်အခိုက်၌ နတ်ဘုရားအာရုံများ ရောက်ရှိလာတော့သည်။ ၎င်းတို့ထဲ၌ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူများ၏ နတ်ဘုရားအာရုံများလည်း ပါဝင်သည်။ ၎င်းတို့ထဲမှ တစ်ချို့သည် ဝမ်လင်းကို သတ်ပစ်နိုင်စွမ်း ရှိကြပေသည်။
ဝမ်လင်းသည် တောက်ပသောလေဟာနယ်နယ်မြေသို့ ရောက်လာဝံ့ခြင်းမှာ သူ့ထံ၌ ယုံကြည်မှု ရှိခြင်းကြောင့်ပင်။ နတ်အင်ပါယာဟောင်းသည် သူ့ကို အန္တရာယ် ဖြစ်စေလိမ့်မည် မဟုတ်ပေ။ အင်ပါယာဟောင်းက သူ့ကို ကျောက်စိမ်းပြား ဤနေရာသို့ လာပို့ပေးဖို့ တောင်းဆိုခဲ့မှတော့ ဤကျောက်စိမ်းပြားသည် သူ့ထံသို့ မည်သည့်အန္တရာယ်ကိုမှ ယူဆောင်လာလိမ့်မည် မဟုတ်တော့ပေ။
ဝမ်လင်းသည် ကျောက်စိမ်းပြားထဲရှိ အကြောင်းအရာများကို သိမြင်ရန် မကြိုးစားခဲ့ပေ။ သူသည် အချို့ကိစ္စများသည် မသိသည်က ပိုကောင်းသည်ဟု သိထားပေ၏။
ဟင်္သာငှက်နတ်အင်ပါယာဟောင်းအပြင် ချင်းလင် သူ့ကို ပေးခဲ့သော ကျောက်စိမ်းပြားလည်း ရှိသေးသည့်အတွက် ဝမ်လင်းသည် စိတ်ပူပန်ခြင်းမရှိဘဲ ရောက်လာခဲ့ခြင်းပင်။ သူ ဤစာလုံးကို အသက်သွင်းလိုက်သည်နှင့် သူသည် မိုးကောင်းကင်ဘုံနယ်မြေအသစ်ထံသို့ ပြန်ရောက်ရှိသွားမည် မဟုတ်လား။
ကျိုးယုသည် တောက်ပသောလေဟာနယ်နယ်မြေ၏ တောင်ထိပ်တစ်ခုပေါ်တွင် ထိုင်လျက် ကျင့်ကြံနေသည်။ အဖြူကောင်လေးက သူ့ဘေးတွင် ရှိနေ၏။ အဖြူကောင်လေးသည် တိမ်များကို ပျင်းရိပျင်းတွဲ ကြည့်နေသည်။
ဤအခိုက်အတန့်၌ ဝမ်လင်း၏ နတ်ဘုရားအာရုံသည် ရောက်ရှိလာသည်။ ကျိုးယု၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူမသည် ရုတ်တရပ် မျက်လုံးဖွင့်လာသည်။
“ဦးလေး…”
အဖြူကောင်လေး၏ ခန္ဓာကိုယ်သည်ပင် တုန်လှုပ်သွား၏။ သူက ခပ်သွက်သွက် မတ်တပ်ထကာ အကွာအဝေးတစ်ခုထံသို့ ကြည့်သည်။
ကျိုးယု၏ မျက်နှာလေးမှာ နီမြန်းလာ၏။ သူမ စိတ်လှုပ်ရှားနေသည်မှာ သိသာလွန်းပေသည်။ သူမသည် ဝမ်လင်းကို စောင့်နေခဲ့ရသည်မှာ အချိန်ကြာလွန်းခဲ့ပေပြီ။ ခုချိန်၌ သူမ ဝမ်လင်း၏အသံကို ကြားလိုက်ရသည့်အခါ သူမ စိတ်မလှုပ်ရှားမိဘဲ မည်သို့ ရှိပါ့မည်နည်း။
တုံ့ဆိုင်းခြင်းမရှိ သူမသည် အလင်းတန်းအဖြစ်သို့ ပြောင်းကာ နတ်ဘုရားအာရုံရှိရာသို့ ပျံသန်းသွားတော့သည်။ အဖြူကောင်လေးကလည်း ကျိုးယုနောက်ကနေ လိုက်လာသည်။ အဖြူကောင်လေးသည် ၎င်း၏ ဦးခေါင်းကြီးကို လှုပ်ရမ်းနေမိသည်။ ၎င်းက သတိထားနေခြင်းပင်။ သူသည် အတိတ်တုန်းက ဤကျင့်ကြံသူကို ကြောက်ရွှံ့ခဲ့မှုသည် သူ့စိတ်နှလုံးထဲ၌ စွဲထင်နေခြင်း မဟုတ်လား။
ကျိုးယု ထွက်သွားသည့်နောက် အလွန်တရာ လှပသည့် အမျိုးသမီးတစ်ဦး ကျိုးယုရှိနှင့်ခဲ့သော နေရာတွင် ပေါ်လာသည်။ သူမသည် ရှေ့တည့်တည့်သို့ တိတ်ဆိတ်စွာ ကြည့်နေ၏။ သူမ၏ ဟန်ပန်သည် ရှုပ်ထွေးခါးသီးဟန် ပေါ်နေသည်။
ဝမ်လင်းသည် နတ်ဘုရားအာရုံကို ပို့လွှတ်ပြီးနောက် သူသည် ဤနေရာတွင်သာ စောင့်နေသည်။ အလင်းတန်းအချို့ သူ့ထံသို့ ရောက်ရှိလာဖို့ရာ အချိန်သိပ်မကြာလိုက်ပေ။ သူတို့သည် ကျင့်ကြံမှုအဆင့်မျိုးစုံ ရှိကြ၏။အားအနည်းဆုံးတစ်ယောက်ကတော့ နိဗ္ဗာနသန့်စင်ခြင်းအစောပိုင်းအဆင့်ပင်။သူတို့သည် ဝမ်လင်းကို အေးစက်စက်သာ ကြည့်နေသည်။ သူတို့က ဝမ်လင်းကို ထိုက်တန်သည့်သူ ဟူ၍ပင် မှတ်ယူမထားသည့်ဟန် ပေါ်နေသည်။
နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ မူပင်းမေနှင့်အတူ လိုက်ပါလာခဲ့သည့် အဘိုးအိုကတော့ ပေါ်မလာခဲ့ပေ။ အခု ဝမ်လင်းရှေ့ လေဟာနယ်ထဲကနေ ထွက်လာသည့်သူက သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ဖြစ်၏။ ထိုသူက ခရမ်းရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူသည် ထည်ဝါမှုနှင့် ပြည့်သည်။ သူ ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံးသည် အလွန်လေးစားမှုကို ပြသလာသည်။
သက်လတ်ပိုင်းလူ၏ အကြည့်က ဝမ်လင်းထံသို့ ရောက်ရှိလာသည်။ သူက တည်ငြိမ်စွာ ပြောသည်။ “ဟင်္သာငှက်နတ်အင်ပါယာက တောက်ပသောလေဟာနယ်နယ်မြေရှိ လာခဲလှတယ်…”
***