← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

Name - The nine godheads

Authors - Chen Ji Tang Hong Dou

status - completed

စာစဉ်အမည် - နတ်မင်းကြီးကိုးပါး။

ဘာသာပြန်သူ - မောင်သိန်းထွန်း။

Description

တခြားကမ္ဘာကို ကူးပြောင်းသွားတဲ့အချိန်မှာ အကြံဉာဏ်ပေးမဲ့ အဘိုးကြီးဝိညာဉ် ပါလာတာက အခုနောက်ပိုင်း ခေတ်စားနေတဲ့အရာပါပဲ။ ဒါပေမဲ့ ကျုပ် အခြေအနေကတော့ နည်းနည်း အလိမ်ခံလိုက်ရသလိုပဲ — တစ်ခုဝယ်ရင် ရှစ်ခုအလကားရတဲ့ ပရိုမိုးရှင်းမျိုးကို ခင်ဗျားတို့ မြင်ဖူးကြလား။

ကျုပ်ဆီမှာ အားလုံးပေါင်း အိုကြီးအိုမ ဝိညာဉ်ကိုးခုတောင် ပါလာတယ်ဗျာ။

……

[ဒီစာစဉ်ကို နတ်မင်းကြီးကိုးပါး ဆိုတဲ့ နာမည်နဲ့ပဲ လွန်ခဲ့တဲ့ ၆ နှစ်ကျော် (ကျင့်ကြံသူတို့စကားဝိုင်း အပိုင်း ၃၀၀၀ နီးပါး) ရေးသားပြီးတုန်းက ကျွန်တော် တွဲပြီး ရေးသားခဲ့ဖူးပါတယ်။ မူရင်း စာရေးဆရာက အပိုင်း (၃၀၀) ကျော်လေးမှာ drop သွားတာနဲ့ ကျွန်တော်လည်း ရင်နာနာနဲ့ ရပ်တန့်လိုက်ရတယ်။

ဒါပေမဲ့ မထင်မှတ်ထားတဲ့အချိန်မှာပဲ မူရင်းစာရေးဆရာက နောက်တစ်ကြိမ် ပြန်ပေါ်လာပြီး စာစဉ်ကို အဆုံးထိ ရေးသွားခဲ့ပါတယ်။

ပိုပြီး ထူးဆန်းတာက ဇာတ်လမ်းကြောရိုးတစ်ခုလုံးကို ပြောင်းပစ်လိုက်တာပါပဲ။ ဘယ်လောက်ထိ ပြောင်းလိုက်လဲဆို အကုန်ပါပဲ။ အစပိုင်း ၂ ပိုင်းလောက်ကလွဲရင် ကျန်တာအကုန် ပြောင်းလဲသွားပါတယ်။ ဒါကြောင့် မတူတဲ့ ဇာတ်လမ်းကို ဖတ်ရမှာပဲ ဖြစ်ပါတယ်။ ဘာလို့ မတူတဲ့အကြောင်း ထည့်ပြောထားရတာလဲဆိုတော့ အရင်အဟောင်း pdf ကို ဖတ်ပြီး ဇာတ်လမ်းတွေ ရှုပ်ကုန်မှာစိုးလိုပါ။

ကဲ … လိုရင်းကို ပြောရရင်တော့ နတ်မင်းကြီးကိုးပါးဆိုတဲ့ စာစဉ်က ဒီတစ်ခါ အဆုံးထိ ဖတ်ရတော့မယ့် စာစဉ် တစ်ခု ဖြစ်လာခဲ့ပါပြီ။]

….

ကျွန်တော် မောင်သိန်းထွန်း ရေးသားပြီးစီးခဲ့သော စာစဉ်များ -

ကျင့်ကြံသူတို့စကားဝိုင်း

ကံကြမ္မာစာအုပ်

ပြိုင်စံရှားဂိုဏ်း

ကောင်းကင်လျှို့ဝှက်နန်းဆောင်

ရှမ့်သခင်လေး

တောက်ယွမ်မြို့မှ အစပြု၍

ဟေးလုံထိုင်မှ အရိပ်လူ

ကဲ .. စလိုက်ကြစို့ …။

အပိုင်း (၁)

ထျန်းယွင် တိုက်ကြီး၊ ချီယွင် အင်ပါယာ၊ နန်းတော်အတွင်း...

ဧကရာဇ် ဟုန်ဝမ်ချင်း၏ စာကြည့်ဆောင်ဖြစ်သော ရွှမ်ချင်းနန်းဆောင် အတွင်း၌ ဖြစ်သည်။

"အရှင်မင်းကြီး..."

ကိုယ်ရံတော်တစ်ဦး အလျင်အမြန် ဝင်ရောက်လာပြီး လျှောက်တင်၏။

"၁၂ နှစ်ကြာအောင် ခရီးထွက်နေတဲ့ ဆရာကြီး ပြန်ရောက်လာပါပြီ။ အခု ရွှမ်ယန်နန်းဆောင်မှာ အရှင်မင်းကြီးကို စောင့်ဆိုင်းနေပါတယ်"

"ဟေ... ဆရာကြီး ပြန်ရောက်လာပြီ ဟုတ်လား"

ကိုယ်ရံတော်၏စကားကို ကြားသည်နှင့် ဧကရာဇ်ဟုန်ဝမ်ချင်း တစ်ချက် ကြောင်အသွားသည်။ ထို့နောက် လက်ထဲမှ စာလွှာကို ချပြီး ထိုင်ရာမှ ထကာဖြင့် ပြုံးရွှင်စွာ မိန့်လိုက်သည် "ငါကိုယ်တော် အခုချက်ချင်း လာခဲ့မယ်လို့ သွားပြောချေ"

ဟုန်ဝမ်ချင်း... ချီယွင်အင်ပါယာ၏ ၁၈ ဆက်မြောက် ဧကရာဇ်မင်း။

ပြည့်ဖြိုးကြီးမားသော နားရွက်ကြီးများနှင့် ခန့်ညားထည်ဝါသော ရုပ်ရည်ရှိပြီး တိုင်းသူပြည်သားများအား သားသမီးရင်းချာသဖွယ် ချစ်ခင်စောင့်ရှောက်သူ၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရာတွင် နာမည်ကျော်ကြားသော မင်းကောင်းမင်းမြတ် တစ်ပါးဖြစ်၏။

"မှန်လှပါဘုရား"

ကိုယ်ရံတော်က အမိန့်ကို နာခံပြီး ထွက်ခွာရန် ပြင်လိုက်သော်လည်း ရုတ်တရက် ခြေလှမ်းတုံ့သွားပြီး ပြန်လှည့် လျှောက်တင်လိုက်သည်။

"ဒါနဲ့... အရှင်မင်းကြီး... ဆရာကြီးနဲ့ သမီးလေး ယွင်ချိုင်ရှောင် အပြင် နောက်ထပ် လူငယ်တစ်ယောက်လည်း ပါလာပါသေးတယ်။ ကျွန်တော်မျိုး အသေအချာ စုံစမ်းကြည့်ရသလောက်တော့ အဲ့ဒီလူက 'လေယင် နန်းဆောင်' ရဲ့ ဒုတိယ အကြီးအကဲ ယဲ့ဖေးဟုန်ရဲ့ သား ယဲ့ကျင်းနင် လို့ သိရပါတယ်။"

"လေယင် နန်းဆောင် ဒုတိယ အကြီးအကဲရဲ့ သား ဟုတ်လား..."

ဟုန်ဝမ်ချင်း မျက်မှောင်အနည်းငယ် ကြုတ်သွားသော်လည်း လက်ကို ဝှေ့ယမ်းကာ ပြန်ပြောလိုက်၏။

"ကောင်းပြီ... မင်း သွားလို့ ရပြီ"

"မှန်လှပါ"

ကိုယ်ရံတော် ထွက်သွားပြီးနောက် ဟုန်ဝမ်ချင်းသည် ခေတ္တမျှ စဉ်းစားလိုက်သည်။ ထို့နောက် နဂါးဝတ်ရုံတော်ကို မဝတ်ဆင်ဘဲ သာမန် အရပ်ဝတ်ကိုသာ ရွေးချယ် ဝတ်ဆင်လိုက်သည်။ မေးစေ့အောက်မှ မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။

"ဆရာကြီးက ၁၂ နှစ်တောင် ခရီးထွက်နေခဲ့ပြီးမှ အခု ပြန်လာတယ်ဆိုတော့... ဟို လက်ထပ်ပွဲ ကိစ္စကြောင့်များလား။ အင်း... အသက်အရွယ်အရ တွက်ကြည့်ရင်တော့ ဟုတ်လောက်တယ်။ ဒါပေမဲ့... လေယင် နန်းဆောင်က ဒုတိယ အကြီးအကဲရဲ့ သားကရော ဘာကိစ္စ လိုက်လာရတာလဲ"

......

ရွှမ်ယန် ညီလာခံ နန်းဆောင်အတွင်း...

"ဟားဟား... ၁၂ နှစ်တောင် မတွေ့ရတာ၊ ဆရာကြီးက အရင်ကထက်တောင် ပိုပြီး ခန့်ညားလာပါလား။ သိုင်းပညာအဆင့်တွေလည်း တိုးတက်လာတယ် ထင်ပါရဲ့။ ဂုဏ်ယူပါတယ်။"

ဧကရာဇ် ဟုန်ဝမ်ချင်းသည် နန်းဆောင်ထဲသို့ ဝင်ဝင်ချင်း အစိမ်းရောင် ဝတ်ရုံရှည် ဝတ်ဆင်ထားသူကို မြင်လိုက်ရသည်နှင့် ခြေလှမ်းကြဲကြီးများဖြင့် လျှောက်သွားကာ လက်ဆွဲနှုတ်ဆက်ပြီး ရယ်မောလိုက်သည်။

"ဒီတစ်ခါ ခွဲခွာရတာ ၁၂ နှစ်တောင် ကြာသွားတော့... သတိရနေတာ။"

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် လက်ထဲတွင် ငန်းမွှေး ယပ်တောင်ကို ကိုင်ဆောင်ထားပြီး ခေါင်းပေါ်တွင် ပဝါစိမ်း ပေါင်းထားကာ မုတ်ဆိတ်ရှည် သုံးစုနှင့် ဖြစ်သည်။ ကြည့်လိုက်သည်နှင့် လောကီအငွေ့အသက် ကင်းစင်သည့်အလား ခန့်ညားထည်ဝါသော အရှိန်အဝါ တစ်မျိုးကို ပိုင်ဆိုင်ထားသည်။

ဧကရာဇ်ဟုန်ဝမ်ချင်း ကိုယ်တိုင် ဤမျှ လေးစားသမှု ပြုရသူမှာ အခြားသူ မဟုတ်။ ချီယွင်အင်ပါယာ၏ 'အစောင့်အရှောက် သိုင်းနတ်ဘုရား' ယွင်ရှန့်ရွှမ် ပင် ဖြစ်၏။

"အရှင်မင်းကြီးက တကယ်ပါလား။ ဟားဟား …။"

အစောင့်အရှောက် သိုင်းနတ်ဘုရား ဖြစ်သည့်အလျောက် ယွင်ရှန့်ရွှမ် နှင့် ဧကရာဇ် ဟုန်ဝမ်ချင်းတို့၏ ဆက်ဆံရေးမှာ အလွန် ကောင်းမွန်သည်။ တစ်တန်းတည်း အဆင့်အတန်းဖြင့် ဆက်ဆံကြသည်မှာ မဆန်းပေ။ ယွင်ရှန့်ရွှမ်က ပြုံးကာ ပြန်ပြောလိုက်သည်။

"ဒီတစ်ခေါက် ကျုပ် ခရီးက ပြန်လာရတာက သမီးလေး ချိုင်ရှောင်ရဲ့ မင်္ဂလာကိစ္စ အတွက်ပါပဲ"

ထင်တဲ့အတိုင်းပါလား။

ယွင်ရှန့်ရွှမ်၏ စကားကို ကြားသည်နှင့် ဟုန်ဝမ်ချင်းသည် ယွင်ရှန့်ရွှမ်အနီးတွင် ရပ်နေသော မိန်းကလေးကို လှမ်းကြည့်လိုက်၏။

ထိုမိန်းကလေးသည် အစိမ်းရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အသက် ၁၆ နှစ် အရွယ်ခန့်သာ ရှိသေးသည်။ ကြည်လင်သော မျက်ဝန်းအစုံ ၊ ဝင်းပသော အသားအရေ ၊ နှင်းဆီရောင် သန်းနေသော အဖြူရောင် အသားအရေတို့က ရေညှစ်ထုတ်လို့ ရနိုင်မတတ် နူးညံ့လှသည်။ အရိုးမပါသကဲ့သို့ ပျော့ပျောင်းသော လက်ချောင်းသွယ်သွယ်လေးများဖြင့် ကျောက်စိမ်း ပလွေတံကို ကိုင်ဆောင်ထားသည်။ ခါးလောက်ထိ ရှည်လျားသော ဆံနွယ်မည်းမည်းလေးများ လေအဝှေ့တွင် လွင့်ပျံနေသည်က နတ်သမီးလေး တစ်ပါးအလားပင်။

"ယွင်ချိုင်ရှောင်... အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"

ဟုန်ဝမ်ချင်း ကြည့်နေသည်ကို မြင်သည်နှင့် မိန်းကလေးက ချက်ချင်း နှုတ်ဆက်လိုက်သည်။

ပြိုင်ဘက်ကင်း အလှပိုင်ရှင်လေး ၊ ပြီးပြည့်စုံသော မျိုးရိုးအဆင်းအတန်း။

သူမက အစောင့်အရှောက် သိုင်းနတ်ဘုရား ယွင်ရှန့်ရွှမ်၏ တစ်ဦးတည်းသော အသည်းကျော် သမီးလေး ယွင်ချိုင်ရှောင် ပင် ဖြစ်၏။

"ဟားဟား... ၁၂ နှစ်တောင် မတွေ့ရတာ၊ ချိုင်ရှောင်လေးက ဒီလောက်တောင် လှပတဲ့ မိန်းကလေး ဖြစ်လာပါလား"

ဟုန်ဝမ်ချင်းသည် အစတည်းက သတိထားမိသော်လည်း ယခု သေချာကြည့်မှ ပို၍ သဘောကျသွားသည်။ ရယ်မောလိုက်သည်။

"လူစိမ်းတွေမှ မဟုတ်တာ... ဦးလေး လို့ပဲ ခေါ်ပါ။ ဒါမှ ပိုပြီး ရင်းနှီးတာပေါ့"

ယွင်ချိုင်ရှောင်က ခေါင်းလေးညိတ်ကာ တိုးတိုးလေး ဖြေလိုက်၏။ "ဟုတ်ကဲ့"

ယွင်ရှန့်ရွှမ်နှင့် နှုတ်ဆက်ပြီးနောက် ဟုန်ဝမ်ချင်းသည် ကိုယ်ရံတော် လာပြောစဉ်က ပါလာသည်ဆိုသော လူငယ်ကို လှည့်ကြည့်ပြီး ပြုံးကာ မေးလိုက်သည်။

"ဒီ လူငယ်လေးကရော..."

ဟုန်ဝမ်ချင်း မေးလိုက်သည်နှင့် ထိုလူငယ်က အလျင်အမြန် လက်သီးဆုပ် ဂါရဝပြုလိုက်သည်။

"ရှေးဂိုဏ်းကြီး ခြောက်ခုထဲက တစ်ခုဖြစ်တဲ့ 'လေယင် နန်းဆောင်' ၊ လမင်းပြာ တောင်တန်း ဌာနခွဲ ၊ ဒုတိယ အကြီးအကဲရဲ့ သား... ယဲ့ကျင်းနင် က အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"

ယဲ့ကျင်းနင် ဆိုသူမှာ ရုပ်ရည်သန့်ပြန့်ပြီး ဓားသွားကဲ့သို့ မျက်ခုံး ၊ ကြယ်ရောင်ကဲ့သို့ မျက်လုံးများဖြင့် နှင်းဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ကြည့်ကောင်းသူ တစ်ဦးဖြစ်သည်။ သို့သော်ငြား ဟုန်ဝမ်ချင်းကို ဂါရဝပြုနေသော်လည်း မျက်လုံးကတော့ ယွင်ချိုင်ရှောင်ထံသို့ ခိုးခိုးကြည့်နေသည်မှာ မရိုးမသား နိုင်လှ၏။

"အင်း... သူရဲကောင်းက လူငယ်တွေထဲက ထွက်ပေါ်လာတာပဲ။ မဆိုးဘူး... မဆိုးဘူး"

ယဲ့ကျင်းနင်၏ အကြည့်များကို ဟုန်ဝမ်ချင်း သတိထားမိလိုက်သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပဲ အခြေအနေကို သဘောပေါက်လိုက်သောကြောင့် မျက်မှောင်အနည်းငယ် ကြုတ်သွားမိသော်လည်း ချက်ချင်း ပြန်လည် ထိန်းသိမ်းလိုက်ပြီး ခေါင်းညိတ်ကာ ချီးကျူးလိုက်သည်။

စိတ်ထဲတွင်တော့...

'ချိုင်ရှောင်လေးက ပါရမီအရမ်းကောင်းလို့ ငယ်ငယ်လေးတည်းက ရှေးဂိုဏ်းကြီး ခြောက်ခုထဲက လေယင် နန်းဆောင်ကို ပို့ပြီး ကျင့်ကြံခိုင်းထားတာ... အခု သူပြန်လာတော့ ဒီကောင်လေးပါ ပါလာတယ်ဆိုတော့... ဒီနေ့ ကိစ္စက ထင်သလောက် လွယ်မယ့်ပုံ မပေါ်ဘူး'

"ဟားဟား... အရှင်မင်းကြီး..."

လူစုံပြီ ဖြစ်သောကြောင့် ယွင်ရှန့်ရွှမ်က ငန်းမွှေးယပ်တောင်ကို ဖြည်းညှင်းစွာ ခတ်ရင်း အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။

"အရင်တုန်းက သဘောတူညီချက်အရ... မင်းသားလေးကိုး နေကောင်းကျန်းမာရဲ့လား မသိဘူး"

ချီယွင်အင်ပါယာတွင် ဧကရာဇ်မင်းတိုင်းသည် ထိုခေတ်ကာလ၏ အစောင့်အရှောက် သိုင်းနတ်ဘုရားနှင့် မဖြစ်မနေ မင်္ဂလာစာချုပ် ချုပ်ဆိုရလေ့ရှိသည်။ ဤသည်က နှစ်ဖက် ဆက်ဆံရေး ခိုင်မြဲစေရန်ပင်။

အကယ်၍ နိုင်ငံ၏ အစောင့်အရှောက် သိုင်းနတ်ဘုရားဖက်က သားယောက်ျားလေး မွေးဖွားပါက ဧကရာဇ်ဖက်မှ မင်းသမီးတစ်ပါးနှင့် လက်ဆက်ပေးရပြီး ၊ သိုင်းနတ်ဘုရားဖက်က သမီးမိန်းကလေး မွေးဖွားပါက ဧကရာဇ်ဖက်မှ မင်းသားတစ်ပါးက လက်ထပ်ယူရသည့် ဓလေ့ဖြစ်သည်။

လက်ရှိ နိုင်ငံ၏ အစောင့်အရှောက် သိုင်းနတ်ဘုရား ယွင်ရှန့်ရွှမ်တွင် သမီးတစ်ဦးတည်းသာ ရှိသောကြောင့် ဟုန်ဝမ်ချင်းအနေဖြင့် မင်းသားတစ်ပါးကို ရွေးချယ်ပြီး လက်ဆက်ပေးရမည် ဖြစ်သည်။ ထို ရွေးချယ်ခံထားရသော မင်းသားမှာ ယွင်ချိုင်ရှောင်နှင့် အသက်အရွယ် တူညီပြီး ဟုန်ဝမ်ချင်း အချစ်ဆုံး သားတော်ဖြစ်သည့် မင်းသားကိုး .... ဟုန်ရှောင်ပေါင် ပင် ဖြစ်၏။

'ဟုန်ရှောင်ပေါင်' ဟု အမည်ပေးရခြင်းမှာ မွေးဖွားစဉ်က ခန္ဓာကိုယ် အလွန်အားနည်းပြီး အငယ်ဆုံး အသည်းကျော်လေး ဖြစ်နေသောကြောင့် 'ရှောင်ပေါင်' (ရတနာလေး) ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသည့် ရတနာတစ်ခုလို ကြံ့ကြံ့ခံနိုင်ပါစေ ဆိုသည့် အဓိပ္ပာယ်လည်း သက်ရောက်သည်။

ပြောရမည်ဆိုလျှင် ထိုနာမည်ကို ပေးခဲ့သူက ယွင်ရှန့်ရွှမ် ကိုယ်တိုင်ပင် ဖြစ်ပေ၏။

"အင်း... ကျုပ်ရဲ့ သားတော်လေး ရှောင်ပေါင်ကတော့..."

ကိုယ့်အသည်းနှလုံးလို ချစ်ရသလို၊ ခေါင်းအကိုက်ရဆုံးလည်း ဖြစ်သည့် ကိုးယောက်မြောက် သားတော်အကြောင်း ခေါင်းစဉ်တပ်ကာ ပြောလိုက်သည်နှင့် ဟုန်ဝမ်ချင်း၏ မျက်နှာတွင် သောကရိပ်တို့ ယှက်သန်းသွားသည်။

"သူ လုပ်ချင်တာ လျှောက်လုပ်နေတာနဲ့တင် ကျုပ်မှာ ခေါင်းကို မီးတောက်နေရတော့တာပါပဲ။"

"ဗျာ... လုပ်ချင်ရာ လျှောက်လုပ်နေတယ် ဟုတ်လား"

ထိုစကားကို ကြားတော့ ယွင်ရှန့်ရွှမ် မျက်မှောင်ကြုတ်သွားမိသည်။

"ဒါဆို... အရင်တုန်းက ကျုပ် ချန်ထားပေးခဲ့တဲ့ 'တိမ်စီး လင်းယုန် လက်သည်းသိုင်း' ကျမ်းကို သူ မလေ့ကျင့်ဘူးပေါ့"

ဟုန်ရှောင်ပေါင်၏ ခန္ဓာကိုယ် တည်ဆောက်ပုံ အားနည်းသည်ကို ယွင်ရှန့်ရွှမ် သိရှိပြီးဖြစ်သည်။ ထို့ကြောင့် ခရီးမထွက်ခွာမီ ခန္ဓာကိုယ် ကြံ့ခိုင်စေရန် ရည်ရွယ်ပြီး သိုင်းကျမ်းတစ်စောင် ချန်ထားရစ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား ဟုန်ဝမ်ချင်း၏ စကားအရဆိုလျှင် ထိုကောင်လေးက လေ့ကျင့်ခဲ့ပုံမပေါ်ပေ။

"အမလေး... ပြောမယ်ကြံရင် စိတ်တိုရပါတယ်။"

ဟုန်ဝမ်ချင်းမှာ သက်ပြင်းရှည်ကြီး ချရင်း ခေါင်းခါယမ်းလိုက်မိတော့၏။

"ဆရာကြီး ကိုယ်တိုင်ပဲ လိုက်ကြည့်ပြီး ဆုံးဖြတ်ပါတော့ဗျာ"

အခြေအနေက ပုံမှန် မဟုတ်တော့သည်မှာ သေချာနေပြီ ဖြစ်သည်။

ယွင်ရှန့်ရွှမ်နှင့် သမီးဖြစ်သူ ယွင်ချိုင်ရှောင်တို့ သားအဖနှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မသိမသာ ခေါင်းညိတ်လိုက်ကြ၏။

"ကောင်းပါပြီ... သွားကြတာပေါ့"

သို့နှင့် မင်းသားကိုး နေထိုင်ရာ 'ရွှမ်ရှောင် နန်းဆောင်' ဆီသို့ ထွက်လာခဲ့ကြသည်။ လမ်းတစ်လျှောက်လုံးမှာတော့ ယဲ့ကျင်းနင်က ယွင်ချိုင်ရှောင်၏ ဘေးမှတစ်ဖဝါးမခွာ လိုက်ပါလာသည်ကို ဟုန်ဝမ်ချင်း မြင်သည်။ သို့သော်လည်း စိတ်ထဲတွင်သာ မှတ်ထားလိုက်သည်။

ရွှမ်ရှောင် နန်းဆောင်တံခါးဝသို့ ဝင်လိုက်သည်နှင့် မြင်လိုက်ရသော မြင်ကွင်းကြောင့် အားလုံးက ခန္ဓာကိုယ်များ အေးခဲသွားကြသည်။ အစေခံအများအပြားသည် ဂေါ်ပြားများ၊ ပေါက်တူးများကို ကိုင်ဆောင်ကာဖြင့် ဟိုပြေးဒီလွှား အလုပ် လုပ်နေကြသည်ကို မြင်လိုက်ရ၏။ ထို့အပြင် နှာခေါင်းထဲသို့ တိုးဝင်လာသည့် နံစော်နေသော အနံ့ဆိုးကြီးတစ်ခု။

ဟုန်ဝမ်ချင်း အပါအဝင် လေးယောက်သား အနံ့လာရာဘက်သို့ လှမ်းကြည့်လိုက်တော့ အစေခံအချို့ တွန်းလာသော လှည်းတစ်စီးကို တွေ့လိုက်ရ၏။

"မစင်လှည်း..."

လောကီအငွေ့အသက် ကင်းစင်ပြီး တိမ်တိုက်ကြားတွင် စံမြန်းလေ့ရှိသော နတ်ဒေဝါအလား ပုံပန်းသွင်ပြင် ရှိသော အစောင့်အရှောက် သိုင်းနတ်ဘုရား ယွင်ရှန့်ရွှမ်သည် ထိုမြင်ကွင်းကြောင့် မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားရရှာသည်။

"ဒါ... ဒါ ဘာတွေ ဖြစ်ပျက်နေတာလဲ"

'ထူးခြားဆန်းကြယ်မှု အပေါင်းသည် နိမိတ်မကောင်းသော အရာများ ဖြစ်လေ့ရှိသည်' ဟု ဆိုရိုးရှိသော်လည်း ဤအခြေအနေကအလွန်အမင်း ဆန်းကြယ်လွန်းနေသည်။

ဧကရာဇ် ဟုန်ဝမ်ချင်းသည် ဂါရဝပြုရန်ပြင်နေသော အစေခံများကို တိတ်တိတ်နေရန် လက်ကာပြလိုက်ပြီး ဘာတွေ ဆက်ဖြစ်မလဲ သိလိုသဖြင့် နောက်မှ တိတ်တဆိတ် လိုက်ပါသွား၏။

မကြာမီ လူငယ်တစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

"ဟေ့လူတို့... လက်တွေ၊ ခြေတွေ သတိထားကြ။ သေသေချာချာ လုပ်ကြစမ်းပါ။ ဒီအဆင့်က အရေးအကြီးဆုံးပဲ... အနည်းငယ်မျှတောင် အမှားအယွင်းခံလို့မရဘူး ဟုတ်ပြီလား"

ထိုအသံပိုင်ရှင်သည် အသက် ၂၀ ဝန်းကျင်ခန့်သာ ရှိသေးသည်။ အသံနေအသံထားက ခက်ထန်ခြင်း မရှိသော်လည်း နားထောင်၍ ကောင်းသော ဩဇာမျိုး ပါဝင်နေ၏။

ဟုန်ဝမ်ချင်းက တီးတိုး ရယ်မောကာ ပြောလိုက်သည်။

"ရှောင်ပေါင် ဘာတွေများ ကြံစည်နေပြန်ပြီလဲ မသိဘူး။ ခဏလောက် ဆက်ကြည့်ရအောင်"

ယွင်ရှန့်ရွှမ်နှင့် ယွင်ချိုင်ရှောင်တို့လည်း စိတ်ဝင်စားသွားကြသည်။ ယဲ့ကျင်းနင်ကတော့ နှုတ်ခမ်းထောင့်တစ်ခု တွန့်ရုံမျှ ပြုံးလိုက်ပြီး အထင်အမြင်သေးသော မျက်ဝန်းများဖြင့် ကြည့်နေ၏။ သူတို့လေးယောက်သည် အနံ့ဆိုးကို အောင့်အီးသည်းခံရင်း လူကွယ်ရာတစ်နေရာမှ ချောင်းကြည့်လိုက်ကြ၏။

ထိုနေရာသည် ရွှမ်ရှောင်နန်းဆောင်၏ နောက်ဖေးဥယျာဉ် ဖြစ်သည်။ စိမ်းလန်းသော သစ်ပင်များ၊ တသွင်သွင် စီးနေသော စမ်းချောင်းလေးများနှင့် ရှုခင်းက အလွန် သာယာလှပသည်။

သို့ပေမည့် ..

ထိုသာယာလှပသည့်နေရာတွင် မင်းသားကိုး ဟုန်ရှောင်ပေါင်က အစေခံများကို ဦးစီးပြီး မြေကျင်းတူးဆွ နေသည်။ ဘေးပတ်ဝန်းကျင်တွင်လည်း သံပိုက်လုံးများ၊ ကြွေပြားအပိုင်းအစများနှင့် သစ်တုံးများ ပြန့်ကျဲနေ၏။

အထူးခြားဆုံးက ဟုန်ရှောင်ပေါင်နှင့် မလှမ်းမကမ်းတွင် ရှိနေသော အဖြူရောင် ကြွေထည် ပစ္စည်းဆန်း တစ်ခုပင်။

ထိုအရာသည် ဘဲဥပုံစံ အပေါက်ဖောက်ထားပြီး အောက်တွင် ခြေထောက်ပါရှိသည်။ အနောက်ဘက်တွင်လည်း လေးထောင့်ပုံစံပုံး တစ်ခု ကပ်လျက်ပါရှိသေးသည်။ ဘာလုပ်သည့် ပစ္စည်းမှန်း ခန့်မှန်းရခက်လှသည်။

ထိုစဉ်မှာပဲ ဟုန်ရှောင်ပေါင်၏ အသံ ထွက်ပေါ်လာ၏။

"အားလုံး သတိထားကြ။ ဒါ ကျုပ် အသစ်တီထွင်ထားတဲ့ 'အိမ်သာခွက်' ပဲ။ တန်ဖိုးကြီးတယ်။ ကြွေနဲ့ လုပ်ထားတာမို့ ကွဲသွားလိမ့်မယ်... သတိထား ကိုင်တွယ်ကြ"

"အိမ်သာခွက်..."

ဘာပစ္စည်းဖြစ်သနည်း။

ဟုန်ဝမ်ချင်းတို့ လေးယောက်က သိချင်စိတ်ကို ထိန်းချုပ်ရင်း ဆက်လက် စောင့်ကြည့်နေလိုက်သည်။

"ဟုတ်ပြီ... အဲ့ဒီအတိုင်း ဆက်တူး။ နည်းနည်း ထပ်နက်အောင် တူးလိုက်။ ကျင်းကို ဖြောင့်ဖြောင့် တူးရမယ်နော်"

ဟုန်ရှောင်ပေါင်က ဘေးမှနေ၍ လက်ညှိုးထိုး ညွှန်ကြားနေစဉ် အစေခံတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်သည်။

" မင်းသားကိုး ... ပစ္စည်းတစ်ခု တူးမိပါတယ်"

ဟုန်ရှောင်ပေါင် စိတ်ဝင်စားသွားသည်။

"ဘာပစ္စည်းလဲ... ကျုပ်ကို ပေးကြည့်စမ်း"

"ဒီမှာပါ"

အစေခံက တူးဖော်ရရှိသော ပစ္စည်းကို ဟုန်ရှောင်ပေါင် လက်ထဲ ထည့်ပေးလိုက်သည်။ မြေကြီးများ ပေကျံနေသောကြောင့် ဘာမှန်း သေချာမသဲကွဲပေ။ ဟုန်ရှောင်ပေါင်က ဂရုမစိုက်ဘဲ သူ၏ဝတ်ရုံလက်စဖြင့် ပွတ်သပ် သုတ်သင်လိုက်သည်။ ခဏအတွင်း ပစ္စည်းအစစ် ပေါ်လာ၏။

ထိုအရာသည် အလွန်လှပသော ကျောက်စိမ်း လက်ကောက် တစ်ကွင်းဖြစ်သည်။ ထူးခြားသည်က လက်ကောက်ပေါ်တွင် အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာနု၊ အပြာရင့်၊ ခရမ်း၊ အမည်း၊ အဖြူ စသည့် အရောင်ကိုးမျိုး ပါဝင်သော ကျောက်မျက်များ စီခြယ်ထားခြင်းပင်။ ထိုကျောက်မျက်များမှ ဖျော့တော့သော မြူငွေ့လေးများ ထွက်ပေါ်နေပြီး လက်နှင့် ကိုင်လိုက်ချိန်မှာတော့ နွေးထွေးသော အထိအတွေ့ကို ခံစားရသည်။ အံ့ဖွယ်အရာတစ်ခု ဖြစ်ကြောင်း သိသာလှသည်။

"ဟားဟား... ပစ္စည်းကောင်းပဲ"

ဟုန်ရှောင်ပေါင် ဝမ်းသာအားရ ရယ်မောပြီး လက်ကောက်ကို လက်ကောက်ဝတ်တွင် စွပ်လိုက်၏။

"ခင်ဗျားတို့ တစ်ယောက်စီကို ငွေနှစ်ကျပ်သား ဆုချမယ်။ ပြီးရင် သွားထုတ်ကြ။"

"ကျေးဇူးကြီးလှပါတယ် မင်းသားကိုး"

အစေခံများ ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြပြီး အားတက်သရော ဆက်လက် တူးကြသည်။

အချိန်အနည်းငယ်ကြာတော့ တွင်းတူးခြင်း ကိစ္စ ပြီးစီးသွားသည်။ ဟုန်ရှောင်ပေါင်၏ အမိန့်ဖြင့် ခြောက်ပေခန့် ရှည်သော ကြွေပြားများကို တွင်းထဲတွင် စီလိုက်ကြသည်။ ထို့နောက် ပိုက်လုံးများ ဆက်သွယ်ကာ မြေ ပြန်ဖို့ကြသည်။ ပြီးနောက် အသင့်စောင့်နေသော မစင်လှည်းကို တွန်းလာစေပြီး အနံ့ဆိုးထွက်နေသော မစင်များကို ထိုတွင်းထဲသို့ လောင်းထည့်လိုက်ကြ၏။

တစ်ဝိုက်လုံး အနံ့ဆိုးများဖြင့် ဖုံးလွှမ်းသွားလေသည်။

ထို့နောက် အဖုံးအုပ်ခြင်း၊ 'အိမ်သာခွက်' တပ်ဆင်ခြင်းများ ပြုလုပ်သည်။ သို့နောက် အားလုံး ပြီးစီးသွားခဲ့သည်။

"ရှောင်ပေါင်... မင်း ဘာတွေ လျှောက်လုပ်နေတာလဲ"

အစေခံများက အကာအရံ အဆောက်အဦ ဆောက်လုပ်ရန် ပြင်ဆင်နေချိန်တွင် ဟုန်ဝမ်ချင်းတို့ လေးယောက် ထွက်ပေါ်လာကြသည်။ ဟုန်ဝမ်ချင်းက အိမ်သာခွက်ကို လက်ညှိုးထိုးပြပြီး မေးလိုက်သည်။

"အဲဒါ ဘာလုပ်တဲ့ ပစ္စည်းလဲ"

သူ၏ ခမည်းတော် ရောက်လာသည်ကို မြင်ချိန်မှာတော့ ဟုန်ရှောင်ပေါင် ရှက်သွားသလိုဖြင့် ခေါင်းကုတ်ကာ ရယ်မောလိုက်၏။

"ဒါကို 'ရေဆွဲ အိမ်သာ' လို့ ခေါ်တယ် ခမည်းတော်။ အရမ်း အသုံးဝင်တာ။ အိမ်သာသွားရင် ဒီအပေါ်မှာ ထိုင်ပြီး ကိစ္စရှင်းလိုက်၊ ပြီးရင် ခလုတ်လေး နှိပ်လိုက်တာနဲ့ အနောက်ပုံးထဲက ရေတွေ ဆင်းလာပြီး အားလုံးကို သန့်ရှင်းရေး လုပ်ပေးသွားမှာ။ သက်တောင့်သက်သာ သိပ်ရှိတာပေါ့။"

"မင်း... မင်း ဒီလောက် အချိန်ကုန်ခံပြီး လုပ်နေတာက... အိမ်သာ ဆောက်နေတာပေါ့..."

ဟုန်ဝမ်ချင်း အပါအဝင် လေးယောက်သား ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

အထူးသဖြင့် ယွင်ရှန့်ရွှမ်နှင့် ယွင်ချိုင်ရှောင်တို့သည် မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် ကြောင်ကြည့်နေမိသည်။ ယဲ့ကျင်းနင်ကတော့ ကျောခိုင်းပြီး ပခုံးများ လှုပ်ခါသည်အထိ ရယ်မောနေ၏။

မင်းသားကိုး အလုပ်မရှိ လေလွင့်နေသည်ဟု ဟုန်ဝမ်ချင်း ပြောခဲ့သည်မှာ တကယ်ပဲ မှန်ကန်နေပါရောလား။

"ဟာ... ဒါ သာမန် အိမ်သာ မဟုတ်ဘူး။"

ဟုန်ရှောင်ပေါင်က ဂုဏ်ယူဝင့်ကြွားစွာ ရှင်းပြလိုက်သည်။

"ဒါ ကျုပ်ရဲ့ တီထွင်မှုအသစ်။ 'မြေအောင်း လောင်စာငွေ့ကန်' လို့ ခေါ်တယ်။ ရှင်းရှင်း ပြောရရင်... ဟို... အီး တွေကနေ ကန်ထဲမှာ အချဉ်ဖောက်ပြီး ဓာတ်ငွေ့ ထုတ်တာ။ အဲ့ဒီ ဓာတ်ငွေ့နဲ့ မီးမွှေးပြီး ထမင်းဟင်း ချက်လို့ရတယ်။ သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာ ရောက်တယ်၊ သုံးရတာလည်း လွယ်ကူတယ်။ တကယ့် ပစ္စည်းကောင်းပဲ။"

ယွင်ရှန့်ရွှမ် နားမထောင်နိုင်တော့ပေ။ သိုင်းပညာကို ကြိုးစားမသင်ယူဘဲ အခုလို အာရုံနောက်စရာကိစ္စများကို လုပ်ဆောင်နေခြင်းက အသုံးဝင်ပါ့မည်လား။

"ကဲပါ ... ရှောင်ပေါင်"

ယွင်ရှန့်ရွှမ် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး မေးလိုက်၏ "အရင်တုန်းက ဦးလေး ချန်ထားခဲ့ပေးတဲ့ 'တိမ်စီး လင်းယုန် လက်သည်းသိုင်း' ကိုရော မင်း ကျင့်ကြံပြီးပြီလား"

"အာ... ဦးလေး ယွင် ပါလား"

ယွင်ရှန့်ရွှမ်ကို မြင်တော့ ဟုန်ရှောင်ပေါင် အလျင်အမြန် ဂါရဝပြုလိုက်သည်။

"ဦးလေးယွင်... မတွေ့တာတောင် ကြာပြီ။ ဦးလေးပေးခဲ့တဲ့ သိုင်းကျမ်းကို ကျုပ် သေချာပေါက် ကျင့်ပါတယ်။"

"ဒါဆို ဘယ်အဆင့် ရောက်ပြီလဲ။ ဦးလေးကို ထုတ်ဖော် ပြသစမ်းပါအုံး။” ယွင်ရှန့်ရွှမ်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"အာ... အဲ့ဒါကတော့ နည်းနည်း ခက်မယ်"

ဟုန်ရှောင်ပေါင် မျက်နှာငယ်လေးဖြင့် ပြန်ဖြေလိုက်၏။ "ကျင့်တော့ ကျင့်ပါရဲ့... ဒါပေမဲ့ မအောင်မြင်ဘူး ဖြစ်နေတယ်"

ယွင်ချိုင်ရှောင်သည် ထိုစကားကို ကြားချိန်မှာတော့ စိတ်ပျက်သွားသလို မျက်မှောင်ကြုတ်ကာဖြင့် တစ်ဖက်သို့ လှည့်သွားသည်။

ယဲ့ကျင်းနင်ကတော့ ‘ဟွန့်’ ခနဲ နှာခေါင်းရှုံ့လိုက်ပြီး ယွင်ချိုင်ရှောင် နားနားသို့ ကပ်ကာ တိုးတိုးလေး ကုန်းချောလိုက်၏။

"ကြည့်ရတာ မင်းရဲ့ သတို့သားလောင်းက ကောလာဟလတွေ အတိုင်းပါပဲလား။ အလုပ်မရှိ လေလွင့်နေရုံတင် မကဘူး... ဘာမှ သုံးစားမရတဲ့ အမှိုက်ပဲ"

All Chapters