အခန်း ၂
Vol. 1 Ch. 2
အပိုင်း (၂)
“မအောင်မြင်ဘူး ဟုတ်လား...”
ဟုန်ရှောင်ပေါင်၏ စကားကို ကြားချိန်မှာတော့ တည်ငြိမ်ရင့်ကျက်သော နိုင်ငံ့အစောင့်အရှောက် ယွင်ရှန့်ရွှမ်သည် မျက်နှာပျက်သွားတော့သည်။
“ဒီ တိမ်စီးလင်းယုန် လက်သည်းသိုင်း ဆိုတာ အခြေခံအကျဆုံး ပထမအဆင့် သိုင်းပညာပါ။ အတွင်းအား အနည်းငယ် စုစည်းနိုင်ရုံနဲ့ ကျင့်ကြံလို့ ရနေပြီကို... ဘယ်လိုလုပ်ပြီး မအောင်မြင်ရတာလဲ။”
သူ အံ့သြသည်မှာလည်း မဆန်းပေ။ ဤကမ္ဘာတွင် သိုင်းပညာ အဆင့်များကို ခွဲခြားသတ်မှတ်ထားသည်။ ‘ရုပ်ခန္ဓာ အဆင့်’ တွင် စုစုပေါင်း ၁၀ ဆင့် ရှိ၏။
အစတည်းက ဟုန်ရှောင်ပေါင်၏ အခြေခံ အားနည်းသည်ကို သိသောကြောင့် ယွင်ရှန့်ရွှမ်သည် အလွယ်ကူဆုံး ပထမအဆင့် သိုင်းပညာကို ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။ အခြေခံ ခိုင်မာလာမှ အဆင့်မြင့်မားသည့် တိုက်ကွက်များအား ဆက်သင်စေချင်သော သဘောဖြစ်သည်။
ကိစ္စတိုင်းတွင် အဆင့်ဆင့် သွားရသည် မဟုတ်လော။ ပေါင်း၊ နှုတ်၊ မြှောက်၊ စား တောင် ကောင်းကောင်း မတတ်သေးသည့် လူတစ်ယောက်ကို အဆင့်မြင့် သင်္ချာတွေ သွားသင်ခိုင်း၍ ဘယ်ဖြစ်မည်နည်း။
သို့သော်ငြား ဤမျှလွယ်ကူသည့် ပထမအဆင့် သိုင်းကွက်ကိုတောင် ဟုန်ရှောင်ပေါင် မကျင့်ကြံနိုင်ဘူးတဲ့လား။ တောနယ်မှ လယ်သမားကြီးများကို ဤစာအုပ် ပေးဖတ်လျှင်တောင် တစ်ခုခုတော့ ဖြစ်လာဦးမည်။
“တကယ်ကို မအောင်မြင်ခဲ့တာပါ။”
ဟုန်ရှောင်ပေါင် ရှက်ကိုးရှက်ကန်း ဖြစ်မိ၏။
“ကျုပ်လည်း ဘာဖြစ်မှန်းကို မသိပါဘူး။ ဝိညာဉ်စွမ်းအင်က လုံးဝ စုစည်းလို့ မရဘူး ဖြစ်နေတယ်။ တစ်ခါတလေ နည်းနည်းလေး စုစည်းမိတယ် ဆိုရင်င်လည်း ခန္ဓာကိုယ်ထဲမှာပဲ ပြန်ပျောက်သွားရော။ ကျုပ်ခန္ဓာကိုယ်ကြီးက ရေခမ်းနေတဲ့ တွင်းဟောင်းကြီး လိုပဲ။ ရေတစ်ခွက်လောက် လောင်းထည့်လိုက်လည်း အောက်ခြေမှာ စိုရုံလေး စိုပြီး ပျောက်သွားသလိုမျိုးပေါ့... အစကတော့ မယုံလို့ ထပ်ခါထပ်ခါ စမ်းကြည့်သေးတယ်။ နောက်ကျတော့ ကျုပ်လည်း လက်မြှောက်လိုက်တယ်။”
“ဝိညာဉ်စွမ်းအင် စုစည်းလို့ မရဘူး...”
ယွင်ရှန့်ရွှမ် အနည်းငယ် တွေဝေသွားသည်။ “ပုံမှန်ဆို မဖြစ်သင့်ဘူး။ သိုင်းကျမ်းထဲမှာ ဝိညာဉ်စွမ်းအင်ကို ဘယ်လို စုစည်းရမယ် ဆိုတာ ရှင်းရှင်းလင်းလင်း ရေးထားတာပဲဟာ... ကဲ၊ ဒါဆို ငါမေးမယ်။”
ယွင်ရှန့်ရွှမ်က ဟုန်ရှောင်ပေါင်၏ ဘယ်ဘက်ရင်အုံအောက် သုံးလက်မခန့် အကွာအဝေးကို လက်ညှိုးဖြင့် ထောက်ပြလိုက်၏ “ဒီနေရာက ဘာသွေးကြောဆုံမှတ်လဲ။”
“ချီမင် ဆုံမှတ်ပါ။ ကျွယ်ယင် အသည်းသွေးကြောမကြီး နဲ့ ဆက်စပ်နေပါတယ်။”
သိုင်းမကျင့်နိုင်သော်လည်း စာတွေ့တွင်တော့ ဟုန်ရှောင်ပေါင်က ဂုဏ်ထူးရနေသည်။
“ကျွယ်ယင် အသည်းသွေးကြောမကြီးက တာ့တွန်း ဆုံမှတ်ကနေ စတင်ပြီး ရှင်းကျန်း၊ ထိုက်ချုံး၊ ကျုံးဖုန်း၊ လီကိုး၊ ကျုံးတု၊ ရှီးကွမ်း၊ ချွီချွမ်၊ ယင်းပေါင်၊ ဝူလီ၊ ယင်းလျန်၊ ဂျိမိုင်၊ ကျန်းမင် ဆုံမှတ်တွေကို ဖြတ်သန်းပြီး ချီမင် ဆုံမှတ်မှာ အဆုံးသတ်ပါတယ်။ ဘယ်ညာ ၁၄ ခုစီ ဆိုတော့ စုစုပေါင်း ၂၈ ခု ရှိပါတယ်။”
“အင်း...”
ဟုန်ရှောင်ပေါင်၏ အဖြေကို ကြားတော့ ယွင်ရှန့်ရွှမ် ခေါင်းညိတ်လိုက်၏။
“သေချာ လေ့လာထားတာပဲ။ နေရာတွေ အကုန် မှန်တယ်။ ဒီလောက်ထိ သိထားရက်နဲ့ စွမ်းအင် မစုစည်းနိုင်ဘူး ဆိုတော့... မင်းရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံမှာ ပြဿနာရှိနေတာပဲ ဖြစ်ရမယ်။ လာစမ်း... ငါ စမ်းသပ်ကြည့်မယ်။”
ပြောပြောဆိုဆိုနှင့် ယွင်ရှန့်ရွှမ်သည် ဟုန်ရှောင်ပေါင်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ပြီး ဝိညာဉ်စွမ်းအင် တစ်မျှင် ထည့်သွင်းလိုက်သည်။
သူ့လို ပညာရှင်အဆင့်နှင့်ဆိုလျှင် လူတစ်ယောက်၏ သွေးကြောစုံများကို စမ်းသပ်ရန်က ထမင်းစား ရေသောက်သလောက် လွယ်ကူသည်။ သို့သော်ငြား သူ၏စွမ်းအင်က ဟုန်ရှောင်ပေါင်၏ ကိုယ်ထဲသို့ ရောက်သည်နှင့် သမုဒ္ဒရာထဲ ရွှံ့ရုပ်ကျသွားသလို အစအန ရှာမရအောင် ပျောက်ကွယ်သွား၏။
“ထင်တဲ့ အတိုင်းပဲ...”
ယွင်ရှန့်ရွှမ်က လက်ကို ပြန်ရုတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။
“မင်းသားကိုး ပြောတာ မှန်ပါတယ်။ ဝိညာဉ်စွမ်းအင်က လုံးဝ စုစည်းလို့ မရဘူး ဖြစ်နေတယ်။ ဘာကြောင့် ဒီလို ဖြစ်ရလဲ ဆိုတာတော့ ကျုပ်လည်း မပြောတတ်တော့ဘူး။ ဒီလို ခန္ဓာကိုယ်မျိုး တစ်ခါမှ မကြုံဖူးဘူး။”
“ဟူး...”
ဧကရာဇ် ဟုန်ဝမ်ချင်း သက်ပြင်းရှည်ကြီး ချလိုက်ပြန်သည်။
“ကံတရားပဲ ထားပါတော့။ အတင်းအကြပ် လုပ်ယူလို့ ရတာမှ မဟုတ်တာ။ ကျုပ်သား ရှောင်ပေါင်က သိုင်းပညာ လမ်းဆုံးနေပြီ ဆိုမှတော့... ခင်ဗျားနဲ့ ကျုပ် နှစ်အိမ်ထောင် လမ်းဆက်မယ့် မင်္ဂလာကိစ္စကိုလည်း ဒီမှာတင် ဖျက်သိမ်းလိုက်ကြမလား။”
ကတိ မတည်ချင်၍ မဟုတ်။ ကိုယ့်သားက သုံးစားမရသည့် အဖြစ်သို့ ရောက်နေကြောင်း ကိုယ်တိုင် အသိဆုံးဖြစ်တာကြောင့် မင်္ဂလာကိစ္စကို ဖျက်သိမ်းပေးခြင်းက နှစ်ဦးနှစ်ဖက် မျက်နှာမပျက်စေမည့် အကောင်းဆုံး နည်းလမ်း ဖြစ်သည်ဟု ဟုန်ဝမ်ချင်း တွေးမိသောကြောင့်ပင်။
တကယ်တော့ ဟုန်ရှောင်ပေါင် ကိုယ်တိုင်ကလည်း ဤသဘောပင် ရှိသည်။ ကိုယ်က သိုင်းပညာ ကျင့်မရသည့်အပြင် အလုပ်မရှိ ဝေလေလေ၊ ယွင်ရှန့်ရွှမ်က သိုင်းနတ်ဘုရား။ သူ့သားမက်က အသုံးမကျသူ ဖြစ်နေလျှင် လောကအလယ် အရှက်ကွဲစရာ ဖြစ်မည် မဟုတ်ပါလား။
ထိုအချိန်မှာတော့ အားလုံး၏မျက်နှာများ မကောင်းကြသော်လည်း ယဲ့ကျင်းနင် တစ်ယောက်ကတော့ မျက်လုံးများ အရောင်တောက်လာသည်။ စကားဝင်မပြောသော်လည်း ယွင်ချိုင်ရှောင်ကို ကြည့်နေသည့် မျက်လုံးများက သားကောင်တွေ့သော ဝံပုလွေကဲ့သို့ မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
“အလျင်လိုစရာ မရှိပါဘူး...”
ယဲ့ကျင်းနင်၏ အကြည့်များကို ယွင်ရှန့်ရွှမ် သတိထားမိလိုက်သည်။ ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်ပြောလိုက်၏။ “သမီးလေး ချိုင်ရှောင်ကလည်း ငယ်ပါသေးတယ်။ နောက်ထပ် နှစ်နှစ်လောက် စောင့်ကြည့်ကြတာပေါ့။”
“ဒါလည်း ကောင်းတာပဲ...”
ဟုန်ဝမ်ချင်း ခေါင်းညိတ်လိုက်သည်။
“ဒီလို လုပ်ပါလား။ နိုင်ငံ့အစောင့်အရှောက် ဆရာကြီးလည်း ခရီးက ပြန်ရောက်ကာစ ဆိုတော့ နန်းတော်မှာပဲ ရက်အနည်းငယ်လောက် တည်းခိုပါအုံး။ ကျုပ်ရဲ့ တတိယသားတော်လည်း အခုတလော အိမ်ပြန်ရောက်နေတော့ ခင်ဗျားအားရင် သူ့ကို သိုင်းပညာလေး ဘာလေး ညွှန်ပြပေးပါအုံး။ ကဲ... လာကြ၊ ကျုပ် ဧည့်ခံပွဲ ပြင်ခိုင်းလိုက်မယ်။ ကျုပ်တို့ မသောက်ရတာလည်း ကြာပြီ။”
“ကောင်းပါပြီ...” ယွင်ရှန့်ရွှမ် လက်ခံလိုက်သည်။
ထို့နောက် ဟုန်ဝမ်ချင်းက ဟုန်ရှောင်ပေါင်ကို လှည့်ပြောလိုက်၏ “ရှောင်ပေါင်... ချိုင်ရှောင်လေးက ဒီကို မရောက်တာ ကြာပြီဆိုတော့ နေရာတွေ သိပ်မှတ်မိတော့မှာ မဟုတ်ဘူး။ မင်းပဲ သူတို့နှစ်ယောက်ကို လိုက်ပို့ပေးလိုက်ပါဦး။”
“စိတ်ချပါ ခမည်းတော်... သွားကြစို့။”
ဟုန်ရှောင်ပေါင်က ပြုံးရွှင်စွာဖြင့် ခေါ်လိုက်သည်။
“နေပါအုံး...”
ယွင်ရှန့်ရွှမ် စိုးရိမ်တကြီး တားလိုက်၏။
“အားလုံးက မိသားစုတွေပဲကို... ရှောင်ပေါင်ပါ ကျုပ်တို့နဲ့ လိုက်ခဲ့ရင် ပိုမကောင်းဘူးလား။”
သူ စိုးရိမ်သည်က သမီးအတွက် မဟုတ်၊ ဟုန်ရှောင်ပေါင် အတွက် ဖြစ်သည်။ ဟုန်ရှောင်ပေါင် တစ်ယောက်တည်းအား ယွင်ချိုင်ရှောင်၊ ယဲ့ကျင်းနင် တို့နှင့် လွှတ်လိုက်လျှင် အနိုင်ကျင့် ခံရမည်ကို စိုးရိမ်သောကြောင့်ပင်။ ယဲ့ကျင်းနင်က လေယင်နန်းဆောင်၏ ပါရမီရှင် လူငယ်တစ်ယောက် ဖြစ်ပြီး ယွင်ချိုင်ရှောင် အပေါ် စိတ်ဝင်စားနေသူ မဟုတ်ပါလား။
“ကိစ္စမရှိပါဘူး နိုင်ငံ့အစောင့်အရှောက် ဆရာကြီးရယ်... လာပါ၊ ဒီဘက်ကို ကြွပါ။”
ဟုန်ဝမ်ချင်းကတော့ ဘာမှ မဖြစ်သလို ပြုံးပြီး လမ်းပြကာ ခေါ်ဆောင်သွားသည်။
“အင်း... ဒါဆိုလည်း ပြီးတာပါပဲ။”
......
ဟုန်ဝမ်ချင်းနှင့် ယွင်ရှန့်ရွှမ်တို့ ထွက်ခွာသွားခဲ့ပြီးနောက် ရွှမ်ရှောင်နန်းဆောင်တွင် လူငယ်သုံးဦးသာ ကျန်ရစ်တော့၏။
“ခင်ဗျား နာမည် ဟုန်ရှောင်ပေါင် ဟုတ်လား...”
လူကြီးတွေ မရှိတော့သည်နှင့် ယဲ့ကျင်းနင်က ဟန်ဆောင်ထားသော မျက်နှာဖုံးကို ခွာချလိုက်သည်။
“ကျုပ် ကွေ့ဝိုက် မနေတော့ဘူး။ ယွင်ချိုင်ရှောင်က လေယင်နန်းဆောင်ရဲ့ ဒီမျိုးဆက်မှာ အတော်ဆုံး ပါရမီရှင် မိန်းကလေးပဲ။ အခုဆိုရင် ‘ရုပ်ခန္ဓာ ဒုတိယအဆင့်’ ကို ရောက်နေပြီ။”
ရုပ်ခန္ဓာ ၁၀ ဆင့်တွင် ဒုတိယအဆင့်က မမြင့်မားသော်လည်း အသက် ၁၆ နှစ်ဖြင့် ဤအဆင့် ရောက်နေခြင်းက ကြောက်ခမန်းလိလိ ပါရမီပင်။
“ဪ... ဒါကြောင့် ခင်ဗျားပါ လိုက်လာတာကိုး...”
ဟုန်ရှောင်ပေါင်၏ မျက်နှာက တည်ငြိမ်နေ၏။
“ငါ့ကို လာနှိမ်ချင်တယ်... ကိုယ် ဘယ်လောက်တော်ကြောင်း ကြွားချင်တယ်... ပြီးတော့ ညီမလေးချိုင်ရှောင် ရဲ့ အချစ်ကို ရအောင် ယူချင်တယ်ပေါ့။”
“ခင်ဗျားက တော်တော် ဉာဏ်ပြေးတာပဲ။”
ယဲ့ကျင်းနင်က မထီမဲ့မြင် ပြုံးလိုက်သည်။ “ဟုတ်တယ်။ ကျုပ်က လေယင်နန်းဆောင် ဒုတိယအကြီးအကဲရဲ့ တစ်ဦးတည်းသော သား။ ချိုင်ရှောင်က ပထမ အစောင့်အရှောက် ယွင်ရှန့်ရွှမ်ရဲ့ သမီး။ ကျုပ်တို့နှစ်ယောက်က ဆွေမျိုးဂုဏ်၊ ပါရမီဂုဏ်ချင်း တန်းတူညီမျှပြီး နတ်ဖက်တဲ့ စုံတွဲပဲ။ ဒါကြောင့် ခင်ဗျားအနေနဲ့ ကိုယ့်အခြေအနေ ကိုယ်သိပြီး ဘာလုပ်သင့်တယ် ဆိုတာ သဘောပေါက်သင့်တယ်... ဟုတ်တယ်မဟုတ်လား။”
ယွင်ရှန့်ရွှမ်... ချီယွင်အင်ပါယာ၏ အစောင့်အရှောက် သိုင်းနတ်ဘုရား ဖြစ်သလို လောက၏ အခိုင်မာဆုံး ရှေးရိုးရာ ဂိုဏ်းကြီး ခြောက်ခုထဲမှ တစ်ခုဖြစ်သော လေယင်နန်းဆောင်၏ ပထမအစောင့်အရှောက်လည်း ဖြစ်သည်။
နိုင်ငံတစ်ခု မည်မျှကြီးမားပါစေ၊ သိုင်းလောကကို စိုးမိုးထားသော ရှေးရိုးရာဂိုဏ်းကြီး ခြောက်ခု ရှေ့တွင် အားသာသည်ဟူ၍ သိပ်မရှိလှပေ။ ဤလောကကြီးသည် အင်အားကြီးသူကသာ အရာရာကို ဖန်တီးနိုင်သော လောကဖြစ်သည် မဟုတ်ပါလား။
“အင်း... ခင်ဗျားပြောတာလည်း ဟုတ်သလိုလိုပဲ။ ကျုပ် တောင် ဒီလိုခံစားမိလာသလိုပဲ။”
ဟုန်ရှောင်ပေါင်က ပြုံးလိုက်ပြီး ယွင်ချိုင်ရှောင် ဘက်သို့ လှည့်မေးလိုက်သည် “ကဲ... ညီမလေးချိုင်ရှောင် .. ညီမလေးရော ဘယ်လို သဘောရလဲ။”
“သူနဲ့ ကျွန်မနဲ့ ဘာမှ မပတ်သက်ဘူး။” ယွင်ချိုင်ရှောင်က ရေခဲတမျှ အေးစက်စွာ ဖြေလိုက်၏။
“ဒါဆို ကိုကို နဲ့ကျတော့ရော...”
“စေ့စပ်ထားသူလေ...”
ယွင်ချိုင်ရှောင်၏ နှုတ်ခမ်းထောင့်လေး အနည်းငယ် ကွေးညွတ်သွားပြီး လေသံတွင်လည်း နွေးထွေးမှု အနည်းငယ် ပါဝင်နေသည်။
“ကြားတယ်နော်... အဲဒါအဖြေပဲ။”
ဟုန်ရှောင်ပေါင်က ယဲ့ကျင်းနင် ဘက်သို့ ပြန်လှည့်လိုက်၏ “တကယ်လို့များ ညီမလေးချိုင်ရှောင် က ခင်ဗျားကို သဘောကျတယ်ဆိုရင် ကျုပ် စဉ်းစားပေးမလို့ပဲ။ အချင်းချင်း ချစ်နေကြတာပဲ... ညားပါစေတော့ပေါ့။ ဒါပေမဲ့ အခု သူက သဘောထားကို ရှင်းရှင်းလင်းလင်း ပြောပြီးပြီဆိုတော့... ဝမ်းနည်းပါတယ်။ အနည်းဆုံးတော့ အခုအချိန်မှာ သူက ကျုပ်နဲ့ စေ့စပ်ထားသူပဲ။ ယောက်ျားချင်းပဲ... ခင်ဗျား သဘောပေါက်မှာပါ။ ငှဲ .. ငှဲ”
“ငါက ဘာကို သဘောပေါက်ရမှာလဲ။”
ယဲ့ကျင်းနင် ဒေါသထွက်သွား၏ “ဟုန်ရှောင်ပေါင်... ခင်ဗျားကို မျက်နှာသာ ပေးနေတုန်း ယူထားလိုက်စမ်းပါ။ ခင်ဗျားရဲ့ ခမည်းတော်တောင် ကျုပ်တို့ဂိုဏ်းချုပ်ကို တွေ့ရင် ဦးညွတ်ရတာ။ ခင်ဗျားလို အသုံးမကျတဲ့ မင်းသားတစ်ပါးက ကျုပ်နဲ့ ပြဿနာတက်ချင်နေတာလား။”
ထိုအချိန်မှာတော့ သူတို့၏စကားများသံကြောင့် ကိုယ်ရံတော်များ သတိထားမိသွားကြသည်။ သို့သော်ငြား ထူးဆန်းသည်က ထိုကိုယ်ရံတော်များသည် ဝင်ရောက် ဖြေရှင်းခြင်းမပြုဘဲ အဝေးမှနေ၍ တီးတိုး ဝေဖန်နေကြခြင်းပင်။
“ဟေ့ကောင်တွေ ကြည့်စမ်း... မင်းသားကိုး ကို စိန်ခေါ်တဲ့သူ နောက်တစ်ယောက် ပေါ်လာပြန်ပြီ။”
“လုပ်ပြန်ပြီ... သေချင်ရင်လည်း သေချင်တယ် မပြောဘူး။ မင်းတို့ ထင်တာ ပြောကြေး... ဒီတစ်ခါ ဘယ်လောက် ထိမလဲ။”
“ငါ့အထင်တော့ သုံးရက်လောက်တော့ အိပ်ရာထဲ လဲသွားမလားပဲ။”
“အဲထက်ဆိုးမယ်ထင်တယ်။”
“ဒါနဲ့... တကယ် ချကြရင် ငါတို့ ဘာလုပ်ကြမလဲ။”
“ဘာလုပ်ရမှာလဲ... ထုံးစံအတိုင်း ပွဲကြည့်ကြတာပေါ့။”
......
နန်းတော်တွင်း၊ ရွှမ်ယန် စားသောက်ဆောင်...
“အရှင်မင်းကြီး... အဲဒီ ယဲ့ကျင်းနင်ဆိုတဲ့ ကောင်လေးက သမီးလေးကို ရဖို့ဆို ဘာမဆို လုပ်မယ့်ပုံပဲ။”
ယွင်ရှန့်ရွှမ်က ဝိုင်တစ်ငုံ သောက်ရင်း သက်ပြင်းချလိုက်သည်။
“ဒါပေမဲ့ သူက ဒုတိယအကြီးအကဲရဲ့သား ဖြစ်နေတော့ ကျုပ်အနေနဲ့လည်း မျက်နှာသာ ပေးနေရတယ်။ အခု သူတို့ လူငယ်ချင်း သီးသန့် တွေ့နေကြတာဆိုတော့... ရှောင်ပေါင် တစ်ခုခု ဖြစ်မှာ စိုးရိမ်မိတယ်။”
“ဟားဟား... စိတ်မပူပါနဲ့။” ဟုန်ဝမ်ချင်းက အေးအေးဆေးဆေးပင်။
“ကျုပ် မေးပါရစေအုံး... အဲ့ဒီ ယဲ့ကျင်းနင် ဆိုတဲ့ ကောင်လေးက ဘယ်အဆင့် ရှိလဲ။”
“ရုပ်ခန္ဓာ ဒုတိယအဆင့်ပါ။”
“ဒါဆိုရင်တော့ လုံးဝ စိတ်ပူစရာ မလိုတော့ဘူး။”
ဟုန်ဝမ်ချင်းက ယွင်ရှန့်ရွှမ်၏ ခွက်ထဲသို့ ဝိုင်ထပ်ဖြည့်ပေးရင်း ရယ်မောလိုက်သည်။
“ရှောင်ပေါင်နဲ့ ရန်ဖြစ်ရဲတယ် ဆိုမှတော့... အဲ့ဒီကောင်လေး ကံဆိုးမိုးမှောင် ကျတာပဲလို့ မှတ်လိုက်ပေတော့။”