အခန်း ၃
Vol. 1 Ch. 3
အပိုင်း (၃)
ရွှမ်ရှောင် နန်းဆောင်အတွင်း
ရှောင်ပေါင်သည် နှာခေါင်းကို ပွတ်သပ်လိုက်ရင်း ယဲ့ကျင်းနင်ကို ငတုံးတစ်ယောက်အား ကြည့်သကဲ့သို့ ကြည့်ကာ ဆိုလိုက်သည်။
"ကျုပ်ခမည်းတော်က ခင်ဗျားတို့ ဂိုဏ်းချုပ်ကို တွေ့ရင် ဦးညွှတ်ဂါရဝပြုရတယ်ဆိုတော့ ဘာဖြစ်လဲ။ ဂါရဝပြုတာက ဂါရဝပြုတာ၊ မိန်းမက မိန်းမ၊ ဒီနှစ်ခုက သတ်သတ်စီ။ ခင်ဗျားက ဒါလေးတောင် ခွဲခြား နားမလည်ဘူးလား"
"နားမလည်တော့ ဘာဖြစ်လဲ"
ယဲ့ကျင်းနင်သည် ဒေါသထွက်လာပြီး ညာဘက်လက်ဝါးကို မြှောက်၍ ရှောင်ပေါင်၏ ရင်ဘတ်ဆီသို့ ရုတ်တရက် ရိုက်နှက်လိုက်တော့သည်။ "အခု ကျုပ် နားမလည်ဘူးဗျာ... ဘာဖြစ်ချင်လဲ"
ယဲ့ကျင်းနင်သည် သိုင်းပညာရှင်တစ်ဦး ဖြစ်သော်လည်း ရှောင်ပေါင်မှာမူ သိုင်းမတတ်သည့် သာမန်လူတစ်ဦးသာ ဖြစ်သည်။ ထို့ကြောင့် သူက အကုန်အစင် အားကုန်ထုတ်သုံးခြင်း မပြုဘဲ ရှောင်ပေါင်ကို လန့်သွားရုံမျှသာ ရည်ရွယ်၍ တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
"ယဲ့ကျင်းနင်... ရပ်လိုက်စမ်း"
ယွင်ချိုင်ရှောင် မျက်နှာပျက်သွားသည်။ ရုတ်တရက် လှမ်းအော်ပြီး ဝင်ရောက်တားဆီးရန် ပြင်လိုက်သည်။ သို့သော်ငြား ယဲ့ကျင်းနင်၏ တိုက်ကွက်က ရုတ်တရက်ဆန်လွန်းလှသည်။ ယွင်ချိုင်ရှောင်သည် ယဲ့ကျင်းနင် နှင့် သိုင်းပညာချင်း ယှဉ်နိုင်သည် ဆိုသော်ငြား အနည်းငယ် နောက်ကျသွားခဲ့သည်။
"ဝုန်း"
အသံကျယ်ကြီး တစ်ခု ထွက်ပေါ်လာ၏။ သို့ပေမည့် ဖြစ်ပျက်သွားသည်က ယွင်ချိုင်ရှောင် ထင်ထားသလို မဟုတ်ခဲ့ပေ။ အရိုက်ခံရသော ဟုန်ရှောင်ပေါင်သည် နောက်သို့ ခြေနှစ်လှမ်းသာ ဆုတ်သွားသော်လည်း တိုက်ခိုက်လိုက်သူ ယဲ့ကျင်းနင်မှာမူ နောက်သို့ သုံးလှမ်းခန့် လွင့်စဉ်သွား၏။
"အား... ကျုပ်လက်... ကျုပ်လက်"
အော်ဟစ်ညည်းညူသံ ထွက်ပေါ်လာသည်။ နာကျင်စွာ အော်ဟစ်လိုက်သူက ရှောင်ပေါင် မဟုတ်ဘဲ ယဲ့ကျင်းနင် ဖြစ်နေ၏။ ရှောင်ပေါင်မှာမူ ပြုံးဖြဲဖြဲ မျက်နှာပေးဖြင့် ရှိနေဆဲပင်။
"ဟုန်ရှောင်ပေါင်... ခင်ဗျား... ခင်ဗျား အဆိပ်သုံးတယ်ပေါ့"
"ပေါက်ကရတွေ ပြောမနေစမ်းပါနဲ့"
ရှောင်ပေါင်က သူ့ကို အရူးတစ်ယောက်လို ကြည့်ပြီး ပြန်ပြောလိုက်သည်။
"ကျုပ်က သိုင်းမှ မတတ်တာ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ တစ်ခုခုတော့ လုပ်ထားရမှာပေါ့။ ဒါနဲ့ မိတ်ဆက်ပေးရဦးမယ်... ဒါက ကျုပ်ကိုယ်တိုင် တီထွင်ထားတဲ့ ဖြူကောင်သံချပ်ကာပျော့ လို့ ခေါ်တယ်။ ပုံမှန်ဆိုရင်တော့ ပျော့ပျော့လေးပါပဲ။ ဒါပေမဲ့ တစ်ယောက်ယောက်က ကျုပ်ကို လာတိုက်ခိုက်ပြီ ဆိုရင်တော့ အပေါ်ကဆူးတွေက အလိုလို ထောင်ထွက်လာပြီး ပြန်စူးမှာ။ ဒါပေမဲ့ ဒီအတိုင်း ဆူးစူးရုံဆိုလျှင် ပျင်းစရာ ကောင်းလွန်းတယ် ….. ဒါကြောင့် ကျုပ်က အဲဒီဆူးတွေပေါ်မှာ ဆေးတစ်မျိုး သုတ်လိမ်းထားလိုက်တယ်"
"ဘာဆေးလဲ"
ယဲ့ကျင်းနင်သည် ဒေါသကြောင့် အံကြိတ်ထားမိသည်။ ဤကောင်စုတ် ရှောင်ပေါင်က အောက်တန်းကျသည့် နည်းလမ်းကို သုံးရဲနေ၏။
"အော်... အဲဒါက ဒီလိုရှိတယ်။ အဲဆေးအကြောင်းကို ကျုပ်နည်းနည်းလောက် ရှင်းပြရအုံးမယ်။"
ရှောင်ပေါင်က မျက်လုံးလေး မှေးစင်းသွားသည်အထိ ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောသည် "ထွေထွေထူးထူး တော့ မဟုတ်ပါဘူး။ ဒီဆေးရဲ့ နာမည်က ပေါ့ပေါ့ပါးပါးပဲ။ အပြုံးခြေလှမ်းဝက်လို့ခေါ်တယ်။ ဒီအဆိပ် မိပြီးရင် ပြုံးလို့မရသလို ၊ လမ်းလျှောက်လို့လည်း မရဘူး။ ခြေလှမ်းဝက်ထက် ပိုပြီး လမ်းလျှောက်မိရင် အဆိပ်တွေက ခင်ဗျား ခန္ဓာကိုယ်ထဲမှာ ပျံ့နှံပြီး ချက်ချင်း သေဆုံးလိမ့်မယ်။ နာမည်နဲ့ လိုက်တယ်မလား"
မည်မျှ ကြောက်ဖို့ကောင်းလိုက်သည့်အဆိပ် ဖြစ်သနည်း။ အဆိပ်မိသူက ပြုံး၍လည်းမရသလို ၊ လမ်းလျှောက်၍ လည်း မရပေ။
ယဲ့ကျင်းနင်က ဒေါသတကြီးဖြင့် ကြည့်ကာ စကားတစ်လုံးချင်းစီကို ဖြည်းညှင်းစွာ ပြောသည်။ “ခင်ဗျား ရဲ့ ရက်စက်မှုကို မှတ်ထားလိုက်မယ်။ ဒါ မပြီးသေးဘူးနော်။ ကျုပ်ကို အညံ့ခံမယ်မထင်နဲ့။ ခင်ဗျားအဖေ … ကျုပ်က မပြုံးဘူး။ လမ်းလည်းမလျှောက်ဘူး။”
သို့နှင့် သူက ခုန်ကာ သွား၏။
အားလုံးက ဆွံ့အလျက်ရှိသည်။ သောက်ကျိုးနည်း။
“သူတကယ် အရှုံးမပေးတာပဲ။”
ဟုန်ရှောင်ပေါင် ကိုယ်တိုင်ပင် ပါးစပ်အဟောင်းသား ဖြစ်လို့နေသည်။ တစ်ဖက်လူက အနိုင်မခံ ၊ အရှုံးမပေးဖြင့် ခုန်သွားလေ၏။
"ခစ်... ခစ်"
ယဲ့ကျင်းနင် ခုန်ဆွခုန်ဆွဖြင့် ထွက်ခွာသွားသည်ကို ကြည့်ပြီး ဘေးနားတွင် ရှိနေသော ယွင်ချိုင်ရှောင်သည် မည်သို့မှ အောင့်ထားနိုင်စွမ်း မရှိတော့ချေ။ တစ်ခစ်ခစ် နှင့် ရယ်မောလိုက်မိသည်။ သူမ၏အပြုံးသည် တိမ်တိုက်ကြားမှ လမင်းတစ်စင်းထွက်ပေါ်လာသကဲ့သို့၊ ဆူးများကြားမှ နှင်းဆီပန်းများ ဖူးပွင့်လာသကဲ့သို့ အလွန်တရာမှ လှပလွန်း၏။
သူမ ရယ်မောလိုက်ပြီးမှ ခေါင်းကို ခါရမ်းကာ မှတ်ချက်ပြုသည်။ "ဟူး... ကိုကိုရှောင်ပေါင် ကတော့လေ... ဉာဏ်များတာတော့ အရင်အတိုင်းပဲ။”
"ဟားဟား .. ဒါ ကိုကို့အကျင့်ပဲလေ။"
ဟုန်ရှောင်ပေါင်က ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်ရင်း ပြုံးကာ ဆိုလိုက်၏။ “ညီမလေး … ညီမလေးက လှလိုက်တာ”
ရှောင်ပေါင်၏ စကားကြောင့် ယွင်ချိုင်ရှောင်၏ မျက်နှာလေး ရဲခနဲ ဖြစ်သွားသည်။ အပေါ်ယံတွင် သူမက အေးစက်စက်နိုင်သော်လည်း လက်တွေ့၌ ရှောင်ပေါင်အပေါ် အလွန် ဂရုစိုက်တတ်သူ ဖြစ်သည်။ တကယ်တမ်း ပြောရလျှင် သူမက ရှေးရိုးစွဲဆန်သော မိန်းကလေး တစ်ဦးဖြစ်သည်။ ရှောင်ပေါင်က သူမ၏ စေ့စပ်ထားသူ ဖြစ်နေသရွေ့ သူမ ကာကွယ်ပေးနေမည်သာ။ နှစ်ဖက်သဘောတူ လက်ထပ်စာချုပ်ကို မဖျက်သိမ်းသရွေ့ သူမသည် ရှောင်ပေါင် ဘက်တော်သား အဖြစ် ရပ်တည်နေမည် ဖြစ်သည်။
အတိုချုံး ပြောရလျှင် 'ကြက်ဖနှင့် ညားလျှင် ကြက်မ၊ ခွေးနှင့် ညားလျှင် ခွေးမ' ဆိုသော စကားပုံလိုပင်။ ပြင်ပလူက မိမိ၏ အမျိုးသားလောင်းကို လာအနိုင်ကျင့်သည်ကို သူမ လုံးဝ ခွင့်လွှတ်မည် မဟုတ်ပေ။
"သိပါပြီ .... ကျုပ်ညီမလေးက မိန်းမကောင်းလေးဆိုတာ ကိုကို သိပြီးသားပါ"
ရှောင်ပေါင်က ပြုံးဖြဲဖြဲဖြင့် ယွင်ချိုင်ရှောင်၏ လက်ကလေးကို ဆွဲကာ မြက်ခင်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ ပါးစပ်ထဲ၌ မြက်ပင်တစ်ပင်ကို ကိုက်ဝါးထားရင်း တိုးတိုးလေး ပြောလိုက်၏။
"ညီမလေးချိုင်ရှောင်... တကယ်လို့ မင်း လက်ထပ်စာချုပ်ကို ဖျက်ချင်တယ် ဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်။ ကိုကို မင်းကို စိတ်မဆိုးပါဘူး"
ဤကိစ္စနှင့် ပတ်သက်ပြီး ရှောင်ပေါင် သဘောထားကြီးသည်။ သူက သိုင်းမတတ်သော သာမန်လူ၊ တစ်ဖက်က ပါရမီရှင် လှပျိုဖြူ။ ငယ်စဉ်က လူကြီးချင်း သဘောတူခဲ့ရုံဖြင့် ကြီးလာချိန်၌ လက်ထပ်ပေါင်းသင်းရမည်ဟု ဘယ်သူကများ စည်းမျဉ်း ထုတ်ထားသနည်း။
၂၁ ရာစု ကမ္ဘာကြီးမှ ရောက်လာသည့် သူ့အဖို့ ထိုအရာများက သိပ်အရေးမကြီးပေ။ အဆင်ပြေလျှင် တွဲမည်၊ မပြေလျှင် လမ်းခွဲမည်။ ကလေးရပြီးမှတောင် ကွဲကြသည့် စုံတွဲများ ဒုနှင့်ဒေး မဟုတ်ပါလား။
အထူးသဖြင့် ဤကမ္ဘာတွင် သိုင်းသမားနှင့် သာမန်လူကြား၌ ကြီးမားသော ခြားနားချက် ရှိနေသည်။ သာမန်လူ တစ်ယောက် အသက် ၈၀ နေရလျှင် အလွန် ကံကောင်းသည်ဟု ဆိုရမည်။ သိုင်းသမားများကမူ အဆင့်မြင့်လေ အသက်ရှည်လေ။ 'ရုပ်ခန္ဓာ အဆင့်' ကုန်ဆုံးအောင် ကျင့်ကြံနိုင်ရုံဖြင့် အသက် ၂၀၀၊ ၃၀၀ နေရသည်မှာ မဆန်းပေ။
နောက်ထပ် နှစ်ပေါင်း ၄၀၊ ၅၀ ကြာလျှင် ချိုင်ရှောင်က အသက် ၂၀ အရွယ် မိန်းကလေးလို နုပျိုနေပြီး သူက သွားမရှိတော့သည့် အဘိုးကြီး ဖြစ်နေမည်ကိုမူ ရှောင်ပေါင် လက်မခံနိုင်ပေ။ ထိုမျှလောက်လည်း သူ အတ္တမကြီးချင်ပေ။ ဤအရာက ပန်းကောင်းအညွှန်းချိုးသည်နှင့် ဆင်တူသည်။
"အင်း... အစကတော့ အဲ့ဒီလို တွေးမိပါသေးတယ်"
ယွင်ချိုင်ရှောင် ခေါင်းလေးကို ညိတ်၏။ "ကိုကိုလည်း သိမှာပါ။ ကျွန်မက အခု ရုပ်ခန္ဓာ ဒုတိယအဆင့် ရောက်နေပြီ။ ဒီတစ်ခေါက် ပြန်သွားရင်င် တတိယအဆင့်ကို ရောက်လောက်ပြီ။ အဲဒီအချိန်ကျရင် သက်တမ်းက နှစ် ၁၀၀ လောက် နေရတော့မှာ။ ဖေဖေ ပြောတာတော့ ကျွန်မရဲ့ပါရမီနဲ့ဆို သတ္တမအဆင့် ထိတောင် ရောက်နိုင်တယ်တဲ့။ ကိုကိုရှောင်ပေါင်... ကျွန်မတို့ ငယ်ငယ်ကတည်းက အတူတူ ကြီးပြင်းလာကြတာ၊ ကိုကို့အပေါ်ထားတဲ့ သံယောဇဉ်က ဘယ်တော့မှ မပြောင်းလဲပါဘူး။ ဒါပေမဲ့ သက်တမ်း ကွာခြားချက် ဆိုတာက သံယောဇဉ်နဲ့ ဖြည့်ဆည်းလို့ မရနိုင်ဘူး"
"အင်း... မင်းပြောတာ ကိုကို နားလည်ပါတယ်"
ရှောင်ပေါင် ခေါင်းညိတ် ထောက်ခံလိုက်မိသည်။
"ဒါကြောင့် ဒီတစ်ခေါက် ဖေဖေနဲ့အတူ ပြန်လာတာ လက်ထပ်စာချုပ် ဖျက်သိမ်းဖို့ပဲ"
ယွင်ချိုင်ရှောင်က သူ့ဘေးတွင် ဝင်ထိုင်လိုက်ပြီး လက်ထဲမှ ကျောက်စိမ်း ပလွေတံလေးကို အသာ ယမ်းခါ ဆော့ကစားရင်း သက်ပြင်းချလိုက်သည်။ ပြီးမှ ပြုံးကာ ပြော၏။ "ဒါပေမဲ့လေ... ကိုကို့ကို တွေ့ပြီးတဲ့နောက်မှာ ကျွန်မ စိတ်ပြောင်းသွားပြီ"
"ဟမ်”
ရှောင်ပေါင် အံ့အားသင့်သွားသည်။ "ဘာလို့လဲ"
"ဘာလို့လဲဆိုတော့... ကိုကိုက အရင်အတိုင်း ဉာဏ်ကောင်းနေတုန်းမို့လို့လေ"
ယွင်ချိုင်ရှောင်က ရှောင်ပေါင်ကို မျက်လုံးလေး မှေးပိတ်သွားသည်အထိ ပြုံးပြလိုက်၏။
"ကိုကိုက အမြဲတမ်း ကြိုးစားတယ်၊ အခက်အခဲ တွေ့တိုင်း လက်လျှော့တတ်တဲ့သူ မဟုတ်ဘူး။ ကိုကို့ရဲ့ ဉာဏ်ရည်နှင့်ဆိုရင် နည်းလမ်းမရှိဘူး ဆိုတာ မဖြစ်နိုင်ပါဘူး"
သူမက စကားကို ခဏရပ်လိုက်ပြီး လေးနက်သော လေသံဖြင့် ဆက်ပြောသည် "ကိုကိုရှောင်ပေါင်... ကျွန်မ အခု ၁၇ နှစ်ပဲ ရှိပါသေးတယ်။ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။ ကျွန်မ ကိုကို့ကို သုံးနှစ် စောင့်မယ်။ ဒီသုံးနှစ် အတွင်းမှာ ကိုကိုသာ သိုင်းသမား တစ်ယောက် ဖြစ်လာခဲ့ရင်... ဝိညာဉ်စွမ်းအင် အနည်းငယ်လောက်ပဲ စုစည်းနိုင်ရင်တောင် ကျွန်မ နောက်ထပ်ခြောက်နှစ် ထပ်စောင့်ပေးနိုင်တယ်။ ပထမခြေလှမ်းသာ စလှမ်းနိုင်ခဲ့ရင် နောက်ထပ် ခြေလှမ်းတွေက ကိုကို့အတွက် ခက်ခဲတော့မှာ မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်တယ်"
"သုံးနှစ်"
ရှောင်ပေါင် ရေရွတ်ရင်းမှ မျက်လုံးများ အရောင်တောက်လာသည်။ ထို့နောက် ယွင်ချိုင်ရှောင်ကို ကြည့်ကာ အားပါးတရ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ"
ယွင်ချိုင်ရှောင်က သူမ လုပ်ပေးနိုင်သမျှ အကုန် လုပ်ပေးခဲ့ပြီ ဖြစ်သည်။ သစ္စာရှိသော မိန်းကလေး တစ်ဦးဟု ခေါ်ဆိုထိုက်ပေသည်။ မိန်းကလေး တစ်ယောက်က သူ့အား ဤမျှအထိ ဦးစားပေးနေမှတော့ သူက အဘယ့်ကြောင့် အားငယ်နေရမည်နည်း။
မိန်းကလေး တစ်ယောက်အတွက် အသက်ရှည်သည် ဖြစ်စေ၊ မရှည်သည် ဖြစ်စေ... ပျိုမြစ်နုနယ်သော အချိန်ကာလများက တန်ဖိုးအရှိဆုံး မဟုတ်ပါလား။ ထိုအချိန်ကာလကို ရှောင်ပေါင်အတွက် ပေးဆပ်ဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုမှတော့ ရှောင်ပေါင်အနေဖြင့် ဘာပြောစရာ ရှိဦးမည်နည်း။
"ညီမလေးချိုင်ရှောင်... စကားအများကြီး မပြောတော့ဘူး။ မင်းရဲ့ ကိုကိုရှောင်ပေါင်က မင်း စိတ်ပျက်အောင် လုပ်မှာ မဟုတ်ဘူးလို့ ကတိပေးတယ်"
ထိုအချိန်တွင် ရှောင်ပေါင်၏ နှလုံးသားထဲ၌ မမြင်ရသော လှိုင်းအဟုန်တစ်ခု လှုပ်ခါသွားသကဲ့သို့ ခံစားလိုက်ရ၏။
......
တစ်ဖက်ရှိ ယဲ့ကျင်းနင်၏ ခေတ္တနားခိုဆောင်မှာတော့ ….
သူက အခန်းသို့ ခုန်လာခဲ့ပြီးနောက် နစ်နာရီလုံးလုံး ခြေထောက်ကို မိုးပေါ်ထောင်ထားခဲ့သည်။ ပုံမှန်အားဖြင့် ဤအပြုံးခြေလှမ်းဝက် အဆိပ်ကို ဖြေဖို့ သူ ကောင်းကောင်းသိသည်။ သူ၏ လက်များသည် ထုံနေရာမှ တဖြည်းဖြည်း ပုံမှန်အခြေအနေ ဆီသို့ ပြန်ရောက်လာသည်။
“ဘာတုန်းဟ”
ယဲ့ကျင်းနင် က မျက်မှောင်ကုတ်လိုက်မိသည်။ “ဒီအဆိပ်က ငါ့တစ်ကိုယ်လုံးကို ပျံ့နှံ့နေပြီဆိုရင် လက်က ထုံမှာ မဟုတ်ဘူး။ ပြီးတော့ ငါ့ ခန္ဓာကိုယ်ကလည်း ဘာတစ်ခုမှ မှားယွင်းမနေဘူး။ ဒါက အဆိပ်တုလား”
တွေးကြည့်ပြီးနောက် သူ က သူ ထင်မြင်မိသည်မှာ မှန်မည်ဟု ခံစားမိသည်။ သို့နှင့် အံကိုကြိတ်ပြီး ပြောလိုက်မိ၏။ “ငါ မယုံနိုင်ဘူး။ သူ တကယ် ငါ့ကို အဆိပ်နဲ့ တိုက်ခိုက်ရဲတယ်ပေါ့။”
သူက ရှေ့ကို ခြေတစ်လှမ်းလှမ်းရန် ပြင်လိုက်သည်။ သို့သော်ငြား ချက်ချင်းပဲ ခြေထောက်ကို နောက်သို့ ပြန်ရုတ်သည်။
“မဖြစ်ဘူး။ မဖြစ်ဘူး။ ငါ အသက်နဲ့ ရင်းပြီး စွန့်စားလို့တော့ မဖြစ်ဘူး။”
ယဲ့ကျင်းနင်၏ နဖူးထက်၌ ချွေးစေးလုံးများက စီးကျလာ၏။ “ငါက ပါရမီရှင် ၊ ဟုန်ရှောင်ပေါင်လို အမှိုက်တစ်ကောင် နဲ့ ယှဉ်ရင် ငါက ကမ္ဘာကြီးတစ်ခုလောက် ရှေ့ရောက်တယ်။ ငါ သေသွားလို့ ငါ့အဖေ သူ့ကို ပြန်သတ်မယ် ဆိုရင်တောင် မထိုက်တန်ဘူး။ မဖြစ်ဘူး ၊ မဖြစ်ဘူး။ ငါ သေလို့တော့ မဖြစ်သေးဘူး”
သို့ပေမည့် သူ ဤအတိုင်းနေလို့မဖြစ်သေးပေ။ ထို့အပြင် ခန္ဓာကိုယ်တွင်းမှလည်း အဆိပ်ကို မခံစားမိပေ။ ယဲ့ကျင်းနင်က တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသည်။ ထို့ကြောင့် စိတ်ကို ဒုံးဒုံးချပြီး ခြေလှမ်းလိုက်သည်။ “ယီး .. ဟုန်ရှောင်ပေါင်လိုကောင်က ငါ့ကို အဆိပ်နဲ့ သတ်ရဲမယ်ဆိုတာ လုံးဝ မယုံဘူးကွ။”
သူက ခြေတစ်လှမ်း လှမ်းလိုက်၏။ ဘာတစ်ခုမှ ထူးခြားတာမျိုး မဖြစ်ခဲ့ပေ။ နောက်ထပ် ခြေနှစ်လှမ်း ထပ်လှမ်းပြီးနောက် သူက လုံးဝဥသုံ စိတ်ချသွားမိသည်။ သူ၏ အစစ်အမှန်ချီများက အတားအဆီးမရှိ ခန္ဓာကိုယ်ထဲ၌ လှည့်ပတ်လို့နေ၏။
“ဟုန်ရှောင်ပေါင် .. ခွေးသူတောင်းစား .. မင်း ငါ့ကို လှည့်စားရဲတယ်ပေါ့”
ယဲ့ကျင်းနင်၏ ဒေါသသံက ခေတ္တနားခိုဆောင် ထဲမှ ထွက်ပေါ်လာသည်။ “မင်းငါ့ကို အရူးလုပ်ရဲတယ် ဟုတ်လား။ ငါ မင်းကို သတ်မယ်။”
…..