အခန်း ၄
Vol. 1 Ch. 4
အပိုင်း (၄)
တဖြည်းဖြည်းနှင့် ညအချိန်သို့ ရောက်ရှိလာခဲ့သည်။ လ၏ အလင်းရောင်ပင်လျှင် ယနေ့ည၌ အလင်းမရှိပေ။ ညက မည်မျှအထိ မှောင်မိုက်သနည်းဆိုလျှင် မိမိလက်ကိုပင် မမြင်ရပေ။
အမှန်ပင် မှောင်မိုက်လွန်းသော ညတစ်ည ဖြစ်သည်။ ဤသို့သော အချိန်အခါမျိုးတွင် တစ်စုံတစ်ယောက် အနေဖြင့် အင်ပါယာနန်းတော်ထဲ ဝင်ရောက်ပြီး လုပ်ကြံဖို့ ဆိုလျှင် အချိန်အခါကောင်းပင် ဖြစ်သည်။
ယဲ့ကျင်းနင် သည် ရင်းနှင်းပြီးသား အိပ်ခန်းဆောင် ကို လွယ်လွယ်ပဲ ရှာတွေ့ခဲ့သည်။ သူက လုံခြုံမှုရှိစေရန် အမဲရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အမဲရောင် မျက်နှာဖုံးကိုပါ ဝတ်ဆင်ထားသေး၏။
သို့ပေမည့် သူ အထဲသို့ လှမ်းဝင်လိုက်သည်နှင့် ဒူးလေး တစ်ရာလောက်က သူ့ဆီ တိုးဝင်လာခဲ့သည်။ ထိုအရာက သေခြင်းနှင့် ရှင်ခြင်း ကြားမှ ခက်ခဲသည့် အခြေအနေမျိုးပင်။ အနည်းငယ်သာ သတိလက်လွတ်သွားမည် ဆိုပါက တစ်ခါတည်း ခန္ဓာကိုယ်တစ်ခုလုံး ဇကာပေါက် ဖြစ်သွားပေမည်။
သို့သော်ငြား ဤနန်းတော်မှ လူပေါင်းများစွာတို့၏ အချစ်တော် ဟုန်ရှောင်ပေါင်ကဲ့သို့သော သူကို လာရောက် လုပ်ကြံရဲသည်ဆိုမှတော့ သူ့၌ လုံလောက်သည့် အရည်အချင်းနှင့် အစွမ်းအစ ရှိမှာ သေချာသည်။ သူက သူတို့ကျောင်း၏ ဒုတိယအကြီးအကဲဖြစ်သော ယဲ့ဖေးဟုန်၏ သားဖြစ်ပြီး ပါရမီရှင် ကြယ်နှစ်ပွင့် သိုင်းပညာရှင် တစ်ယောက် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ကို သန်မာလွန်းသော ချီများဖြင့် ဆက်တိုက် လေ့ကျင့်ထားခဲ့သည်။
ဒူးလေးဆီမှ မြားများရောက်ရှိလာချိန်မှာတော့ သူက ခန္ဓာကိုယ်ဆီမှ အစစ်အမှန် ချီတွေကို ထုတ်ဖော်လိုက်သည်။ မြားများ၏ ရောက်ရှိလာမှုနှုန်းက အရှိန်နှစ်ဆလောက် နှေးကွေးသွားခဲ့သည်။
ယဲ့ကျင်းနန်သည် သူ၏ ဓားကို အမြန်ဆုံး ဆွဲထုတ်ပြီး မြားများကို ခုတ်ပိုင်းလိုက်၏။
“ထွီ .. သုံးစားမရတဲ့ကောင်က ဘယ်လိုဖြစ်ပြီး ဒီလိုအရာတွေ အသုံးပြုနိုင်ရတာလဲ။ ဘာထောင်ချောက်တွေလဲ။” ယဲ့ကျင်းနန် က အထင်အမြင်သေးစွာဖြင့် တံတွေးထွေး လိုက်သည်။
သို့သော်ငြား နောက်ထပ် မြှားတစ်အုပ်က သူ့ဆီ ထပ်မံရောက်ရှိလာပြန်၏။
“ဟမ့် .. ထပ်ရောက်လာပြန်ပြီလား” ယဲ့ကျင်းနန် က နောက်တစ်ကြိမ် ချီများကို ထုတ်ဖော်ကာ ခန္ဓာကိုယ်ကို ကာကွယ်လိုက်ပြန်သည်။
ထိုတင်သာမက သူ၏ ခန္ဓာကိုယ်ကို ကွေးလိမ်ပြီး တည်နေရာ စက်ကွင်းအတွင်းမှ ခုန်ထွက်လိုက်သည်။ သူ၏ ဓားက နှင်းကဲ့သို့ပင် ဖြတ်ပြေးသွားသည်။ မျက်စိတမှိတ်အတွင်း ချွန်ထက်သော မြှားတံများက မြေပေါ် စိုက်ဝင်သွားသည်။
“ဟုန်ရှောင်ပေါင်ဆိုတဲ့ကောင်က ဒီလောက်များတဲ့ ထောင်ချောက်တွေကို ဖန်တီးထားတာလား။” ယဲ့ကျင်းနန် က အေးစက်စက် ရယ်မောလိုက်သည်။ ကြည့်ရသည်မှာ ဤနေရာ၌ မရေတွက်နိုင်အောင် များပြားသော ထောင်ချောက်များ ၊ တွင်းများ စီစဉ်ထားပုံပင်။ သို့သော်ငြား အလုပ်ဖြစ်မည် မဟုတ်ပေ။ အဓိကအားဖြင့် သူ့ကဲ့သို့ ကြယ်နှစ်ပွင့် သိုင်းပညာရှင်အတွက် ပိုဆိုးသည်။ ယခုမှ ကျင့်ကြံကာစ ကြယ်တစ်ပွင့် ကျင့်ကြံသူဆိုလျှင်တော့ ခက်ခဲကောင်း ခက်ခဲပေလိမ့်မည်။
သို့ပေမည့် ယဲ့ကျင်းနန် ထင်မှတ်မထားသည့်အရာမျိုး ဖြစ်ပေါ်လာသည်။ ထောင်ချောက်က တစ်ခု အသက်ဝင်ပြီးနောက် ဆက်တိုက် အသက်ဆက်ဝင်နေသည်။ ရှေ့ ခြေနှစ်လှမ်းတောင် မလှမ်းရသေးခင်မှာပဲ ကြီးမားလွန်းသော သံလှောင်အိမ်ကြီးသည် မျက်နှာကျက်မှ ကျဆင်းလာသည်။
သံလှောင်အိမ်ကြီးက တောက်ပြောင် နေ၏။ အထူးပြုလုပ်ထားသော အရာ ဖြစ်ဟန်တူပြီး တော်ရုံဓားဖြင့် ခုတ်ဖြတ်၍ ရမည် မဟုတ်ကြောင်း ယဲ့ကျင်းနန် တစ်ချက်ကြည့်ရုံနှင့် သိရှိ၏။
ထို့ကြောင့် သူက ရှေ့သို့ အလျှင်အမြန် လှမ်းခုန်လိုက်သည်။
“ဘုန်း …”
သံလှောင်အိမ်မြေပေါ် ပြုတ်ကျပြီးနောက် ဆူညံသော အသံများ ထွက်ပေါ်လာ၏။
ယဲ့ကျင်းနန်သည် မနည်းစိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ရသည်။ ထိုအရာက ကြီးမားလွန်းသော ဘောလုံးပုံစံ လှောင်အိမ်ကြီး ဖြစ်သည်။ အထဲသို့ရောက်သွားပါက တစ်ခါတည်း စဉ့်အိုးထဲသို့ ရောက်သလို ဖြစ်သွားပေမည်။
“ဒီအကောင်မှာ စွမ်းရည်တစ်ချို့တော့ ရှိသေးတာပဲ။” ယဲ့ကျင်းနန် က မျက်မှောင်ကုတ်လိုက်သည်။
သူက ခန်းမ၏ အရှေ့မြောက်ထောင့်သို့ ရောက်ခဲ့သည်။ သူ ရှေ့သို့ နည်းနည်း တိုးကြည့်လိုက်သည်။ အရှေ့တွင် ကြီးမားလွန်းသော တွင်းကြီးတစ်တွင်း ရှိနေ၏။
“မဆိုးပါဘူး။ ဒါပေမဲ့ ယဲ့ကျင်းနန် ကို ဒါမျိုး လာလုပ်လို့မရဘူး။”
ဤတွင်းထဲသို့ ကျဆင်းသွားခဲ့ပါက အခြေအနေကောင်းမည် မဟုတ်ပေ။ သို့သော်ငြား သူက သာမန်လူတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် သူက အရှိန်ယူကာ ခုန်ကျော်လိုက်သည်။
ယဲ့ကျင်းနန်က သက်ပြင်းချလိုက်မိ၏။ သူ အခက်အခဲကို အောင်မြင်စွာ ကျော်ဖြတ်သွားနိုင်ခဲ့သည်။ သို့သော်ငြား ထိုအချိန်မှာပဲ အနီးပတ်ဝန်းကျင် တစ်ဝှိုက်ဆီမှ အနီရောင်ဓာတ်ငွေ့များ ထွက်ပေါ်လာသည်။
သူသည် အခက်အခဲကို ကျော်ဖြတ်ခဲ့ပြီးပြီမို့ စိတ်ကို ဒုံးဒုံးချကာ သက်ပြင်းချခဲ့ခြင်းပင်။ ထို့ကြောင့် သူ့၌ သတိဟူ၍ မရှိတော့ပေ။ နောက်ဆုံးမှာတော့ သူသည် ထွက်ပေါ်လာသော ဓာတ်ငွေ့များကို ရှုရှိုက်မိလိုက်၏။
သူ၏ ဝမ်းဗိုက်အား ဓားနှင့် ထိုးဆွလိုက်သလို ခံစားလိုက်ရပြီး မျက်နှာပြင်တစ်ခုလုံးသည် ခရမ်းချဉ်သီးကဲ့သို့ နီရဲ ရှုံ့တွသွားသည်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးများ ရွှဲသွားသည်။
ထိုအရာက အဆိပ်ပင်။ မည်သူမှ လာရောက်မပြောသော်လည်း သူ အထိုအရာကိုသိသည်။ လိပ်အဆိပ်ပင်။ ရှုမိပါက ဗိုက်အရမ်းနာတတ်သည်။ ပြီးနောက် ဝမ်းလျှောတတ်၏။
လူတစ်ယောက် အိမ်သာ တက်ချင်လျှင် အောင့်ထားနိုင်သော်လည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်လျှင်တော့ အောင့်ဖို့မလွယ်ပေ။
ယဲ့ကျင်းနန်သည် သေမတတ် စိတ်ပျက်သွားမိသည်။ ညအလယ်ခေါင်ကြီး ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းမှာ ဟုန်ရှောင်ပေါင်ကို ပညာပေးချင်၍ ဖြစ်သည်။ သို့ပေမဲ့ သူသာ ဝမ်းလျှောသွားခဲ့ရသည်။
သူ၏အတွေးထဲတွင် ဟုန်ရှောင်ပေါင် နေ့လယ်က တည်ဆောက်ထားခဲ့သော အိမ်သာ ဆိုသောအရာကို သတိရသွားသည်။ နေရာကို လှမ်းကာ စစ်ဆေးကြည့်ရှုလိုက်တော့ သူနှင့် မနီးမဝေးတွင် ပြတင်းပေါက် တစ်ခု ရှိနေကြောင်း မြင်ရသည်။ အိမ်သာသည် ပြတင်းပေါက်၏ ညာဘက်ခြမ်း၌ ရှိနေ၏။
ရေနစ်နေသော လူတစ်ယောက် မြက်တစ်ပင်ကို တွေ့ပါက ထိုအရာကို ချက်ချင်း မလွှတ်တမ်း ဆုပ်ကိုင်ထားမှာ သေချာသည်။ ထို့ကြောင့် ယဲ့ကျင်းနန်သည် နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ ပြတင်းပေါက်မှ ခုန်ထွက်ပြီး အိမ်သာ ဆီသို့ အမြန်ဆုံး ပြေးလေတော့သည်။
“ဟ .. ညကြီးမင်းကြီး … အစ်ကိုယဲ့ ဘယ်လိုလုပ် ဒီရောက်နေတာလဲ။ နေ့လယ်က သိုင်းကွက်အကြောင်း ဆွေးနွေးချင်လို့လား။ အတော်ပဲ ကျုပ်လည်း ပျင်းနေတာနဲ့။ လာလေ .. သေချာ ဆွေးနွေးကြရအောင်။ ပညာရတာပေါ့။ ပြီးတော့ ….”
ရှောင်ပေါင် ပြော၍ပင် မဆုံးသေး၊ ယဲ့ကျင်းနင်၏ ဝမ်းဗိုက်ထဲမှ အသံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
"ဂွီ... ဂွီ"
"ကျုပ်... ကျုပ်ဗိုက်"
ယဲ့ကျင်းနင်၏ မျက်နှာကြီးတစ်ခုလုံး မဲပြာသွားသည်။ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ကျလာပြီး ဗိုက်ကို လက်ဖြင့် ဖိထားရသည်။
"အိမ်... အိမ်သာ... အိမ်သာ ဘယ်မှာလဲ"
ရှောင်ပေါင်က သူ ခုနကမှ ဆောက်လုပ်ပြီးစီးသွားသော အိမ်သာဘက်သို့ လက်ညှိုးထိုးပြလိုက်၏။ "အိမ်သာ တက်ချင်နေတာလား။ အိုက်ရား …. ဟိုဘက်မှာ … ကြွပါဗျာ။"
လက်ညှိုးညွှန်ရာသို့ ယဲ့ကျင်းနင်တစ်ယောက် လေပွေမုန်တိုင်း တိုက်သကဲ့သို့ တဟုန်ထိုး ပြေးထွက် သွားသည်။
"ဟူး"
အရေးပေါ် ဝမ်းဗိုက်ပြဿနာကို ဖြေရှင်းလိုက်ရသောကြောင့် စိတ်သက်သာရာ ရသွားသော ယဲ့ကျင်းနင်သည် အိမ်သာခွက်ပေါ် ထိုင်ရင်း သက်ပြင်းရှည်ကြီး ချလိုက်မိ၏။
"တော်ပါသေးရဲ့... တော်ပါသေးရဲ့"
ထိုအချိန်ကျမှ သူ သတိထားမိသည်။ ဤမျှ အသံတွေ ကျယ်လောင်နေသည်ကို အဘယ့်ကြောင့် လူတစ်ယောက်မှ ရောက်မလာရသနည်း။ ဤနေရာက သာမန်နေရာလည်း မဟုတ်ပေ။ နန်းတွင်းဖြစ်သည်။ အစောင့်များက အစဉ်အမြဲ ရှိနေရမည် မဟုတ်ပါလား။
ထိုသို့ တွေးနေစဉ်မှာပဲ အိမ်သာအပြင်ဘက်မှ လူငယ်တစ်ယောက်၏ ရယ်သံစွက်နေသော အသံကို ကြားလိုက်ရသည်။
"အလို... အစ်ကိုကျင်းနင်... အဆင်ပြေရဲ့လားဗျ။ ကျုပ် အိမ်သာက ဒီနေ့မှ ဆောက်ပြီးတာဆိုတော့ ဘာမှ ပြည့်ပြည့်စုံစုံ မရှိသေးဘူး။... ခင်ဗျား သန့်ရှင်းရေး လုပ်ဖို့ စက္ကူ ပါရဲ့လား။"
“မပါ … မပါဘူး”
ယဲ့ကျင်းနင် ရှက်လွန်း၍ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိ၏။ အသံကို အချိုသာဆုံး ဖြစ်အောင် ကြိုးစား၍ ပြောလိုက်၏ "ညီလေး ရှောင်ပေါင်ကိုပဲ... ဒုက္ခပေးရတော့မယ်"
“ရပါတယ် … ဒါက ကိစ္စကြီးမှ မဟုတ်တာ။ ဒါပေမဲ့ အစ်ကိုယဲ့ .. ကျုပ်ကို လာလုပ်ကြံပြီး နည်းနည်းလေးမှ တောင်းပန်ချင်စိတ်မရှိဘူးလား။ ကျုပ် ဘယ်လိုလုပ် အိမ်သာသုံး စက္ကူပေးချင်စိတ် ရှိမှာလဲ။
ယဲ့ကျင်းနန် “…”
ဘဝတွင် စိတ်ဒုက္ခအရောက်ဆုံး အချိန်လေးချိန်ရှိသည်။ သေးပေါက်တုန်း ဖိနပ်ကို သေးစင်ခြင်း ၊ စွပ်ပြုတ်သောက်တုန်း ဘောင်းဘီပေါ် ဖိတ်ကျခြင်း ၊ အိမ်သာတက်ပြီး အိမ်သာသုံးစက္ကူမရှိခြင်း နှင့် အီးပေါက်တုန်း အီးထွက်သွားခြင်းပင်။
“ရပါတယ်ဗျာ... မတောင်းပန်ချင်လည်း … ဒါက ဘာမှ မှမဟုတ်တာ။ ရော့ ဒီမှာ"
ရှောင်ပေါင်က အပေါက်လေး တစ်ခုမှနေ၍ စက္ကူကို ကမ်းပေးလိုက်သည်။
"ဒါနဲ့ သတိတော့ ထားနော်... စက္ကူက သိပ်အကောင်းစား မဟုတ်ဘူး။ နည်းနည်း ပါးတယ်"
"ကျေး... ကျေးဇူးပါပဲ" ယဲ့ကျင်းနင် လှမ်းယူလိုက်၏။
“ဗြိ”
သို့သော်ငြား မကြာမီ အိမ်သာထဲမှ အသံတစ်ခု ထွက်လာသည်။ တဆက်တည်း ယဲ့ကျင်းနန်၏ အသံပါ ပေါ်လာသည်။
“အား …
ဟုတ်ပေသည်။ စက္ကူ ပေါက်သွားခြင်း ဖြစ်သည်။
ယဲ့ကျင်းနင်သည် ကိုယ့်ကိုယ်ကိုယ် ခေါင်းနှင့် နံရံ ဆောင့်သေချင်စိတ် ပေါက်သွားသည်။
ရှောင်ပေါင်က အခြေအနေကို မမြင်ရသော်လည်း အခွင့်အရေးကို လက်လွတ်မခံဘဲ လှမ်းအော်လိုက်သည်။
"ဟာ... အစ်ကိုယဲ့.. ဘာဖြစ်သွားတာလဲ စက္ကူ ပေါက်သွားတာလား။ ကျုပ် ပြောသားပဲ... စက္ကူက ပါးပါတယ်ဆိုနေမှ။ ခင်ဗျားကလည်း ဘာလို့ အဲ့လောက် အား သုံးလိုက်ရတာလဲ။ အခုတော့ လက်တွေ ပေကုန်ပြီ ထ င်တယ်။"
ထို့နောက် ရှောင်ပေါင်က လည်ချောင်းသံကို မြှင့်ပြီး အော်ပြောလိုက်၏။ "ဟေ့လူတွေ .... ရေမြန်မြန် သွားခပ်လိုက်ကြစမ်း။ အစ်ကိုယဲ့ လက်ဆေးဖို့ လိုနေပြီ။ သူ့ လက်တွေ အီးပေ နေပြီ။"
"အမိန့်တော် အတိုင်းပါ။”
အနီးအနားရှိ ကိုယ်ရံတော်များသည် ရယ်ချင်စိတ်ကို အောင့်အီးရင်း ရေသွားခပ်ကြသည်။ ခဏကြာတော့ ရေဇလုံ ကိုယ်စီဖြင့် ပြန်ရောက်လာကြသည်။
"မင်းသားကိုး... ရေ ရပါပြီ"
"အင်း ... အထဲကို မြန်မြန် ပို့ပေးလိုက်ကြ"
ရှောင်ပေါင်က ပြုံးဖြီးဖြီးဖြင့် ဆက်ပြော၏ "ဒါနဲ့... အနံ့ကတော့ သိပ်ကောင်းမှာ မဟုတ်ဘူး။ ခင်ဗျားတို့ သည်းခံပြီး ပို့ပေးလိုက်ကြ။ ပြီးရင် အစ်ကိုယဲ့က ငွေစလေး ဘာလေး ထုတ်ပြီးပေးလိမ့်မယ်။ အပေါင်းအသင်းတွေ အရက် သောက်ကြပေါ့"
ရှောင်ပေါင် ဘယ်နေရာသွားသွား လူချစ်လူခင် ပေါများရခြင်းမှာ သူ၏ လက်ဖွာမှုကြောင့် ဖြစ်သည်။ သူ အမဲသား စားရလျှင် ဘေးလူတွေ ဟင်းရည်တော့ သောက်ရစမြဲဖြစ်သည်။
မင်းသားကိုး၏စကားကို ကြားသည်နှင့် ကိုယ်ရံတော်များ သဘောပေါက်လိုက်ကြ၏။
“သခင်လေးယဲ့ … အများကြီး ပေးဖို့တော့ မလိုပါဘူး။ အရက်ဖိုးလေး ရရင် ရပါပြီ။”
ပြီးနောက် အထဲသို့ ရေပုံးများ သယ်ပို့လိုက်ကြသည်။ သို့သော်ငြား မကြာခင်မှာပဲ မျက်နှာများ ရှုံ့မဲ့သွားကြပြီး နှာခေါင်းပိတ်ကာ အော်လိုက်ကြသည်။
"အောင်မလေး... အနံ့ကလည်း တော်ရုံမဟုတ်ဘူး။ နံလိုက်တာဗျာ။"
“သခင်လေးယဲ့ .. ဒီအနံ့ဆိုရင် ငွေနည်းနည်း တိုးပေးမှဖြစ်မယ်။”
“ပေးမယ်။ ပေးမယ် စိတ်ချ” အတွင်းဆီမှ ယဲ့ကျင်းနန်၏ စိတ်ပျက်လက်ပျက် အော်သံ ထွက်ပေါ်လာ၏။
နာရီဝက်ခန့် ကြာပြီးနောက်... ယဲ့ကျင်းနင်သည် ဖြူဖပ်ဖြူရော် မျက်နှာဖြင့် အိမ်သာထဲမှ ထွက်လာသည်။
"ညီလေး ရှောင်ပေါင်... ရယ်စရာ ဖြစ်ခဲ့ရပြီ။ တကယ်တော့ မင်းဆီ လာလည်ပြီး စကားလေး၊ ဘာလေး ပြောမလို့ပါပဲ။ အခုတော့ နေလို့သိပ်မကောင်းတာနဲ့ ပြန်ခွင့်ပြုပါအုံး"
ပြောပြောဆိုဆိုနှင့် ဗိုက်ကို လက်ဖြင့်နှိပ်ကာ ခေါင်းငုံ့ပြီး သုတ်ခြေတင် ပြေးလေတော့၏
"အစ်ကိုယဲ့ ... ကောင်းကောင်း ပြန်နော်။ လိုက်မပို့တော့ဘူး။ ဒါနဲ့... မနက်ဖြန်ကျရင် ညီမလေးချိုင်ရှောင်နဲ့ အစ်ကို့အတွက် ကြိုဆိုပွဲ လုပ်ပေးမလို့။ ပြီးရင် အပန်းဖြေဖို့ အထူးအနှိပ်ခန်း ဘက်ကို သွားကြမလားလို့... လိုက်မယ်မလား။"
"မ... မလိုက်တော့ဘူး။ မင်းတို့ပဲ သွားကြပါ"
ယဲ့ကျင်းနင်၏ မျက်နှာက မည်းပြာနေပြီး ရှံ့မဲ့လို့လည်းနေသည်။ သူ မည်သည့်မျက်နှာနှင့် ဆက်နေရဲတော့မည်နည်း။ ရှောင်ပေါင်ဆိုသည့်ကောင်က ဉာဏ်များလွန်းသည်။ နောက်ထပ် ဘာတွေ ထပ်လုပ်ဦးမည် မသိနိုင်သောကြောင့် မလိုက်ရဲတော့ပေ။ လူလွှတ်ပြီးသာ စောင့်ကြည့်ခိုင်းရတော့မည်။
"အော်... နှမြောစရာပဲ"
ရှောင်ပေါင်က နှာခေါင်းကို ပွတ်ရင်း ရယ်မောလိုက်သည်။
"အထူး အနှိပ်ခန်း ဆိုတာလေ... အရမ်း ဇိမ်ရှိတာဗျ။ စမ်းဖူးသူတိုင်းက ကောင်းတယ်လို့ချည်း ပြောကြတာ"
……
ယွင်ချိုင်ရှောင် ပြန်သွားပြီးနောက်... ရှောင်ပေါင် ကုတင်ကြီးပေါ်တွင် ပစ်လှဲလိုက်သည်။ စောနက ကောင်းကောင်း ပညာပေးခဲ့သော်လည်း စိတ်ထဲတွင် နည်းနည်းတော့ မကျေမနပ် ဖြစ်နေမိသလို ကိုယ်ခန္ဓာကလည်း နာကျင်နေသည်။
ဟို ယဲ့ကျင်းနင် ဆိုသည့်ကောင်က အထိနာသွားတာ မှန်ပေမည့် လက်ဝါးရိုက်ချက်ကလည်း ပြင်းထန်လွန်းလှသည်။ အခြေအနေ မဟန်မှန်းသိလို့ အားလျော့လိုက်၍သာ တော်တော့သည်။ မဟုတ်လျှင် ယဲ့ကျင်းနင် လက်ကောက်ဝတ် ပြတ်သွားနိုင်သလို ရှောင်ပေါင် ရင်ဘတ်ရိုးတွေလည်း ကျိုးကြေ သွားလောက်၏။
သို့ပေမည့် သေချာစဉ်းစားကြည့်မည် ဆိုပါက ယဲ့ကျင်းနင် ဆယ်ယောက်ဆိုလည်း သူ့ကို နိုင်လိမ့်မည် မဟုတ်ပေ။
"ဒါနဲ့... ဘာလို့များ ငါ က ဝိညာဉ်စွမ်းအင် စုစည်းလို့ မရတာပါလိမ့်"
ရှောင်ပေါင် ကုတင်ပေါ်တွင် လှဲရင်း တစ်ယောက်တည်း ညည်းတွားလိုက်မိသည်။
အရင်ကလည်း ဤသို့ ညည်းခဲ့ဖူးတာပဲ။ ဘာသံမှ ပြန်မကြားရပေ။ သို့ပေမည့် ဤတစ်ကြိမ်တွင်တော့ ထူးဆန်းစွာဖြင့် အသံအိုကြီးတစ်ခုကို ကြားလိုက်ရ၏။
"မင်းခန္ဓာကိုယ်နဲ့... ဘယ်လိုလုပ် စုစည်းလို့ ရမှာလဲ။" အသံက အေးစက်စက်နှင့် ခံစားချက် ကင်းမဲ့နေသည်။
စကားသံနှင့်အတူ ရှောင်ပေါင် ကောက်ရလာခဲ့သောလက်ကောက်ရှိ အမည်းရောင် ကျောက်တုံးထဲမှ ဝတ်ရုံဖြူနှင့် ဝိညာဉ်တစ်ခု ထွက်ပေါ်လာသည်။ ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများနှင့် ကြည့်လိုက်သည်နှင့် ဩဇာအာဏာ ကြီးမားပုံရသော အဘိုးအို တစ်ယောက်။ သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည်။
"ခုနက ယဲ့ကျင်းနင် ဆိုတဲ့ကောင်... မင်း သူ့အရေခွံကို ခွာချင်လား။ သူ့အရိုးတွေကို ချိုးပစ်ချင်လား။ သူ့ကို သတ်ပြီး ပိုင်ဆိုင်သမျှ အကုန် လုယူချင်လား"
ကောင်းကင်ဘုံ ... ဒါ ဘာကြီးလဲ။ ရက်စက်မယ့်ပုံပဲ။
ရှောင်ပေါင် ကြက်သီးမွေးညင်း ထသွားသည်။
"ကြည့်လို့တော့ မရဘူးပေါ့။ ဒါပေမဲ့ အဲလောက်ကြီးတော့ မလုပ်ပါနဲ့။ သွေးထွက်သံယိုတွေ ဖြစ်ရင်မကောင်းဘူးလေ။ ပြီးတော့ သူလည်း ကျုပ်ကို နိုင်တာမှ မဟုတ်တာ"
"မသတ်ဘူး ဟုတ်လား"
အဘိုးအို၏ အသံက မိုးခြိမ်းသံလို ကျယ်လောင်သွားပြီး ဆံပင်ဖြူများက ထောင်ထလာ၏။
"မောက်မာတဲ့ကောင်... သတ်။ လာလှောင်တဲ့ကောင်... သတ်။ ဆန့်ကျင်တဲ့ကောင်... သတ်။ သနားစရာ ကောင်းတဲ့ကောင်လည်း ... သတ်။ သိုင်းပညာစွမ်းမြင့်တဲ့ကောင်လည်း ... သတ်ပစ်။ ဆေးဝါးရတနာတွေ... စားပစ်။ လက်နက်ကောင်းတွေဆို... လုယူ"
ရှောင်ပေါင် - "......"
အောင်မငှီး .. ဒါ ဘာကြီးလဲဗျာ။