← Chapters

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

Vol. 1 Ch. 6

အပိုင်း (၆)

"တန်လန် ကိုယ်ခန္ဓာရဲ့ စွမ်းအားက သာမန်ကာလျှံကာ မဟုတ်ဘူးကွ"

အဘိုးအိုက ခေါင်းတစ်ချက် ညိတ်ပြီး လေးနက်စွာ ရှင်းပြသည်။

"ဒီလောကမှာ ပါရမီအရှိဆုံး ပါရမီရှင် အမျိုးအစား ၅ မျိုး ရှိတယ်။ မာရ်မျိုးစေ့၊ တာအို သန္ဓေသား၊ ဓားသန္ဓေ၊ သားရဲသွေး နဲ့ ဗုဒ္ဓသားတော် တို့ပဲ။ ဒီငါးမျိုးအပြင် နောက်ထပ် ထူးခြားတာတစ်ခုကတော့ မင်း ပိုင်ဆိုင်ထားတဲ့ တန်လန် ပဲ။ ငါ လုံးဝ အပိုမပြောဘူး... မင်း ရဲ့ ကိုယ်ခန္ဓာစွမ်းအားက ဟိုငါးမျိုးထက် ဘယ်နေရာမှ မလျော့ဘူး။ နောက်ကျလျှင် သိလာပါလိမ့်မယ်"

အဘိုးအိုက စကားကို ခဏရပ်ပြီး ဆက်ပြောသည်။

"မင်း ဘက်က လုပ်ပေးရမှာကတော့... ငါ့ရဲ့ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်နိုင်ဖို့ 'နတ်ဘုရားအဆင့် ကိုးဆင့်' ပြည့်အောင် စုစည်းပေးဖို့ပဲ။ ဒါကြောင့် စိတ်ချပါ... မင်း အဆင့်မပြည့်မချင်း မင်းကို ဒုက္ခပေးဖို့ အကြံအစည် ငါ့မှာ ဘာမှ မရှိပါဘူး"

ရှောင်ပေါင် မျက်မှောင်ကြုတ်ပြီး စဉ်းစားလိုက်သည်။ မှန်သည်။ ဤအဘိုးအိုသာ သူ့ကို ဒုက္ခပေးချင်လျှင် စောစောစီးစီး လုပ်ပြီးလောက်ပြီ။ ယခုအချိန်ထိ စောင့်နေစရာ မလိုပေ။ အပြန်အလှန် အကျိုးပြုဖို့ လိုအပ်ချက် ရှိနေမှတော့ လောလောဆယ် သူ့အတွက် အန္တရာယ် မရှိနိုင်တာ သေချာသည်။ နောင်ဖြစ်မည့် ကိစ္စ နောင်မှ ရှင်းရပေမည်။

သဘောပေါက်သွားသည်နှင့် ရှောင်ပေါင် မေးလိုက်၏။ "ဒါဆို ကျုပ်က ဘယ်လိုတိုးတက်အောင် လုပ်ရမလဲ။"

အဘိုးအိုက ပြုံးလိုက်သည်။ "ဒါများ ပြောနေစရာ လိုသေးလား။ မင်း က ကြိုးကြိုးစားစား ကျင့်ကြံ... အဲလေ... စားသောက်ရမှာ"

"တန်လန်ခန္ဓာကိုယ် ပိုင်ရှင်ဆိုတာ... စားဖို့ပစ္စည်းကောင်းကောင်းသာ ရှိရင် ကျင့်ကြံခြင်းအဆင့်က တစ်နေ့တည်းနဲ့ မိုင်တစ်ထောင်ခရီး ရောက်သလို တိုးတက်သွားမှာ"

"စားရမယ်"

ရှောင်ပေါင် စဉ်းစားလိုက်၏ "ဒါဆို လွယ်တာပေါ့။ ကျုပ်တို့ နန်းတွင်းထဲမှာ စားစရာတွေက ပေါမှပေါပဲ။"

သို့ပေမည့် ရှောင်ပေါင် ထင်သလောက် မလွယ်ကူကြောင်း ချက်ချင်း သိလိုက်ရသည်။ အဘိုးအိုက သူ့ကို မျက်စောင်းထိုးကာ ကြည့်နေသောကြောင့်ပင်။

"မင်းက ကြုံရာကျပန်း အကုန်လျှောက်စားလို့ ရမယ် ထင်နေတာလားကွ။"

အဘိုးအိုက စိတ်မရှည်သလို ရှင်းပြသည်။ "မင်းစားမယ့်အရာက ဝိညာဉ်စွမ်းအင် ပါဝင်တဲ့ ပစ္စည်းမျိုး ဖြစ်မှ ရမယ်။ အဲဒါတွေ စားမှ မင်းခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင် ပြောင်းလဲမှာ။ ကျန်တာတွေက အလကားပဲ။ ချီးတဲ့မှ … ကြုံရာသာ လျှောက်စားလို့ရရင် ဗမာဆေး ၊ အာမွှေးလေးရောပြီး ထိုင်စားနေမှာပေါ့။”

မင်းရဲ့ လက်ရှိ အခြေအနေအရ ဆိုရင် ... ဆေးမြစ်တွေလောက်ပဲ စားလို့ ရအုံးမယ်။ ကျင့်ကြံခြင်း အဆင့် မြင့်လာမှ တခြားအရာတွေ စားလို့ရမှာ။ အရင်တုန်းက တန်လန်ခန္ဓာကိုယ် အောင်မြင်သွားတဲ့ သူဆိုလျှင် ကောင်းကင်နှင့်မြေကြီးကိုတောင် ဝါးမျိုပြီး တကယ့် ကမ္ဘာလောကကြီးတစ်ခုလုံးကို ကိုယ်ခန္ဓာထဲ ထည့်ထားနိုင်တဲ့အထိ စွမ်းဆောင်နိုင်ခဲ့တာ။ မင်းကတော့ အဲ့ဒီအဆင့် ရောက်ဖို့ အဝေးကြီး လိုသေးတယ်"

ပြောနေရင်းနှင့် အဘိုးအို၏ မျက်နှာက အတိတ်ကို လွမ်းဆွတ်တမ်းတသလို ဖြစ်သွားသည်။ ပြီးနောက် ချက်ချင်းပဲ ရှောင်ပေါင်ကို အထင်သေးသည့် အကြည့်ဖြင့် ပြောင်းလဲ ကြည့်လိုက်ပြန်၏။

"ဆေးမြစ်တွေပဲ စားရမယ် ဟုတ်လား"

ရှောင်ပေါင် အနည်းငယ် စိတ်ပျက်သွားသည်။ နန်းတွင်း ဘဏ္ဍာတိုက်ထဲတွင် ဆေးမြစ်တွေ ရှိသည် ဆိုသော်လည်း တောင်ပုံရာပုံ ရှိနေမည်တော့ မဟုတ်ပေ။

"ထားလိုက်ပါတော့... အရင်ဆုံး သွားစားကြည့်တာပေါ့"

ရှောင်ပေါင်က ပြောပြီးသည်နှင့် လုပ်တတ်သူ ပီပီ ချက်ချင်းပဲ နန်းတွင်း ဘဏ္ဍာတိုက်ဆီသို့ ထွက်လာခဲ့သည်။ နန်းတော်ထဲတွင် အဆောင်တွေ၊ မျှော်စင်တွေ ရှုပ်ထွေးလွန်းသောကြောင့် သာမန်လူဆိုလျှင် မျက်စိလည် လမ်းပျောက်သွားနိုင်သည်။ ရှောင်ပေါင်ကတော့ ကိုယ့်အိမ်ခြံဝင်းဖြစ်သောကြောင့် ဆယ်မိနစ်ခန့် လျှောက်လိုက်သည်နှင့် ကျွမ်းကျင်စွာဖြင့် ဘဏ္ဍာတိုက်သို့ ရောက်ရှိလာသည်။

နန်းတွင်း ဘဏ္ဍာတိုက်။ ဘုရင်မင်းမြတ်၏ ဘဏ္ဍာများ သိမ်းဆည်းရာ နေရာဖြစ်ပြီး အကျယ်အဝန်း စတုရန်းမီတာ ထောင်ချီ ကျယ်ဝန်းသည်။ သုံးမီတာခန့် မြင့်မားပြီး တစ်ဆောင်လုံးကို တန်ဖိုးကြီးသစ်သားများဖြင့် တည်ဆောက်ထားကာ ဆေးနီများ သုတ်ထားသည်။ တံခါးမကြီးကို ရွှေအစစ်များဖြင့် ကွပ်ထားပြီး ကြည့်လိုက်သည်နှင့် ခန့်ညားထည်ဝါလွန်းလှ၏။

ရှောင်ပေါင် ရောက်လာသည်မှာ မြောက်ဘက်တံခါး ဖြစ်သည်။ တံခါးဝတွင် ကိုယ်ရံတော်တပ်ဖွဲ့ဝင် ၁၀ ဦးခန့် စောင့်ကြပ်နေကြသည်။ ရှောင်ပေါင်ကို မြင်သည်နှင့် အားလုံး တရိုတသေ ဂါရဝပြုလိုက်ကြသည်။

"မင်းသားကိုး"

ရှောင်ပေါင် လက်ကာပြလိုက်ပြီး.. "တံခါးဖွင့်။ ကျုပ် ဝင်ချင်တယ်"

ပြောပြောဆိုဆိုဖြင့် ဝင်ရန် ပြင်လိုက်စဉ် ကိုယ်ရံတော် တစ်ဦးက ရုတ်တရက် ရှေ့မှ ပိတ်ရပ်ကာ တာဆီးလိုက်၏။

"မင်းသား ..... ဟို... အရှင်မင်းကြီးရဲ့ အမိန့်တော် မပါဘဲ ဝင်ခွင့် မရှိပါဘူး"

ထိုကိုယ်ရံတော် ထွက်တားပုံမှာ မြန်ဆန်လွန်းသောကြောင့် ကျန်သည့် ကိုယ်ရံတော်များပင် ဝင်တားချိန် မရလိုက်ပေ။

ရှောင်ပေါင် မျက်မှောင်ကြုတ်သွားသည်။ "ခင်ဗျားက လူသစ်လား"

ထိုလူက ပြန်ပြောရန် ပြင်လိုက်သော်လည်း ကျန်သည့် ကိုယ်ရံတော်များက သူ့ကို အလျင်အမြန် ဆွဲဖယ်လိုက်ကြပြီး ရှောင်ပေါင်ကို ပြာပြာသလဲ ပြောလိုက်ကြ၏။

"မင်းသားကိုး ... ဝင်ပါ၊ ဝင်ပါ။ စည်းမျဉ်းဆိုတာ တခြားလူတွေ အတွက်ပါ။ မင်းသားကိုး အတွက် မဟုတ်ပါဘူး။ စိတ်တိုင်းကျသာ ဝင်ပါ"

"ကောင်းပြီ။"

ရှောင်ပေါင် ခေါင်းညိတ်လိုက်သည်။ ဝင်ခါနီးတွင် သူ့ကို တားသော ကိုယ်ရံတော်ကို ကြည့်ပြီး ပြုံးစစဖြင့် ပြောလိုက်သည် "မဆိုးဘူး... ခင်ဗျားမှာ အနာဂတ် ရှိတယ်"

ထို့နောက် ဘဏ္ဍာတိုက်ထဲသို့ ဝင်သွား၏။

အပြင်ဘက်တွင်တော့ ကိုယ်ရံတော်များသည် ထိုလူသစ်ကို သနားစရာ သတ္တဝါတစ်ကောင်လို ဝိုင်းကြည့်လိုက် ကြသည်။

လူသစ်ခမျာ ကြောင်တောင်တောင် ဖြစ်နေ၏။ "ခင်ဗျားတို့က ဘာလို့ ကျုပ်ကို ဒီလို လာကြည့်နေကြတာလဲ။"

ရှောင်ပေါင်ကို ဝင်ခွင့်ပြုလိုက်သော ကိုယ်ရံတော်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

"မင်း တော်တော်အတာပဲဗျာ။ နန်းတော်ထဲ ရောက်နေပြီး သတင်းကြိုမစုံစမ်းဘူးလား။ အခု ဝင်သွားတဲ့ မင်းသားက အရှင်မင်းကြီး အချစ်ဆုံး သားတော်ကွ။ နန်းတော်ထဲမှာ သူ မဝင်ရတဲ့ နေရာဆိုတာ မရှိဘူး။ အမိန့်တော်ဆိုတာတွေ ဒီနန်းတော်မှာ သူ့အတွက် မလိုဘူး။ မင်းက ဘာကိစ္စသွားတားတာလဲ။"

ထို့နောက် သနားသလို ထပ်ပြောလိုက်သေး၏ "ပြီးတော့ ငါတို့ မင်းသားကိုးက လူတွေကို ဆုံးမရင် နည်းလမ်းပေါင်းစုံနဲ့ ထူးထူးဆန်းဆန်း ဆုံးမတတ်တယ် .... မင်း သတိသာ ထားပေတော့။ ငါ အရှင်မင်းကြီးဆီ သွားလျှောက်တင်လိုက်အုံးမယ်"

ပြောပြီးသည်နှင့် ထိုကိုယ်ရံတော်သည် ပင်မနန်းဆောင်ဘက်သို့ ပြေးထွက်သွား၏။

......

ဘဏ္ဍာတိုက် အတွင်း... အပြင်က အဖြစ်အပျက်များကို ရှောင်ပေါင် စိတ်မဝင်စားပေ။ တကယ်တော့ လူသစ် ကိုယ်ရံတော်ကို ဆုံးမဖို့လည်း သူ၌ စိတ်ကူးမရှိပေ။ လူသစ်ဖြစ်သောကြောင့် သူ၏ အထူးအခွင့်အရေးကို မသိခြင်းမှာ သဘာဝပင်။ တားဆီးတာက သူ့တာဝန် သူကျေပွန်တာပဲ မဟုတ်လား။ အလွယ်တကူ ပေးဝင်မှသာ တာဝန်ပေါ့လျော့ရာရောက်မည်။

ဘဏ္ဍာတိုက်ထဲတွင် ရွှေငွေရတနာများကို သေတ္တာအကြီးကြီးများဖြင့် ထည့်သွင်း သိမ်းဆည်းထားသည်။ ရွှေချောင်း သက်သက်တင် အခန်းပေါင်း ဘယ်နှစ်ခန်း ပြည့်နေမှန်း မသိနိုင်ပေ။ ထိုအရာအားလုံးက တိုင်းပြည် ဘဏ္ဍာ မဟုတ်ဘဲ ဟုန်မျိုးနွယ်ဘုရင်မင်းမြတ်၏ ကိုယ်ပိုင် ဓနဥစ္စာများ ဖြစ်သည်။

ရှောင်ပေါင်က ရွှေငွေတွေကို စိတ်မဝင်စား။ သိုင်းပညာနှင့် သက်ဆိုင်သော ပစ္စည်းများ ထားရှိရာ နေရာသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ လက်နက်များ၊ ဆေးမြစ်များ၊ ဝိညာဉ်လက်နက်များ၊ ဝိညာဉ်ဆေးဝါးများ... အားလုံးကို သေတ္တာကြီးများဖြင့် ထည့်ထားသည်။ နည်းနည်းနောနော ပမာဏ မဟုတ်ပေ။

ရှောင်ပေါင်သည် ဆေးမြစ် သေတ္တာတစ်လုံး ရှေ့သို့ သွားပြီး ဖွင့်လိုက်သည်။ ချက်ချင်းပင် လတ်ဆတ်မွှေးပျံ့သော ဆေးရနံ့များ လှိုင်ခနဲ ထွက်ပေါ်လာ၏။

"ဘယ်လိုလဲ အဘိုး။ ဒါတွေ စားလိုက်ရင် ကျုပ်ရဲ့ ကျင့်ကြံခြင်း အဆင့် တော်တော် တက်လာလောက်တယ် မဟုတ်လား။"

သို့ပေမည့်...

အဘိုးအို၏ ဝိညာဉ် ပေါ်ထွက်လာပြီးနောက် ဆေးမြစ်သေတ္တာကြီးကို တစ်ချက်သာ ဝေ့ကြည့်လိုက်သည်။ ပြီးနောက် ခေါင်းခါပြီး...

"ဒီသေတ္တာထဲက ဆေးတွေ အကုန်စားရင်တောင်... မင်းကို ပထမအဆင့်ရောက်အောင် ပို့ပေးနိုင်မှာ မဟုတ်ဘူး။"

"ဘာဗျ"

ရှောင်ပေါင် လန့်ကာ အော်လိုက်မိသည်။

"ဒါတွေ အကုန်လုံးက ဒုတိယအဆင့် ဆေးမြစ်တွေဗျ။ ဘဏ္ဍာတိုက်ထဲမှာ အကောင်းဆုံးတွေ။ ဘယ်လိုလုပ် အသုံးမဝင်ရတာလဲ။"

ဆေးဝါးများသည် အဂ္ဂိရတ်ပညာဖြင့် ဆေးလုံးဖော်စပ်ရာတွင် မရှိမဖြစ် လိုအပ်သောကြောင့် အလွန် တန်ဖိုးကြီးသည်။ ဝိညာဉ်စွမ်းအင် ထူပြောသော တောင်တန်းများတွင်သာ ပေါက်ရောက်လေ့ရှိပြီး ထိုနေရာများကို ဂိုဏ်းကြီးများက လက်ဝါးကြီးအုပ်ထားလေ့ ရှိသည်။ သာမန် သေမျိုးလောကီနိုင်ငံများဆီသို့ ရောက်လာခဲသည်။ နန်းတော်ထဲတွင် ဤမျှလောက် စုဆောင်းထားနိုင်ဖို့ကပင် မလွယ်ကူပေ။

ဆေးမြစ်များ၏ အဆင့်သတ်မှတ်ချက်သည်လည်း သိုင်းပညာ အဆင့်များနှင့် ဆင်တူသည်။ သို့မှသာ မည်သည့်အဆင့် သိုင်းသမားက မည်သည့်အဆင့် ဆေးကို သုံးသင့်သည် ဆိုတာ ခွဲခြားရ လွယ်ကူမည်။ သို့ပေမည့် ဆေးမြစ်များကို ရုပ်ခန္ဓာ ဘယ်နှစ်ဆင့် ဟု ခေါ်ဝေါ်လျှင် ထူးဆန်းနေမည် ဖြစ်သောကြောင့် ဆေးမြစ်များနှင့် လက်နက်ပစ္စည်း ကိရိယာများကို 'ကောင်းကင်၊ မြေကြီး၊ အနက်ရောင်၊ အဝါရောင်' ဟူ၍ အတန်းအစား ကြီး လေးခု ခွဲခြားထားသည်။

အဝါရောင် အတန်းအစား တွင် အဆင့် ၁၀ ဆင့် ရှိပြီး ရုပ်ခန္ဓာ အဆင့် ၁၀ ဆင့်နှင့် ကိုက်ညီမှု ရှိသည်။ နန်းတွင်း ဘဏ္ဍာတိုက် ဖြစ်သော်ငြား အဆင့်မြင့် ဆေးမြစ်များကား မရှိသလောက် ရှားပါးသည်။ အဆင့်မြင့် ပစ္စည်းဆိုသည်မှာ ရခဲလှသောကြောင့် ရလျှင်ရချင်း သုံးစွဲပစ်လေ့ ရှိကြသည်။ မည်သူမှ သိမ်းဆည်းထားလေ့ မရှိပေ။ ယခုလို အဆင့် ၁ ၊ အဆင့် ၂ ဆေးမြစ်များကိုသာ အရန်သင့် သိမ်းဆည်းထားတတ်ကြ၏။

ပြောရလျှင် ဒီသေတ္တာထဲက အဝါရောင် အတန်းအစား - ဒုတိယအဆင့် ဆေးမြစ် ဆိုသည်ကပင်လျှင် ဤဘဏ္ဍာတိုက်ထဲ၌ အကောင်းဆုံး ဖြစ်နေသည်။ ထိုအရာကတောင်မှ သူ၏ ကျင့်ကြံခြင်း အဆင့်ကို မမြှင့်တင်ပေးနိုင်ဘူးဆိုလျှင်... ဘာသွားလုပ်စားရတော့မည်နည်း။

All Chapters