အခန်း ၇
Vol. 1 Ch. 7
အပိုင်း (၇)
"မင်း ဘာလို့ စိတ်ပျက်နေတာလဲ"
ရှောင်ပေါင် မျက်နှာငယ်သွားသည်ကို မြင်လျှင် အဘိုးအိုက ရှင်းပြသည်။
"အဲဒါတွေက ဒုတိယအဆင့်မို့လို့ မင်းအတွက် အသုံးမဝင်တာကွ။ မင်းမှာက အခြေခံ ဝိညာဉ်စွမ်းအင်တောင် မရှိသေးဘူး။ အခုချိန်မှာ ဒုတိယအဆင့် ဆေးတွေကို စားရင် အလကား ဖြစ်သွားမှာပေါ့။ အဲဒီအစား ပထမအဆင့် ဆေးတွေကို စားတာက ပိုထိရောက်လိမ့်မယ်"
"ဒါဆို... ကျုပ် အခုချိန်မှာ ပထမအဆင့်ဆေးတွေကိုပဲ စားရမယ် ဆိုတဲ့ သဘောပေါ့" ရှောင်ပေါင်က ပြန်မေးလိုက် ၏။
"ဟုတ်တယ်"
အဘိုးအိုက ဆက်ပြောသည်။ "ပထမအဆင့် ဆေးမြစ်တွေကို စားလိုက်တာနဲ့ ဆေးစွမ်းအင်တွေက မင်းခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင်အဖြစ် အလိုလို ပြောင်းလဲသွားလိမ့်မယ်။ စွမ်းအင် ပြည့်ဝသွားတာနဲ့ မင်းက ပထမအဆင့် သိုင်းကျင့်ကြံသူ ဖြစ်လာလိမ့်မယ်။ ဘာ အဆို့အတားမှ ရှိမှာ မဟုတ်ဘူး။ ပြီးရင် ပထမအဆင့် ဆေးတွေကိုပဲ ဆက်စား... စားရင်းနဲ့ ပထမအဆင့်ထိပ်ဆုံးကို ရောက်သွားလိမ့်မယ်။ အဲဒီအချိန်ကျမှ ဒုတိယအဆင့် ဆေးမြစ်တွေကို စားပြီး ဒုတိယအဆင့် သိုင်းကျင့်ကြံသူအဖြစ် တက်လှမ်းရမှာ"
"သြော်... ရှင်;ပြီ အဘိုး။ အဲလောက်တောင် လွယ်တာလား။"
ရှောင်ပေါင်က ခေါင်းတစ်ချက်ညိတ်ပြီး သဘောပေါက်ကြောင်း ပြသလိုက်၏။ "လွယ်လွယ် ပြောရရင် ... ကျုပ် ရောက်နေတဲ့ အဆင့်နဲ့ တူညီတဲ့ ဆေးကိုစားရင် အားပြည့်မယ်။ အဆင့်တက်ချင်ရင်တော့ ကိုယ့်ထက်မြင့်တဲ့ ဆေးအဆင့်ကို စားရမယ်။ အဆင့်နိမ့်နေတုန်းမှာ အဆင့်မြင့်ဆေးတွေ သွားစားရင် အလကား ဖြစ်မယ်။”
"အေး... ဟုတ်တယ်"
အဘိုးအိုက ပြုံးကာ တုံ့ပြန်လိုက်သည်။ "မင်းက သင်ပေးရကျိုးနပ်သားပဲ"
"ဒါပေါ့... ဘယ်သူ့တပည့်လဲ ကြည့်အုံးလေ။" ရှောင်ပေါင်က ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်ပြီး ဘေး အခန်းတွေဆီ လှည့်ပတ်ရှာဖွေရန် ပြင်လိုက်၏။
သို့ပေမည့် သူ မရှာဖွေရသေးမီမှာပဲ အဘိုးအို၏ ဝိညာဉ်က အပြင်သို့ ထွက်လာပြီး လှောင်ပြုံး ပြုံးလိုက်သည်။
"မင်းပုံစံနဲ့ ရှာနေရင် မျောက်နှစ် ၊ မြင်းလ ကုန်ရင်တောင် တွေ့မှာ မဟုတ်ဘူး။ ဖယ်စမ်း... ငါ့ရဲ့ နတ်ဘုရား အသိအမြင် နဲ့ ရှာလိုက်မယ်"
ပြောပြီးသည်နှင့် အဘိုးအို၏ မျက်လုံးများက အရောင်တောက်သွားပြီး ဘဏ္ဍာတိုက် တစ်ခုလုံးကို စိတ်အာရုံဖြင့် ဖြန့်ကျက် စစ်ဆေးသည်။ မကြာမီ ရှောင်ပေါင်ဘက်သို့ လှည့်ပြောလိုက်၏။
"ရှေ့ဆက်သွား... တတိယမြောက် အခန်း။ အဲဒီမှာ ပထမအဆင့် ဆေးမြစ်တွေ သိမ်းထားတယ်။ သေတ္တာအလုံး ၃၀ ကျော် ရှိပြီး ဆေးမြစ် စုစုပေါင်း ၈၉၃ ပင် ရှိတယ်။ ဒီဘဏ္ဍာတိုက်တစ်ခုလုံးမှာ ရှိတဲ့ ပထမအဆင့် ဆေးမြစ်တွေ က ဒါအကုန်ပဲ။ အဲဒါတွေ အကုန်စားလိုက်လျှင် မင်းက ပထမအဆင့် သိုင်းကျင့်ကြံသူ ဖြစ်လာမဲ့ အပြင် ပထမအဆင့်ထိပ်ဆုံးထိ တန်းရောက်သွားလိမ့်မယ်"
"ဆေးမြစ် ၈၀၀၊ ၉၀၀ လောက် စားမှ ပထမအဆင့် ထိပ်ဆုံး ရောက်မယ် ဟုတ်လား"
ရှောင်ပေါင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ များပြားလွန်းလှချေသည်။ ပထမအဆင့် ဆေးမြစ် တစ်ပင် ဆိုလျှင်ပင် တန်ဖိုး မနည်းလှပေ။ အပင် ရာချီ ဆိုသည်မှာ ဘုရင်တစ်ပါးအတွက်ပင် ပမာဏ ကြီးမားသော ပိုင်ဆိုင်မှု ဖြစ်ပေသည်။
"အပင် ၉၀၀ လောက်နဲ့ များတယ် ထင်နေတာလားကွ"
အဘိုးအိုက နှာခေါင်းရှုံ့လိုက်သည်။ "မင်းက တန်လန် ခန္ဓာကိုယ် ပိုင်ရှင်ကွ။ မိုးကုတ်စက်ဝိုင်းကိုတောင် ဝါးမျိုမယ့် ကောင်က မုန်ညင်းဖြူနှစ်ပင်လောက် စားရုံနဲ့ သိုင်းစွမ်းအင်တွေ ရမယ် ထင်နေလား။ သဘာဝတရား ဆိုတာ အပေးအယူ မျှတမှ ရတာ။ အရင်တုန်းက လောကမှာ ကျော်ကြားခဲ့တဲ့ တန်လန်ခန္ဓာကိုယ် ပိုင်ရှင်ဆိုရင် နတ်ဆေးဝါးတွေကိုတောင် သကြားလုံး ဝါးသလို ဝါးစားခဲ့တာကွ။ အခု ပထမအဆင့် ဆေးမြစ်လောက်က ဘာပြောစရာ ရှိလို့လဲ"
နတ်ဆေးဝါးတွေကို သကြားလုံး ဝါးသလိုလို ဝါးစားသည်တဲ့လား။ ရှောင်ပေါင် တံတွေး မျိုချလိုက်မိသည်။ ဂိုဏ်းကြီးတွေမှာတောင် ရှားပါးသော နတ်ဆေးဝါးများကို သကြားလုံးလို ဝါးစားတယ်ဆိုတော့... တကယ်ကို ကြမ်းပါပေ၏။
"နေပါအုံး … အဘိုးရဲ့... ကျုပ် အဆင့်တက်တာမှာ ဘာအတားအဆီးမှ မရှိဘူးဆို။ ဘာလို့ ဒုတိယအဆင့်ထိ တန်းမတက်ဘဲ ပထမအဆင့် ထိပ်ဆုံးမှာ ရပ်သွားမှာလဲ။"
"ဟ ... ငါလည်း မင်းကို တက်စေချင်တာပေါ့"
အဘိုးအိုက ရယ်မောလိုက်ကာ ပြောသည်။ "ဒါပေမဲ့ မင်းတို့ နန်းတော်ထဲမှာ ဒုတိယအဆင့် ဆေးမြစ်က ဆယ်ပင်လောက်ပဲ ရှိတာလေ။ အဲလောက်နဲ့ ဘယ်လိုလုပ် ဒုတိယအဆင့် တက်လို့ ရမှာလဲ။ အမှန်အတိုင်း ပြောရရင် ပထမအဆင့် ထိပ်ဆုံးကနေ ဒုတိယအဆင့်ကို ချိုးဖောက် ဝင်ရောက်ဖို့ ဒုတိယအဆင့် ဆေးမြစ် အပင် ၁၀၀၀ လောက် လိုအပ်တယ်"
"အပင် တစ်ထောင်" ရှောင်ပေါင် လန့်ဖြန့်ကာ ထအော်လိုက်သည်။ မည်မျှချမ်းသာသည့် နိုင်ငံဖြစ်ဖြစ် ဒုတိယအဆင့် ဆေးမြစ် အပင်တစ်ထောင် ရှိဖို့ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ပေ။
"ကဲပါ... အများကြီး တွေးမနေနဲ့အုံး။ ရှိတဲ့ အပင် ၈၀၀ ကျော်ကို အရင်ကုန်အောင် စားစမ်းပါ" အဘိုးအိုက တိုက်တွန်းလိုက်သည်။
ရှောင်ပေါင် ခေါင်းညိတ်လိုက်ပြီး တတိယမြောက် အခန်းရှေ့သို့ ရောက်အောင်သွား၏။
တံခါး တွန်းဖွင့်လိုက်မြင်ချိန်မှာတော့ သေတ္တာအလုံး ၃၀ ကျော်ကို တွေ့လိုက်ရ၏။ အားလုံးကို အမိန့်တော် တံဆိပ်တုံးများဖြင့် ခတ်နှိပ် ပိတ်ပင်ထားသည်။ သာမန်လူသာဆိုလျှင် ဖွင့်ဖောက်ဖို့ မဆိုထားနှင့်၊ ထိမိလျှင်တောင် သေဒဏ် ကျခံရနိုင်သည်။
သို့ပေမည့် ရှောင်ပေါင်က ဂရုမစိုက်ပေ။ တံဆိပ်တုံးနှိပ်ထားသော စက္ကူများကို အမှိုက်စက္ကူများလို ဆွဲခွာပြီး လုံးချေကာ လွှင့်ပစ်လိုက်သည်။ ပြီးသည်နှင့် သေတ္တာကို ဖွင့်လိုက်၏။
ဝုန်း
လတ်ဆတ်သော ဆေးရနံ့များ အခန်းပြည့် လှိုင်ခနဲ ထွက်ပေါ်လာပြီး စိတ်ကို ကြည်လင် လန်းဆန်း သွားစေသည်။ ရှောင်ပေါင်သည် ဆေးမြစ်များကို လက်တစ်ဆုပ်စာ ယူပြီး ပါးစပ်ထဲ အကုန်ပစ်ထည့်ကာ ပလပ် ပလပ် မြည်အောင် ဝါးစားလိုက်သည်။
"အို"
စားနေရင်းနှင့် ရှောင်ပေါင်က ထူးခြားမှုကို ခံစားလိုက်ရသည်။ ယခင်က သတိမထားမိသည်လား၊ နည်းနည်းလေးပဲ စားမိ၍လား မသိပေ။ ယခုအခါမှာတော့ ဆေးမြစ်များ ဗိုက်ထဲ ရောက်သည်နှင့် တစ်ကိုယ်လုံးရှိ သွေးကြောများ ပွင့်သွားသလို၊ သွေးလေများ လည်ပတ်လာသလို ခံစားလိုက်ရသည်။ ရေပူစမ်းထဲ စိမ်နေရသလို တစ်ကိုယ်လုံး နွေးထွေးပြီး နေလို့ကောင်းလွန်းလှ၏။
"လာစမ်း"
ရှောင်ပေါင်သည် ပါးစပ်ထဲရှိတာ ကုန်သည်နှင့် နောက်ထပ် ဆေးမြစ်များကို ဘယ်ပြန်ညာပြန် လက်နှစ်ဖက်လုံး ဖြင့် ဆုပ်ကိုင်ပြီး ပါးစပ်ထဲ အတင်းထိုးထည့်တော့သည်။ သကြားလုံး စားရသော ကလေးတစ်ယောက်လို ပျော်ပျော်ပါးပါးဖြင့် ဝါးစားနေမိသည်။
တံခါးဝက အစောင့်တွေသာ မြင်လျှင် မျက်လုံးများ ကျွတ်ကျကုန်လောက်၏။