အခန်း ၉
Vol. 1 Ch. 9
အပိုင်း (၉)
“သြော်... ကျုပ် သဘောပေါက်ပြီ"
ရှောင်ပေါင်၏ မျက်လုံးများက အရောင်တောက်လာသည်။
"လူ့ခန္ဓာကိုယ် ဆိုတာ မြို့တစ်မြို့လိုပဲ။ ယင် နဲ့ ယန် မရီဒန်တွေက မြို့ထဲက လမ်းမကြီးတွေ၊ ကျန်တဲ့ မရီဒန် ၁၂ ခုနဲ့ ဆန်းကြယ်မရီဒန် ၆ ခုက လမ်းကြားလေးတွေ၊ သွေး ဆိုတာကတော့ အဲ့ဒီမြို့ထဲမှာ နေထိုင်တဲ့ အိမ်သူအိမ်သားတွေ ပေါ့။ လမ်းပန်းဆက်သွယ်ရေး ကောင်းချင်ရင် အရင်ဆုံး မြေပုံကို ကျွမ်းကျင်ရမယ်၊ ပြီးရင် တံခါးတွေ လိုက်ဖွင့်ပေးရမယ်။ ဒါမှ ကိုယ်သွားချင်တဲ့နေရာကို လွတ်လွတ်လပ်လပ် သွားလို့ရမယ်။ ပြီးတော့ စွမ်းအင်တွေကို အဲဒီ အိမ်လေးတွေထဲမှာ သိုလှောင်ထားရမယ်... ဟုတ်တယ်မလား"
"ဟားဟား... မင်း …. ဒီကောင်လေး တော်တော် ဉာဏ်ကောင်းတာပဲ။ တစ်ချက်ထောက်တာနဲ့ အကုန်ပေါက်တယ်"
အဘိုးအိုက ရှောင်ပေါင်ကို ဤတစ်ကြိမ်တော့ တကယ်ကို ချီးကျူးလိုက်မိ၏။ "မင်းပြောတာ မှန်တယ်။ ဒါပေမဲ့ ကွာခြားချက် ရှိတယ်။ သာမန် ချီစွမ်းအင် ဆိုတာက လမ်းကြောင်း ဘယ်လောက် ပွင့်ပွင့် သိုလှောင်ထားလို့ မရဘူး။
သိုလှောင်လိုက်တာနဲ့ လမ်းပိတ်ပြီး လမ်းကြောင်းပိတ်ဆို့မှု ဖြစ်ကုန်ရော။ ဒါကြောင့် သာမန် သိုင်းသမားတွေက ချီစွမ်းအင်ကို ကိုယ်ထဲမှာ မရပ်မနား လှည့်ပတ်နေအောင် လုပ်ကြရတယ်။ အဲတာကို မဟာစက်ဝန်း လည်ပတ်ခြင်း လို့ ခေါ်တာပေါ့"
အဘိုးအိုက ဆက်ရှင်းပြသည်။ "ဒါကြောင့် ဒီလောကက သိုင်းသမားတွေ အဆင့်မြင့်လာလေလေ... အန္တရာယ် များလာလေလေပဲ။ နောက်ပိုင်းကျရင် ချီလမ်းကြောင်းသွေဖယ်တာတွေ ဖြစ်ကုန်ကြရော။ ဘာလို့လဲဆိုတော့ လမ်းမကြီးတွေပေါ်မှာ ယာဉ်တွေ အရမ်းကျပ်ပြီး ရှေ့ဆက်မတိုးနိုင်တော့လို့ ပေါက်ကွဲကုန်တာလေ။
ဒါပေမဲ့ မင်းက မတူဘူး။ မင်းရဲ့ တန်လန်ခန္ဓာကိုယ်က သွေးထဲမှာ စွမ်းအင်တွေကို အကန့်အသတ်မရှိ သိုလှောင် ထားနိုင်တယ်။ ပြောရရင် မင်းရဲ့ သိုလှောင်ကန်က အောက်ခြေမရှိတဲ့ တွင်းကြီးလိုပဲ ... ဖြည့်လို့ ဘယ်တော့မှ မပြည့်ဘူး"
ကောင်းကင်ဘုံ .. ကြားရတာ ကောင်းလိုက်တာ။ ချီလမ်းကြောင်း သွေဖယ်ခြင်းမရှိတဲ့ ကိုယ်ခန္ဓာ ဆိုတာ လောကမှာ ပြိုင်ဘက်ကင်းပဲ မဟုတ်လား။
"ကောင်းလိုက်တာ"
ရှောင်ပေါင် စိတ်လှုပ်ရှားမှုကြောင့် ကခုန်ချင်စိတ် ပေါက်သွားသည်။ "ကဲ... အဘိုး၊ ဆက်ပြောပါအုံး။ နောက်တစ်ဆင့်က ဘာလဲ"
"ပထမအဆင့်ရဲ့ အထွတ်အထိပ် ဖြစ်တဲ့ သွေးချီနယ်ပယ်ပဲ"
အဘိုးအိုက ဂုဏ်ယူစွာ ပြောလိုက်၏။ "ဒီအဆင့် ရောက်သွားရင် မင်းက ကိုယ့် ခန္ဓာကိုယ်ထဲက သွေးချီတွေကို စိတ်ကြိုက် ထိန်းချုပ်နိုင်ပြီ။ ပြီးတော့ အဆိပ်တစ်ရာ မတိုးတော့ဘူး။ စဉ်းစားကြည့်... လောကမှာ ဘယ်အဆိပ်မဆို သွေးထဲကနေတဆင့် နှလုံးဆီရောက်မှ လူသေတာလေ။
ဥပမာ- မြွေကိုက်ခံရတယ် ဆိုပါစို့။ အဆိပ်က သွေးကြောထဲ စီးဝင်ပြီး နှလုံးဆီ ရောက်သွားရင် သေရော။ ဒါပေမဲ့ မင်း သွေးချီ နယ်ပယ် အောင်မြင်ထားရင် အဲဒီနေရာက သွေးတွေကို မစီးဆင်းအောင် ရပ်တန့်ထားလို့ ရတယ်။ ပြီးတော့ အဆိပ်သင့်နေတဲ့ သွေးတွေကို အပြင်ပြန်ထွက်သွားအောင် ညှစ်ထုတ်ပစ်လို့ ရတယ်။ အဆိပ်က ကိုယ်ထဲ မရောက်မှတော့ မင်းကို ဘာလုပ်နိုင်တော့မှာလဲ"
ရှင်းလင်းပြတ်သားသော ရှင်းပြချက်မို့ ရှောင်ပေါင် ချက်ချင်း သဘောပေါက်လိုက်သည်။
ရှေးလူကြီးတွေ ပြောသော အဆိပ်သင့်လျှင် လက်ဖြတ်ပစ် ဆိုသည်မှာ ထို့ကြောင့်ကိုး။ လက်မဖြတ်လျှင် အဆိပ်က နှလုံးဆီ ရောက်ပြီး သေမည်ဖြစ်သောကြောင့်ပင်။ ယခုတော့ လက်ဖြတ်စရာ မလိုဘဲ အဆိပ်ကို မောင်းထုတ်နိုင်ပြီ ဆိုတော့ ......
"ကောင်းတယ်။ တကယ့်ကို ကောင်းတယ်။"
ရှောင်ပေါင်က အော်ပြောလိုက်မိသည်။ "လုပ်မယ်... အခုချက်ချင်း ကျင့်ကြံမယ်။ စကြစို့ အဘိုး"
ရှောင်ပေါင် အဆင်သင့် ဖြစ်သည်နှင့် အဘိုးအို၏ လေသံက တည်ငြိမ်လေးနက် သွား၏။ "ကောင်လေး... အခုကစပြီး အရေးကြီးဆုံးအပိုင်း ရောက်ပြီ။ နည်းနည်းလေးမှ ပေါ့လို့ မရဘူးနော်"
ရှောင်ပေါင် ခေါင်းညိတ်ပြီး တင်ပျဉ်ခွေ ထိုင်လိုက်သည်။
"သွေးသန့်စင်ခြင်း... နာမည်အတိုင်းပဲ … မင်းရဲ့ သွေးချီတွေကို အသုံးပြုပြီး အဆင့်တက်ရမှာ။ အရင်ဆုံး မင်းရဲ့ နတ်ဘုရားအသိအမြင် တစ်ခုလုံးကို နှလုံးဆီ ပို့လိုက်။ နှလုံးခုန်သံနဲ့အတူ သွေးကြောထဲမှာ စီးဆင်းနေတဲ့ သွေးတွေ ကို အာရုံခံကြည့်"
ရှောင်ပေါင် မျက်လုံးမှိတ်ပြီး အာရုံပြုလိုက်သည်။ သူ၏စိတ်အာရုံသည် သွေးကြောများ တစ်လျှောက် ဖြည်းဖြည်းချင်း စီးဆင်းသွား၏။ ချက်အထက် ခုနစ်လက်မ အကွာ... ကျိုဝေ သွေးကြော ဆုံမှတ်နေရာသို့ ရောက်မြင်ချိန်မှာတော့ သွေးစီးဆင်းမှု အနည်းငယ် ထစ်ငေါ့နေသည်ကို ခံစားမိလိုက်၏။
"တွေ့ပြီ" ရှောင်ပေါင် စိတ်အာရုံကို ထိုနေရာတွင် စုစည်းလိုက်သည်။
"ဟဲဟဲ... မင်း … ကောင်လေး တကယ် ပါရမီ ရှိတာပဲ"
ရှောင်ပေါင်၏ အခြေအနေကို ရိပ်မိသော အဘိုးအိုက ပြုံးလိုက်၏။ "ဟုတ်တယ်။ ပထမအဆင့်က... မင်းရဲ့ သွေးအားကို သုံးပြီး အဲဒီ ကျိုဝေ ဆုံမှတ်ကို ထိုးဖောက် ဖွင့်လှစ်တာပဲ"
ကျိုဝေ ဆုံမှတ်... လူ့ခန္ဓာကိုယ်၏ အဓိက သွေးကြောမကြီး တစ်ခုဖြစ်သော ယင်သွေးကြောမကြီးပေါ်တွင် တည်ရှိပြီး လူ့ခန္ဓာကိုယ်၏ သေကွင်းသေကွက် ၃၆ ကွက်တွင် တစ်ကွက် အပါအဝင် ဖြစ်သည်။ ထိုနေရာကို ထိခိုက်မိပါက ဝမ်းဗိုက်သွေးကြောများ၊ အသည်း၊ သည်းခြေနှင့် နှလုံးကိုပါ ထိခိုက်စေပြီး သွေးပိတ် သေဆုံး စေနိုင်သည်။
ပထမဆုံး ခြေလှမ်းမှာပင် သေကွင်းသေကွက် နေရာကို ဖွင့်ရမည်တဲ့လား။
ရှောင်ပေါင် ရင်ထိတ်သွားသည်။ သို့ဆိုစေကာမူ မထူးဇာတ်ခင်းရပေမည်။
"ကောင်းပြီလေ... လုပ်မယ်"
ရှောင်ပေါင် အံကြိတ်လိုက်သည်။ နှလုံးသား ပတ်လည်ရှိ သွေးကြောဆုံမှတ် ၉ ခုမှ စွမ်းအင်များကို စုစည်းပြီး သွေးစီးကြောင်းကို ထိန်းချုပ်ကာ ကျိုဝေ ဆုံမှတ်ဆီသို့ တရစပ် ထိုးဖောက်လိုက်၏။
ဖောက်
ပူဖောင်းလေး တစ်လုံး ပေါက်သွားသလို အသံတိုးတိုးလေး ထွက်ပေါ်လာ၏။ ရှောင်ပေါင် တစ်ကိုယ်လုံး တုန်ခါသွားပြီး ချွေးစေးများ ရွှဲနစ်သွားသည်။
"အောင်မြင်ပြီ" ရှောင်ပေါင် ပျော်လွန်း၍ အော်ဟစ်လိုက်မိသည်။ သေမင်းနှင့် စစ်ခင်းရသလို ရင်တမမ ဖြစ်ခဲ့ရသော်လည်း သူ၏ကံတရားက ကောင်းလွန်းနေသည်။ ဆရာကောင်း၊ သမားကောင်း၏ လမ်းညွှန်မှုကြောင့် အန္တရာယ်ကင်းကင်းဖြင့် ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်၏။
"တော်တယ် ကောင်လေး... မင်း မလုပ်ရဲဘူးလို့ ငါ ထင်နေတာ။ အခုတော့ လမ်းပွင့်သွားပြီ" အဘိုးအိုလည်း ဝမ်းသာအားရ ချီးကျူးလိုက်သည်။
"ဟားဟား... ကျုပ် လုပ်နိုင်တယ်။"
ရှောင်ပေါင်သည် ကျိုဝေ သွေးကြောဆုံမှတ် ပွင့်သွားသည်နှင့် အရှိန်မသတ်တော့ဘဲ ဆက်လက် တိုက်ခိုက်တော့သည်။ သွေးစီးကြောင်းကို ထိန်းချုပ်ပြီး ကျိုဝေ မှ တဆင့် အောက်သို့ ဆင်းသက်ကာ ကျန်ရှိသော ဆုံမှတ်များကို တစ်ခုပြီး တစ်ခု ဖွင့်လှစ်လိုက်၏။
ကျန်လီ ၊ ကျုံးဝမ် ဆုံမှတ်များကို ဖြတ်သန်းပြီး ဟွေ့ယင် ဆီသို့ ဆင်းသက်သည်။ ထိုမှတဆင့် ဝမ်းဗိုက် အလယ်မျဉ်းကြောင်း အတိုင်း ပြန်တက်ကာ လည်ချောင်းရှိ ထျန်းတူ ၊ နှုတ်ခမ်း၊ နှာခေါင်းတို့ကို ဖြတ်သန်းကာ နောက်ဆုံးတွင် တစ်ပတ်ပြည့်သွားသည်။
ဤအရာသည် ... ယင်မရီဒန်ကို ဖွင့်လှစ်ခြင်း ဖြစ်သည်။ ယင် ပြီးလျှင် ယန်ကို ဆက်လက် ဖွင့်လှစ်ရမည်။ ဝမ်းဗိုက်အောက်ပိုင်းမှ စတင်ကာ ကျောရိုးတလျှောက် အပေါ်သို့ တက်သည်။ ဦးခေါင်းထိပ်ရှိ ပိုင်ဟွေ့ သွေးကြောဆုံမှတ်ကို ဖြတ်သန်းပြီး မျက်နှာ အရှေ့ဘက်သို့ ပြန်ဆင်းလာ၏။
အချိန် သိပ်မကြာလိုက်ပေ။ နာရီဝက်ခန့် အတွင်းမှာပဲ ရှောင်ပေါင်သည် ယင် နှင့် ယန် မရီဒန် နှစ်ခုလုံး အပါအဝင်... ခန္ဓာကိုယ်ရှိ မရီဒန် ၁၂ ခု နှင့် ဆန်းကြယ် မရီဒန် ၈ ခု … အားလုံးကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ သာမန် သိုင်းသမားများ တစ်သက်လုံး ကြိုးစားမှ ရနိုင်မည့်အရာကို သူက နာရီဝက် အတွင်းမှာတင် အောင်မြင်သွားခဲ့ခြင်း ဖြစ်သည်။
ချီစွမ်းအင်ဖြင့် ဖွင့်ခြင်းနှင့် သွေးချီဖြင့် ဖွင့်ခြင်းက ... လုံးဝ မတူညီပေ။ ချီစွမ်းအင်ဖြင့် ဖွင့်ခြင်းသည် လမ်းကြောင်း ပွင့်ရုံ သတ်သတ်သာ ဖြစ်၏။ သွေးချီဖြင့် ဖွင့်ခြင်းကတော့... လမ်းကြောင်းထဲတွင် စွမ်းအင်များ ပြည့်နှက် စီးဆင်းနေခြင်း ဖြစ်၏။
ယခု ရှောင်ပေါင်၏ ခန္ဓာကိုယ် အတွင်းတွင် သွေးချီများ ဆူပွက်နေပြီး သွေးကြောတိုင်း၊ ဆုံမှတ်တိုင်းတွင် စွမ်းအင်များ လွတ်လပ်စွာ စီးဆင်းနေပြီ ဖြစ်၏။ အရေးကြီးဆုံး အချက်မှာ သွေးရောက်ရှိရာ နေရာတိုင်းသို့ စွမ်းအင်ပို့ပေးနိုင်ပြီ ဖြစ်သောကြောင့် ကိုယ်တွင်းကလီစာများ အထိပါ စွမ်းအင် ဖြည့်တင်းပေးနိုင်ပြီ ဖြစ်သည်။ ထိုအရာသည် သာမန် သိုင်းကျင့်ကြံသူများနှင့် မိုးနှင့်မြေလို ကွာခြားသွားစေသော အချက်ပင် ဖြစ်သည်။
ထို့အပြင် သွေးစီးဆင်းမှုကို ထိန်းချုပ်ခြင်းဖြင့် အဆိပ်အတောက်များကိုလည်း အလွယ်တကူ မောင်းထုတ်နိုင်ပြီ ဖြစ်၏။
ယခုအချိန်တွင် ရှောင်ပေါင်သည် တကယ့်ကို အဆိပ်တစ်ရာ မတိုးသော လူသားတစ်ဦး ဖြစ်လာခဲ့လေပြီ။