← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

အပိုင်း (၁၀)

"ဟူး"

ရှောင်ပေါင် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ မူလက ဖြူဖျော့ဖျော့ လက်နှစ်ဖက်သည် ယခုအခါ သွေးရောင်လွှမ်းပြီး နီရဲနေ၏။ သူ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်မိသည်။

"ဟားဟား... အောင်မြင်ပြီ။ တကယ်ကို စွမ်းတာပဲ... ငါ့ခန္ဓာကိုယ် အခြေအနေက အရင်ကနဲ့ ဘာမှ မဆိုင်တော့သလိုပဲ။ အခုချိန်မှာ ငါက ပြိုင်ဘက်ကင်းပဲ"

ရှောင်ပေါင်သည် ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်ပြီး စမ်းသပ်ကြည့်လိုက်သည်။ ခန္ဓာကိုယ် အတွင်း၌ ဖော်ပြ၍ မရနိုင်သော စွမ်းအင်ကြီးတစ်ခု ကိန်းအောင်းနေကြောင်း ခံစားနေရ၏။ ပေါက်ကွဲထွက်မတတ် ပြည့်လျှံနေသော အားအင်များကို တစ်နေရာရာတွင် ထုတ်သုံးပစ်ချင်နေမိ၏။

"ကျား"

ရှောင်ပေါင် အော်ဟစ်လိုက်ပြီး ဘေးနားရှိ သစ်သားသေတ္တာကို လက်သီးဖြင့် ထိုးချလိုက်သည်။

ဝုန်း

မာကျောလှသော သစ်သားသေတ္တာကြီးသည် ရှောင်ပေါင်၏ လက်သီးအောက်တွင် စက္ကူပြားလေး တစ်ချပ်လို ပေါက်ထွက်သွားပြီး အပေါက်ကြီး ဖြစ်ကျန်ရစ်ခဲ့၏။

"ဝိုး"

ရှောင်ပေါင် ကိုယ့်လက်သီး ကိုယ်ပြန်ကြည့်ပြီး ကျေနပ်နေသည်။ ဒါက ပထမအဆင့် ထိပ်ဆုံး ... သွေးချီ နယ်ပယ် ရဲ့ စွမ်းရည်လား။

ထိုအချိန်မှာပဲ .. ဘုရင်မင်းမြတ် ဟုန်ဝမ်ချင်းသည် အခန်းတံခါးဝသို့ ရောက်ရှိလာသည်။ အသံကြားသောကြောင့် လှမ်းကြည့်လိုက်၏။ "ရှောင်ပေါင်"

နန်းတွင်းဘဏ္ဍာတိုက်သည် သူ့အမိန့်မပါဘဲ မည်သူမှ ဝင်ခွင့်မရှိသော နေရာဖြစ်သည်။ ယခု အသံကြားရသည် ဆိုမှတော့ ရှောင်ပေါင် လက်ချက်ပဲ ဖြစ်ရမည်။

သို့ပေမည့် အခန်းထဲ ဝင်လိုက်သည်နှင့် ဟုန်ဝမ်ချင်း ကြက်သေ သေသွား၏။

အခန်းတစ်ခုလုံး ရှုပ်ပွနေ၏။ ကြမ်းပြင်ပေါ်တွင် ဆေးမြစ် အရွက်များ၊ အမြစ်များ ပြန့်ကျဲနေသည်။ သေတ္တာ အလုံး ၃၀ ကျော်လုံး ပွင့်နေပြီး အတွင်း၌ ဘာမှ မကျန်တော့ပေ။ ရှောင်ပေါင် ဗိုက်ထဲ အကုန်ရောက်သွားပြီ ဖြစ်ကြောင်း မေးနေစရာပင် မလိုတော့ပေ။

"ရှောင်ပေါင်... မင်း... မင်း"

ဟုန်ဝမ်ချင်း မျက်နှာ ရှုံ့မဲ့သွားသည်။ ဆေးမြစ်တွေ နှမြော၍ မဟုတ်ပေ။ ပထမအဆင့် ဆေးမြစ် အပင် ၁၀၀၀ ကျော် ဆိုသည်မှာ နန်းတော်အတွက် ပမာဏ ကြီးမားသော်လည်း သူ့သား စားလိုက်သည် ဆိုလျှင်တော့ ထားလိုက်ပါတော့။ သူ စိုးရိမ်မိသည်က... ရှောင်ပေါင် တစ်ယောက်တည်းနှင့် ဤမျှများတဲ့ ဆေးမြစ် အပင် ၁၀၀၀ နီးပါးကို ဘယ်လိုများ စားလိုက်သနည်း ဆိုသည်ကိုပင်။

သာမန်လူ တစ်ယောက်က ဂျင်ဆင်းလို အားဆေးမျိုးကို အလွန်အကျွံ စားမိလျှင် နှာခေါင်းသွေးလျှံပြီး ဒုက္ခရောက်တတ်သည်။ ယခု ရှောင်ပေါင်က သိုင်းစွမ်းအင် ဘာမှမရှိဘဲ ဤမျှ အများကြီး စားခဲ့သည်။ ခံနိုင်ရည် ရှိပါ့မည်လား။

"အာ... အဖေ ရောက်လာပြီလား" ရှောင်ပေါင်က လှုပ်ရှားမှုကို ရပ်တန့်ပြီး နှုတ်ဆက်လိုက်သည်။

ဟုန်ဝမ်ချင်းက ရှောင်ပေါင် ဘေးနားရှိ ပေါက်ထွက်နေသော သေတ္တာကြီးကို တွေ့လိုက်ရပြီး မျက်လုံးများ ပြူးကျယ် သွား၏။ "ဒါ... ဒါ မင်း လက်ချက်လား"

ဤသေတ္တာက သာမန်သစ်သားဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပေ။ အလွန် မာကျောသော သစ်နီ အမျိုးအစား ဖြစ်သည်။ သာမန် ပထမအဆင့် သိုင်းသမား တစ်ယောက်တောင် လက်သီးနှင့်ထိုးပြီး ခွဲဖို့ မလွယ်ကူပေ။

"ဟုတ်တယ်လေ" ရှောင်ပေါင်က ရယ်မောလိုက်သည်။

"ဘာနဲ့ လုပ်လိုက်တာလဲ" ဟုန်ဝမ်ချင်း မေးလိုက်မိ၏။

ရင်ထဲတွင်တော့ စိုးရိမ်စိတ်များ တရိပ်ရိပ် တက်လာသည်။ ဘုရင်တစ်ပါးအနေဖြင့် တိုင်းပြည်အရေးတွင် မည်မျှ တည်ငြိမ်စေကာမူ သူ့သားတော် ကိစ္စနှင့် ပတ်သက်လာလျှင်တော့ ဖခင်စိတ်ဖြင့် စိုးရိမ်မိသည်မှာ အမှန်ပင်။

ရှောင်ပေါင်က ပြုံးဖြီးဖြီးဖြင့် ပြန်ဖြေလိုက်သည်။ "လက်သီးနဲ့ ထိုးလိုက်တာလေ အဖေရဲ့"

ဝုန်း …။

ဟုန်ဝမ်ချင်း ခေါင်းထဲ မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရ၏။ လက်သီးနဲ့ ဟုတ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ပထမအဆင့် သိုင်းသမားတောင် မလုပ်နိုင်တဲ့ အရာကို သိုင်းမတတ်တဲ့ ရှောင်ပေါင်က လက်သီးနဲ့ ထိုးဖောက်လိုက်တယ် ဟုတ်လား။

ဟုန်ဝမ်ချင်းသည် ချက်ချင်းပင် သူ၏ နတ်ဘုရားအသိအမြင်ကို စေလွှတ်လျက် သူ့သား၏ ခန္ဓာကိုယ်အား စစ်ဆေးကြည့်လိုက်သည်။ စစ်ဆေးလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ မျက်နှာထား အမူအရာက ပြောင်းလဲသွား၏။

ပထမအဆင့် သိုင်းကျင့်ကြံသူလား။

ထိုမျှမကသေးချေ... ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး နောက်တစ်ဆင့်သို့ တက်လှမ်းရန် အရှိန်ယူနေသော အနေအထားပင် ဖြစ်နေသည်။

"ဒါ... ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ" ဟုန်ဝမ်ချင်းထံမှ အာမေဋိတ်သံကြီး ထွက်ပေါ်လာသည်။

ရှောင်ပေါင်သည် သိုင်းကျင့်ကြံ၍ မရနိုင်ဟု ဆိုထားသည် မဟုတ်ပါလား။ နိုင်ငံ့၏ ကာကွယ်စောင့်ရှောက်သူ ကိုယ်တိုင်ပင် လက်လျှော့ထားရသည် မဟုတ်ပါလား။

ယခု မည်သို့ဖြစ်၍ ရုတ်တရက် ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားရသနည်း။ မျက်စိတစ်မှိတ် အတွင်း၌ပင် ဤမျှလောက် ပြောင်းလဲသွားသည်ဆိုခြင်းမှာ...

သို့သော်ငြား ဟုန်ဝမ်ချင်းသည် ဘုရင်တစ်ပါး ပီသစွာပင် စိတ်လှုပ်ရှားမှုကို အလျင်အမြန် ထိန်းချုပ်လိုက်ပြီး တည်ငြိမ်အောင် နေလိုက်သည်။ သို့တိုင်အောင် မျက်နှာပေါ်ရှိ ဝမ်းသာပီတိကိုမူ ဖုံးဖိ၍ မရနိုင်ပေ။

"ရှောင်ပေါင်... အဖေ့ကို ပြောပြစမ်းပါ။ ဒါ ဘယ်လိုဖြစ်ရတာလဲ"

ရှောင်ပေါင်သည် ဖခင်၏မေတ္တာကို ခံစားလိုက်ရသဖြင့် ရင်ထဲ၌ နွေးထွေးသွားရသည်။ ထို့ကြောင့် ချက်ချင်းပဲ ဇာတ်လမ်းဆင်ကာ ပြန်လည်ဖြေကြားလိုက်၏။

"အဖေ... သား ဟိုတစ်လောက ရှေးဟောင်းကျမ်းစာအုပ် တစ်အုပ်ထဲမှာ ဖတ်ရှုခဲ့ဖူးတာကို သတိရမိလို့ပါ။ သားလို လူမျိုးက ထူးခြားတဲ့ ကိုယ်ခန္ဓာပိုင်ရှင် ဖြစ်နိုင်တယ်လို့ ဆိုထားတယ်လေ။ ကိုယ်ကိုယ်တိုင် သိုင်းမကျင့်နိုင်ရင်တောင် ဆေးမြစ်တွေ စားလိုက်ရင် စွမ်အင်တွေ တိုးလာလိမ့်မယ်လို့ ဆိုထားလို့ စမ်းကြည့်လိုက်တာ။ တကယ်တမ်း ဖြစ်လာမယ်လို့ မထင်ထားမိဘူး။ အခု ပထမအဆင့် အထွတ်အထိပ်ကို ရောက်သွားပြီ။”

"ထူးခြားတဲ့ ကိုယ်ခန္ဓာ ဟုတ်လား"

ဟုန်ဝမ်ချင်း အံ့သြသွားသည်။ "အဲစာအုပ် ဘယ်မှာလဲ။"

"အာ... အဲဒီစာအုပ်က ဟိုးအရင်ကတည်းက ဖတ်ဖူးခဲ့တာဆိုတော့ ဘယ်ရောက်သွားမှန်း မသိတော့ဘူး အဖေ။ ဒီနေ့မှ စိတ်ကူးပေါက်ပြီး လျှောက်လုပ်ကြည့်မိရာကနေ... အဆင်ပြေသွားတာပါ"

ရှောင်ပေါင်က မျက်လုံး ကလည်ကလည်ဖြင့် လိမ်ညာလိုက်၏။

ဟုန်ဝမ်ချင်း ခေါင်းညိတ်လိုက်၏။ စိတ်လှုပ်ရှားမှု အနည်းငယ် လျော့ကျသွားပြီးနောက် လေးနက်သော လေသံဖြင့် မှာကြားလိုက်သည်။

"ကောင်းပြီ... သား မှတ်ထားပါ။ ဒီကိစ္စကို ငါတို့ သားအဖ နှစ်ယောက်ကလွဲရင် တတိယလူ လုံးဝ မသိစေနဲ့"

"မေ့မေ့ကိုတောင် ပေးမသိရဘူးလား အဖေ"

"အင်း... မင်းရဲ့ မေမေကို မယုံကြည်လို့ မဟုတ်ဘူး။ ဒါပေမဲ့ သူက မိန်းမသား ဖြစ်တဲ့အတွက် သားအပေါ် စိတ်ပူပန်ပြီး ဗျာများနေလိမ့်မယ်။ တစ်ယောက်ယောက်က သားကို ဒုက္ခပေးမှာကို စိုးရိမ်နေလိမ့်မယ်။ ဒါကြောင့် သားရဲ့ ရောဂါပျောက်ကင်းသွားပြီး သိုင်းကျင့်ကြံလို့ရပြီဆိုတဲ့ အကြောင်းလောက်ပဲ ပြောပြထားလိုက်။ နောက်ပိုင်း သား အစွမ်းထက်လာမှ အမှန်အတိုင်း ပြောပြကြတာပေါ့"

ရှောင်ပေါင် ခေါင်းညိတ်လိုက်သည်။

ဟုန်ဝမ်ချင်းက သူ့သားတော်ကို ကြည့်ရှုရင်း သက်ပြင်းချကာ ရေရွတ်လိုက်၏။ "ငါ့သားလေး... နောက်ဆုံးတော့ သိုင်းကျင့်နိုင်ပြီပေါ့။ ကျေးဇူးကြီးလှပါတယ်"

နှစ်ပေါင်းများစွာ ကြိုးစားခဲ့သမျှ အရာမထင်ခဲ့သော်လည်း ယခုတော့ အောင်မြင်ခဲ့လေပြီ။ သားဖြစ်သူ၏ မျက်နှာကို ကြည့်ရင်း ယနေ့မှ ထပြီး ကျင့်ကြံချင်စိတ် ပေါက်လာသည်မှာ ဟို ယဲ့ကျင်းနင် ဆိုသော ကောင်လေးက စိန်ခေါ်လိုက်သဖြင့် ဖြစ်လေမလားဟု တွေးတောမိပြီး စိတ်မကောင်း ဖြစ်မိပြန်သည်။ သို့ပေမည့် ထားလိုက်ပါတော့... အရာရာ အဆင်ပြေသွားပြီ ဖြစ်သည်။

ဘဏ္ဍာတိုက်ထဲမှ ထွက်လာပြီးနောက် ရှောင်ပေါင်သည် သူ၏ နန်းဆောင်သို့ တန်းပြန်လာခဲ့သည်။ ဟုန်ဝမ်ချင်းမှာမူ စိတ်ပျော်ရွှင်နေသော်လည်း ဟိတ်ဟန်မပျက် နေနေ၏။ ရှောင်ပေါင်ကို ညနေစာ စားပွဲတွင် မိဖုရားကြီးနှင့် အတူ သုံးဆောင်ရန် မှာကြားလိုက်၏။

......

မင်းသားကိုး နန်းဆောင်အတွင်း...

ရှောင်ပေါင်သည် အခန်းထဲရောက်သည်နှင့် အစေခံများ အားလုံးကို ထွက်ခွာခိုင်းလိုက်ပြီး ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။

ချက်ချင်းပင် အဘိုးအို၏ ဝိညာဉ် ပေါ်ထွက်လာပြီး ပြုံးစစဖြင့် ပြောဆိုလိုက်၏။ "ဘယ်လိုလဲ... ကောင်လေး။ မင်း ပျော်မဆုံး ဖြစ်နေပြီပေါ့"

“ဟဲဟဲဟဲ….ဂ ရှောင်ပေါင် ရှက်သွားပြီး ရယ်မောလိုက်သည်။

အဘိုးအိုက နှုတ်ခမ်းမဲ့လိုက်ပြီး... "ကောင်လေး... သိပ်လည်း ပျော်မနေနဲ့အုံး။ ပထမအဆင့် ဆေးမြစ် အပင် ၉၀၀ လောက် စားသုံးလိုက်ရုံနဲ့ နန်းတော်ဘဏ္ဍာတိုက်က ပြောင်သလောက် ဖြစ်သွားပြီ။ ဒီအခြေအနေ အတိုင်းသာဆိုရင် မင်း ဒီနန်းတော်ထဲမှာနေရင် ဒုတိယအဆင့်ကို ရောက်ရှိဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး"

အဘိုးအို၏ စကားကြောင့် ရှောင်ပေါင် မျက်မှောင်ကြုတ်သွား၏။

ဟုတ်ပေသည်။ ပထမအဆင့် ရောက်ရန်အတွက်ပင် ဆေးမြစ်များ ဤမျှကုန်ကျခဲ့ရာ... ဒုတိယအဆင့် ရောက်ရှိရန်ဆိုလျှင် ပိုမိုကုန်ကျမည်မှာ သေချာလှသည်။ နန်းတော်ထဲတွင် ရှိသမျှ အကုန်ရောင်းချလျှင်တောင် လုံလောက်ပါမည်လား။

"ဆရာကြီး ... ဒါဆို ကျုပ် ဘာလုပ်ရမလဲ"

ရှောင်ပေါင်က အဘိုးအိုကို ဆရာကြီးဟု ပြောင်းလဲခေါ်ဝေါ်ပြီး မျက်နှာချိုသွေးလိုက်လေသည်။ အကူအညီ လိုအပ်နေပြီ ဖြစ်သည်။

အဘိုးအိုက သဘောတကျ ရယ်ပြီး လမ်းညွှန်ပြသလိုက်၏။

"ဂိုဏ်းဝင်လိုက်တော့... မင်းတို့ တော်ဝင်မိသားစုက အင်အားကြီးမားတယ် ဆိုပေမဲ့ ရှေးရိုးရာ ဂိုဏ်းကြီးတွေနဲ့ နှိုင်းယှဉ်လိုက်ရင် အမှိုက်စလေး လောက်ပဲ ရှိတာ။ ထိပ်တန်း ဂိုဏ်းကြီးတွေမှာ သူတို့ရဲ့ ကိုယ်ပိုင် ဆေးဥယျာဉ် တွေ ရှိကြတယ်။ အဲဒီနေရာရောက်မှသာ မင်း လိုချင်သလောက် စားသုံးပြီး အဆက်မပြတ် တိုးတက်အောင် ကျင့်ကြံနိုင်လိမ့်မယ်"

ရှောင်ပေါင် ခေါင်းညိတ်လိုက်သည်။

အဘိုးအို ပြောဆိုသည်မှာ မှန်ကန်ပေသည်။ အင်ပါယာ တစ်ခုဆိုသည်မှာ သက်တမ်း ဘယ်လောက်မှ မရှိသေးပေ။ ဂိုဏ်းကြီးများမှာမူ နှစ်ပေါင်း ထောင်ချီ တည်တံ့ခဲ့ကြသည် မဟုတ်ပါလား။ သူတို့၏ အရင်းအမြစ်များမှာ ကြောက်ခမန်းလိလိ ရှိမည်မှာ သေချာလှ၏။

ထို အရင်းအမြစ်ကြီးထဲမှ အပိုင်းအစလေး တစ်ခုလောက် ကိုက်ဝါးခွင့် ရရှိလျှင်တောင်... အဆင့်တက်ရန် ဆိုသည်မှာ သာမန် ကိစ္စလေး တစ်ခုသာ ဖြစ်သွားပေလိမ့်မည်။

All Chapters