← Chapters

အခန်း ၁၁

Vol. 2 Ch. 11

အခန်း ၁၁

Vol. 2 Ch. 11

အပိုင်း (၁၁) ဒေါက်မြင့်ဖိနပ်။

နန်းတွင်းဘဏ္ဍာတိုက်ကိစ္စကို အဆင်ပြေပြေ ရှင်းလင်းပြီးသွားပြီ ဖြစ်သောကြောင့် ရှောင်ပေါင်လည်း စိတ်အေးလက်အေးဖြင့် အိပ်ပျော်သွားတော့သည်။ နေဝင်ရီတရောအချိန် ရောက်မှသာ ပြန်လည် နိုးထလာခဲ့၏။

ဂိုဏ်းထဲဝင်ရန် ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ စောစောသွားလေ ကောင်းလေပင် မဟုတ်ပါလား။ သို့ပေမည့် မသွားခင်မှာ ယွင်ချိုင်ရှောင်လေးနှင့် အရင်တွေ့ရန် ဆုံးဖြတ်လိုက်သည်။ သူ့လို လူတစ်ယောက်ကိုတောင် ၃ နှစ်လောက် စောင့်ပါ့မည်ဟု ကတိပေးထားသည့် မိန်းကလေးကို ဤအတိုင်း ထားပစ်ခဲ့၍ ဘယ်ဖြစ်ပါ့မည်နည်း။

ယွင်ချိုင်ရှောင်သည် ရှောင်ပေါင်၏ စေ့စပ်ထားသူ ဖြစ်နေဆဲပင်။ ထို့ကြောင့် ရှောင်ပေါင် လာခေါ်သည်နှင့် ဘာမှ ငြင်းဆန်မနေတော့ဘဲ လိုက်ပါလာခဲ့၏။

ရှောင်ပေါင်သည် ယွင်ချိုင်ရှောင်၏ လက်ကလေးကို ဆွဲပြီး သူ့နန်းဆောင်ဖြစ်သော 'ရွှမ်ရှောင် နန်းဆောင်' ဆီသို့ တန်းတန်းမတ်မတ် ခေါ်ဆောင်သွားလေသည်။

"ညီမလေးချိုင်ရှောင်... လာ၊ လာ။ ညီမလေး ပြန်ရောက်လာပြီ ဆိုမှတော့ ကိုကို ညီမလေးအတွက် လက်ဆောင်တစ်ခု ပြင်ဆင်ထားတယ်... ပေးချင်လို့"

"လက်ဆောင်..."

ယွင်ချိုင်ရှောင် စိတ်ဝင်စားသွားလေသည်။ "ဘာလက်ဆောင်လဲဟင်"

"ဒါက မိန်းကလေးတွေ အကြိုက်ဆုံး ပစ္စည်းပဲ"

ရှောင်ပေါင်က မျက်ခုံးပင့်ပြလိုက်ရင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။ "ကိုကို ဒီပစ္စည်းကို နာမည်ပေးထားတယ်... ဒေါက်မြင့်ဖိနပ်တဲ့"

ဒေါက်မြင့်ဖိနပ်... ဤနာမည်ဆန်းလေးက ယွင်ချိုင်ရှောင်၏ သိချင်စိတ်ကို ဆွပေးလိုက်သလို ဖြစ်သွားခဲ့ရသည်။ ကိုကိုရှောင်ပေါင် ပေးသည့် လက်ဆောင် ဆိုမှတော့ သေချာပေါက် ကောင်းမည်မှာ သေချာသည်။

မကြာမီ ရှောင်ပေါင်သည် ယွင်ချိုင်ရှောင်ကို ၂ မီတာ ပတ်လည်လောက်သာ ကျယ်ဝန်းသော အခန်းငယ်လေး တစ်ခုထဲသို့ ခေါ်ဆောင်သွားပြီး တံခါးပိတ်လိုက်၏။ ထိုအခန်းလေးတွင် ပြတင်းပေါက် တစ်ခုမျှ မပါရှိချေ။

နံရံပေါ်တွင် ချိတ်ဆွဲထားသော ကြီးမားသည့် ညလင်းပုလဲ နှစ်လုံးမှ ထွက်ပေါ်နေသော အလင်းရောင်မှလွဲ၍ အခြား ဘာကိုမျှ မမြင်တွေ့ရပေ။ တံခါးပိတ်လိုက်သည်နှင့် လုံခြုံစိတ်ချရသော လျှို့ဝှက်အခန်းငယ်လေး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

"ဒါ... ဒါ ဘယ်နေရာလဲ"

ယွင်ချိုင်ရှောင် ဘေးဘီဝဲယာကို ကြည့်ပြီး လက်ဖြင့် စမ်းသပ်ကြည့်လိုက်၏။ သစ်သားနံရံများက သိပ်ပြီး ခိုင်ခန့်မည့်ပုံ မပေါ်လှချေ။ ဘာပစ္စည်းမှ မရှိသည့် ဤအခန်းကျဉ်းလေးထဲသို့ ဘာလုပ်ရန် ခေါ်လာသနည်း။

"ဟဲဟဲ... နေရာကောင်းလေးလေ"

ရှောင်ပေါင်က ပြုံးဖြဲဖြဲဖြင့် အခန်းထောင့်ရှိ ကြိုးတစ်ချောင်းကို ဆွဲလိုက်သည်။

"ကလင်"

ခြူသံလေး ထွက်ပေါ်လာ၏။ ထို့နောက် တံခါးဝရှိ ခလုတ်တစ်ခုကို နှိပ်ပြီး အော်ပြောလိုက်၏။

"တတိယထပ်"

ဂလောက်... ဂလောက်...

ယွင်ချိုင်ရှောင် မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေစဉ်မှာပင် အခန်းငယ်လေး တစ်ခုလုံး တုန်ခါသွားပြီး အပေါ်သို့ တရွေ့ရွေ့ တက်သွားသည်။

"ဒါ... ဒါ ဘယ်လို ပစ္စည်းကြီးလဲ" ယွင်ချိုင်ရှောင် အံ့သြလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားရရှာ၏။

သူမသည် ဖခင်ဖြစ်သူနှင့်အတူ ခရီးသွားလာခဲ့သည်မှာ ၁၂ နှစ်တောင် ရှိခဲ့ပြီ မဟုတ်ပါလား။ ထူးဆန်းအံ့ဖွယ် များစွာ ကြုံဖူးခဲ့သော်လည်း ဤသို့ ကိုယ့်ဘာသာ အပေါ်တက်သွားသည့် အခန်းမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ကိုကိုရှောင်ပေါင်က ဘယ်လိုလုပ် ထိုအရာကို ဖန်တီးနိုင်ခဲ့သနည်း။

"အော်... ဒါက ကိုကို့ရဲ့ တီထွင်မှုလေး တစ်ခုပါ။ အလိုအလျောက် ဓာတ်လှေကားလို့ခေါ်တယ်။"

ရှောင်ပေါင်က ရှင်းပြသည်။ "ဒီအခန်းကို သံလမ်းတွေနဲ့ ချိတ်ဆက်ထားပြီး အပေါ်ကနေ သံကြိုးတွေနဲ့ ဆွဲထားတာ။ ခုနက ကြိုးဆွဲပြီး ခေါင်းလောင်းတီးလိုက်တော့ အစောင့်တွေက ကိုကို အထဲရောက်နေပြီ ဆိုတာ သိသွားရော။ ပြီးတော့ ခလုတ်နှိပ်ပြီး 'တတိယထပ်' လို့ အော်လိုက်တာနဲ့ သူတို့က စက်ယန္တရားတွေကို မောင်းနှင်ပြီး အခန်းကို အပေါ် ဆွဲတင်ပေးလိုက်တာ။ ရောက်တာနဲ့ ရပ်သွားရော"

"သြော်... အဲ့လိုလား" ယွင်ချိုင်ရှောင် ခေါင်းတစ်ချက် ညိတ်လိုက်မိသည်။

တကယ်တော့ သူမလည်း သိုင်းသမား တစ်ယောက် ဖြစ်၏။ ဤမျှလောက်တော့ စဉ်းစား၍ ရသည်မဟုတ်ပါလား။

"ကိုကို့ရဲ့ အလိုအလျောက် ဓာတ်လှေကား ဆိုတာက... လူအားနဲ့ ဆွဲတင်ခိုင်းတာကိုး။ မဟုတ်ရင် ခေါင်းလောင်းတီးစရာမှ မလိုတာ"

ရှောင်ပေါင် ရှက်သွားပြီး ရယ်မောလိုက်မိသည်။

"ဟဲဟဲ... အသေးစိတ်တွေ သိပ်လိုက်မတွေးပါနဲ့ ညီမလေးရယ်။ ကိုကိုက သိုင်းမှ မကျင့်နိုင်တာ။ ပျင်းတော့လည်း ဒီလိုပဲ လျှောက်လုပ်နေရတာပေါ့"

တကယ်တော့ ထိုအရာက သူ့အပြစ် မဟုတ်ပေ။ တန်လန် ကိုယ်ခန္ဓာ ပိုင်ရှင် ဖြစ်နေ၍သာ သိုင်းမကျင့်နိုင်ခဲ့ခြင်း မဟုတ်ပါလား။ မည်သို့ပင်ဆိုစေ အားနေလျှင်တော့ အချိန်ကုန်အောင် တစ်ခုခု လုပ်ရတာက ပုံမှန်ပင်။

ဒုန်း ….။

အခန်းငယ်လေး တုန်ခါသွားပြီး ရပ်တန့်သွားသည်။

ရှောင်ပေါင်က တံခါးကို ဖွင့်လိုက်၏။ "ကဲ... ရောက်ပြီ။ ဆင်းကြစို့"

သူတို့နှစ်ယောက် ရောက်ရှိနေသည်မှာ 'ရွှမ်ရှောင်နန်းဆောင်' ၏ တတိယထပ်ပင် ဖြစ်ချေသည်။

စာကြည့်တိုက်ကြီး တစ်ခုသဖွယ် ပြင်ဆင်ထား၏။ အပြင်ဘက်တွင် စာအုပ်စင်ကြီးများ ရှိပြီး အတွင်းဘက် တွင်တော့ ဗီရိုကြီးများ၊ စားပွဲများပေါ်တွင်တော့ ပစ္စည်းပေါင်းစုံ ရှုပ်ပွနေလေ၏။

အခန်းအလယ်တွင်တော့... နားနေရန် ပြင်ဆင်ထားသော ကုတင်ကြီး တစ်လုံး တည်ရှိနေသည်။

"လာ... ဒီမှာ ထိုင်"

ရှောင်ပေါင်က ယွင်ချိုင်ရှောင်ကို ကုတင်ပေါ် ထိုင်ခိုင်းလိုက်၏။ "ညီမလေး ခဏစောင့်နော်။ ကိုကို ပစ္စည်း သွားယူလိုက်အုံးမယ်"

အခန်းထဲ ဝင်ဝင်ချင်း ကုတင်ပေါ် ထိုင်ခိုင်းလိုက်သည့် အခြေအနေက... နည်းနည်းတော့ ထူးဆန်းနေသည်။ နည်းနည်းလည်း စိတ်ကူးယဉ် ဆန်နေသလိုလို။ အထူးသဖြင့် မှိန်ဖျဖျ မီးရောင်အောက်မှာ... ရှောင်ပေါင်သာ 'မင်း အော်လေ... အော်လေ... ဘယ်သူမှ လာကယ်မှာ မဟုတ်ဘူး' လို့ ပြောလိုက်လျှင် နိုင်လူ နှင့် ကိုကိုဦးတို့၏ ဇာတ်ကွက် ဖြစ်သွားပေလိမ့်မည်။

"ကို... ကိုကိုရှောင်ပေါင်... ဘာသွားယူမလို့လဲဟင်" ယွင်ချိုင်ရှောင် ရင်တွေ တဒိန်းဒိန်း ခုန်လာမိသည်။

လမိုက်ည၊ တိတ်ဆိတ်ငြိမ်သက်နေသည့် အချိန်၊ ယောက်ျားလေး တစ်ယောက်နှင့် မိန်းကလေး တစ်ယောက် အခန်းထဲမှာ နှစ်ယောက်တည်း...

တစ်ခဏချင်း အတွင်းမှာပင် ဝတ္ထုများထဲက ဇာတ်လမ်းပေါင်းစုံ သူမ ခေါင်းထဲ ဝင်ရောက်လာ၏။ သို့နှင့် မျက်နှာလေး ရဲခနဲ ဖြစ်သွားသည်။ သို့ပေမည့် ကိုကိုရှောင်ပေါင်၏ စိတ်ထားကို သူမ ယုံကြည်မိသည်။

အင်း... သိပ်ကြီးတော့ မဆိုးလောက်ပါဘူးလေ။

ယွင်ချိုင်ရှောင် ရင်ခုန်နေသလောက် ရှောင်ပေါင်ကတော့ ဘာမှ မဖြစ်သလို ပေါ့ပေါ့ပါးပါးပင်။

"ဖိနပ်စီးကြည့်မယ် ဆိုမှတော့ ထိုင်စီးမှ ရမှာပေါ့"

ပြောပြောဆိုဆိုနှင့် ရှောင်ပေါင်က ဖိနပ်ရှည် တစ်ရံကို ယူလာပြီး ယွင်ချိုင်ရှောင် လက်ထဲ ထည့်ပေးလိုက်၏။

"ကဲ... ကြည့်လိုက်။ ဒီဖိနပ်က အရှေ့နိမ့်ပြီး အနောက်မြင့်တယ်။ သိုင်းသမားတွေ မြင်းစီးလျှင် အဆင်ပြေအောင် လုပ်ထားတာ။ ဖိနပ်ဒေါက်က မြင်းကွင်းနဲ့ ကွက်တိ ချိတ်လို့ ရတယ်။ ပြီးတော့... မြင်းစီးဖို့တင် မဟုတ်ဘူး၊ ဒီဖိနပ် စီးထားရင် ညီမလေးရဲ့ ခန္ဓာကိုယ် အချိုးအစားက ပိုပြီး ပေါ်လွင်လာလိမ့်မယ်။ တကယ့် ပစ္စည်းကောင်းနော်"

ယွင်ချိုင်ရှောင်သည် လက်ထဲမှ ဒေါက်မြင့်ဖိနပ်ကို သေချာ ကြည့်လိုက်မိသည်။ လက်ရာက သေသပ်လှပလွန်းလှ၏။ ကြည့်လေ ကြည့်လေ သဘောကျလေ ဖြစ်လာသောကြောင့် သူမ တိုးတိုးလေး မေးလိုက်သည်။

"ဒါ ဘာနဲ့ လုပ်ထားတာလဲဟင်"

"ဟဲဟဲ... လျှို့ဝှက်ချက် ဆိုပေမဲ့ ညီမလေးမို့လို့ ပြောပြမယ်"

ရှောင်ပေါင်က ဖိနပ်အောက်ခြေကို လက်ညှိုးထိုးပြလိုက်လေသည်။ "ဒီ ဖိနပ်အောက်ခြေ ဆိုလျှင် နှစ်တစ်ထောင် ဝါးပိုးကြိမ်ကို ထွင်းထုထားတာ။ အရမ်းခိုင်ခံ့သလို ပျော့ပျောင်းတယ်။ အရောင်ကလည်း သဘာဝ အနီရောင်လေး။ အပေါ်က ဖိနပ်သားကတော့ ဝိညာဉ်နွားသိုး သားရေ စစ်စစ်နဲ့ ချုပ်ထားတာ။ နူးညံ့တယ်၊ စီးလို့ကောင်းတယ်၊ လေဝင်လေထွက်လည်း ကောင်းတယ်။ ခြေထောက် လုံးဝ မနာစေရဘူး"

နောက်ဆုံး ရှောင်ပေါင်က ကြော်ငြာဝင်လိုက်သေး၏။ "အကောင်းစား ပစ္စည်းစစ်စစ်... မင်းနဲ့မှ တန်တာ"

"နှစ်တစ်ထောင် ဝါးပိုးကြိမ်... ဝိညာဉ်နွားသိုး သားရေ..."

ယွင်ချိုင်ရှောင် ပါးစပ်အဟောင်းသား ဖြစ်သွားရပြန်သည်။ "ဒါတွေက... ဈေးအရမ်းကြီးတာ မဟုတ်ဘူးလား"

"ဒါပေါ့"

ရှောင်ပေါင် ဂုဏ်ယူစွာ ပြောလိုက်မိ၏။ "ဒီဖိနပ်တစ်ရံရဲ့ အရင်းသတ်သတ်တင် ငွေ ၈,၀၀၀ ကျော်တယ်"

"ငွေ ၈,၀၀၀ ဟုတ်လား"

ယွင်ချိုင်ရှောင် ကြောင်အသွားသည်။ ကြေးပြား ၁၀၀ မှ ငွေ ၁ ကျပ်သား ရသည်မဟုတ်ပါလား။ သာမန် မိသားစု တစ်စုလုံး၏ တစ်နှစ်တာ စားစရိတ်တောင် ငွေ ၅၀ လောက်သာ ရှိ၏။ ဤဖိနပ်တစ်ရံသည် ငွေ ၈,၀၀၀ တန် ဆိုတော့... အိမ်ခြံမြေ တစ်ကွက်စာ ရှိနေပြီ မဟုတ်ပါလား။

"တန်တာပေါ့။"

ရှောင်ပေါင်က ယွင်ချိုင်ရှောင်ကို ကြည့်ပြီး ပြုံးလိုက်သည်။ "ကိုကို့ရဲ့ ညီမလေးက နတ်သမီးလေးလို လှတာပဲ။ သာမန် ပစ္စည်းတွေနဲ့ ဘယ်တန်ပါ့မလဲ။ အကောင်းဆုံး ဆိုတာတွေပဲ ပေးရမှာပေါ့"

"တန်ဖိုးကြီးလွန်းပါတယ် ကိုကိုရယ်..."

ယွင်ချိုင်ရှောင် မျက်နှာလေး နီသွား၏။ မိန်းကလေး ဆိုသည်မှာ ချီးကျူးစကား ကြားရလျှင် ပျော်တတ်ကြသည် မဟုတ်ပါလား။

"စကားတတ်တိုင်း လျှောက်ပြောနေ... ကဲ၊ သွားတော့။ အပြင်ထွက်တော့"

"ဟင် ... ဘာလို့လဲ"

ရှောင်ပေါင် ကြောင်သွားရှာသည်။ "ဘယ်သွားရမှာလဲ"

"မိန်းကလေး ဖိနပ်လဲတာကို ယောက်ျားလေးက ထိုင်ကြည့်နေလို့ ဖြစ်မလား"

ယွင်ချိုင်ရှောင် မျက်နှာလေး ရဲခနဲ ဖြစ်သွားပြီး ခေါင်းငုံ့လိုက်မိ၏။ "ပြီးတော့... တို့တွေက လက်မှ မထပ်ရသေးတာ..."

All Chapters