← Chapters

အခန်း ၁၂

Vol. 2 Ch. 12

အခန်း ၁၂

Vol. 2 Ch. 12

အပိုင်း (၁၂) မင်းအတွက် ပြိုင်ဘက်ကင်း သူရဲကောင်း။

ယွင်ချိုင်ရှောင် ပြောသည်ကလည်း ဟုတ်နေပြန်ပေသည်။ ဤကမ္ဘာမှာက ကမ္ဘာမြေ၏ ရှေးခေတ်ကာလလိုပင် အမျိုးသားနှင့် အမျိုးသမီးကြား စည်းကမ်းသတ်မှတ်ချက်များ အလွန် တင်းကျပ်လှ၏။ အထူးသဖြင့် အပျိုစင် မိန်းကလေးများ အနေဖြင့် လက်၊ လည်ပင်း၊ မျက်နှာ စသည်တို့လောက်သာ ဖော်ခွင့်ရှိသည်။ ကျန်သည်ကိုမူ ဖုံးဖိထားရစမြဲ ဖြစ်၏။ လက်မထပ်ရသေးသော စေ့စပ်ထားသူကိုပင် အလွယ်တကူ ပြသခွင့် မရှိပေ။

“ကောင်းပါပြီဗျာ... ကိုကို အပြင်ထွက်ပြီး ကြယ်တာရာ နက္ခတ်တွေ ကြည့်ရင်း မနက်ဖြန်အတွက် ကံကြမ္မာ တွက်ချက်နေလိုက်ပါ့မယ်” ရှောင်ပေါင် ပခုံးတွန့်လိုက်ပြီး အခန်းအပြင်ဘက်သို့ ထွက်ပေးလိုက်သည်။

ဤသို့သော ရှေးရိုးစွဲ အယူအဆတွေကို တစ်ရက်နှစ်ရက်နှင့် ပြင်လို့မရနိုင်ပေ။ တစ်လောကလုံးက လက်ခံထားကြသောကြောင့်ပင်။

ရှောင်ပေါင် အပြင်ရောက်သွားသည်နှင့် ယွင်ချိုင်ရှောင်သည် လိုက်ကာကို ဆွဲချလိုက်ပြီး ခြေထောက်မှ ပန်းထိုးဖိနပ်လေးကို ချွတ်လိုက်သည်။ နှင်းလုံးလေးတွေလို ဖြူဖွေးနုနယ်နေသော ခြေထောက်လေး တစ်စုံ ပေါ်ထွက်လာ၏။ ပန်းရောင်သန်းနေသော ခြေချောင်းလေးများက အသည်းယားစရာပင်။

“တော်ပါ့မလား မသိဘူး”

သူမ၏ မျက်လုံးများ အရောင်တောက်နေသည်။ ခုနကလို ရှက်နေသည့် ပုံစံ ပျောက်သွားပြီး လိုချင်တာ ရသွားသည့် ကလေးလေး တစ်ယောက်လို ဖြစ်နေ၏။

တကယ်တမ်းတော့... ရှောင်ပေါင်က အပြင်ဘက်ကို ရောက်နေသော်လည်း အပေါက်တစ်ပေါက်မှ မှန်ပြောင်းဖြင့် ခိုးကြည့်နေလေသည်။

“ဝိုး... ပြောစရာ မလိုအောင် လှတာပဲ။ ညီမလေးချိုင်ရှောင်ရဲ့ ခြေထောက်လေးတွေက အပြစ်ပြောစရာ မရှိအောင် ပြည့်စုံလွန်းတယ်။ ဖြူဖွေးနုဖတ်နေတာပဲ။ ဒါ ရှေးလူကြီးတွေ ပြောတဲ့ ကောင်းကင်ဘုံက ဖန်ဆင်းတဲ့ ခြေထောက်ဆိုတာ ဖြစ်မယ်”

ရှောင်ပေါင်က တံတွေးမြိုချပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဒီ ဒေါက်မြင့်ဖိနပ်ကို စီးလိုက်ရင် ရင်အုံကို ကော့ပေးလိုက်သလို ဖြစ်ပြီး ပိုကြည့်ကောင်းသွားမှာ။ ချိုင်ရှောင်လေးက မူလကတည်းက လှပြီးသား ဆိုတော့... ပိုပြီး ဆွဲဆောင်မှု ရှိသွားမှာ သေချာတယ်”

ရှောင်ပေါင် ခိုးကြည့်နေရင်း အချိန်တော်တော် ကြာသွားမှ အပြင်ဘက်ကနေ လှမ်းမေးလိုက်၏။

“ညီမလေးချိုင်ရှောင်... ပြီးပြီလားဟင်”

မေးတော့သာ မေးလိုက်ရ၏။ စိတ်ထဲမှာတော့ ကြောက်နေမိသည်။ ယွင်ချိုင်ရှောင်က ဒုတိယအဆင့် သိုင်းသမား ဖြစ်လေသည်။ သူက ခုမှ ပထမအဆင့်သာ ရှိသေး၏။ ခိုးကြည့်တာ မိသွားလျှင် ဤနေရာက လူသတ်ကွင်း ဖြစ်သွားနိုင်သည် မဟုတ်ပါလား။

“ပြီး... ပြီးပြီ။ ဝင်... ဝင်ခဲ့တော့”

ယွင်ချိုင်ရှောင်၏ အသံလေးက ရှက်သွေးဖြာနေပြီး ပျော်ရွှင်မှု အရိပ်အယောင်လေးလည်း ပါဝင်နေလေသည်။

“ဒါဆို ဝင်လာပြီနော်”

ရှောင်ပေါင် လိုက်ကာကို ဆွဲဖယ်ပြီး ဝင်လိုက်လေသည်။ မြင်လိုက်ရသော မြင်ကွင်းကြောင့် ကြက်သေ သေသွားရ၏။

ရေတံခွန်လို ဖြောင့်စင်းကျနေသည့် ဆံနွယ်ရှည်ကြီးများ... မျက်လုံးဝိုင်းဝိုင်းလေးများနှင့် ရှက်သွေးဖြာနေသည့် မျက်နှာလေး... အထူးသဖြင့် ခြေထောက်မှာ စီးထားသည့် အနီရောင် ဒေါက်မြင့်ဖိနပ်လေး... အရာအားလုံး ပေါင်းစပ်လိုက်တော့... သိုင်း-စိတ်ကူးယဉ်လောက၏ ဝတ်စုံပုံစံ ဖြစ်သွား၏။ သာမန်အချိန်မှာ အမှတ် ၁၀၀ ပေးရမည် ဆိုလျှင် အခုအချိန်မှာတော့ အမှတ် ၁၂၀ ပေးရမည့် အနေအထားပင် ဖြစ်သွားသည်။

ရွှေလို အချိုးကျသည့် ခြေတံသွယ်သွယ်လေးများက ဒေါက်မြင့်ဖိနပ်ကြောင့် ပိုပြီး ရှည်လျားသွားသလို ထင်ရ၏။

'ဒီခြေထောက်လေးတွေကို တစ်နှစ်လောက် ထိုင်ကြည့်နေရရင်တောင် ရိုးမည်မထင်ဘူး' ရှောင်ပေါင် တွေးလိုက်မိသည်။

“ကိုကိုရှောင်ပေါင်... ညီမ... ညီမ လှလားဟင်”

ရှောင်ပေါင် ပါးစပ်အဟောင်းသား ငေးကြည့်နေသည်ကို မြင်တော့ ယွင်ချိုင်ရှောင် ရင်တွေ ခုန်လာသည်။

ဘယ်မိန်းကလေးမဆို ဒေါက်မြင့်ဖိနပ် စီးလိုက်လျှင် ကြွကြွရွရွလေး ဖြစ်သွားတတ်ကြသည်။ ယွင်ချိုင်ရှောင်က မူလကတည်းက လှပပြီးသားမို့ ပိုပြီး ထင်ရှားနေ၏။

“လှတာပေါ့... ပြိုင်ဘက်ကင်းပဲ” ရှောင်ပေါင် ခေါင်းကို ကြက်ဆိတ်သလို တဆက်ဆက် ညိတ်လိုက်သည်။

“ကိုကို ကြည့်ရင်းနဲ့တောင် စိတ်တွေ လှုပ်ရှားလာပြီ။ မဖြစ်ဘူး... မဖြစ်ဘူး... ကိုကို မြန်မြန် သိုင်းကျင့်မှ ဖြစ်မယ်။ ပြီးရင်င် ညီမလေးကို လက်ထပ်မယ်။ လက်ထပ်ပြီးရင် ညီမလေး အတွက် အဝတ်အစား ဆန်းဆန်းတွေ အများကြီး ချုပ်ပေးမယ်။ ဒေါက်မြင့်ဖိနပ်တင် မကဘူး... မင်္ဂလာဆောင်ဝတ်စုံ၊ ရုံးဝတ်စုံ၊ ကျောင်းဝတ်စုံ၊ သူနာပြုဝတ်စုံ...”

ရှောင်ပေါင် ပြောရင်းပြောရင်း သွားရည်ကျလာသည်။ သူ့ခေါင်းထဲတွင် ယွင်ချိုင်ရှောင်ကို ဝတ်စုံအမျိုးမျိုးဖြင့် မြင်ယောင်နေမိ၏။ အထူးသဖြင့် အိမ်ဖော်ဝတ်စုံ... ထိုအရာက မရှိမဖြစ်ပင် ဖြစ်၏။

“နှာဘူးကြီး”

ရှောင်ပေါင် မျက်နှာပေးကို ကြည့်ပြီး ဘာတွေ တွေးနေမှန်း ယွင်ချိုင်ရှောင် ရိပ်မိလိုက်သည်။ ဤလူက ဉာဏ်များသလောက် စိတ်ကူးယဉ်သည်ကလည်း ကြောက်စရာပင်။ မျက်နှာလေး နီရဲသွားပြီး လက်ထဲက ပလွေကို မြှောက်လိုက်သည်။

“ဆက်မပြောနဲ့တော့နော်... ပြောရင် ရိုက်တော့မှာ”

ကောင်းကင်ဘုံ ... မျက်နှာပြောင်းတာ မြန်လိုက်တာ။ စာအုပ် လှန်လိုက်သလိုပဲ။

ရှောင်ပေါင် အလျင်အမြန် လက်မြှောက် အရှုံးပေးလိုက်၏။

“မပြောတော့ပါဘူးဗျာ... တော်ပါပြီ”

“ဒါဆို ညီမ ပြန်တော့မယ်”

ရှောင်ပေါင် ငြိမ်ကျသွားသည်ကို မြင်မှ ယွင်ချိုင်ရှောင် စိတ်ကျေနပ်သွားသည်။ ဒေါက်မြင့်ဖိနပ်လေး စီးလျက်ပင် သူမ၏ ဖိနပ်အဟောင်းကို ကောက်ယူပြီး အခန်းပြင် ထွက်ရန် ပြင်လိုက်လေသည်။

“ကိုကို... လိုက်ပို့ပေးအုံးလေ”

“အင်း... လာခဲ့” ရှောင်ပေါင် ပခုံးတွန့်လိုက်၏။ “ပြန်ရောက်ရင်တော့ ခြေထောက်ကို သေချာ နှိပ်နယ်ပေးအုံးနော်။ ဖိနပ်က လှပေမဲ့ အကြာကြီး စီးရင် ခြေထောက် ညောင်းတတ်တယ်”

ရုတ်တရက် ရှောင်ပေါင် ခြေလှမ်း ရပ်သွားပြီး ယွင်ချိုင်ရှောင်ကို စိုက်ကြည့်လိုက်သည်။

“ဘာ... ဘာဖြစ်လို့လဲ” ယွင်ချိုင်ရှောင် ကြောင်သွား၏။

ရှောင်ပေါင်၏ အကြည့်တွေက ယွင်ချိုင်ရှောင်ကို ပိုပြီး လှပလာသလို ခံစားရစေသည်။

တကယ်ပါပဲ... ဒီလို မိန်းကလေးမျိုးကို ပိုင်ဆိုင်ခွင့် ရတာ ကံကောင်းလွန်းရာ ကျမနေဘူးလား။

ရှောင်ပေါင်၏ စပ်ဖြဲဖြဲ မျက်နှာပေး ပျောက်သွားပြီး တည်ငြိမ်လေးနက်သော မျက်နှာထားဖြင့် မေးလိုက်၏။

“ဟို... ညီမလေး ပြောခဲ့တဲ့ စကားကို မှတ်မိသေးလား”

“ဘယ်စကားလဲ” ယွင်ချိုင်ရှောင် စဉ်းစားလိုက်သည်။ သူမ ပြောခဲ့သည့် စကားတွေက များလွန်းနေသည်။

“အင်း... ကိုကို့ကို စောင့်နေမယ် ဆိုတဲ့ စကားလေ...”

ရှောင်ပေါင် ပြောလိုက်တော့ ယွင်ချိုင်ရှောင် မျက်နှာလေး ပြန်နီသွားပြန်၏။ ရှက်တာ မဟုတ်ပေ၊ စိတ်လှုပ်ရှားသွားခြင်းဖြစ်၏။

ကိုကိုရှောင်ပေါင်က ဒီစကားကို အတည်ယူပြီး တကယ် ကြိုးစားတော့မယ် ဆိုရင်တော့...

“မှတ်မိတာပေါ့” ယွင်ချိုင်ရှောင် နှုတ်ခမ်းလေး စူပြီး ဖြေလိုက်သည်။

“ချိုင်ရှောင်”

ရှောင်ပေါင် အသံက ပိုပြီး လေးနက်သွား၏။ “ညီမလေး အဲ့လောက် အကြာကြီး စောင့်စရာ မလိုတော့ဘူး ထင်တယ်။ ကိုကို... သိုင်းကျင့်လို့ ရသွားပြီ”

ရှောင်ပေါင် ယွင်ချိုင်ရှောင်၏ မျက်ဝန်းများကို စိုက်ကြည့်နေမိသည်။ သူမ ဘယ်လို တုံ့ပြန်မလဲ သိချင်၏။ ထင်ထားသည့်အတိုင်းပင်။ ယွင်ချိုင်ရှောင်၏ မျက်လုံးများ ပြူးကျယ်ပြီး အံ့သြသွားသော်လည်း ဝမ်းသာသွားသည့် အရိပ်အယောင်က ပိုများသည်။

“တကယ်လား ဟင်”

ယွင်ချိုင်ရှောင် ဝမ်းသာအားရ မေးလိုက်သည်။ ကိုကိုရှောင်ပေါင်က သူမအတွက် အစ်ကိုကောင်း တစ်ယောက်၊ ချစ်သူကောင်း တစ်ယောက် ဖြစ်ခဲ့တာ ကြာလေပြီ။ သူတို့နှစ်ယောက်ကြားမှာ ခြားနားနေသည်က သိုင်းပညာ တစ်ခုတည်းသာ ရှိ၏။ ယခု ထိုအတားအဆီးကြီး ပျောက်သွားပြီ ဆိုလျှင်တော့...

“တကယ်ပေါ့... မယုံရင် ကြည့်လိုက်”

ရှောင်ပေါင် ပြုံးလိုက်ပြီး သူ့ခန္ဓာကိုယ်မှ အရှိန်အဝါများကို ထုတ်လွှတ်ပြလိုက်သည်။

'ပထမအဆင့် သိုင်းသမား'၏ အရှိန်အဝါ ဖြစ်သည်။ ယွင်ချိုင်ရှောင်က ဒုတိယအဆင့် ရောက်နေသူမို့ ထိုအရှိန်အဝါကို ကောင်းကောင်း အာရုံခံနိုင်၏။

ယွင်ချိုင်ရှောင် ပျော်လွန်း၍ ပြုံးလိုက်မိသည်။ သို့ပေမည့် ရှောင်ပေါင်၏ မျက်လုံးများက တစ်မျိုးကြီး ဖြစ်နေသောကြောင့် သတိဝင်လာပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။

“ကိုကိုရှောင်ပေါင်... သိုင်းကျင့်လို့ ရပြီ ဆိုပေမဲ့ ... ဟို... ဟိုကိစ္စတော့ လုပ်လို့ မရသေးဘူးနော်”

“ဟေ”

ရှောင်ပေါင် ကြောင်သွားပြီး ရယ်ချလိုက်မိ၏။ “ညီမလေးချိုင်ရှောင်ရာ... ကိုကို့ကို ဘယ်လိုလူများ မှတ်နေလဲ။ ကိုကိုက တစ်နေ့ကျလျှင် ရောင်စုံတိမ်တိုက်တွေကို စီးပြီး ညီမလေးကို တရားဝင် လာတောင်းမှာပါ။ အခုချိန်မှာ အခွင့်ကောင်းယူပြီး လက်လွတ်စပယ် ဘယ်လုပ်ပါ့မလဲ”

ပြောသာပြောရ၏။ ဖက်တာ၊ နမ်းတာလောက်တော့ ခွင့်လွှတ်မည် ထင်ရသည်။ ဟီးဟီး …။

“ရောင်စုံ တိမ်တိုက်” ယွင်ချိုင်ရှောင် နားမလည်စွာ ရေရွတ်လိုက်လေသည်။

“ဟုတ်တယ်”

ရှောင်ပေါင် ပြုံးလိုက်၏။ “မင်းအတွက် ကိုကိုက ပြိုင်ဘက်ကင်း သူရဲကောင်း ဖြစ်စေရမယ်”

All Chapters