← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

အပိုင်း (၁၃) ဂိုဏ်းဝင်ဖို့ ဆုံးဖြတ်ချက်

“ငါက မင်းရဲ့ ပြိုင်ဘက်ကင်း သူရဲကောင်းပါ...”

ရှောင်ပေါင်၏ စကားကို ကြားပြီးနောက် ယွင်ချိုင်ရှောင် ကြက်သေ သေသွားသည်။ သူ့စိတ်ထဲမှာ ထိုစကားက ပဲ့တင်ထပ်နေ၏။ ခဏကြာမှ သတိပြန်ဝင်လာပြီး ရှက်သွေးဖြာနေသော မျက်နှာလေးကို ငုံ့လိုက်သည်။

“ကဲ... ညီမလေးချိုင်ရှောင်၊ ကိုကို လိုက်ပို့ပေးမယ်လေ”

ရှောင်ပေါင်က ပြုံးလိုက်သည်။ ယွင်ချိုင်ရှောင်၏ စိတ်ထဲတွင် သူ နေရာရသွားပြီ ဆိုတာ သေချာသွားပြီမို့ ကျေနပ်နေ၏။

နှစ်ယောက်သား အောက်ထပ်သို့ ဆင်းလာကြသည်။

ရွှမ်ရှောင်နန်းဆောင် အပြင်ဘက်သို့ ရောက်သည်အထိ ယွင်ချိုင်ရှောင်က တိတ်ဆိတ်နေဆဲ ဖြစ်၏။ ရှောင်ပေါင် ပြန်သွားမှ သူမ တိုးတိုးလေး ရေရွတ်ရင်း ပြုံးလိုက်မိ၏။

“ကိုကိုရှောင်ပေါင်က သိုင်းကျင့်လို့ရပြီ .. ဉာဏ်ကောင်းတာကတော့ အရင်အတိုင်းပဲ။ တီထွင်ထားတဲ့ ပစ္စည်းတွေကလည်း စိတ်ဝင်စားစရာ ကောင်းသား”

သူမသည် ခြေထောက်မှ ဖိနပ်ကို ငုံ့ကြည့်လိုက်သည်။ “မှန်လေး တစ်ချပ်လောက် ရှိလျှင် ကောင်းမှာပဲ...”

မိန်းကလေး ဆိုသည်မှာ အလှကြိုက်တတ်သည် မဟုတ်ပါလား။ ယွင်ချိုင်ရှောင်လို အလှပဂေးလေး ဆိုလျှင် ပိုဆိုးသေးသည်။ အထူးသဖြင့် ကိုယ်ချစ်ရသူ ပေးထားသည့် လက်ဆောင်လေး ဆိုတော့ ပိုပြီး သဘောကျနေမိ၏။

သီချင်းတစ်ကြော်ကြော် ညည်းရင်း အခန်းထဲ ဝင်လာသော သမီးဖြစ်သူကို ကြည့်ပြီး ယွင်ရှန့်ရွှမ် အံ့သြသွားရသည်။

“သမီးလေး... ဘာတွေများ ပျော်နေတာလဲ။ ဟုန်ရှောင်ပေါင်နဲ့ တွေ့ခဲ့တယ်မလား။ ဘယ်လိုလဲ... အဆင်ပြေရဲ့လား”

ယွင်ချိုင်ရှောင်က ပြန်မဖြေပေ။ ကိုယ်လုံးလေးကို လှည့်ပြီး ဟန်ရေးပြလိုက်သည်။ ယွင်ရှန့်ရွှမ် သေချာ ကြည့်လိုက်မှ သတိထားမိသွား၏။

“ဟေ... သမီး စီးထားတဲ့ ဖိနပ်ရှည်က... ရှောင်ပေါင် ပေးလိုက်တာလား။ အမယ်... လှသားပဲ။ သမီးလေးက အရင်တည်းက လှပြီးသား ဆိုပေမဲ့ ဒီဖိနပ် စီးလိုက်တော့ ပိုပြီး ကျော့ရှင်းသွားသလိုပဲ။ ရှောင်ပေါင် ဒီကောင်လေး က အကြံဉာဏ်တော့ ကောင်းသား”

“ဖေဖေကလည်း... သမီးကို စနေပြန်ပြီ”

ယွင်ချိုင်ရှောင် ရှက်သွားပြီး ကိုယ်ကို လိမ်ဖည်ဖည် လုပ်လိုက်သည်။ ထို့နောက် အခန်းထဲတွင် မှန်လိုက်ရှာရင်း မေးလိုက်လေသည်။ “တကယ် လှလို့လားဟင် ဖေဖေ။ ကိုကိုရှောင်ပေါင်က ဒါကို ဒေါက်မြင့်ဖိနပ်လို့ ခေါ်တယ်”

“လှတာပေါ့ သမီးရဲ့... တကယ် လှတယ်”

ယွင်ရှန့်ရွှမ်က ပြုံးရွှင်စွာဖြင့် ကြေးမုံပြင်ကို ယူလာပြီး သမီးဖြစ်သူ ခြေရင်းတွင် ထောင်ပေးလိုက်၏။ “ကဲ... ကိုယ့်ဘာသာ ကြည့်ကြည့်လိုက်”

“အင်း... တကယ် မဆိုးဘူးပဲ” ယွင်ချိုင်ရှောင် ကြေးမုံပြင်ရှေ့တွင် ဘယ်ပြန်ညာပြန် လှည့်ကြည့်ရင်း ကျေနပ်နေသည်။

နောက်ဆုံးတွင် ပျော်ရွှင်စွာ မျက်လုံးမှိတ်ပြီး ရေရွတ်လိုက်၏၊ “ကိုကိုရှောင်ပေါင်က လက်မှုပညာ တော်သားပဲ။ အခု သိုင်းလည်း ကျင့်လို့ ရပြီဆိုတော့...”

ထိုအချိန် ရွှမ်ရှောင်နန်းဆောင်တွင်တော့ ရှောင်ပေါင်သည် နှာချေနေလေသည်။ “ဟပ်ချိုး... ဘယ်သူများ ငါ့အကြောင်း ပြောနေပါလိမ့်...”

ညနေစောင်း အချိန်...

ရှောင်ပေါင်သည် မိဖုရားကြီး ချောင်းချန်ချန်၏ နန်းဆောင်သို့ ရောက်ရှိလာသည်။ မိဖုရားကြီး နန်းဆောင်သည် ဧကရာဇ် နန်းဆောင်လောက် မကြီးကျယ်သော်လည်း ထူးခြားသော အပြင်အဆင် ရှိသည်။

နန်းဆောင်နှင့် ၁၀ လှမ်းအကွာလောက် ရောက်သည်နှင့် သင်းပျံ့သော ပန်းရနံ့များကို ခံစားရ၏။ နီးကပ်လာလေ ပိုမွှေးလေ ဖြစ်သော်လည်း စူးရှသော အနံ့မျိုး မဟုတ်ဘဲ စိတ်ကြည်နူးဖွယ် ကောင်းသော ရနံ့မျိုး ဖြစ်၏။

နန်းဆောင် အတွင်းပိုင်း အပြင်အဆင်သည်လည်း ခမ်းနားသော်လည်း အလွန်အကျွံ မဟုတ်ဘဲ ရိုးရှင်းပြီး ကျက်သရေ ရှိလှသည်။ ဧကရာဇ်နှင့် မိဖုရားကြီး တို့သည် စည်းစိမ်ချမ်းသာ ပြည့်စုံသော်လည်း ဖြုန်းတီးခြင်းကို မနှစ်သက်သူများ ဖြစ်ကြ၏။ ရှောင်ပေါင် ကိစ္စ တစ်ခုတည်းမှာသာ ရက်ရက်ရောရော သုံးစွဲကြခြင်း ဖြစ်သည်။

နန်းဆောင်ထဲ ဝင်လိုက်သည်နှင့် ချောင်းချန်ချန်က ထိုင်ရာမှ ထပြီး ရှောင်ပေါင်ဆီ လျှောက်လာသည်။ မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေသည်ကို ကြည့်ရုံဖြင့် ဧကရာဇ်မင်းကြီးက သတင်းကောင်း ပြောပြထားပြီး ဖြစ်ကြောင်း သိသာလှ၏။

“သားလေး...”

ချောင်းချန်ချန်က ရှောင်ပေါင်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်လေသည်။ “မင်း ခမည်းတော် ပြောတာ... သား သိုင်းကျင့်လို့ ရပြီ ဆို။ တကယ်ပဲလားဟင်”

ပြောရင်းနှင့် သူမ၏ စိတ်အာရုံဖြင့် သားဖြစ်သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်၏။

“ဟုတ်တယ် မေမေ” ရှောင်ပေါင် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ “သား တကယ် သိုင်းကျင့်လို့ ရပါပြီ။ ကြည့်ပါအုံး ... ပထမအဆင့် ထိပ်ဆုံးတောင် ရောက်နေပြီ။ မကြာခင် ဒုတိယအဆင့် တက်တော့မှာ”

စိတ်ထဲမှာတော့ - ထို 'မကြာခင်’ ဆိုတာ ဘယ်တော့မှန်းတော့ မသိသေးဘူးဟု တိုးတိုးလေး ပြောလိုက်မိ၏။

“ကောင်းလိုက်တာ... တကယ် ကောင်းလိုက်တာ”

ချောင်းချန်ချန် မျက်ရည်ဝဲလာပြီး ဝမ်းသာအားရ ရေရွတ်လိုက်သည်။ မိခင် တစ်ယောက် အနေဖြင့် သားဖြစ်သူ သိုင်းမကျင့်နိုင်၍ သက်တမ်းတိုမည်ကို အမြဲ စိုးရိမ်နေခဲ့ရ၏။

သူတို့ ဇနီးမောင်နှံက သက်တမ်းရှည်ပြီး သားက အရင် သေဆုံးသွားမည့် အဖြစ်ဆိုးကို ဘယ်မိဘက ခံနိုင်ရည် ရှိပါ့မည်နည်း။

“ကဲပါ... မိသားစု တွေ့ရတာ ပျော်စရာ ကောင်းပါတယ် ဆိုမှ ငိုနေကြပြန်ပြီ။ လာကြ... ထမင်းစားမယ်” ဟိုဘက်ထိပ် ရွှေပလ္လင်ပေါ်တွင် ထိုင်နေသော ဟုန်ဝမ်ချင်းက လှမ်းအော်လိုက်သည်။

ရှောင်ပေါင်ကတော့ အဖေ့ကို ကြည့်ပြီး ကျိတ်ရယ်လိုက်မိသည်။ အခုသာ ဟန်လုပ်ပြီး ပြောနေတာ... နေ့လယ်တုန်းက ဝမ်းသာလွန်း၍ မျက်ရည်ကျခဲ့တာ ဘယ်သူပါလိမ့်။

ရှောင်ပေါင် ရင်ထဲ နွေးထွေးသွားသည်။ ကမ္ဘာသစ်ကို ရောက်လာပြီး မိဘအရင်းများကို ဆုံးရှုံးလိုက်ရပေမဲ့ သူ့ကို အသက်တမျှ ချစ်ခင်ပေးသည့် မိဘသစ် နှစ်ပါးကို ပြန်ရလိုက်၏။

ဒါလည်း မဆိုးပါဘူးလေ။

ညစာ စားပွဲတွင် ဟင်းလျာများက ပုံမှန်အတိုင်း ရိုးရှင်းသော်လည်း ယနေ့တော့ ထူးကဲစွာ အရသာ ရှိနေသလို ခံစားရသည်။ ဟုန်ဝမ်ချင်း ဆိုလျှင် ဝိုင်နှစ်ပုလင်း ကုန်အောင် သောက်လိုက်ပြီး မျက်နှာကြီး နီရဲကာ ပျော်ရွှင်နေသည်။

အပြင်ဘက်က အစေခံများကတော့ အံ့သြနေကြသည်။ မင်းသားကိုးကိစ္စက လွဲလျှင် အရှင်မင်းကြီး ဤမျှလောက် ပျော်သည်ကို သူတို့ တစ်ခါမှ မမြင်ဖူးကြပေ။

ထမင်းစားပြီးနောက်... ရှောင်ပေါင်က မတ်တပ်ရပ်လိုက်ပြီး ဟုန်ဝမ်ချင်းကို ဦးညွှတ်လိုက်၏။

“ဖေဖေ...”

“ဟေ... ဘာပြောမလို့လဲ” ဟုန်ဝမ်ချင်းနှင့် ချောင်းချန်ချန်တို့ သားဖြစ်သူကို ကြည့်လိုက်ကြသည်။

ရှောင်ပေါင်က လေးနက်သော မျက်နှာထားဖြင့် လျှောက်တင်လိုက်၏။ “ဖေဖေ နဲ့ မေမေ... သား အခု သိုင်းကျင့်လို့ ရပါပြီ။ ဒါကြောင့် နန်းတော်ထဲမှာ ဖားတစ်ပိုင်း ငါးတစ်ပိုင်း ဘဝနဲ့ မနေချင်တော့ဘူး။ သားလည်း တခြား သိုင်းသမားတွေလိုပဲ ဂိုဏ်းတစ်ခုခုကို ဝင်ပြီး လေ့လာ သင်ယူချင်ပါတယ်။ ဒါကြောင့် သားကို ခွင့်ပြုပေးပါ”

“ဂိုဏ်းဝင်မယ်”

ချောင်းချန်ချန် လန့်သွားသည်။ “သားရယ်... ဘာလို့ ဂိုဏ်းဝင်ချင်ရတာလဲ။ နန်းတော်ထဲမှာ မပြည့်စုံတာ ဘာရှိလို့လဲ။ သား လိုချင်တဲ့ လက်နက်၊ ဆေးဝါး၊ သိုင်းကျမ်း... အကုန်လုံးကို ဖေဖေ ရှာပေးနိုင်တာပဲဟာ။ အပြင်ထွက်ရင်င် ပင်ပန်းဆင်းရဲ ခံရမှာပေါ့”

သူမ အနေဖြင့် သားဖြစ်သူ ပြန်ကောင်းလာကာစ ရှိသေးသည်မို့ ဘယ်မှ မလွှတ်ချင်ပေ။ ရင်အုပ်မကွာ ထားချင်နေမိ၏။

သို့ပေမည့် ဟုန်ဝမ်ချင်းကတော့ ရှောင်ပေါင်၏ မျက်လုံးများကို ကြည့်ပြီး သဘောပေါက်လိုက်သည်။ သားဖြစ်သူ သိုင်းကျင့်ရန်အတွက် ဆေးမြစ် အမြောက်အမြား လိုအပ်ကြောင်း သူ သိထားသည် မဟုတ်ပါလား။

ပထမအဆင့် အတွက်တင် ဆေးမြစ် ၁,၀၀၀ နီးပါး ကုန်သွားပြီ ဖြစ်၏။

ဒုတိယ၊ တတိယ အဆင့်များ အတွက်ဆိုလျှင် တိုင်းပြည်ဘဏ္ဍာတိုက် ပြောင်သွားလျှင်တောင် လောက်ပါ့မည်လား မသေချာပေ။

ဂိုဏ်းကြီးများမှာတော့ သီးသန့် ဆေးဥယျာဉ်များ ရှိသောကြောင့် ဤပြဿနာကို ဖြေရှင်းနိုင်ပေလိမ့်မည်။

All Chapters