အခန်း ၁၄
Vol. 2 Ch. 14
အပိုင်း (၁၄) လေယင်နန်းဆောင်ဆီသို့ ခရီးဆက်ခြင်း။
ဟုန်ဝမ်ချင်းသည် ချောင်းချန်ချန်ဘက်သို့ လှည့်ပြီး လေသံပျော့ပျော့ဖြင့် နှစ်သိမ့်လိုက်သည်။
“ချန်ချန်ရယ်... သိပ်ပြီး စိတ်မပူပါနဲ့။ သားသမီး ဆိုတာ အရွယ်ရောက်ရင်င် အတောင်ပံဖြန့်ပြီး ကိုယ်ပိုင် ကောင်းကင်မှာ ပျံသန်းကြရစမြဲပါ။ တို့ရင်ခွင်အောက်မှာပဲ အမြဲ သိမ်းထားလို့ ဘယ်ဖြစ်မလဲ။ အရင်တုန်းကတော့ သားလေးက သိုင်းမကျင့်နိုင်လို့ တို့ ရင်အုပ်မကွာ ထားခဲ့ရတယ်။ အခု သူ ကျင့်ကြံနိုင်ပြီ ဆိုမှတော့... အပြင်လောကကြီးကို ထွက်ပြီး ဗဟုသုတ ရှာသင့်တာပေါ့။ တို့ ရှိနေတုန်း ကာကွယ်ပေးထားနိုင်ပေမဲ့ တို့ မရှိတော့တဲ့ တစ်နေ့ကျရင် သူ ဘယ်လို လုပ်မလဲ”
ဟုန်ဝမ်ချင်း၏ စကားကြောင့် ချောင်းချန်ချန် မျက်ဝန်းများ လှုပ်ခတ်သွားသည်။ အချိန်အတော်ကြာ စဉ်းစားပြီးမှ သက်ပြင်းချလိုက်ပြီး ဟုန်ဝမ်ချင်းကို မျက်စောင်းထိုးကာ ပြောလိုက်၏။
“ကောင်းပြီလေ... ရှင်ပြောသလို လုပ်ကြတာပေါ့။ ဒါပေမဲ့ တစ်ခုတော့ ပြောထားမယ်... တကယ်လို့များ အပြင်လောကမှာ သားလေး အနိုင်ကျင့် ခံရမယ် ဆိုရင်တော့... ရှင့်ကို အသေကိုင်မယ်လို့ မှတ်ထားလိုက်”
“ဟားဟား... စိတ်ချပါကွာ”
ဟုန်ဝမ်ချင်း ရယ်မောလိုက်ပြီး ရှောင်ပေါင်ကို လှမ်းကြည့်ကာ မျက်လုံးပြူးပြလိုက်သည်။ “ဟေ့ကောင်စုတ်... ကြားတယ်နော်။ အပြင်ရောက်ရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်။ တကယ်လို့များ မင်း တစ်ခုခု ဖြစ်လို့ကတော့ ငါ ဘယ်လို အပြစ်ပေးမလဲ ဆိုတာ တွေးသာ ကြည့်ထားပေတော့”
“ရှင်က သားကို အပြစ်ပေးရဲသေးတယ် ပေါ့လေ...” ချောင်းချန်ချန် ဒေါသတကြီး လှမ်းဟောက် လိုက်ပြန်၏။
“အမယ်လေး... ကြောက်ပါပြီဗျာ” ဟုန်ဝမ်ချင်း အလျင်အမြန် လက်မြှောက် အရှုံးပေးလိုက်သည်။
ဘေးမှ ကြည့်နေသော ရှောင်ပေါင် ပြုံးလိုက်မိသည်။ သူတို့ မိသားစုလေးက တော်ဝင် မိသားစု ဆိုသော်လည်း သာမန် ပြည်သူများလိုပင် သိုက်သိုက်ဝန်းဝန်း ရှိလှ၏။ သားအဖ သားအမိ မေတ္တာများ ပြည့်နှက်နေသော မိသားစုလေး တစ်ခုပင် ဖြစ်၏။
ခဏကြာမှ ဟုန်ဝမ်ချင်းက တည်ငြိမ်သော လေသံဖြင့် မေးလိုက်သည်။ “ရှောင်ပေါင်... မင်း ဂိုဏ်းဝင်မယ် ဆိုတော့ ရှေးရိုးရာ ဂိုဏ်းကြီး ခြောက်ခုထဲက တစ်ခုခုကို ဝင်မှာမလား။ စိတ်ထဲမှာ ရွေးထားပြီးပြီလား”
ရှောင်ပေါင် ခေါင်းညိတ်ပြီး ပြုံးလိုက်၏။ “ဟုတ်ကဲ့... ရွေးပြီးပါပြီ ခမည်းတော်။ သား စဉ်းစားထားတာကတော့... လေယင်နန်းဆောင်ကို သွားတာ အကောင်းဆုံးပါပဲ”
“ဟေ... ဘာဖြစ်လို့လဲ” ဟုန်ဝမ်ချင်း အနည်းငယ် အံ့သြသွားလေသည်။
“ဘာလို့လဲဆိုတော့ လေယင်နန်းဆောင်က ဂိုဏ်းကြီး ခြောက်ခုထဲမှာ အင်အားမသေးဘူးလေ။ ပြီးတော့... ဦးလေးယွင်နဲ့ ညီမလေးချိုင်ရှောင် ကလည်း အဲ့ဒီမှာ ရှိနေတာ ဆိုတော့ သားအတွက် အစောင့်အရှောက် ရှိတာပေါ့”
“အင်း... ဟုတ်သားပဲ” ဟုန်ဝမ်ချင်း ခေါင်းညိတ် ထောက်ခံလိုက်လည်။ နိုင်ငံ့အစောင့်အရှောက် ယွင်ရှန့်ရွှမ် ရှိနေမှတော့ ရှောင်ပေါင် အတွက် စိတ်ပူစရာ မလိုတော့ပေ။
ချောင်းချန်ချန်သည် သဘောတူလိုက်သော်လည်း မျက်နှာတွင်မူ ဝမ်းနည်းရိပ်များ သမ်းနေဆဲ ဖြစ်၏။
ရှောင်ပေါင် စိတ်မကောင်း ဖြစ်သွားမိသည်။ 'မိဘမေတ္တာ ဆိုသည်မှာ အတိုင်းအဆ မရှိပါလား'
နောင်တစ်ချိန်ကျလျှင် ဖေဖေနှင့်မေမေကို ပိုပြီး ဂရုစိုက် ပြုစုမည်ဟု ဆုံးဖြတ်ချက် ချလိုက်၏။
နောက်တစ်နေ့ နေ့လယ်ခင်း...
ရှောင်ပေါင် ခရီးထွက်ရမည့် အချိန် ရောက်လာပြီ ဖြစ်၏။ မူလက ရှောင်ပေါင်သည် တစ်ယောက်တည်း သွားချင်သော်လည်း သူ့အမေ ချောင်းချန်ချန်က ယွင်ရှန့်ရွှမ်တို့နှင့် အတူ မလိုက်လျှင် လုံးဝ ပေးမသွားဘူးဟု ရာဇသံ ပေးလာသောကြောင့် ယွင်ရှန့်ရွှမ်၊ ယွင်ချိုင်ရှောင်၊ ယဲ့ကျင်းနင် တို့နှင့်အတူ လိုက်သွားရတော့မည်။
အဆိုးထဲက အကောင်း ပြောရလျှင် လမ်းခရီးမှာ ကြုံလာမည့် အန္တရာယ်များကို ရှင်းပေးမည့် လူမိုက်ကြီးတွေ ပါလာခြင်းပင်။
နဂါးဝတ်စုံ၊ ဖီးနစ်ဝတ်စုံများကို ဝတ်ဆင်ထားပြီး မတ်တပ်ရပ်ကာ နှုတ်ဆက်နေကြသော ဧကရာဇ် ဟုန်ဝမ်ချင်းနှင့် မိဖုရားကြီး ချောင်းချန်ချန် တို့ကို မြို့ရိုးပေါ်တွင် တွေ့ရသည်။
“ဖေဖေ …. မေမေ ... သားက ပညာသွားသင်တာပါဗျာ။ သေမင်းတမန်ဆီ သွားတာမှ မဟုတ်တာ။ အဲ့လောက်ကြီး ဝမ်းနည်းမနေကြပါနဲ့” ရှောင်ပေါင် ရယ်မောပြီး ပြောလိုက်၏။
ဟုန်ဝမ်ချင်းကတော့ ယွင်ရှန့်ရွှမ် ပါသွားသည့် အတွက် သိပ်မစိုးရိမ်သော်လည်း ချောင်းချန်ချန်ကမူ မနက်တည်းက မျက်ရည်ကျနေခြင်း ဖြစ်သည်။
ဟုန်ဝမ်ချင်းက ရှောင်ပေါင်ကို မျက်စောင်းထိုးလိုက်ပြီး ခါးကြားမှ အိတ်တစ်လုံးကို ဖြုတ်ပေးလိုက်၏။
“ရော့... ယူသွား”
“ဒါ ဘာလဲ ခမည်းတော်”
ဖွင့်ကြည့်လိုက်တော့ ရွှေဒင်္ဂါး ၁,၀၀၀ တိတိ ဖြစ်၏။ တော်တော် များပြားသော ပမာဏ ဖြစ်သော်လည်း ဧကရာဇ် တစ်ပါးအတွက်မူ အသေးအဖွဲပင် ဖြစ်သည်။ ဂိုဏ်းရောက်သွားလျှင် ရွှေငွေများ သိပ်အသုံးမဝင်တော့ဟု ယူဆသောကြောင့် ဤမျှလောက်သာ ထည့်ပေးလိုက်ခြင်း ဖြစ်သည်။
ရှောင်ပေါင် သက်ပြင်းချလိုက်ပြီး ချောင်းချန်ချန် အနီးသို့ တိုးသွားကာ ညင်သာစွာ ပြောလိုက်၏။ “မေမေ... သား အကြာကြီး မသွားပါဘူး။ ပြိုင်ဘက်ကင်း သိုင်းပညာတွေ တတ်မြောက်ပြီး လောကကို စိုးမိုးနိုင်တဲ့ တစ်နေ့ကျရင် ပြန်လာပြီး ဖေဖေနဲ့မေမေကို လုပ်ကျွေးပါ့မယ်”
“လောကကို စိုးမိုးမယ်...”
ဘေးနားတွင် ရပ်နေသော ယဲ့ကျင်းနင် နှာခေါင်းရှုံ့လိုက်သည်။ သူ့အဖေ လေယင်နန်းဆောင်၏ ဒုတိယ အကြီးအကဲတောင် လောကကို မစိုးမိုးရဲပေ။ ယခုမှ သိုင်းစကျင့်သည့် ကောင်စုတ်လေးကများ လေကြီးလို့နေသည်။
'တွင်းအောင်း ဖားသူငယ်က ကောင်းကင်ကို မမြင်ဖူး' ဆိုသည်မှာ ဒါမျိုးပဲ ဖြစ်မည်။
သို့ပေမည့် ချောင်းချန်ချန် အတွက်မူ သူမ သားသည် အတော်ဆုံးပင် ဖြစ်သည်။ “ကောင်းပြီ သားလေး... မင်း လောကကို စိုးမိုးမည့် နေ့ကို မေမေ စောင့်နေမယ်”
အချိန်အတော်ကြာ နှုတ်ဆက်ပြီးနောက် ရှောင်ပေါင်သည် ခရီးသွားရန် စီစဉ်ထားသော လင်းယုန်ကြီး အနီးသို့ လျှောက်သွားလိုက်၏။
ထိုလင်းယုန်ကြီးသည် အလျား ၂ မီတာကျော် ရှည်လျားပြီး အတောင်ပံ ဖြန့်လိုက်လျှင် အလွန် ကြီးမားလှသည်။ ပထမအဆင့် မိစ္ဆာသားရဲ ဖြစ်ပြီး သာမန်လူများ စီးနင်းခွင့် မရှိသော အရာဖြစ်သည်။
ရှောင်ပေါင် ယွင်ချိုင်ရှောင် အနားမှ ဖြတ်သွားစဉ် ယွင်ချိုင်ရှောင်က လှမ်းမေးလိုက်၏။ “ကိုကိုရှောင်ပေါင်... တကယ်ပဲ လေယင်နန်းဆောင်ကို လိုက်ခဲ့တော့မှာလား။ အဲ့ဒီမှာ နေရတာ အရမ်း ပင်ပန်းမှာနော်”
သူမ၏ အနောက်တွင် ယွင်ရှန့်ရွှမ်ကလည်း ရှောင်ပေါင်ကို စူးစိုက်ကြည့်နေသည်။ ဤကောင်လေး စိတ်ကူးပေါက်၍ လျှောက်လုပ်ခြင်းလား၊ တကယ် စိတ်ဆုံးဖြတ်ထားခြင်းလား ဆိုသည်ကို သိချင်နေခြင်း ဖြစ်သည်။
ရှောင်ပေါင်က တည်ငြိမ်သော မျက်နှာထားဖြင့် ယွင်ချိုင်ရှောင်ကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်၏။ “ညီမလေးချိုင်ရှောင်... မင်းအတွက် ဆိုရင်လေ... ကိုကိုက ဘာကိုမှ မကြောက်ဘူး။ ဘယ်လောက် ပင်ပန်း ပင်ပန်း... သည်းခံနိုင်တယ်”
ပြောပြီးသည်နှင့် လင်းယုန်ကြီး ကျောပေါ်သို့ ဝုန်းခနဲ ခုန်တက်လိုက်လေတော့သည်။
ယွင်ချိုင်ရှောင် မျက်နှာလေး ရဲခနဲ ဖြစ်သွား၏။ 'မင်းအတွက် ဆိုရင်...' ၊ 'မင်းအတွက် ဆိုရင်...' ဤစကားလုံးလေးများက သူမ ခေါင်းထဲမှာ ပဲ့တင်ထပ်နေလေသည်။ ကိုကိုရှောင်ပေါင်က ဇိမ်ရှိသည့် နန်းတွင်းသား ဘဝကို စွန့်ပြီး ပင်ပန်းဆင်းရဲခံကာ ဂိုဏ်းဆီ လိုက်ခဲ့ခြင်းက... သူမ အတွက်တဲ့လား။
ယွင်ချိုင်ရှောင် ရင်တွေ တဒိန်းဒိန်း ခုန်လာသည်။ ရှက်လည်း ရှက်သလို ကြည်နူးစိတ်လည်း ဖြစ်မိသည်။
အနောက်ဘက်တွင်မူ ယွင်ရှန့်ရွှမ် တစ်ယောက် မျက်နှာတစ်ခုလုံး မည်းမှောင်သွားလေသည်။ ဟုန်ဝမ်ချင်းသာ ရှေ့မှာ မရှိလျှင် ဤကောင်စုတ်ကို ဆွဲထိုးမိမည်မှာ သေချာ၏။ 'ငါ့ရှေ့မှာတင် ငါ့သမီးကို လာကြောင်နေတယ် ပေါ့လေ... မလွယ်ကြောလေး'
ယဲ့ကျင်းနင်ကမူ သွေးအန်လုမတတ် ဒေါသထွက်နေပြီ ဖြစ်၏။ သူက ယွင်ချိုင်ရှောင် ပြုံးသည်လေး မြင်ရဖို့ပင် အောက်ကျနောက်ကျခံပြီး အမျိုးမျိုး ကြိုးစားခဲ့ရ၏။ အခု ရှောင်ပေါင် ဆိုသည့်ကောင်က စကားလေး တစ်ခွန်း ပြောလိုက်သည်နှင့် ယွင်ချိုင်ရှောင်က ရင်ခုန်သွားခဲ့သည်။ မနာလို ဝန်တိုစိတ်များက သူ့ရင်ကို မီးလောင်တိုက်သွင်းသလို ပူလောင်စေသည်။
'ကောင်းပြီလေ... ဟုန်ရှောင်ပေါင်။ မင်း မှတ်ထားလိုက်။ အခုတော့ ဦးလေးယွင် ရှိနေလို့ ငါ သည်းခံလိုက်မယ်။ လေယင်နန်းဆောင် ရောက်မှ မင်းနဲ့ငါ တွေ့မယ်'
တခြားသူများ ဘာတွေ တွေးနေလဲ ရှောင်ပေါင် ဂရုမစိုက်ပေ။ သူကတော့ လေယင်နန်းဆောင် ရောက်လျှင် လုပ်မည့် အစီအစဉ်များကို စိတ်ကူးယဉ် နေလေပြီ။ သူ့၏ ဆောင်ပုဒ်ကတော့ "ဆေးမြစ်ဝါးမည် … ဆေးမြစ်ဝါးမည် … ပြီးလျှင် ဆေးမြစ် ထပ်ဝါးမည်"
အသက်ရှိနေသရွေ့ ဆေးမြစ်ဝါးခြင်းကို ရပ်တန့်မည် မဟုတ်ပေ။ ဆေးမြစ်ဝါးခြင်းကသာ သူ့ကို ထိပ်ဆုံး ရောက်စေမည် မဟုတ်ပါလား။ (စကားမစပ် - လေယင်နန်းဆောင်မှ ဆေးဥယျာဉ်ကြီးကို တူးဆွပြီး ဝါးစားပစ်မည့် အကြောင်းလည်း ထည့်သွင်း စဉ်းစားထားသေးသည်)
“သွားကြစို့”
လေးယောက်သား လင်းယုန်ကြီးများ ကျောပေါ်သို့ ခုန်တက်လိုက်ကြသည်။ လင်းယုန်ကြီးများ အတောင်ပံ ခတ်လိုက်သည်နှင့် တစ်ခဏချင်းမှာပင် ကောင်းကင်ယံသို့ ရောက်ရှိသွားကြသည်။
မြို့ရိုးပေါ်တွင် ချောင်းချန်ချန်သည် ကောင်းကင်ယံသို့ မော့ကြည့်ရင်း သားလေး၏ အရိပ်ကို ရှာဖွေနေဆဲ ဖြစ်၏။
ဟုန်ဝမ်ချင်းက သူမ ပခုံးကို ဖက်ပြီး နှစ်သိမ့်ပေးနေသည်။
လင်းယုန်ကျောပေါ်တွင် ရှောင်ပေါင်သည် နန်းတော်ရှိရာသို့ ပြန်လှည့်ကြည့်လိုက်သည်။ ဤကမ္ဘာမှာ သူ့ကို တကယ် ချစ်ခင်သည့်သူ ဆိုလျှင် ဖေဖေနှင့်မေမေ နှစ်ယောက်သာ ရှိ၏။ စိတ်မကောင်း ဖြစ်မိသော်လည်း ရှောင်ပေါင် ဆိုသည်မှာ ပျော်ပျော်နေတတ်သူ ဖြစ်သည်။ ဝမ်းနည်းစိတ်ကို ချက်ချင်း မောင်းထုတ်လိုက်ပြီး စိတ်လှုပ်ရှားစရာ ကောင်းမည့် ဂိုဏ်းဘဝကို တွေးလိုက်မိ၏။
'လေယင်နန်းဆောင်က ဆေးဥယျာဉ် ဆိုတာကြီးကို အရင်ဆုံး သွားတူးရမလား... ဒါမှမဟုတ် ဆေးခင်း အသေးလေးတွေကနေ စပြီး ပါးစပ်သရမ်း ကြည့်ရမလား...'
ယွင်ရှန့်ရွှမ် တို့ သုံးယောက်ကမူ မသိရှာပါပေ။ ရှောင်ပေါင် ရောက်လာခြင်းက လေယင်နန်းဆောင် အတွက် မည်မျှကြီးမားသည့် ဘေးဒုက္ခဆိုးကြီး ဖြစ်လာမည်လဲ ဆိုသည်ကိုပင်။