အခန်း ၁၅
Vol. 2 Ch. 15
အပိုင်း (၁၅) လောက၏ ရှေးရိုးရာ ဂိုဏ်းကြီး ခြောက်ခု၊ လေယင်နန်းဆောင်
'လေယင်နန်းဆောင်'...
လောကကို စိုးမိုးထားသော ရှေးရိုးရာ ဂိုဏ်းကြီး ခြောက်ခုထဲမှ တစ်ခုဖြစ်ပြီး သိုင်းလောက၏ ထိပ်သီး ခေါင်းဆောင် ဂိုဏ်းကြီး ဖြစ်သည်။ အင်အား ကြီးမားလွန်းသောကြောင့် တစ်လောကလုံးကို တုန်လှုပ်စေနိုင်စွမ်း ရှိသည်။
လေယင်နန်းဆောင် တည်ရှိရာ နေရာသည် မြို့တော်၏ တောင်ဘက် မိုင်ပေါင်း (၈,၀၀၀) ခန့် အကွာအဝေးရှိ နတ်တောင်တန်းကြီး ပေါ်တွင် တည်ရှိသည်။ တောင်တန်းကြီးသည် အဆုံးအစ မမြင်နိုင်အောင် ကျယ်ဝန်း ကြီးမားလှသည်။ တောင်ထွတ် တောင်ထိပ်များသည် မိုးထိအောင် မြင့်မားနေပြီး တိမ်တိုက်များကြား ထိုးဖောက် ဝင်ရောက်နေ၏။
တစ်ချို့ တောင်ထွတ်များက သစ်ပင်များဖြင့် အုံ့ဆိုင်းနေသောကြောင့် အဝေးက ကြည့်လျှင် စိမ်းညို့နေသော ဓားရှည်ကြီး တစ်ချောင်း ထောင်ထားသကဲ့သို့ ထင်မှတ်ရသည်။ တစ်ချို့ တောင်များတွင်တော့ ပန်းမျိုးစုံ ပွင့်လန်းနေပြီး ငှက်ကလေးများ တေးသီနေကြသည်။
ထိုအရာများထက် ပိုမို ထင်ရှားသည်ကတော့...
တောင်တန်းကြီး၏ အလယ်ဗဟိုတွင် ရှိနေသော မိုးမျှော် တောင်ထွတ်ကြီးများ ဖြစ်သည်။ ကြက်အုပ်ကြားမှ ဗျိုင်းလို ထင်းနေသည်။ တိမ်ဖြူ တိမ်လိပ်များက တောင်ခါးပန်းကို ရစ်ပတ်ထားသောကြောင့် နတ်ဘုံနတ်နန်း တစ်ခုအလား လှပလွန်းနေ၏။
ရေတံခွန်ကြီးများသည် ငွေရောင် မြစ်ရေအလျဉ်များကဲ့သို့ အရှိန်အဟုန်ပြင်းစွာ စီးဆင်းကျလာပြီး အောက်ခြေတွင် စုစည်းကာ လူသားသန်းပေါင်းများစွာကို အကျိုးပြုနေသော မြစ်ကြီး တစ်စင်း ဖြစ်တည်နေသည်။
ဒဏ္ဍာရီများအရ... လေယင်နန်းဆောင်သည် ရှေးပဝေသဏီ ကတည်းက တည်ရှိခဲ့သည်။ တစ်ညသော အခါတွင် မိုးကြိုးမုန်တိုင်းများ ထန်လာပြီး လျှပ်စီးကြောင်းကြီးတစ်ခုသည် မြစ်ကြီးတစ်စင်းအလား စီးဆင်းလာကာ တောင်တန်းကြီးကို ခွဲခြမ်းလိုက်ပြီး ယခု ပုံစံ ဖြစ်ပေါ်လာသည်ဟု ဆိုကြ၏။
ရှေးခေတ် ပညာရှင်များသည် ထိုမိုးကြိုးသံများထဲမှ လျှို့ဝှက်ချက်များကို နားလည်သဘောပေါက်ပြီး 'လေယင်' ပညာရပ်ကို တည်ထောင်ကာ ဂိုဏ်းတည်ခဲ့ကြခြင်း ဖြစ်သည်။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ထိုဂိုဏ်းသည် ဂိုဏ်းကြီး ခြောက်ခုဝင် ထိပ်သီး အင်အားစု ဖြစ်လာကာ မည်သည့် ဂိုဏ်းကမှ မလွန်ဆန်ရဲသော အနေအထားသို့ ရောက်ရှိလာခဲ့၏။
“ဝိုး... ခမ်းနားလိုက်တာ။”
လင်းယုန်ကြီး၏ ကျောပေါ်မှနေ၍ ဟုန်ရှောင်ပေါင် ပါးစပ်အဟောင်းသားဖြင့် ရေရွတ်လိုက်သည်။
ခရီးထွက်လာသည်မှာ (၃) ရက် ရှိပြီ ဖြစ်သည်။ နောက်ဆုံးတော့ လေယင်နန်းဆောင် နယ်မြေထဲသို့ ရောက်ရှိလာခဲ့လေပြီ။
မြင်နေရသော မြင်ကွင်းများသည် သူ့ကို ရင်သပ်ရှုမော ဖြစ်စေ၏။
ဘေးနားတွင် လိုက်ပါလာသော ယွင်ရှန့်ရွှမ်က ပြုံးလိုက်သည်။
ယဲ့ကျင်းနင်ကတော့ ဟုန်ရှောင်ပေါင်ကို တောသား မြို့တက်လာသလို အထင်သေးသော မျက်လုံးများဖြင့် ကြည့်နေလေ၏။
'မင်းသား ဖြစ်တော့ ဘာလုပ်ရမလဲ... ငါတို့ လေယင်နန်းဆောင်ရဲ့ ကြီးကျယ်မှုကို တွေ့တော့ ပါးစပ်အဟောင်းသား ဖြစ်နေတယ် မဟုတ်လား။ လောကီ ဧကရာဇ် ဆိုတာ ငါတို့ ဂိုဏ်းသားတွေနဲ့ ယှဉ်ရင် ပုရွက်ဆိတ် လောက်ပဲ ရှိတယ်။'
ထိုအချိန်တွင် ဟုန်ရှောင်ပေါင်၏ အနောက်၌ အဘိုးအို၏ ဝိညာဉ် ပေါ်ထွက်လာပြီး လင်းယုန်ပေါ်တွင် ဝင်ထိုင်လိုက်ကာ နှာခေါင်းရှုံ့လိုက်သည်။
“ဒါလေးများကွာ... ဘာတွေများ အံ့သြနေတာလဲ။ တကယ့် အစစ်အမှန် ခမ်းနားမှု ဆိုတာ မင်း မမြင်ဖူးသေးပါဘူး”
ဟုန်ရှောင်ပေါင် မျက်လုံးလှန် ကြည့်လိုက်မိသည်။ ဤ (၃) ရက် အတွင်း အဘိုးအို အကြောင်း သူ တော်တော် သိလာရသည်။ ယခင်တုန်းက ဤအဘိုးကြီးက 'မြေအောက်ကမ္ဘာ အရှင်သခင်' ဆိုလား ဘာလား တော်တော်ကြီးသော ဘွဲ့ထူးဂုဏ်ထူး ရှိခဲ့ဖူးသတဲ့။ နာမည်ရင်းက 'ယင်းကျိုယို' တဲ့။
မည်သို့ပင်ဖြစ်စေ သူ့ထက်တော့ အများကြီး တတ်တာ သေချာသည်မို့ ဟုန်ရှောင်ပေါင် ဘာမှ ပြန်မပြောဘဲ ငြိမ်နေလိုက်သည်။
ရုတ်တရက် ယွင်ရှန့်ရွှမ် မျက်လုံးများ စူးရှသွားပြီး သတိပေးလိုက်သည်။ “ရောက်တော့မယ်... အားလုံး ပြင်ဆင်ထားကြ”
လင်းယုန်ကြီးများသည် ယွင်ရှန့်ရွှမ်၏ အမိန့်အတိုင်း တောင်ကြီး တစ်လုံးဆီသို့ ဦးတည် ပျံသန်းသွားကြသည်။ ထိုတောင်ကြီးသည် အလွန် လှပသော်လည်း ထူးခြားသည်မှာ ကောင်းကင်မှ မိုးကြိုးများ ရံဖန်ရံခါ ပစ်ချနေခြင်းပင်။ လျှပ်စီးကြောင်းများကို အဝေးကပင် မြင်နေရပြီး ဝိညာဉ်စွမ်းအင်များ ထူပြောနေသည်ကို ခံစားနေရ၏။
“ကောင်းကင်ဘုံ ...” ဟုန်ရှောင်ပေါင် အော်ဟစ်လိုက်မိပြန်သည်။
ဤနေရာက လေယင်နန်းဆောင်ရဲ့ ဌာနခွဲ တစ်ခု ဖြစ်သည်။ လင်းယုန်ကြီးများ အပေါ်မှ ဖြတ်ပျံသွားစဉ် တောင်ပေါ်ရှိ ကျယ်ပြောလှသော ကွင်းပြင်ကြီးတစ်ခုကို လှမ်းမြင်လိုက်ရသည်။ ကွင်းပြင်ကြီးပေါ်တွင် လူပေါင်း သောင်းချီ စုဝေးပြီး သိုင်းကျင့်နေကြသည်။ သူတို့၏ လှုပ်ရှားမှုများသည် တစ်ပြိုင်နက်တည်း ဖြစ်ပြီး ထွက်ပေါ်လာသော အော်ဟစ်သံများသည် ကောင်းကင်ကိုပင် တုန်ခါစေ၏။
လူဦးရေက အနည်းဆုံး သောင်းဂဏန်း ရှိမည်။ အဆုံးကိုပင် မမြင်ရချေ။ ဟုန်ရှောင်ပေါင် စုံစမ်းထားသလောက် ဆိုလျှင်... ဤလူတွေ အကုန်လုံးက ဂိုဏ်း၏ အောက်ခြေ 'အပြင်စည်း ဂိုဏ်းသား' တွေသာ ဖြစ်ကြသည်။ ဌာနခွဲ တစ်ခုတည်းမှာတင် အင်အား ဤမျှလောက် ရှိသည် ဆိုမှတော့... ပင်မဂိုဏ်းကြီး ဆိုလျှင် မည်မျှ များမည်နည်း တွေးကြည့်၍ရသည်။
ဟုန်ရှောင်ပေါင်၏ အံ့သြနေပုံကို ကြည့်ပြီး ယွင်ရှန့်ရွှမ်က ရှင်းပြသည်။
“အဲဒါတွေက အပြင်စည်း ဂိုဏ်းသားတွေလေ။ ကိုယ့်သဘောနဲ့ကိုယ် လာပြီး လေ့ကျင့်နေကြတာ။ လေယင်နန်းဆောင်မှာက တတိယအဆင့်အောက် ရောက်နေတဲ့ သူတွေကို အပြင်စည်း ဂိုဏ်းသား လို့ပဲ သတ်မှတ်တယ်။ သူတို့ကို ဂိုဏ်းက သိပ်ပြီး ထိန်းချုပ်မထားဘူး။ ကိုယ့်ဘာသာ ကြိုးစားကြရတာ။
အပြင်စည်း ဂိုဏ်းသားက (၁) သိန်းကျော် ရှိတာ ဆိုတော့ အကုန်လုံးကို ဂရုစိုက်ဖို့ မလွယ်ဘူးလေ။ ဒါကြောင့် တောင်ပေါ်မှာ သူတို့အတွက် သီးသန့် မြို့တည်ပေးထားတယ်။ ဂိုဏ်းက ပေးတဲ့ တာဝန်တွေကို ထမ်းဆောင်ပြီး ဝိညာဉ်ကျောက်တုံးတွေ ရှာ၊ ပြီးရင် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ သိုင်းကျမ်းတွေကို လဲလှယ်ကြရတာပေါ့”
အပြင်စည်း ဂိုဏ်းသား (၁) သိန်းကျော်... တတိယအဆင့် အောက်ဆိုရင် လူရာမဝင်ဘူး ဆိုပါလား။
ဟုန်ရှောင်ပေါင် ခေါင်းညိတ်လိုက်ရင်း တစ်စုံတစ်ခုကို သတိထားမိသွားသည်။ “နေပါအုံး .. ဦးလေးယွင်... ဝိညာဉ်ကျောက်တုံးဆိုတာ ဘာလဲဟင်”
“သြော်...”
ယွင်ရှန့်ရွှမ် ပြုံးလိုက်၏။ “အဲဒါက သိုင်းလောကမှာ သုံးတဲ့ ငွေကြေး တစ်မျိုးပဲ။ ရွှေတွေ ငွေတွေထက် အများကြီး တန်ဖိုးရှိတယ်။ ဂိုဏ်းသားတွေက တာဝန်တွေ ထမ်းဆောင်ရင် ဆုကြေး အနေနဲ့ ဝိညာဉ်ကျောက်တုံး တွေ ရကြတယ်။ အဲဒီ ကျောက်တွေနဲ့ အချင်းချင်း ပစ္စည်း ဖလှယ်လို့ ရသလို ဂိုဏ်းဆီကနေ ရတနာတွေ၊ သိုင်းကျမ်းတွေ ပြန်ဝယ်လို့လည်း ရတယ်”
ပြောနေရင်းနှင့် လင်းယုန်ကြီးများသည် တောင်ပေါ်ရှိ မြို့ကြီး တစ်မြို့သို့ ဆင်းသက်လိုက်ကြသည်။
ဤမြို့ကြီးက မြို့တော်လောက် မကြီးမားသော်လည်း တော်တော်ကြီးသော အနေအထား ရှိသည်။ မိုးမျှော်တိုက်တွေ မရှိသော်လည်း အိမ်ခြေပေါင်း သောင်းချီ ရှိနေသည်။ လမ်းမများပေါ်တွင် လေယင်နန်းဆောင် ဝတ်စုံ ဝတ်ဆင်ထားသူများ သွားလာ လှုပ်ရှားနေကြ၏။
ယွင်ရှန့်ရွှမ်ကို မြင်သည်နှင့် အားလုံးက ရိုသေစွာ ဂါရဝပြုကြသည်။ “အစောင့်အရှောက် ယွင်...”
ယွင်ရှန့်ရွှမ်က ခေါင်းညိတ်ရုံသာ တုံ့ပြန်လိုက်သည်။ လင်းယုန်ပေါ်မှ ဆင်းပြီးနောက် ဟုန်ရှောင်ပေါင်နှင့် ယွင်ချိုင်ရှောင်ကို ခေါ်လိုက်၏။
“ရှောင်ပေါင်... ဒီဂိုဏ်းကို ရောက်လာတဲ့ သူတိုင်း အရင်ဆုံး စာရင်းသွင်းရတယ်။ မင်းရဲ့ အရည်အချင်းကို ဦးလေး သိပြီးသားမို့လို့ စမ်းသပ်မှုတွေ လုပ်မနေတော့ဘူး။ မှတ်ပုံတင်ဌာနမှာ နာမည်သွားသွင်းလိုက်ရင် ရပြီ။ ဦးလေးက ဂိုဏ်းချုပ်နဲ့ တွေ့စရာ ရှိလို့ မလိုက်တော့ဘူး။ ချိုင်ရှောင်လေးက လိုက်ပို့ပေးလိမ့်မယ်”
ပြီးနောက် ဟုန်ရှောင်ပေါင်ကို မှာကြားလိုက်သည်။ “လင်းယုန်ကြီး နှစ်ကောင်ကတော့ သူတို့ဘာသာ ပြန်ပျံသွားလိမ့်မယ်။ မပူနဲ့။”
ဤလင်းယုန်ကြီးတွေက နန်းတော်အတွက် အဖိုးတန်မို့ ပြန်လွှတ်ရမည်။
နောက်ဆုံးတွင် ယွင်ရှန့်ရွှမ်က ခါးကြားမှ အိတ်တစ်လုံး ထုတ်ပေးလိုက်သည်။ “ရော့... ဒါက ဝိညာဉ်ကျောက်တုံး ၁,၀၀၀ ပဲ။ ဂိုဏ်းထဲမှာ ရွှေတွေ သိပ်မသုံးကြဘူး။ ဒါက ပိုအသုံးဝင်လိမ့်မယ်။ ယူထားလိုက်”
ဝိညာဉ်ကျောက်တုံး ၁,၀၀၀လား။
ဘေးနားက ယဲ့ကျင်းနင် မနာလို ဖြစ်သွားသည်။ သူတောင် ထိုမျှလောက် အများကြီး မကိုင်နိုင်ပေ။ ယွင်ရှန့်ရွှမ်က ဤကောင်စုတ်ကို တကယ့် တူအရင်းလို သဘောထားပြီး ပေးကမ်းနေပါရောလား။
“ကျေးဇူးတင်ပါတယ် ဦးလေးယွင်” ဟုန်ရှောင်ပေါင် လက်သီးဆုပ်ကာ လှမ်းယူလိုက်သည်။
ယွင်ချိုင်ရှောင်လည်း လင်းယုန်ပေါ်မှ ဆင်းလိုက်သည်။ သူမ ဖခင်ကို ခေါင်းညိတ် နှုတ်ဆက်လိုက်ပြီး ဟုန်ရှောင်ပေါင် အနားသို့ လျှောက်လာသည်။ ယွင်ရှန့်ရွှမ်က နှုတ်ဆက်ကာ လေထဲသို့ ပျံတက်သွား၏။
ယဲ့ကျင်းနင်ကတော့ မျက်နှာ သိပ်မကောင်းလှပေ။ ဟုန်ရှောင်ပေါင်လို တောသားတစ်ယောက် မှတ်ပုံတင်သည်ကို ချိုင်ရှောင်က လိုက်ပို့ပေးရမယ်တဲ့လား။ သို့ပေမည့် သူ တား၍ရသည့် ကိစ္စ မဟုတ်သောကြောင့် ဟုန်ရှောင်ပေါင် ကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။
'ဟွန်း... တွေ့ကြသေးတာပေါ့'
ထို့နောက် ကောင်းကင်ပေါ်သို့ ပျံတက်ပြီး သူနေထိုင်ရာဆီသို့ ထွက်ခွာသွား၏။
“ကိုကိုရှောင်ပေါင်...”
ယဲ့ကျင်းနင် ထွက်သွားသည်ကို ကြည့်ပြီး ယွင်ချိုင်ရှောင် စိတ်ပူစွာ ပြောလိုက်သည်။ “ယဲ့ကျင်းနင်က ကိုကို့ကို အလွယ်တကူ လွှတ်ပေးမယ့်ပုံ မပေါ်ဘူး။ ကိုကိုက အခုမှ ပထမအဆင့်ပဲ ရှိသေးတာ။ သူက ဒုတိယအဆင့် ရောက်နေပြီ။ ပြီးတော့ ဒီနေရာက သူ့နယ်မြေ ဖြစ်နေတယ်။ လူသိလည်း များတယ်။ တကယ်လို့များ ပြဿနာ ဖြစ်လာရင် ကိုကိုပဲ ခံရလိမ့်မယ်”
ယွင်ချိုင်ရှောင် စိတ်ပူနေပုံကို ကြည့်ပြီး ဟုန်ရှောင်ပေါင် ပြုံးလိုက်သည်။ ပြီးနောက် အဝေးသို့ ပျံထွက်သွားသော ယဲ့ကျင်းနင်ကို လှမ်းကြည့်ပြီး နှာခေါင်းရှုံ့လိုက်၏။
'တချို့လူတွေက မစရင် ဘာမှ မဖြစ်ပေမဲ့... လာစရင်တော့ ခံရတတ်တယ် ဆိုတာ မသိကြဘူး။ လာစမ်းပါစေ... ကိုကို့ကို လာထိလို့ကတော့ လက်နှစ်ဖက်နဲ့ ခြေချောင်းနှစ်ချောင်း ပေါင်းပြီး ကန်တော့တောင်းပန်ရတဲ့ အထိ ဖြစ်သွားစေရမယ်...'