အခန်း ၁၆
Vol. 2 Ch. 16
အပိုင်း (၁၆) ဂိုဏ်းဝင်ခွင့် စာမေးပွဲ။
ယွင်ချိုင်ရှောင်နှင့် ယှဉ်တွဲလျှောက်လာရင်း ရှောင်ပေါင်သည် သူမဆီမှ သင်းပျံ့သော ကိုယ်သင်းနံ့လေးကို ရနေသောကြောင့် စိတ်လှုပ်ရှားကာ မသိမသာလေး တိုးကပ်သွားမိသည်။
ကောင်းကောင်း လျှောက်နေသော ယွင်ချိုင်ရှောင် လန့်သွားပြီး မျက်နှာလေး ရဲခနဲ ဖြစ်သွား၏။
“ကိုကိုရှောင်ပေါင်”
“အာ... တောင်းပန်ပါတယ် … တောင်းပန်ပါတယ်... ညီမလေး။ ကိုကို တမင် လုပ်တာ မဟုတ်ပါဘူး။ တောင်တက်လမ်းက မတ်စောက်တော့ ခြေချော်သွားတာပါ”
ရှောင်ပေါင် အလျင်အမြန် တောင်းပန်လိုက်သည်။
ယွင်ချိုင်ရှောင်၏ မျက်နှာထား အနည်းငယ် လျော့ကျသွား၏။ ရှောင်ပေါင်ကို တစ်ချက်ကြည့်လိုက်ပြီး လမ်းကို ငုံ့ကြည့်လိုက်သည်။ တကယ်လည်း နည်းနည်းတော့ မတ်စောက်နေသည်ကိုး။ ကိုကိုရှောင်ပေါင်က သိုင်းမကျင့်ဖူးသည့်သူ၊ ခန္ဓာကိုယ် အားနည်းသည့်သူ ဖြစ်သောကြောင့် ဤသို့ဖြစ်ပုံပင်။
သို့ပေမည့် ရင်ထဲတွင်တော့ တစ်မျိုးကြီး ခံစားနေရသောကြောင့် ရှောင်ပေါင်ကို စကားမပြောဘဲ မှတ်ပုံတင်ဌာန ဘက်သို့ ခပ်သုတ်သုတ် လျှောက်သွားလိုက်သည်။ အနောက်တွင် ကျန်ရစ်ခဲ့သော ရှောင်ပေါင်ကတော့ ကြိတ်ရယ်နေသည်။ 'ညီမလေးချိုင်ရှောင်က ဖြူစင်လိုက်တာ... ဒါလေး ပြောတာနဲ့ ယုံသွားရှာတယ်'
လမ်းတစ်လျှောက်တွင် အရပ်ရပ်မှ လာရောက်ကြသော လူအများအပြားကို တွေ့ရသည်။ လေယင်နန်းဆောင်သို့ ဂိုဏ်းဝင်ရန် လာကြသူများ ဖြစ်သောကြောင့် လူအင်အား မနည်းလှပေ။
ယွင်ချိုင်ရှောင်နှင့် စကားပြောရင်း လျှောက်လာရာမှ ရှောင်ပေါင်သည် ဂိုဏ်းအကြောင်း အတော်အတန် နားလည်လာရသည်။
လေယင်နန်းဆောင်တွင် 'အပြင်စည်း ဂိုဏ်းသား' ၁ သိန်းကျော် ရှိပေသည်။ ထိုသူများ နေထိုင်ရန်အတွက် သီးသန့် မြို့တစ်မြို့ တည်ထောင်ပေးထား၏။ ၎င်းမြို့ကို 'လေယင် မြို့တော်' ဟု ခေါ်သည်။ လေယင် မြို့တော်သည် အရွယ်အစားအားဖြင့် သာမန် မြို့ကြီးတစ်မြို့လောက်သာ ရှိသော်လည်း နေထိုင်သူများမှာ သိုင်းသမားများချည်း ဖြစ်ကြ၏။ အနိမ့်ဆုံး ပထမအဆင့် ရှိမှသာ နေထိုင်ခွင့် ရကြပေသည်။
ထို့အပြင် မြို့တော် တည်ရှိရာ နေရာသည် ဝိညာဉ်စွမ်းအင် ပေါကြွယ်ဝသော မြေမြတ်နေရာ ဖြစ်သောကြောင့် သိုင်းကျင့်ကြံရာတွင် အပြင်လောကထက် အဆများစွာ ပိုမို လျင်မြန်စေသည်။ ပါရမီ ကောင်းသူများသည် ၇ နှစ်၊ ၈ နှစ်ခန့် ကြိုးစားလိုက်လျှင် တတိယအဆင့်သို့ ရောက်ရှိပြီး 'အတွင်းစည်း ဂိုဏ်းသား' အဖြစ် ရာထူးတက်ကာ ပင်မတောင်ထွတ်ကြီးများပေါ်သို့ တက်ရောက်ခွင့် ရကြ၏။ နဂါးအဖြစ်ကဲ့သို့ ဘဝ ပြောင်းလဲသွားကြ၏။
ပါရမီ အလွန်ကောင်းသော ပါရမီရှင်များ ဆိုလျှင် ၃ နှစ်၊ ၄ နှစ် အတွင်း တက်သွားကြသည်။ ပါရမီ ညံ့သူများကတော့ ၁၀ နှစ်ကျော်သည် အထိ အရာမထင်ဘဲ သောင်တင်နေတတ်ကြ၏။ ရက်စက်သော စည်းမျဉ်းတစ်ခု ရှိသေးသည်။ ပထမအဆင့်သာ ရှိသေးသော အောက်ခြေ ဂိုဏ်းသားများသည် လစဉ်ကြေး အနေဖြင့် ဝိညာဉ်ကျောက်တုံး ၁၀ တုံး ပေးဆောင်ရ၏။ မပေးနိုင်ပါက ဂိုဏ်းမှ ထွက်ခွာရသည်။ ဒီနည်းဖြင့် အရည်အချင်း မရှိသူများကို အလိုလို စစ်ထုတ်ပစ်လိုက်ခြင်း ဖြစ်သည်။
မြို့တော်ထဲတွင် သာမန် နေအိမ်များသာ များပြားသော်လည်း ဂိုဏ်းပိုင် အဆောက်အအုံများကတော့ ထည်ဝါ ခမ်းနားလှပေသည်။ မှတ်ပုံတင်ဌာနသည် ၃ ထပ် အဆောက်အအုံ ဖြစ်ပြီး ဝင်ပေါက် ၃ ခု ရှိ၏။ လူတန်းကြီးက ရှည်လျားစွာ တန်းစီနေကြသည်။
“ကိုကိုရှောင်ပေါင်... ခဏစောင့်နော်”
ရုတ်တရက် ယွင်ချိုင်ရှောင်က လူကွယ်ရာသို့ ဆွဲခေါ်သွားပြီး အိတ်ကပ်ထဲမှ ဇာပုဝါပါးလေး တစ်ချပ် ထုတ်ကာ မျက်နှာတွင် စည်းနှောင်လိုက်သည်။
“ဟေ... ဘာလုပ်တာလဲ ညီမလေးရဲ့” ရှောင်ပေါင် နားမလည် ဖြစ်သွားရ၏။
“ဘာ... ဘာမှ မဟုတ်ပါဘူး” ယွင်ချိုင်ရှောင် ဗလုံးဗထွေး ဖြေလိုက်သည်။
သူမ၏ အလှအပနှင့် ပါရမီကြောင့် လေယင်မြို့တော်တွင် နာမည်ကြီးနေပြီး လူတိုင်းက ဝိုင်းကြည့်တတ်ကြသောကြောင့် ယခုလို ဖုံးကွယ်ထားရကြောင်းကိုတော့ ထုတ်ပြောရန် ခက်နေ၏။
ရှောင်ပေါင်က သံသယ မဝင်ဘဲ ပျော်ပျော်ပါးပါးပင် တန်းစီရန် လိုက်ပါသွားသည်။ လူတန်းကြီးမှာ ရှည်လျားလှ၏။ လူပေါင်း ၁၀၀ ကျော် ရှိမည်ဖြစ်သည်။ ရှောင်ပေါင် လည်ပင်းဆန့်ကြည့်လိုက်ရာ ရှေ့ဆုံးတွင် တူညီသော ကျောက်တုံးမည်းကြီး ၃ တုံးကို တွေ့လိုက်ရသည်။ ကျောက်တုံးများပေါ်တွင် လက်ကိုင်ကွင်းများ တပ်ဆင်ထား၏။
“ကိုကိုရှောင်ပေါင်... ဟို ကျောက်တုံး ၃ တုံးက ဘယ်ဘက်ကနေ ညာဘက်ကို အလေးချိန် ၅၀၀ ပိဿာ၊ ၁,၀၀၀ ပိဿာ၊ ၁,၅၀၀ ပိဿာ အသီးသီး ရှိတယ်။ အဲ့ဒါက ဂိုဏ်းဝင်ခွင့် စစ်ဆေးတဲ့ ကျောက်တုံးတွေပဲ။ ဘယ်ဘက်ဆုံးက ပိဿာ ၅၀၀ ကျောက်တုံးကို မနိုင်လျှင် အောင်ပြီ”
ယွင်ချိုင်ရှောင်က မျက်နှာဖုံး အောက်မှနေ၍ ရှင်းပြသည်။ သူမ၏ အသံလေးက သာယာနာပျော်ဖွယ် ကောင်းလွန်းသောကြောင့် အနီးနားရှိ လူငယ်များ လှည့်ကြည့်ကုန်ကြသည်။
“သြော်... လွယ်သားပဲ” ရှောင်ပေါင် ပြုံးလိုက်သည်။
သူက အလယ်က ၁,၀၀၀၊ ဒါမှမဟုတ် ညာဘက်က ၁,၅၀၀ ကို စမ်းချင်ပေမဲ့ .. 'သစ်ပင်မြင့်လျှင် လေတိုက်ခံရတယ်' ဆိုသည့် စကားအတိုင်း မလိုမုန်းထားခံရမည် စိုးသောကြောင့် ဘယ်ဘက်ဆုံးက ၅၀၀ ကိုပဲ မနိုင်အောင် မလိုက်ရန် ဆုံးဖြတ်လိုက်၏။
“ဟက်... လေကြီးလိုက်တာ”
သူတို့အရှေ့နားတွင် ရပ်နေသော အစိမ်းရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက်က လှည့်ကြည့်ပြီး လှောင်ပြုံး ပြုံးလိုက်သည်။ “ဒါက 'မ' ရမှာ မဟုတ်ဘူး... 'ခေါင်းပေါ်ထိ မြှောက်တင်' ရမှာကွ။ လက်တစ်ဖက်တည်းနဲ့ ခေါင်းပေါ်ထိ မြှောက်တင်နိုင်ဖို့ ဆိုတာ အနည်းဆုံး ခွန်အား ပိဿာ ၁,၀၀၀ ရှိမှ ရမှာ။ မင်းပုံစံနဲ့ ဖြစ်ပါ့မလား”
“သူများ ပြောတာ နားမထောင်နဲ့ ကိုကို... ကိုကို လုပ်နိုင်မှာပါ” ယွင်ချိုင်ရှောင်က အားပေးလိုက်၏။
တကယ်တမ်းတော့ သူမလည်း သိပ်မသေချာပေ။ ရှောင်ပေါင်က ပထမအဆင့် ရောက်နေပြီ ဆိုပေမဲ့ ယခုမှ ရောက်ကာစ ဖြစ်သည်။ အခြေခံ မခိုင်မာသေးလျှင် ခက်ခဲနိုင်ပေသည်။
“ဟုတ်လား” ရှောင်ပေါင် ခေါင်းညိတ်လိုက်သည်။
တကယ်တမ်း သူ့ခွန်အား ဘယ်လောက်ရှိလဲ သူကိုယ်တိုင်လည်း မသိပေ။ သေချာတာ တစ်ခုကတော့... သစ်သားသေတ္တာကြီးကို လက်သီးနှင့် ဖောက်ခွဲဖူးတာပဲ ရှိ၏။ “အေးပါ... ဘယ်ဘက်ဆုံးက ကျောက်တုံးပဲ ကောင်းပါတယ်။ အဲ့ဒါပဲ ရွေးမယ်”
“ဟွန်း... ကိုယ့်အခြေအနေ ကိုယ်သိလို့ တော်သေးတာပေါ့”
အစိမ်းရောင် ဝတ်စုံနှင့် လူငယ်က နှာခေါင်းရှုံ့လိုက်ပြီး သူ့အလှည့် ရောက်တော့မည့် အတိုင်း သွေးပူလေ့ကျင့်ခန်း လုပ်နေသည်။ လက်မောင်းကြွက်သားများ တုန်ခါနေပြီး နဖူးတွင် ချွေးစို့နေ၏။ အတော်လေး အားစိုက်ထားရပုံ ပေါ်သည်။
တခြားသူများကို ကြည့်လိုက်တော့လည်း အလားတူပင် ဖြစ်၏။ တချို့က သွေးပူလေ့ကျင့်ခန်း လုပ်နေကြသလို တချို့က သိုင်းကွက်များ လေ့ကျင့်နေကြသည်။
“ဟာ... ဒုက္ခပဲ။ ငါ့မှာ သိုင်းကွက် ဘာမှ မရှိပါလား”
ရှောင်ပေါင် စိုးရိမ်လာရသည်။ လူတိုင်းက အလုပ်ရှုပ်နေကြချိန်မှာ သူက ဘာမှ မလုပ်တတ်ဘဲ ရပ်နေရ၏။ “ထားလိုက်ပါတော့... ဘယ်ဘက်ဆုံး ကျောက်တုံးပဲ ရွေးမယ်။ စိတ်ထဲမှာ မှတ်ထားလိုက်မယ်”
ထိုအချိန်တွင် အရှေ့ဆုံး ရောက်နေသော အနက်ရောင် ဝတ်စုံနှင့် လူတစ်ယောက်က ဘယ်ဘက်ဆုံး ကျောက်တုံ ရှေ့သို့ ရောက်သွားသည်။ မျက်နှာထား တည်တည်ဖြင့် ကျောက်တုံး လက်ကိုင်ကွင်းကို ညာလက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး အော်ဟစ်ကာ မလိုက်သည်။
“ကျား”
ကျောက်တုံးကြီး ကြွတက်လာသော်လည်း ရင်ဘတ်အမြင့်လောက်တွင် ရပ်တန့်သွား၏။ ဆက်ပြီး မြှောက်တင်၍ မရတော့ပေ။ လူငယ်ခမျာ အားကုန်သုံးနေရသောကြောင့် ခြေထောက်များ တဆတ်ဆတ် တုန်နေသည်။
“ဆင်းတော့”
ဘေးမှ ကြီးကြပ်နေသော နည်းပြက အေးစက်စက် ပြောပြီး လက်ကို ဝှေ့ယမ်းလိုက်၏။
လူငယ်သည် တစ်စုံတစ်ခု ဆွဲဖယ်လိုက်သလို နောက်သို့ လွင့်စဉ်သွားပြီး ကျောက်တုံးကြီး ပြုတ်ကျသွားသည်။ သို့သော်ငြား မြေကြီးပေါ်သို့ ဝုန်းခနဲ ကျမသွားဘဲ တစ်စုံတစ်ခုက ပင့်မထားသလို ဖြည်းညှင်းစွာ ကျသွားသည်။
“ကျုပ် လုပ်နိုင်ပါသေးတယ်... နောက်တစ်ခေါက်လောက် ပေးလုပ်ပါ”
လူငယ်က အော်ဟစ်ပြီး ပြန်ပြေးဝင်ရန် ပြင်သော်လည်း နည်းပြက မျက်မှောင်ကြုတ်ပြီး စူးစူးဝါးဝါး ကြည့်လိုက်သည်။ ထိုအကြည့်သည် ကြောက်မက်ဖွယ် ကောင်းလှသောကြောင့် လူငယ်ခမျာ ကြက်သေ သေသွားပြီး ရှေ့ဆက်မတိုးရဲတော့ပေ။ နည်းပြက မျက်လွှာချပြီး အော်လိုက်သည်။
“နောက်တစ်ယောက်”
“ဝိုး... ကြမ်းလှချည်လား”
ရှောင်ပေါင် အံ့သြသွားရသည်။ ဤနည်းပြက တော်ရုံ မဟုတ်ဘူးပဲ။
ဆက်လက် စောင့်ကြည့်နေရင်း ရှောင်ပေါင် စိတ်ပူလာရသည်။ ၇ ယောက် ဆက်တိုက် ဝင်ဖြေသော်လည်း တစ်ယောက်မှ မအောင်မြင်ကြပေ။ ဤကျောက်တုံးကြီးက ထင်သလောက် မလွယ်ကူပါလား။